အခန်း (၁၇၅၉-၁၇၆၄)
Vol. 110 Ch. 1759-1764
အခန်း ၁၇၅၉ ကုနတ်ဘုရားမနဲ့ သွားမရှုပ်နဲ့
“ငါ သူ့ကို လောင်းချင်တာလေ ဘာလဲ? အဲ့လိုလုပ်လို့မရဘူးလား?" ကုနင်းကို မှတ်မိသော ကောင်လေး ချောင်ယန်က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါ ငါတို့ရဲ့ ရွေးချယ်မှုပဲ” အခြားလူများက အော်ဟစ်ကြသည်။
"ချောင်ယန် မင်း ငါ့ကို တမင်လုပ်တာမဟုတ်ဘူးလား။ ငါ တုဟောက်ကို လောင်းတာတွေ့တော့ မင်း တမင် ကောင်မလေးကို လောင်းဖို့ရွေးတာမလား” ဟု အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
အဲဒါကိုကြားတော့ ချောင်ယန်က ကဲ့ရဲ့လှောင်ပြောင်ပြီး “လုကျွင်း ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးမနေနဲ့။ ငါ့မှာ မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဖို့ အချိန်ရှိမနေဘူး ငါလိုချင်တဲ့သူကို လောင်းဖို့က ငါ့အခွင့်အရေးပဲ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် ဉာဏ်ကောင်းတယ်လို့ ထင်မနေနဲ့။ မင်းက ကိုယ့်ကိုယ်ကိုယ် လူရယ်စရာဖြစ်အောင်လုပ်နေတာပဲ" သူတို့ စကားဝိုင်းက တော်တော် ပြင်းထန်လာသည်။
"ငါ မင်းကို စေတနာနဲ့ သတိပေးနေတာ။ မကောင်းတဲ့ ရည်ရွယ်ချက်အတွက် ငါ့ရဲ့စေတနာနဲ့ မတန်ဘူး" ဟု လုကျွင်းက ချောင်ယန်ကြောင့် အရှက်ရပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
တကယ်တော့ ချောင်ယန် ပြောသလိုပါပဲ။ ချောင်ယန်က သူ့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ချောင်ယန်ကို ရွေးချယ်ပြီး ချောင်ယန်အား သိက္ခာချရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။
ချောင်ယန်အပေါ် အခြားသူများ မကြိုက်ရန်ပြုလုပ်ရာတွင် အောင်မြင်ခဲ့ပြီး ချောင်ယန်သည် မာနကြီးလွန်းပြီး လုကျွင်းနဲ့ ဆန်ကျင့်ကာ အမြဲတစေ ဆက်ဆံတတ်သည်ဟု လူအများက ထင်မြင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အချို့က လုကျွင်းကို ထိုသို့မြင်ခဲ့ကြသော်လည်း လုကျွင်း သည် ထိုအချက်ကို သတိပြုမိရန် ကိုယ့်ဖက်ကိုယ်ယက်လွန်းေနသည်။
"ဒါဟာ မင်း ကိစ္စမဟုတ်သလို သဘောကောင်းချင်ယောင်လည်း ဆောင်မနေပါနဲ့။ ငါ့မှာ ပိုက်ဆံရှိတယ် ငါ ကြိုက်သလိုသုံးလို့ရတယ်” ဟု ချောင်ယန်က ဆိုသည်။
လုကျွင်းသည် ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုအကြောင်းကို ဘာမှ မပြောနိုင်တော့ပေ။
ယခုအချိန်တွင် ကုနင်းနှင့် တုဟောက် နှစ်ဦးစလုံးသည် ၎င်းတို့၏အမည်များကို လက်မှတ်ရေးထိုးပြီး အခကြေးငွေပေးဆောင်ကြသည်။
"ကုနတ်ဘုရားမ ကျွန်တော်မင်းကိုထောက်ခံတယ်။ ဖိုက်တင်း!” ချောင်ယန်သည် ကုနင်းက သူ့ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
"ကုနတ်ဘုရားမ၊ ငါတို့လည်း မင်းကို ထောက်ခံတယ်။ ဖိုက်တင်း!” ချောင်ယန်၏ သူငယ်ချင်းများက ကုနင်းကို အားပေးသည်။ သူမကို သူတို့ခေါ်တဲ့ပုံစံကိုကြားတော့ ကုနင်းက သူမကို မှတ်မိကြောင်း နားလည်သွားသည်။ အဲ့တာကြောင့် တခြားလူတွလေည်း အဲ့လိုလုပ်တာဖြစ်ရမည်။
"ကျွန်မ အားလုံးကို စိတ်မပျက်စေရပါဘူး" ကုနင်းက ပြုံးပြီး ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။
ကုနင်းက အံ့မခန်းဖြစ်ပြီး သူမပြုံးလိုက်တဲ့အခါ ပိုလို့တောင် ဆွဲဆောင်မှုရှိတဲ့ပုံပေါက်တာကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ထို့နောက် သူမသည် ကားပေါ် တက်သွားသည်။
“ဘုရားရေ သူ အရမ်းလှတာပဲ။ ပြုံးပြလိုက်တော့ ချစ်မိသွားသလိုတောင် ခံစားလိုက်ရတယ်"
“ဟုတ်တယ်။ ငါသူမကိုလောင်းသင့်တယ်။ မနိုင်ရင်တောင်မှ သူ့ကို ထောက်ခံနေမှာပဲ”
“…”
"သူမက တော်တော်လှတာပဲ၊ မင်းကို သဘောကျမှာ မဟုတ်ဘူး။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာ တော်လိုက်တော့"
“နောက်ပြီး ဒီလိုလှတဲ့ မိန်းကလေးက တစ်ခုခုရဖို့အတွက် သူ့ကိုယ်သူ ရောင်းစားနိုင်တယ်။ ပြောမရဘူး။ ဒီကားကိုလည်း ယောက်ျားတစ်ယောက်ယောက်ဆီက ငှားလာတာ ဖြစ်နိုင်တာပဲ”
"ပါးစပ်ပိတ်ထား!" ထိုစကားကိုကြားသောအခါ ချူးဖေ့ဟန်၊ မုခယ်နှင့် ကျန်းကျီခိုင်သည် ထိုလူအား ပြစ်တင်ဝေဖန်ကာ သူ့ကို အေးစက်စွာကြည့်နေသည်။ ထိုလူသည် ကျန်းကျီခိုင်၏အကြည့်အောက်တွင် ဖိစီးမှုမခံစားရသော်လည်း ချူးဖေ့ဟန် နှင့် မုခယ်၏အမူအရာကြောင့် အလွန်စိတ်ဖိစီးနေသည်။
“ရှင်တောင် ချမ်းသာတဲ့ မိသားစုက လာတာပဲ။ တခြားသူတွေမှာလည်း ချမ်းသာတဲ့ မိသားစု မရှိနိုင်ဘူးလား။ အမှန်တရားကို မသိရင် စကားပြောတာကို သတိထားပါ မဟုတ်ရင် ရှင့်ကို သင်ခန်းစာတစ်ခု သင်ပေးရမယ်" ဟု ချူးဖေ့ဟန် က ပြောလိုက်သည်။
ချူးဖေ့ဟန်က သူ့ကို ခြိမ်းခြောက်တဲ့အခါ ထိုလူဟာ ရှက်ရွံ့သလို ခံစားလိုက်ရတဲ့အတွက် ဒေါသနဲ့ ပြန်ပြောသည်။ “တကယ်လား။ လုပ်လေ အခုလုပ်!” ထိုသို့ပြောပြီး စက္ကန့်မလပ်တဲ့ အချိန်မှာပင် အားလုံးက လျင်မြန်တဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဖြစ်ပျက်နေတာကို သူတို့နားမလည်နိုင်ခင်မှာ အဲဒီလူဟာ ချူးဖေ့ဟန်ရဲ့ ပုခုံးပေါ်မှ မြောက်တက်ကာ မြေပြင်ပေါ် ပြင်းထန်စွာ လဲကျသွားသည်။ တခဏအတွင်းမှာပဲ လူတိုင်း အံ့အားသင့်သွားကြသည်။ ချူးဖေ့ဟန်သည် ပျော့ညံ့ပုံရသော်လည်း တကယ်တမ်းတွင် သူမသည် လုံးဝ မပျော့ညံ့ပေ။
"ငါ့သူငယ်ချင်းကို အသရေဖျက်တာ ရပ်လိုက်။ မဟုတ်ရင် ရှင့်ကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးရလိမ့်မယ်" ချူးဖေ့ဟန်က သူ့ကို ထပ်မံခြိမ်းခြောက်သည်။ ထိုလူသည် ဝမ်းနည်းကာ ပို၍ အရှက်ရသွားသော်လည်း ချူးဖေ့ဟန်ကို ကြောက်လန့်ပြီး ဘာမှပြန်မပြောရဲပေ။
ထိုအမျိုးသား၏ သူငယ်ချင်းများသည် သူ့အတွက် ခုခံကာကွယ်ပေးချင်ကြသော်လည်း ချူးဖေ့ဟန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်လိုက်သည်နှင့် စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။ ထို့အပြင် ထိုလူသည် မလိုလားအပ်သောဒုက္ခကို ရှောင်ရန် အတွက် ဘာမှမပြောရန်သာ ရွေးချယ်လိုက်သည်။
"ကုနတ်ဘုရားမကို အခွင့်ကောင်းယူချင်ရင် ပိုသတိထားပါ။ မဟုတ်ရင် နောက်ဆက်တွဲတွေကို မင်းခံနိုင်မှာ မဟုတ်ဘူး" ဟု ချောင်ယန်က ပြောသည်။ လူအုပ်စုထဲမှာ အများစုက ချောင်ယန်နဲ့ သူ့မိသားစုနောက်ခံကို သိထားတာကြောင့် ကုနင်းက သူတို့ထက် ပိုချမ်းသာပြီး သြဇာညောင်းနိုင်တယ်လို့ သဘောပေါက်သွားကြသည်။ ရလဒ်အနေနှင့် ကုနင်းကို အသရေဖျက်ရန် မဝံ့ရဲကြတော့ပေ။
ကြောက်ရွံ့ခြင်းကြောင့်သာမဟုတ်ဘဲ တကယ်တော့ သူတို့ကို အခြားလူကို အသရေဖျက်ပြီး နှောက်ယှက်လိမ့်မည်လည်း မဟုတ်ပေ။ မင်ကျဲ့၏သူငယ်ချင်းများက မျက်မှောင်ကြုတ်ကာ စိတ်ပူစပြုလာသည်။ မင်ကျဲ့သည် မရှုပ်သင့်သော သူနှင့် သွားရှုပ်မိမည်ကို ကြောက်ရွံ့သွားကြသည်။
“သူတို့ကားတွေက ဝင်ပေါက်ကို ရောက်သွားပြီ။ ပြိုင်ပွဲက မကြာခင် စတော့မယ်” အဲဒါကိုကြားတော့ အားလုံးက LED ဖန်သားပြင်ကို လှည့်ကြည့်လိုက်သည်။ လမ်းတစ်လျှောက်တွင် ကင်မရာများ ရှိပြီး ရင်ပြင်တွင် LED ဖန်သားပြင်ကြီးဖြင့် ပြိုင်ပွဲကို ကြည့်ရှုနိုင်သည်။ သို့သော် ညဘက်ဖြစ်၍ လမ်းမီးများမရှိသောကြောင့် ကားမီးရောင်များအတိုင်း သူတို့ရောက်သည့်နေရာကိုသာ မြင်နိုင်သည်။
ကုနင်းနှင့် တုဟောက်တို့သည် စထွက်ရာလိုင်းတွင် အဆင်သင့်ဖြစ်ခဲ့ကြပြီး အစီအစဉ်တင်ဆက်သူမှ ၎င်းတို့အား စပီကာမှ အဆင်သင့်ဖြစ်မဖြစ်ကို မေးမြန်းသည်။ အဆင်သင့်ဖြစ်ရင် ဟွန်းတီးရမည်။ ထို့နောက် ကုနင်း နှင့် တုဟောက် နှစ်ဦးစလုံးက ဟွန်းတီးကြပြီး ပြိုင်ပွဲကို စတင်ကြတော့မည်။
တစ်ဆယ်၊ ကိုး၊ ရှစ်... အချိန်ကို နောက်ပြန်ရေတွက်သည်နှင့်အမျှ လူတိုင်းသည် ဂိမ်းတွင်မပါဝင်ကြသော်လည်း ထိတ်လန့်နေကြသည်။ အမှန်တော့ ပရိသတ်က ကားသမားထက် ပိုကြောက်နေကြသည်။ ရိုးရှင်းသော ပြိုင်ပွဲမဟုတ်ပဲအလွန်အန္တရာယ်များသည်။ ယာဉ်တိုက်မှုသာဖြစ်လျှင် ကားနဲ့ ယာဉ်မောင်း နှစ်ဦးစလုံး ထိခိုက်သွားနိုင်သည်။
လမ်းနှစ်ဘက်စလုံးမှာ အကာအရံတွေရှိပေမယ့် ဒါဟာ သာမန်မောင်းနှင်မှုမျိုးမဟုတ်ဘဲ ပြိုင်ကားဖြစ်သည်။ ပြိုင်ကားတစ်စီး၏ အမြန်နှုန်းသည် သာမန်ကားထက် အဆများစွာ ပိုမြန်သည်။ ယာဉ်မောင်းက ခပ်ပြင်းပြင်းဘရိတ်မနင်းလျှင် အကာအရံတွေက အသုံးမ၀င်ပေ။
သုံး၊ နှစ်၊ တစ်
ရေတွက်ပြီးသည်နှင့် ကုနင်းနှင့် တုဟောက်တို့၏ကားများသည် ဒုံးပျံများကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ပြေးထွက်သွားကြသည်။
ပထမလမ်းက မီတာ ၂၀ ကျယ်သည်။ ပြိုင်လေ့ရှိသော ကားပမာဏက များသောကြောင့်၊ ကားပါကင်နေရာကို အစကတည်းက သီးသန့်ထားရှိထားသည်။
လမ်းက မီတာ ၂၀ အကွာမှာရောက်လျှင် ကျဉ်းသွားမည်။ ဘယ်သူမဆို ကျော်တက်ချင်ရင်တော့ အစပိုင်း ဒါမှမဟုတ် ပထမမီတာ 20 ထဲက အခွင့်အရေးကို ဆုပ်ကိုင်ထားတာ ပိုကောင်းမည်။ အလယ်အပိုင်းတွင်လည်း ကျယ်သော်လည်း အနည်းငယ်သာရှိပြီး အများစုမှာ ကျဉ်းသည်။
လမ်းအကျယ်က ကားနှစ်စီး ဘေးချင်းယှဉ် မပြေးနိုင်ပေ။ ကျော်တက်နိုင်ပေမယ့် ရှေ့က ကားက လမ်းကို ပိတ်ဆို့ထားပြီး နောက်ကားက ၀င်တိုက်နိုင်တာကြောင့် အလွန်အန္တရာယ်များသည်။
ကားတစ်စီးက နောက်တစ်စီးကို မတော်တဆ ဝင်တိုက်မိလျှင် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါပေ။ သို့သော် ရည်ရွယ်ချက်ရှိရှိလုပ်လျှင် စည်းကမ်းဖောက်ဖျက်တာဖြစ်သည်။
ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ရင် ကောင်းမှာ ဆိုပေမယ့် ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ယာဉ်မောင်းက တာဝန်ယူရမှာ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကင်မရာများနှင့် ကားများ၏ ရှေ ့နှင့်နောက်ကျောတို့တွင် ကင်မရာများ ပါရှိသောကြောင့် မတော်တဆလား ရည်ရွယ်ချက်ဖြင့် ပြုလုပ်တာလား သိနိုင်ရန် ပြိုင်ကားချစ်သူများအတွက် ခက်ခဲသည်တော့ မဟုတ်ပေ။
***
အခန်း ၁၇၆၀ သူက ငါ့အိုင်ဒေါပဲ
တကယ်တော့ ဒါဟာ ကားပြိုင်ပွဲတစ်ခုသာဖြစ်ပြီး ဘယ်သူကမှ မသေချင်ကြတာကြောင့် ပုံမှန်အားဖြင့် ယာဉ်မောင်းတွေက ရည်ရွယ်ချက်ရှိရှိနဲ့ မတိုက်ကြပေ။ ဘယ်သူမှ ဒုက္ခအကြီးကြီး မရောက်ချင်ကြပါ။
အစတွင် ကားများက အပြေးအလွှားထွက်ပြီး တုဟောက်၏ကားသည် ကုနင်းကား၏ ကိုယ်ထည်အရှည်ထက် ထက်ဝက်ခန့်ကျော်သွားသော်လည်း အားလုံးတော့ မကျော်နိုင်သေးပေ။ ထို့နောက် ကုနင်းသည် ချက်ချင်းပင် လိုက်မှီသွားပြီး စတင်မျဉ်းမှ ၁၀ မီတာခန့်အကွာတွင် ကုနင်းသည် တုဟောက်ကို လုံးဝကျော်ဖြတ်ကာ တစ်မီတာအကွာအဝေးသို့ ခွာသွားနိုင်သည်။
"အလို!"
“အံ့သြစရာကောင်းလိုက်တာ”
"တော်လိုက်တာ!" ချောင်ယန်နှင့် သူ့သူငယ်ချင်းများ စိတ်လှုပ်ရှားနေကြသည်။ တုဟောက်က ကုနင်းကို ကားအလျားရဲ့ ထက်ဝက်ကျော်ပြီး ဖြတ်သွားတဲ့အခါ သူတို့ အရမ်းစိတ်လှုပ်ရှားသွားသည်။
ကံကောင်းစွာဖြင့် ကုနင်းသည် ယခုအချိန်တွင် အသာစီးရနေပြီး သူတို့သည် ထိုအချိန်တွင် စိတ်အေးလက်အေး ဖြစ်နေသည်။ တုဟောက် သည် ကားအရှည်၏ ထက်ဝက်ကျော်မျှ ကုနင်းကို ကျော်တက်နိုင်ခဲ့သော်လည်း သူမက အခု သူ့ကို လုံးဝကျော်သွားနိုင်သောကြောင့် အလွန်အန္တရာယ်များနေသည်။
ချူးဖေ့ဟန် နှင့် သူမ၏သူငယ်ချင်းများမှာလည်း ပီတိဖြစ်ကြသော်လည်း ကုနင်း၏စွမ်းရည်ကို သိရှိသောကြောင့် အံ့သြစရာမဟုတ်ပေ။
မင်ကျဲ့ နှင့် သူ၏သူငယ်ချင်းများသည် ကြိုတင်သတိပေးချက်တစ်ခုရရှိလိုက်သည်။ သူတို့အံ့သြဖို့ကောင်းတာက ကုနင်းဟာ အစပိုင်းမှာတင် တုဟောက်ကို ကျော်တက်နိုင်ခဲ့သည်။ ကုနင်း၏ မောင်းနှင်မှုစွမ်းရည်ကြောင့် သူတို့ အံ့ဩခဲ့ကြသော်လည်း တုဟောက် အနိုင်ရမည်ဟု လောင်းကြေးထပ်ထားသောကြောင့် သူအနိုင်ရမည်ဟု သေချာပေါက် မျှော်လင့်ခဲ့ကြသည်။ ထို့ကြောင့် ထိုမြင်ကွင်းကို သူတို့ စိတ်ပျက်သွားကြသည်။
တရားဝင်အဖွဲ့မှ ဆုများစွာရရှိထားသော ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူ တုဟောက် သည် ပြိုင်ပွဲအစတွင် မိန်းကလေးတစ်ဦးထက် သာလွန်သင့်ကြောင်း တစ်စုံတစ်ဦးမှ စောဒကတက်သည်။
တုဟောက် ကိုယ်တိုင်ပင် ကုနင်း၏ ကျွမ်းကျင်မှုကြောင့် ထိတ်လန့်သွားသည်။ စက္ကန့်ပိုင်းအတွင်း သူမ ကျော်တက်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ သူက ဒေါသတွေအပြည့်နဲ့ လီဗာကို ဆောင့်နင်းလိုက်သည်။
ကုနင်းဟာ အခုအချိန်မှာ အသာစီးရနေပေမယ့် အခြေအနေက မပြောင်းလဲဘူးလို့ မဆိုလိုပေ။ သို့သော် ပထမမီတာ တစ်ဒါဇင်က အရေးကြီးသည်။ ရှေ့ကကားက လုံလောက်အောင် မြန်နေရင်ေတာ့ နောက်ကားက အမီလိုက်ဖို့ မဖြစ်နိုင်ပေ။
တုဟောက် သည် ကုနင်းကို အတတ်နိုင်ဆုံး လိုက်ရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာပဲ သူမည်မျှကြိုးစားသည်ဖြစ်စေ သူမနောက်တွင်သာ ရှိနေသည်။
လမ်းသည် ကောက်ကွေ့၍ ကျဉ်းလာသည်နှင့်အမျှ ယာဉ်မောင်းများသည် ၎င်းတို့၏ အရည်အချင်းစစ်ကို ပြသရန် အချိန်တန်ပြီဖြစ်သည်။ ယခုအချိန်တွင် ယာဉ်မောင်းတစ်ဦးသည် အားသာချက်ကို ထိန်းသိမ်းရန် အမြန်နှုန်းနှင့် ကျွမ်းကျင်မှု နှစ်ခုစလုံး လိုအပ်သည်။
ထို့ကြောင့် ချောင်ယန် နှင့် အခြားသူများသည် ကုနင်းအတွက် ထပ်မံစိုးရိမ်လာကာ တုဟောက်ကို ထောက်ခံသော လူအများအပြားသည် နောက်တစ်ကြိမ် မျှော်လင့်ချက်များ ရှိလာကြသည်။
သို့သော် ကုနင်းသည် အန္တရာယ်ရှိသော အကွေ့တိုင်းကို မဆိုင်းမတွ ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ တုဟောက် ကို ထောက်ခံတဲ့သူတွေတောင် ကုနင်း ကို ချီးကျူးကြသည်။ တုဟောက် သည် အလွန်တော်သော ယာဉ်မောင်းတစ်ဦးဖြစ်သော်လည်း ကုနင်းနှင့် မယှဉ်နိုင်ပါ။
ကုနင်းသည် သူ၏ပြိုင်ဘက်မဟုတ်ပါက၊ သူ၏ကားမောင်းစွမ်းရည်သည် ပြီးပြည့်စုံသည်ဟု အခြားလူများက ထင်ကောင်းထင်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် ပြီးပြည့်စုံသော စံနမူနာပြထားပြီး သူ့ကို လွှမ်းမိုးထားသည်။ ထို့ကြောင့် ယခုအချိန်တွင် တုဟောက်ကို ထောက်ခံသူများသည် ကုနင်း၏ ကားမောင်းကျွမ်းကျင်မှုကို သဘောကျကြပြီး ဆုံးရှုံးရမည့်ငွေကို ဂရုမစိုက်တော့ဘဲ ကုနင်းကိုသာ ထောက်ခံကြလေတော့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ အပျော်တမ်းလောင်းကြတာဖြစ်သည်။
သူတို့သည် ယွမ်သန်းပေါင်းများစွာကုန်ကျသည့် ပြိုင်ကားတစ်စီးကိုတောင် တတ်နိုင်သောကြောင့် ယွမ်ထောင်ဂဏန်းလောက်ကို လုံးဝဂရုမစိုက်ပေ။
မင်ကျဲေသည် ပို၍ပို၍ မကျေမနပ်ဖြစ်လာသည်။ ကုနင်းကို ဘာလို့ တုဟောက် က အနိုင်မယူနိုင်ခဲ့တာလဲ သူနားမလည်ပေ။
ပြိုင်ပွဲသည် မပြီးသေးဘဲ လမ်းတစ်ဝက်လောက်သာ ရောက်သေးသည်။ တုဟောက် သည် အခြေအနေကို ပြောင်းလဲရန် ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်။
ဝန်ခံလိုစိတ်မရှိသော်လည်း ဤတစ်ကြိမ်တွင် သူတကယ်ဆုံးရှုံးသွားနိုင်သည့် အဖြစ်မှန်ကို ရင်ဆိုင်ရမည်။
မိန်းကလေးတစ်ဦးဖြစ်သည့် ကုနင်းသည် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူ တုဟောက် ထက် ဘာကြောင့်ပိုတော်နေနိုင်သည်ကို သူ မသိနိုင်ပေ။
တုဟောက်သည် စိတ်ပူသွားမိသည်။ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ယောက်အနေနဲ့ သာမန်မိန်းကလေးတစ်ယောက်နဲ့ ပြိုင်ပွဲရှုံးတဲ့ သတင်းတွေသာ ထွက်ရင် သူ့နာမည်ပျက်သွားလိမ့်မည်။
ကြောက်ရွံ့စိတ်၀င်လာသောအခါတွင် သူ၏ စွမ်းဆောင်ရည်ကို ထိခိုက်သွားပြီး အကွေ့ကို ကျော်သွားသည့်အခါ အတားကို တိုက်မိသွား၍ လူတိုင်းကို လန့်သွားေစသည်။ ကံကောင်းစွာနဲ့ပဲ တုဟောက် သည် ကားကို အမြန်လှည့်ခဲ့ပေမယ့် ကားရှေ့ဘယ်ဘက်ခြမ်းမှာ ပျက်စီးသွားသည်။ ကားတစ်စီး၏တန်ဖိုးမှာ ယွမ်ဆယ်သန်းကျော်ရှိပြီး ပြုပြင်ခမှာ ယွမ်တစ်သန်းကျော်ရှိနိုင်သည်။ တုဟောက်မှာ ပိုက်ဆံ မရှိတာ မဟုတ်သော်လည်း သူသည် ကုနင်း၏နောက်မှာ အတော်အလှမ်းဝေးကာ ကျန်ခဲ့သည်။
"ချောင်ယန် မင်းပွဲမစခင်တည်းက သူမအနိုင်ရမယ်ဆိုတာ သိတယ်မလား"တစ်ယောက်ယောက်က မေးသည်။
"ကုနတ်ဘုရားမရဲ့ ကားမောင်းစွမ်းရည်က ဒီလောက်တော်မယ်လို့ မထင်ထားမိဘူး ငါလည်း အံ့ဩသွားတာ" ဟု ချောင်ယန် က ပြောသည်။
"ကုနတ်ဘုရားမ? သူ့ကို ဘာလို့ ကုနတ်ဘုရားမလို့ ခေါ်တာလဲ။ မင်းမျက်လုံးထဲက နတ်ဘုရားမက ထန်ရှောင်ရှောင် မဟုတ်ဘူးလား?" တစ်ယောက်ယောက်က ထပ်မေးသည်။
"သူမက ယုံကြည်မှုအပြည့်နဲ့ လှတယ်လို့ မင်းမထင်ဘူးလား? သူ့လိုမိန်းကလေးမျိုးက နတ်ဘုရားမတစ်ပါးပဲ” လို့ ချောင်ယန်ကပြောပေမယ့် ကုနင်း၏ အထောက်အထားကိုတော့ မပြောခဲ့ပေ။
ကုနင်းသည် အလွန်လှပပြေပြစ်သောကြောင့် ချောင်ယန် စကားကို လူအများက သဘောတူခဲ့ကြသည်။ အရေးကြီးဆုံးကတော့ ကုနင်းရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
"မင်းမှန်တယ်။ သူက ကားမောင်းတဲ့ နေရာမှာလည်း ထူးချွန်တယ်။ သူမရဲ့ စွမ်းဆောင်မှုက အံ့သြစရာ။ သူက အခုချိန်ကစပြီး ငါ့ အိုင်ဒေါပဲ"
“ငါ့ရဲ့ အိုင်ဒေါရောပဲ။ အိုး ချောင်ယန် မင်း သူ့ကို သိတယ်ဆိုတော့ ဘာလို့ ငါတို့နဲ့ မမိတ်ဆက်ပေးတာလဲ။ ငါတို့လည်း သူနဲ့ မိတ်ဖွဲ့ချင်တယ်”
"ဟုတ်တယ်၊ စိတ်မပူပါနဲ့၊ ငါတို့က သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး ရိုးရိုးလေးပဲ သူငယ်ချင်းဖြစ်ချင်တာပါ”
“ဟုတ်တယ်”
“…”
သူတို့အားလုံး ကုနင်းကို စိတ်ဝင်စားခဲ့ကြသည်။ ချောင်ယန် ကို သူတို့က သဘောကျနှစ်ခြိုက်ပြီး ချောင်ယန် က ကုနင်းကို သိတာကိုမြင်တော့ လုကျွင်း က စိတ်တိုပြီး မနာလိုဖြစ်ခဲ့ပေမယ့် သူ့မျက်နှာမှာ ဘာမှ မပြခဲ့ေပ။
ကုနင်းကို ထောက်ခံကြသောအခါ မင်ကျဲ့ လည်း မကျေမနပ်ဖြစ်မိသည်။
"ငါသူမကိုသိတယ် ဒါပေမယ့်သူမကငါ့ကိုမသိပါဘူး" ချောင်ယန် ကပြောသည်။ သူလည်း ကုနင်းနဲ့ မိတ်ဖွဲ့ချင်ပေမယ့် ကုနင်းက သူနဲ့စကားပြောဖို့ စိတ်မကူးမရှိမှာကို ကြောက်သည်။ တကယ်တော့ ကုနင်းက သူ့ကို လျစ်လျူရှုထားရင်တောင် ကုနင်းက သူ့ရဲ့ အိုင်ဒေါဖြစ်လို့ သူ့ကို မာနကြီးတယ်လို့ မထင်ပါဘူး။
ထို့အပြင် သူမ၏အောင်မြင်မှုများကြောင့် သူမသည် အခြားသူများထက်သာလွန်သည်ဟု သူမကိုယ်သူမ ထင်မြင်ပါက လုံးဝနားလည်နိုင်သည်။ ချောင်ယန် သည် မာနကြီးသည်ဟု မထင်ဘဲ သဘောထားကြီးသည်။
"စိတ်မပူပါနဲ့ ငါတို့ဘော့စ်ကို လောင်းထားမှတော့ ငါတို့ဘော့စ်အနိုင်ရပြီးရင် အတူတူ ညလည်သရေစာ သွားစားလို့ရတယ်လေ" ဟု ချူးဖေ့ဟန် ကပြောသည်။ သူသည် ကုနင်းကို အစကတည်းက ထောက်ခံပြီး အကာအကွယ်ပေးခဲ့တဲ့အတွက် ချောင်ယန်နဲ့ သူ့သူငယ်ချင်းတွေအပေါ် အထင်ကြီးစရာကောင်းတယ်လို့ မြင်သည်။
"တကယ်လား?" အဲဒါကိုကြားတော့ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေ စိတ်လှုပ်ရှားသွားသည်။ "ကုနတ်ဘုရားမရော ငါတို့နဲ့ပူးပေါင်းမှာလား" ချောင်ယန် က မေးသည်။
"ဒါပေါ့!" ချူးဖေ့ဟန် က ပြောသည်။
"သူမစိတ်ရှိမှာလား" ကုနင်းနဲ့ ညစာအဆာပြေစားချင်ပေမယ့် ချောင်ယန် က စိုးရိမ်တကြီးမေးသည်။
"သူမကဘာလို့လုပ်ရမှာလဲ? ငါတို့ ဘော့စ်က အဲ့လိုလူမျိုးမဟုတ်ပါဘူး” ဟု ချူးဖေ့ဟန်က ပြောသည်။ သူတို့က ရိုးရိုးညစာအတူတူစားကြမှာမို့ ကုနင်းစိတ်မဆိုးဘူးဆိုတာ သူမသိသည်။
အခြားလူများကလည်း ချူးဖေ့ဟန်ကို သူတို့ပါ ပူးပေါင်းလို့ရနိုင်မလားဟု မေးကြတော့သည်။
***
အခန်း ၁၇၆၁ အခု ထွက်ခဲ့
ချူးဖေ့ဟန်က ရယ်မောပြီး "ဟင့်အင်း မင်းတို့က ငါတို့ဘော့စ်အနိုင်ရမယ်လို့ မလောင်းထားခဲ့ဘူးလေ။ တုဟောက် အနိုင်ရမယ်လို့ပဲ မျှော်လင့်ထားလို့ သူ့ကိုပဲ လောင်းကြေးထပ်ခဲ့တာမလား။ တုဟောက်သာအနိုင်ရသွားရင် ငါတို့ဘော့စ်က ဘာလုပ်ရမယ်ဆိုတာ မင်းတို့သိလား။ မသိဘူးဆိုရင်တောင် အဆင်ပြေတယ်လို့ မဆိုလိုဘူး”
"သူမက ဘာလုပ်ရမှာလဲ" အဲဒါကို ကြားတော့ လူတော်တော်များများက သိချင်စိတ်နဲ့ မေးကြသည်။ သူတို့က ငွေနဲ့ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုလို့ ထင်ကြပေမယ့် မှားနေပုံရပြီး ရှုံးတဲ့သူက ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမည့်ပုံပေါက်သည်။
"ရှင်နောက်မှသိလိမ့်မယ် မကြာခင်သူတို့ထွက်လာတော့မယ် ထင်တယ်" ဟု ချူးဖေ့ဟန် ကပြောသည်။ ချူးဖေ့ဟန် သည် သူတို့ကို ပြောပြဖို့ ငြင်းဆိုတာကြောင့် သူတို့ မေးတာကို ရပ်လိုက်ပြီး ကားတွေ ထွက်လာတော့မည်ဖြစ်၍ ပြိုင်ပွဲကို အာရုံစိုက်လိုက်ကြသည်။
တစ်မိနစ်ခန့်အကြာတွင် ကုနင်း၏ကားထွက်လာပြီး ထွက်ပေါက်တွင် ရပ်တန့်သွားသည်။ သူမသည် ခုနစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်ကြာ လမ်းပေါ်တွင် ဖြတ်သန်းခဲ့ပြီး ဖူရှန်းတောင်တက်လမ်းတွင် ယခင်စံအချိန်ကို ချိုးနိုင်ခဲ့သည်။ ယခင်စံချိန်သည် ခုနစ်မိနစ်နှင့် လေးဆယ့်ခုနစ်စက္ကန့်ဖြစ်ပြီး လမ်းမပေါ်တွင် အတားအဆီးမရှိဘဲ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူတစ်ဦးက ထိုသို့ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲသာ ဖြစ်လျှင် အချိန်ပိုကြာနိုင်သည်။
ပုံမှန်အားဖြင့် ပြီးဆုံးရန် ကိုးမိနစ်ခန့် ကြာပြီး ဆယ်မိနစ်ထက် မပိုပါ။ ထို့ကြောင့် မည်သူမဆို လမ်းပေါ်တွင် တမင်သက်သက် အချိန်ဖြုန်းတီးမိပါက ပြိုင်ပွဲရှင်မှ ဆယ်မိနစ်စာ ယွမ်တစ်သောင်း သတ်မှတ်ထားသည်။
ကုနင်းပေါ်လာပြီးတာနဲ့ မုခယ်၊ ယွီမီရှီ နဲ့ ကျန်းကျီခိုင် အပါအဝင် လူတစ်စုက သူမကို ဝိုင်းထားကြသည်။ ချူးဖေ့ဟန် သည် လောင်းကစားစားပွဲတွင် နေခဲ့သည် ။
ထိုအချိန်တွင် မင်ကျဲ့ သည် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူရှုံးသွားသည်ကို သူသိသည်။
စောစောကသာ သိခဲ့လျှင် ကုနင်းနှင့် ကားပြိုင်ရန် ရွေးချယ်ခဲ့မည် မဟုတ်ဘဲ အခြားရွေးချယ်မှုတစ်ခု ပြုလုပ်ရလိမ့်မည်။
ကုနင်းကို စိန်ခေါ်ခဲ့မိတဲ့အတွက် သူနောင်တမရသေးပဲ နည်းလမ်းမှားသုံးမိလို့ နောင်တရနေသည်။
ကုနင်းသည် ကားပေါ်မှ ဆင်းလာကာ သက်တောင့်သက်သာဖြစ်နေပုံရသည်။
"ကုနတ်ဘုရားမ မင်း သိပ်မယုံနိုင်စရာပဲ။ မင်း စံချိန်သစ်တင်လိုက်ပြီ”
“ဟုတ်တယ်! အရမ်းအံ့သြစရာကောင်းတယ်။ အခုချိန်က စပြီး မင်းကငါ့ရဲ့ အိုင်ဒေါပဲ”
“…”
အားလုံးက ကုနင်းကို ချီးကျူးနေကြတဲ့အချိန် တုဟောက် ကားက ထွက်လာသည်။ သူသည် ရှစ်မိနစ်နှင့် ကိုးစက္ကန့်ကြာချိန်ဖြင့် ကုနင်းသုံးစွဲခဲ့သည့် အချိန်ထက် တစ်မိနစ်နီးပါး လမ်းပေါ်တွင် ကြာခဲ့သည်။
သူရှုံးသွားသောကြောင့် အားလုံးက သူ့ကို အထင်အမြင်သေးစွာဖြင့် လှမ်းကြည့်နေကြသည်။ အချို့ကလည်း သူ့ကို လှောင်ပြောင်ကြသည်။ “သူဟာ တရားဝင်အသင်းကနေ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမား မဟုတ်ဘူးလား? သာမာန်မိန်းကလေးတစ်ယောက်နဲ့ ပြိုင်တဲ့ပွဲကို ရှုံးရတယ်လို့ အရမ်းရှက်ဖို့ကောင်းတယ်”
"ဟုတ်တယ် ဒီသတင်းပျံ့သွားရင် ပြိုင်ကားနယ်ပယ်မှာ သူ့နေရာကို ဘယ်လို ထိန်းမလဲ။"
“…”
သူတို့ဆွေးနွေးတာကိုကြားတော့ တုဟောက် သည် ရှက်ရွံ့သွားပြီး ထွက်သွားဖို့ မစောင့်နိုင်တော့ပေ။ ဒီနေ့ ဒီပြိုင်ပွဲမှာ မင်ကျဲ့ ကို ကူညီပေးခဲ့တဲ့အတွက် သူတကယ်နောင်တရနေပြီး သာမန်မိန်းကလေးတစ်ယောက်ကို ရှုံးလိုက်ရတဲ့အတွက် အတော်လေးကို အရှက်ရသွားသည်။ သူ့သူငယ်ချင်းတွေသာ ဒီအကြောင်းကို သိသွားရင် သူ ဟာသဖြစ်သွားလိမ့်မည်။ ဒီလိုရလဒ်ကိုကြိုသိပါက မင်ကျဲ့သည် သူ့ကိုမည်မျှပေးသည်ဖြစ်စေ ကူညီရန်သဘောတူမည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ ယခုနောင်တရရန် အချိန်နှောင်းသွားခဲ့လေပြီ။ အစပိုင်းတွင် သူအနိုင်ရနိုင်မည်ဟုလည်း သူယုံကြည်ခဲ့မိသည်။ ထို့နောက်တွင် တုဟောကသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ မင်ကျဲေ၏ကားဆီသို့ တိုက်ရိုက်မောင်းသွားခဲ့သည်။
သူသည် မင်ကျဲေကို တစ်ခုခုပြောပြီး ချက်ချင်းထွက်သွားတော့သည်။ "ကျန်တာတွေ ကိုယ့်ဘာသာ ဖြေရှင်းတော့" သူသည် မင်ကျဲ့ ကိုယ်စား ဂိမ်းကို ရှုံးနိမ့်ခဲ့သော်လည်း၊ သူ့ဂုဏ်သတင်းလည်း ပျက်စီးသွားသောကြောင့် လုံး၀ အပြစ်မရှိသလို ခံစားရသည်။ သူ့ဂုဏ်သတင်းက မင်ကျဲ့ လုပ်ရမှာထက် ပိုတန်ဖိုးရှိသည်။
"မင်ကျဲ့" တုဟောက်၏ညီဝမ်းကွဲက တစ်ခုခုပြောချင်သော်လည်း လောလောဆယ် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ တုဟောက် ရှုံးမယ်လို့ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားပေ။
"တကယ်တော့ ဒါက ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတွေရဲ့ သာမာန်အဆင့်ပဲ။ ကုနင်းက မယုံနိုင်လောက်အောင်ကို တော်နေတာ" တုဟောက်၏ကားမောင်းထွက်သွားသည်ကိုမြင်လျှင် တစ်စုံတစ်ယောက်သည် တရားမျှတစွာ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ အခြားလူများက တုဟောက်ကို မလှောင်ပြောင်တော့ဘဲ ကုနင်းကို ဆက်လက် ချီးကျူးနေကြသည်။ ကုနင်းသည် သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး မင်ကျဲ့ ဆီသို့ လျှောက်သွားသည်။
ကုနင်းလျှောက်လာနေတာကိုမြင်တော့ မင်ကျဲေက သူဘာလုပ်ရမယ်ဆိုတာ မသိတော့ပေ။ ကုနင်းက ဒူးထောက်ခံပြီးတောင်းပန်စကားပြောခံဖို့အတွက် လာနေတာကြောင့်ပင်။
လူတိုင်းရှေ့မှာ တောင်းပန်ကြောင်း သုံးကြိမ်တိုင်တိုင် ပြောရတော့မည်။ သူက ကုနင်းကို အရှက်ခွဲဖို့ ကြံစည်ခဲ့ပေမယ့် မထင်မှတ်ပဲ အရှက်ကွဲမည့်သူက သူဖြစ်နေသည်။ မင်ကျဲ့ က ထွက်ပြေးရန် ကြိုးစားချင်သော်လည်း မဖြစ်နိုင်မှန်း သူသိသောကြောင့် ကားထဲတွင် ပုန်းနေသည်။
ကုနင်းသည် မင်ကျဲ့ ဆီသို့ လျှောက်သွားသည်ကို အားလုံးမြင်သောအခါ တစ်ခုခုဖြစ်တော့မည်ကို သိလိုက်ကြပြီး ချက်ခြင်း နောက်ကလိုက်သွားကြသည်။
"ဟေ့ ရှင်ရလာတဲ့ငွေကို ယူသွားအုံးလေ" ချူးဖေ့ဟန်က ချောင်ယန်ကို ပြောသည်။
"မလိုပါဘူး၊ ဒါတွေအားလုံးက မင်းအတွက်။ မင်းရဲ့ကတိကို မမေ့ပါနဲ့။ ညစာအတူတူစားဖို့ ဖိတ်ခေါ်ပါတယ်” လို့ ချောင်ယန်က ပြောသည်။ သူသည် ပိုက်ဆံကို ဂရုမစိုက်ဘဲ ချူးဖေ့ဟန်ကို လာဘ်ထိုးချင်သည်။
သူတို့လေးယောက်စလုံးက ဂိမ်းအတွက် ယွမ်ငါးထောင်စီ လောင်းထားကြသည်။ ၂-၁ နှုန်းဖြင့် တဦးလျှင် ယွမ် တစ်သောင်း ပြန်ရနိုင်သည်။ သာမာန်အားဖြင့် လူခုနစ်ယောက် ကောင်းကောင်းညစာ အတူတူစားရင် ယွမ်နှစ်ထောင်ခန့်သာ ကျသင့်သော်လည်း ယွမ်နှစ်သောင်း ပေးဆောင်ရန် ဆန္ဒရှိကြသည်။ သူတို့က ပိုက်ဆံကို တကယ် ဂရုမစိုက်ပေ။
"ကောင်းပြီ မင်းချမ်းသာတာ ငါသိပါတယ်" ချူးဖေ့ဟန် မျက်လုံးပြူးသွားသည်။ မလိုချင်သောကြောင့် ချူးဖေ့ဟန်သည် ပိုက်ဆံအားလုံးကို ယူသွားသည်။ သူမသည် ပိုက်ဆံအားလုံးကို သူမ၏ ကိုယ်ပိုင်အဖြစ်မယူဘဲ မုခယ်နှင့် ယွီမီရှီတို့နှင့်မျှဝေမည်။ ချူးဖေ့ဟန် သည် ကျန်းကျီခိုင် ရရှိခဲ့သောငွေကို သူမထံ ပြန်လည်ပေးအပ်ခဲ့ပြီး ကျန်ငွေများကို မုခယ်နှင့် ယွီမီရှီတို့အား မျှဝေခဲ့သည်။
သူတို့အားလုံးဟာ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူတွေဖြစ်တာကြောင့် သူတို့တစ်ဦးစီက ယွမ်ထောင်ပေါင်းများစွာ လောင်းခဲ့ကြသည်။ လောင်းကြေးတွင်ပါဝင်သူ ၃၀ ခန့်ရှိသောကြောင့် စုစုပေါင်း ယွမ်နှစ်သိန်းကျော်ရှိသည်။ ညစာအတွက် ပိုက်ဆံကို အဲဒီထဲက နုတ်ယူပြီး ကျန်တာတွေကို ခွဲဝေပေးမည်။
ကုနင်းသည် မင်ကျဲ့၏ကားဆီသို့ သွားရာနောက်တွင် လူတစ်စုက လိုက်သွားကြသည်။
"ရှင်ဒဏ်ရာရပြီး ကားပေါ်ကနေ မဆင်းနိုင်ဘူးလား? ကျွန်မအကူအညီလိုသေးလား" ကုနင်းသည် အပြုံးအတုဖြင့် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော မင်ကျဲ့ ကို စိုက်ကြည့်နေသည်။
မင်ကျဲ့ သည် အပေါ်ယံဒဏ်ရာမျှသာဖြစ်ပြီး ၎င်းတို့သည် မပြင်းထန်ပါ။ သူ ဒီကိုေတာင် လာနိုင်တဲ့အတွက် သူနေကောင်းတယ်လို့ ဆိုလိုတာပင်။ အနည်းဆုံးတော့ သူ လမ်းလျှောက်နိုင်သည်။ ဒဏ်ရာတွေက နာကျင်ပေမယ့် သေလောက်တဲ့အထိမဟုတ်ပေ။
မင်ကျဲ့သည် တုံ့ဆိုင်းသွားသော်လည်း သတ္တိမရှိသောကြောင့် လုံးဝမလှုပ်ပါ။ ကုနင်းပြောတာကိုကြားတော့ သူမအပေါ်ရန်ငြိုးထားတဲ့သူက တုဟောက် မဟုတ်ပဲ မင်ကျဲ့ဖြစ်ကြောင်း တခြားသူတွေက သိလိုက်ကြသည်။ သို့သော် သူတို့သည် ဘာကြောင့်မှန်းမသိ။ သူတို့ သိချင်ပေမယ့် မကြာခင် သိတော့မှာမို့ ဘယ်သူမှ မမေးကြပေ။
"မင်ကျဲ့ ရှင်ယောက်ျားဖြစ်ပြီး အခုချက်ချင်းထွက်လာလေ ရှင် ကုနင်းနဲ့ သဘောတူညီချက် လုပ်ပြီးသားပဲ ငါတို့အချိန်ကို မဖြုန်းပါနဲ့” ဟု ကျန်းကျီခိုင် က ပြောလိုက်သည်။ သူက စပြီး ထိုအဆိုပြုချက် လုပ်တာဖြစ်တဲ့အတွက် ကျန်းကျီခိုင်က သူ့ကို စာနာစိတ်မရှိတော့ပေ။
“မင်းအပြင်မထွက်ရင် ငါမင်းကို ကိုယ်တိုင်ဆွဲထုတ်မယ်” ဟု မုခယ်က အေးစက်သောလေသံဖြင့်ပြောသည်။
မင်ကျဲ့သည် ရလဒ်ကို လက်ခံရန် ဝန်လေးခဲ့သော်လည်း သူတို့ကို ကြောက်သောကြောင့် ကားထဲမှ ထွက်လာရတော့မည်။
***
အခန်း ၁၇၆၂ ဒူးထောက်၊ ဦးညွတ်ပြီး တောင်းပန်ခြင်း
"မြန်မြန်လုပ် ငါတို့မှာ ရှင်အတွက် ဖြုန်းဖို့ အချိန်မရှိဘူး!" ချူးဖေ့ဟန်သည် သည်းမခံနိုင်တော့ပေ။
မင်ကျဲ့သည် သူမကို ကြောက်လန့်ပြီး ကားပေါ်မှ ချက်ချင်းဆင်းလာသည်။ သူ့ရဲ့ ကြီးမားတဲ့ လှုပ်ရှားမှုတွေကြောင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်က ဒဏ်ရာတွေ ပွင့်ထွက်သွားပြီး အရမ်းနာကျင်လာပေမယ့် ဒါကို သည်းခံခဲ့ရသည်။ မင်ကျဲ့က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့ခန္ဓာကိုယ်ကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သူက ကုနင်းကို မကျေမနပ်နဲ့ ကြည့်နေပေမယ့် သူမကို ထိခိုက်အောင် ဘာမှ မလုပ်ရဲပေ။
"အခုလုပ်မှာလား ဒါမှမဟုတ် မင်းကိုကူညီဖို့ လိုေသးလား" ချူးဖေ့ဟန်က သူ့ကို ခြိမ်းခြောက်သည်။ မင်ကျဲ့သည် ကြောက်ရွံ့ထိတ်လန့်သွားပြီး ကုနင်းရှေ့မှာ ဒူးထောက်ကာ သူမကို တောင်းပန်စကားဆိုသည်။ အရင်ကထက် ပိုပြီး အရှက်ကွဲတယ်လို့ ခံစားမိပေမယ့် သူကိုယ်တိုင်ရဲ့ အဆိုပြုချက်ဖြစ်နေသည်။
တကယ်တော့ ကုနင်းဟာ အစကတည်းက သူမ၏ ကိစ္စမဟုတ်ပဲ ၀င်ပါပြီး မှန်ကန်တဲ့အရာကို မလုပ်ခဲ့တာပင်။ သို့သော် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူမ၏ကိစ္စဟုတ်သည် ဖြစ်စေမဟုတ်သည်ဖြစ်စေ အရေးမကြီးပါ။ သူမသည် တရားမျှတမှု အားကောင်းပြီး အားနည်းသူများကို ကူညီရန် ဆန္ဒရှိသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်ခဲ့ကြသော်လည်း ကျန်းကျီခိုင်ပြောသည်ကို အားလုံးကြားတုန်းက ဒီလောက်ထိ ကြီးသည်ဟု မထင်ထားကြပေ။ မင်ကျဲ့သည် အလောင်းအစားကို သတ်မှတ်ခဲ့သည်မှာ ထင်ရှားသည်။ ထို့ကြောင့် မင်ကျဲ့ သည် သူ့ကိုယ်ပိုင်အပြုအမူအတွက် ပေးဆပ်ရတော့သည်။
ကုနင်းသာ ရှုံးခဲ့လျှင် မင်ကျဲ့က သူမကို လွှတ်ထားမည်ဟု မထင်ပေ။ ကုနင်းကို လွှတ်ထားရန် စိတ်ကူးရှိလျှင် ထိုကဲ့သို့သော အန္တရာယ်ရှိသော ကစားနည်းနှင့် အရှက်ရစေမည့် ပြစ်ဒဏ်ကို အဆိုပြုမည်မဟုတ်ပါ။ ရလဒ်အနေနှင့်၊ မင်ကျဲ့ သည် မိန်းကလေးတစ်ဦးကို အခွင့်ကောင်းယူရန် ကြိုးစားသော သူရဲဘောကြောင်သူဟု သူတို့ထင်ခဲ့ကြသည်။
ကုနင်းသည် ယောက်ျားတွေထက်တောင် ပိုတော်ပေမယ့် မင်ကျဲ့က ဒါကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ သူသိခဲ့လျှင် သူမကို အခွင့်ကောင်းယူရန် သတ္တိရှိမည်မဟုတ်ပေ။
မင်ကျဲ့သည် ပြစ်ဒဏ်ကို အမြန်လုပ်ပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။ မင်ကျဲ့ ထွက်သွားတာကို ကြည့်ပြီး ကုနင်း က သူ့ကို မတားတော့ဘဲ သတိပဲပေးလိုက်သည်။
"ရှင် ကျွန်မကို ထပ်ပြီးစိန်ခေါ်ချင်ရင် အမြဲကြိုဆိုနေမှာပါ။ ဒါပေမယ့် နောက်တစ်ကြိမ်တော့ ပြစ်ဒဏ်က ဒီလောက်ရိုးရှင်းမှာမဟုတ်တော့ဘူး"
မင်ကျဲ့၏ မျက်နှာထားတင်းမာသွားသည်။ ကုနင်းကို သေတဲ့အထိ အရှုံးမပေးချင်ပေမယ့် လောလောဆယ်မှာတော့ လက်စားချေဖို့ မဝံ့ရဲပေ။ ဒီနေ့ ကိစ္စဖြစ်ပြီးနောက် သူကုနင်း နဲ့ သွားမရှုပ်သင့်ဘူးဆိုတာ သိလိုက်ရသည်။
"သူက မင်းကို ထပ်စိန်ခေါ်ရဲရင် တော်တော်မိုက်မဲတဲ့လူပဲဖြစ်ရမယ်" လို့ ချူးဖေ့ဟန် က ပြောသည်။
“ပြောရခက်တယ်။ တစ်ချို့လူတွေက တကယ်ကို ယုတ်မာ ဆိုးသွမ်းပြီး သူတို့ မအောင်မမြင်မချင်း တခြားလူတွေကို ပေးဆပ်ခိုင်းတတ်တာ အခု ငါတို့ရဲ့ဘော့စ်ကို ကြောက်ပြီး ခဏလောက် ငြိမ်လောက်သွားမယ်ဆိုပေမယ့် အခွင့်အရေးရတာနဲ့ သူထပ်လုပ်မယ်လို့ ငါထင်တယ်" လို့ မုခယ် ကပြောလိုက်သည်။
မင်ကျဲ့သည် သူခုနကဖော်ပြခဲ့သောလူအမျိုးအစားဖြစ်သည်ဟု သူဆိုလိုခြင်းမဟုတ်သော်လည်း သူတို့သည် သူ့အကြောင်းအနည်းငယ်သာသိသောကြောင့် ကုနင်းကို နောက်တစ်ကြိမ်ဒုက္ခမပေးစေရန် မသေချာနိုင်ကြပေ။
မင်ကျဲ့ သည် ကျန်းကျီခိုင် ၏ဆွေမျိုးဖြစ်သည်။ သူသည် သူမ၏ အဝေးမှ ဆွေမျိုးများ ဖြစ်ကြကာ တစ်ယောက်ကို တစ်ယောက် နှစ်အတော်ကြာ သိလာခဲ့ရသည်။ သို့သော်လည်း သူမသည် မင်ကျဲ့ အကြောင်း သိပ်မသိသေးပါ။ အကယ်၍ သူမသည် သူ့ကို ကောင်းစွာသိပါက၊ ရှောက်ကျီဟန် သည် ဤမျှကြောက်စရာကောင်းသော လူတစ်ယောက်ကြောင့် စိတ်ထိခိုက်နေမည်မဟုတ်ပေ။
ရှောက်ကျီဟန် ဖြတ်သန်းခဲ့ရသည့်အရာကြောင့် သူမသည် မင်ကျဲ့ အပေါ် အမြဲမှားယွင်းသော အထင်အမြင်ရှိခဲ့ကြောင်း ရုတ်တရက် သိလိုက်ရသည်။ ထို့ကြောင့် ကျန်းကျီခိုင် သည် ယခု မုခယ် ပြောသည်ကို မငြင်းဝံ့ပေ။
“ငါ ဂရုမစိုက်ပါဘူး။ ဒါက ကြီးကြီးမားမားမှ မဟုတ်တာ” ဟုကုနင်းက ပြောသည်။ သူမသည် မင်ကျဲ့ ကို သူမ၏ တကယ့်ရန်သူအဖြစ် မခံယူပေ။ မင်ကျဲ့ သည် သူမကို ပိုဒုက္ခပေးဝံ့ပါက သူမသည်ယနေ့ကဲ့သို့ တရားမျှတသောပွဲတစ်ပွဲဆင်နွဲမည် မဟုတ်တော့ပေ။ အဲဒီအစား သူမလက်သုံးပြီး သင်ခန်းစာတစ်ခု တိုက်ရိုက်သာပေးတော့မည်။ သူ့အတွက် သိပ်ပြီး သည်းခံနိုင်စိတ်မရှိတော့ပေ။
"ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ်၊ သူက ငါတို့ဘော့စ်နဲ့ ယှဉ်နိုင်မယ်လို့ ငါမထင်ဘူး" ဟု ချူးဖေ့ဟန် က ပြောသည်။ မင်ကျဲ့ သည် ကုနင်း၏မျက်လုံးထဲတွင်လိုမျိုး ချူးဖေ့ဟန် ၏မျက်လုံးထဲတွင်လည်း အရေးမပါတော့ပေ။ ထို့အပြင် သူနှင့် ကစားရန် သဘောတူထားသည့် ကုနင်းလောက် သူမသည် စိတ်ရှည်သည်းခံခြင်းမရှိပေ။ သူမသာဆိုလျှင် သူအရှုံးမပေးမချင်း သူ့ကို အနိုင်ယူဖို့ ရွေးချယ်လောက်မည်။
ချူးဖေ့ဟန် က "ဘော့စ် အခု ညစာ သွားစားရအောင်။ သူတို့က မင်းကို လောင်းကြေးထပ်ထားပြီး ငါတို့ ပိုက်ဆံအများကြီးရလိုက်တယ်။ သူတို့ ငါတို့နဲ့ပူးပေါင်းလို့ရနိုင်မလား"
ကောင်လေးတွေက ဒီနေ့ရလဒ်ကို လုံးဝမထိခိုက်ပေ။ ကုနင်းသည် မရှုံးခဲ့သောကြောင့် သူတို့အားလုံးစိတ်အခြေအနေ ကောင်းနေကြသည်။
အဲဒါကိုကြားတော့ ကုနင်းက သူ့ကို မျှော်လင့်တကြီးကြည့်နေတဲ့ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေဘက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် "ဘာလို့မဖြစ်ရမှာလဲ!"
ကြီးကြီးမားမားကိစ္စမဟုတ်ပဲ ညစာစားရုံသာဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် ချမ်းသာသော မိသားစုမှ ဖြစ်ကြသောကြောင့် သူမနှင့် အချိန်အတန်ကြာ ကုန်ဆုံးပါက သူမကို ထိခိုက်နစ်နာစေမည် မဟုတ်ပါ။
သူတို့သည် လင်မိသားစုကို ဆန့်ကျင်သည့် ဂိုဏ်းခွဲများမှ လူများမဟုတ်ပါက ကုနင်းသည် သူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ရနိုင်သည်။ အကယ်၍ ၎င်းတို့သည် လင်မိသားစု၏ ဆန့်ကျင်ဘက်များဖြစ်ခဲ့လျှင် ယနေ့ပြီးသွားလျှင် သူမသည် သူတို့အား ထပ်မံမဆက်သွယ်တော့မည်မဟုတ်ပါ။ အဲဒါကို အခုချက်ချင်းမေးဖို့ မသင့်တော်၍ နောက်မှ မေးဖို့ ဆုံးဖြတ်လိုက်သည်။
ကုနင်း၏သဘောတူညီချက်ကြောင့် ချောင်ယန် နှင့် သူ၏သူငယ်ချင်းများ စိတ်လှုပ်ရှားနေကြသည်။
"တောင်ပိုင်းခရိုင်က အစားအသောက်လမ်းကို သွားရအောင်" ကုနင်းက ပြောသည်။ သူတို့အားလုံးမှာ ကားတွေရှိလို့ နေရာနည်းနည်းဝေးရင်တောင် ပြဿနာရှိမှာမဟုတ်ပေ။
မြို့တော်သည် အရွယ်အစားအမျိုးမျိုးရှိသော အစားအသောက်လမ်းများ အများအပြားရှိသည့် အလွန်ကြီးမားသော မြို့တစ်မြို့ဖြစ်သည်။ ခရိုင်တိုင်းနီးပါးတွင် ရှည်လျားသော အစားအသောက်လမ်းတစ်ခုစီရှိပြီး ၎င်းသည် အလွန်နာမည်ကြီးသော်လည်း မြို့တော်၏ အရသာရှိသော အစားအစာများ ကိုယ်စားပြုမှာ မြို့လယ်ခေါင်တွင်သာ ရှိသည်။
“ဟုတ်ပြီ!” ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေ သဘောတူသည်။ တကယ်တော့ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတစ်ယောက်ဟာ တောင်ပိုင်းခရိုင်မှာ နေထိုင်ကြပြီး ကျန်ကောင်လေးနှစ်ယောက်ကတော့ မြောက်ပိုင်းခရိုင်မှာ နေထိုင်ကြသည်။ သူတို့အိမ်တွေက အစားအသောက်လမ်းနဲ့ သိပ်မဝေးပဲ ကားနဲ့ဆို နာရီဝက်လောက်ပဲကြာမည်။ ဝေးနေရင်တောင် ဂရုမစိုက်ေပ။
"ကောင်းပြီ ဒါဆို သွားကြရအောင်!" ကုနင်းက ပြောလိုက်ပြီးနောက် သူမသည် ကျန်းကျီခိုင် ကို လှည့်ကြည့်လိုက်သည်။ "ငါတို့နဲ့ လိုက်ခဲ့လေ"
“ဟုတ်ပြီ” လို့ ကျန်းကျီခိုင် က ပြောလိုက်၏။
အဲဒီနောက် သူတို့ကိုယ်ပိုင်ကားနဲ့ ပြန်သွားကြသည်။ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေက ကားနှစ်စီးနဲ့ အတူတူထွက်သွားကြသည်။
မယုံနိုင်လောက်စရာ ကားမောင်းသမား ကုနင်းနဲ့ မိတ်မဖွဲ့နိုင်လို့ တခြားလူတွေက သူတို့ကို မနာလိုဖြစ်ခဲ့ကြပြီး သူတို့လည်း သူတို့ဘာသာ ညစာစားဖို့တောင် သွားကြမည်ဖြစ်သည်။
လုကျွင်း သည် ယခုအချိန်တွင် အခြားသူများထက် ၎င်းတို့ကို ပိုမနာလိုဖြစ်နေသည်။ လုကျွင်း နှင့် ချောင်ယန် တို့သည် အတူကြီးပြင်းခဲ့ကြပြီး မိဘများကလည်း အချင်းချင်း ရင်းနှီးကြသည်။ သို့သော် သူတို့သည် ဆက်ဆံရေးမကောင်း၍ အချင်းချင်း ပြိုင်ဆိုင်နေကြသည်။ လုကျွင်း က ချောင်ယန်ထက် အရာရာကို ပိုကောင်းအောင် လုပ်ချင်ပေမယ့် လက်တွေ့မှာတော့ အတော်လေး ဆန့်ကျင်ဘက်ပါပဲ။ ချောင်ယန်သည် သူ့ထက် အမြဲထူးချွန်သောကြောင့် ချောင်ယန်ကို သူ ဘယ်တော့မှ မကြိုက်ပါ။
“အို၊ သူတို့က တောင်ပိုင်းခရိုင်က အစားအသောက်လမ်းကို သွားကြတာပဲ။ ငါတို့လည်း အဲ့ဘက် သွားစားကြမလား” ဟု တစ်စုံတစ်ဦးက ပြောသည်။
"မေ့လိုက်တော့ ဟိုကောင်မလေးပြောတာ မကြားဘူးလား။ သူတို့က ငါတို့ တုဟောက် ပေါ်လောင်းထားလို့ ငါတို့ကိုမကြိုက်ဘူးလေ”
"အဲဒါ ငါတို့အပြစ်မဟုတ်လေ"
"မင်းပြောတာမှန်ပေမယ့် မရှက်ဘူးလား? ငါတော့ရှက်တယ် သူတို့နောက်မလိုက်ဘူး။ ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာ မသိပေမယ့် ရွေးချယ်မှု မှားခဲ့တာပဲလေ”
“…”
ရလဒ်အနေဖြင့် မည်သူမျှ ကုနင်းတို့နောက် မလိုက်သွားကြပေ။
***
အခန်း ၁၇၆၃ ညအဆာပြေတူတူစားခြင်း
ကျန်းကျီခိုင်မှလွဲ၍ သူတို့အားလုံးသည် ပြိုင်ကားတစ်စီးစီကို မောင်းနှင်ခဲ့ကြသော်လည်း ကုနင်းသည် ရှေ့တွင် မောင်းနှင်နေပြီး သူမ၏ကားအရှိန်သည် အကန့်အသတ်ဘောင်အတွင်း၌သာ မောင်းနှင်နေသည်။
ထို့ကြောင့် ချောင်ယန်နှင့် သူ၏သူငယ်ချင်းများသည် အလွန်လျင်မြန်စွာ မောင်းနှင်လိုကြသော်လည်း ကုနင်းကို မည်သူမျှ မကျော်လွန်ခဲ့ပေ။ လက်ရှိအရှိန်က သူတို့မျက်စိထဲမှာ အရမ်းနိမ့်နေပြီး သူတို့လည်း အစားအသောက်လမ်းရဲ့လိပ်စာကို သိပေမယ့် ကုနင်းရဲ့နောက်ကသာ လိုက်ကြသည်။ ကုနင်းသည် သူတို့အပေါ် ဆိုးရွားသော အထင်အမြင်ကို မရှိစေချင်ပေ။ ကုနင်းသည် အကွာအဝေးအတွင်း သူမ၏ကားအရှိန်ကို ကန့်သတ်ထားသောကြောင့် ယာဉ်စည်းကမ်းကို လိုက်နာရန် ဆန္ဒရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကုနင်းက သူတို့ အိုင်ဒေါဖြစ်တဲ့အတွက် သူတို့လည်း စည်းကမ်းတွေကို လိုက်နာရမည်။
သူတို့မြို့ကိုပြန်ရောက်ဖို့ မိနစ် ၄၀ လောက်ကြာပြီးနောက် အစားအသောက်လမ်းအပြင်ဘက်မှာ ကားတွေရပ်ပြီး အတူတူထွက်လာကြသည်။
ကုနင်းကိုတွေ့တော့ ချောင်ယန်နဲ့ သူ့သူငယ်ချင်းတွေဟာ သူမရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေကြောင့်သာမက သူမရဲ့ ပြောင်မြောက်တဲ့ အသွင်အပြင်ကြောင့်ပါ စိတ်လှုပ်ရှားကြပါသည်။ သူမကိုတွေ့လိုက်သောအခါ နှလုံးသားများ တုန်လှုပ်သွားကြသည်။
သို့သော် သူမသည် သူတို့၏ နှလုံးသားထဲတွင် အလွန်မြင့်မားသော နေရာကို ကိုင်စွဲထားသောကြောင့် ကုနင်းကို သူတို့၏ သူငယ်ချင်းအဖြစ်သာ မှတ်ယူထားကြသည်။ သူမသည် သူတို့၏ အိုင်ဒေါ ဖြစ်ပြီး နတ်ဘုရားမဖြစ်သည်။ သူမရှေ့မှာ ညစ်ပတ်တဲ့စိတ်တွေ မထားသင့်ပေ။ ထို့အပြင် သူတို့သည် သူမ၏ သူငယ်ချင်းဖြစ်ရတာကိုပဲ ကျေနပ်နေပြီဖြစ်သည်။
သူတို့သည်လည်း ချမ်းသာသောမိသားစုမှ ဆင်းသက်လာကြပြီး ရုပ်ရည်ချောမောကြသော်လည်း ကုနင်းသည် သူတို့နှင့် အလွန်ဝေးကွာလှသည်ဟု ထင်မြင်မိသည်။
"မင်းတို့ ဘာလိုချင်လဲ" ကုနင်းက ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေကို မေးသည်။ “ကျွန်တော်တို့ မရွေးတတ်ဘူး ကုနတ်ဘုရားမပဲ ဆုံးဖြတ်ချက်ချလိုက်ပါ" ဟု ချောင်ယန် က ဆိုသည်။
သူဘာစားလဲဆိုတာ ဂရုမစိုက်ပဲ ဘယ်သူနဲ့စားလဲဆိုတာကိုပဲ ဂရုစိုက်သည်။
သူက ထိုသို့ပြော၍ ကုနင်းက သူတို့ကို ထပ်မေးမနေတော့ပဲ သူမသည်လည်း မရွေးချယ်တတ်သောကြောင့် ဆုံးဖြတ်ချက်ချရန် ချူးဖေ့ဟန် ကိုပြောလိုက်သည်။
"ပင်လယ်စာသွားစားရအောင်" ချူးဖေ့ဟန် က အဆိုပြုသည်။ ညစာတွေထဲမှာ ပင်လယ်စာကသာ ဈေးကြီးပြီး ကုနင်းက ပင်လယ်စာစားရတာ ကြိုက်တယ်ဆိုတာ သူမသိသည်။ သူတို့လည်း ကြိုက်သည်။
“ဟုတ်ပြီ ဒါဆို အရသာရှိတဲ့ ပင်လယ်စာ စားသောက်ဆိုင်ကို ကျွန်တော် သိတယ်။ မင်းတို့မှာ တခြားစိတ်ကြိုက်ဆိုင် မရှိဘူးဆိုရင် ကျွန်တော်ခေါ်သွားလို့ရပါတယ်” ဟု ချောင်ယန် က ဆိုသည်။ သူသည် စိတ်လှုပ်ရှားနေပုံရပြီး သူလည်း ပင်လယ်စာကြိုက်သူဖြစ်ကြောင်း ထင်ရှားသည်။
"ငါတို့ဒီကိုမကျွမ်းဘူး မင်းလမ်းပြလိုက်ပါ" ဟု ကုနင်းကပြောသည်။ ထို့နောက် သူတို့သည် ချောင်ယန် နှင့် စကားစမြည်ပြောရင်း ရှေ့သို့ လျှောက်သွားကြသည်။
"အို ကုနတ်ဘုရားမ မင်ကျဲ့ဆိုတဲ့လူက မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်လိုက်တာလဲ" ချောင်ယန် က စူးစမ်းလိုစိတ်ဖြင့် မေးသည်။
“သူက ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရည်းစားပါ။ ကောင်မလေးကို လှည့်စားပြီး တစ်ညမှာ လမ်းမှာ မိန်းကလေးနဲ့ စကားများတယ်။ အဲ့တာကို ငါမတော်တဆတွေ့လိုက်ပြီး ရိုက်လိုက်တယ်လေ။ ပြီးတော့ သူက ငါ့ကို ကားပြိုင်ဖို့ စိန်ခေါ်ပြီး လက်စားချေဖို့ ကြိုးစားတာပဲ” ဟု ကုနင်းက ပြောသည်။ လျှို့ဝှက်ထားဖို့ စိတ်မ၀င်စားပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပေ။
"ဘယ်လို? ကြောက်စရာကောင်းတဲ့ အမှိုက်သရိုက်ပဲ။ ရိုက်ရုံနဲ့တင်တောင် လုံလောက်တယ်လို့ မထင်ဘူး။ ဒါတောင် သူက ကလဲ့စားပြန်ချေဖို့ ဘယ်လိုတောင်သတ္တိရှိတာလဲ"
ချောင်ယန် သည် သူ့မျက်နှာတွင် အထင်အမြင်သေးနေပုံပေါ်သည်။ ဒီလိုလူတွေကို သူတကယ်မုန်းသည်။ ချမ်းသာသော အမွေဆက်ခံသူတိုင်းသည် မိုက်မဲသော ပလေးဘွိုင်းမဟုတ်ပေ။
ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေက အပျော်အပါးကို နှစ်သက်ကြပေမယ့် ကားနဲ့ အရက်သောက်တာကိုသာ စိတ်ဝင်စားကြပြီး အရင်က မိန်းကလေးတွေကို သစ္စာမဖောက်ဖူးကြပေ။
သိပ်မကြာခင်မှာပဲ ချောင်ယန် ပြောတဲ့ ပင်လယ်စာစားသောက်ဆိုင်ကို ရောက်လာသည်။ စားသောက်ဆိုင်ကြီးတစ်ခုဖြစ်ပြီး အတော်လေးနာမည်ကြီးသည်။ အထဲမှာ လူတွေ ပြည့်လုနီးပါးပင်။ စားပွဲ 30 ခန့်ရှိပြီး 4 လုံးသာလွတ်သည်။
ည ၁၀ နာရီတောင်မထိုးသေးတာကြောင့် ညစာစားဖို့ အချိန်မစောတော့ပေ။ နောက်မှလာမယ်ဆိုရင် လစ်လပ်တဲ့ ထိုင်ခုံတွေ လုံးဝမရှိတော့လောက်ပါ။
"အို သခင်လေးချောင် ဝင်ခဲ့ပါ!" ကုနင်းနှင့် အခြားသူများ လမ်းလျှောက်၀င်လာသောအခါ စားသောက်ဆိုင်ပိုင်ရှင်သည် ချောင်ယန်အား အားတက်သရော နှုတ်ဆက်သည်။ ပိုင်ရှင်သည် ချောင်ယန်နှင့် အလွန်ရင်းနှီးသောပုံပေါက်သောကြောင့် ချောင်ယန် သည် ပုံမှန်ဖောက်သည်ဖြစ်ရမည်။
ချောင်ယန်သည် အမှန်တကယ်ပင် ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး သူသည် ပင်လယ်စာစားခြင်းကို နှစ်သက်ပြီး ဤနေရာတွင် အရသာရှိသော ပင်လယ်စာများကို ရနိုင်သောကြောင့်ဖြစ်သည်။
"သီးသန့်အခန်းရော ကျန်သေးလား" ချောင်ယန် က မေးသည်။
"ကျန်ပါတယ် တစ်ခန်းပဲကျန်တော့တယ်" ပိုင်ရှင်က ချောင်ယန် နှင့် သူ့သူငယ်ချင်းများကို အထဲသို့ လမ်းညွှန်ပြသည်။
သူတို့ထိုင်ပြီးတာနဲ့ ကုနင်းက သူတို့ကြိုက်တာကို မှာခိုင်းသည်။
သူတို့က တုံ့ဆိုင်းမနေဘဲ ကြိုက်နှစ်သက်ရာတွေကို မှာလိုက်ကြသည်။
ချောင်ယန် နှင့် သူ၏သူငယ်ချင်းများသည် ချူးဖေ့ဟန် ထံသို့ ယွမ်နှစ်သောင်းကို ထားထားသည်။ သူတို့ ဘယ်လောက်ပဲစားပါစေ ယွမ်ထောင်ဂဏန်းထက် ပိုမကုန်ကျနိုင်တာကြောင့် ပိုက်ဆံအတွက် လုံးဝမစိုးရိမ်ကြပေ။ ထို့အပြင် သူတို့သည် မပြတ်မသားလုပ်ခြင်းကိုလည်း မကြိုက်ကြပေ။
"ဒီည အော်ဒါအများကြီးရှိလို့ အချိန်ပိုစောင့်ရလောက်မယ်" ဟု ပိုင်ရှင်က ပြောသည်။ အဲဒါက အရမ်းပုံမှန်မို့လို့ သူတို့က လုံးဝ အဆင်ပြေသည်။
စောင့်ဆိုင်းနေစဉ်တွင် စကားစမြည်ပြောကြပြန်သည်။ သူတို့ရဲ့ ပေါ့ပေါ့ပါးပါး စကားပြောဝိုင်းကနေ ကုနင်းဟာ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေက တက္ကသိုလ်တစ်ခုမှာ ဂျူနီယာကျောင်းသားတွေဖြစ်ပြီး ဘွဲ့ရတော့မယ်ဆိုတာ သိလိုက်ရသည်။ စတုတ္ထနှစ်တွင် သူတို့သည် အလုပ်သင်ဆင်းရတော့မည်။
သူတို့ရဲ့ မိသားစု နောက်ခံအကြောင်းကိုတော့ အသေးစိတ် မပြောကြပေ။ ကုနင်းသည် သူတို့လေးဦးက စီးပွားရေးလုပ်သောမိသားစုမှဖြစ်ကြောင်းသာ သိပြီး အနာဂတ်တွင် ၎င်းတို့၏မိသားစုလုပ်ငန်းကို အမွေဆက်ခံရတော့မည်ဖြစ်သည်။
အဲဒါကိုပြောရင်း သူတို့အားလုံးက လွတ်လပ်မှုကို နှစ်သက်ကြပြီး ကန့်သတ်ချုပ်ချယ်မှုကို မလိုလားသောကြောင့် ဒေါသထွက်သည့် ပုံပေါက်နေသည်။
အဲ့တာကို သိလိုက်ရတော့ ကုနင်းက သူတို့ကို သင်ပေးဖို့ ရည်ရွယ်ချက်မရှိပေမယ့် သူမက သူတို့ကို အကြံဉာဏ်ပေးနေမိသည်။ “မင်းတို့က အရမ်းငယ်သေးတော့ အေးအေးဆေးဆေး နေချင်ကြတယ်။ ဒါပေမယ့် အဲ့တာက ပိုက်ဆံတော့ အရမ်းကုန်တယ်လေ။ အခု မင်းမိဘတွေရဲ့ပိုက်ဆံကို သုံးနေရတာဆိုတော့ စိတ်ဖိစီးမှုလုံးဝခံစားရမှာ မဟုတ်ဘူး။ မင်းမိဘတွေအသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ ပံ့ပိုးကူညီမှုမပါဘဲ မင်းတို့ ဘ၀ကို လွတ်လွတ်လပ်လပ် နေနိုင်အုံးမယ် ထင်လား။ အခုခေတ်မှာ စီးပွားရေး ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လာပြီ မရေမတွက်နိုင်တဲ့ ကုမ္ပဏီတွေ တည်ထောင်လာကြပြီးတော့ ကုမ္ပဏီကြီးတွေက နေ့စဉ်နှင့်အမျှ ချွတ်ခြုံကျလာကြပြီ။ သူတို့က ငွေမရှာနိုင်တာကြောင့်မဟုတ်ဘဲ အစားထိုးခံလိုက်ရလို့ ဒေဝါလီခံသွားရတာ။ အဲဒါကို ရှင်းရှင်းလင်းလင်း သိရမယ်”
အဲဒါကိုကြားတော့ ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေက ငြိမ်သက်သွားသည်။ သူမပြောခဲ့တာတွေက သူတို့အတွက် မထူးဆန်းပါ။ အကြောင်းအရင်းကတော့ သူတို့ရဲ့မိဘတွေက သူတို့ကို အမြဲဒီလိုပဲပြောနေပေမယ့် အဲဒါကို အလေးအနက်မထားခဲ့ကြလို့ပင်။ သို့သော်လည်း ကုနင်းက သူတို့အား ထိုသို့ပြောသောအခါ ၎င်းတို့သည် ကျိုးကြောင်းဆီလျော်သည်ဟု တစ်နည်းနည်းဖြင့် ခံစားလိုက်ရသည်။
ကုနင်းက ဆက်ပြောသည်။ “ငါ့ကို စံနမူနာယူပါ။ ငါက အသက် ၁၉ နှစ်ပဲရှိသေးတယ်။ ကျောင်းသားဘဝနဲ့ ပျော်နေသင့်တယ်။ ဒါပေမယ့် ငါမလုပ်ဘူး။ အခုဘာမှမလုပ်ရင် ထာဝရဆင်းရဲနေတော့မှာလေ။ လှတဲ့ အဝတ်အစားလေးတွေ ၀တ်နိုင်မှာ မဟုတ်သလို တက္ကသိုလ်ကောင်းကောင်းမှာလည်း တက်နိုင်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် ငါ့မိသားစုက ခွဲစိတ်ကုသဖို့ မတတ်နိုင်ဘူး။ အဒေါ်ကလွဲရင် ဘယ်သူမှ ငါတို့ကို ပိုက်ဆံမချေးချင်ဘူး။ အဒေါ်က မချမ်းသာပေမယ့် သူစုဆောင်းထားသမျှကို အမေနဲ့ ငါ့ကို ပေးခဲ့တယ်။ သူမမှာ ယွမ်ထောင်ဂဏန်းလောက်ပဲ ရှိတယ်လေ။ ကံကောင်းစွာနဲ့ ငါအသက်ရှင်လာပြီး အဲဒီအချိန်ကစပြီး ကြိုးကြိုးစားစားနဲ့ ပိုက်ဆံရှာဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အမေ့ကို ပင်ပန်းတဲ့အလုပ် ထပ်မလုပ်စေချင်ဘူး။ ငါလည်းကျောင်းကနေ မထွက်ချင်ဘူး။ ဖျားနာတဲ့အခါ ဆရာဝန်နဲ့ ပြတွဖို့ ပိုက်ဆံမရှိတာမျိုး မဖြစ်စေချင်ဘူး"
ချောင်ယန်နှင့် သူ့သူငယ်ချင်းများ အံ့သြသွားကြသည်။
ကုနင်းသည် ဤမျှ သနားစရာကောင်းသော ဘဝနေထိုင်ခဲ့ဖူးသည်ကို သူတို့ မယုံနိုင်ကြပေ။ ယခု သူမသည် လုံးဝခြားနားသော ဘဝတစ်ခုကို ဖြတ်သန်းေနရပြီဖြစ်သည်။
သူတို့မှာ ပိုက်ဆံမရှိလျှင် ကမ္ဘာပတ်ပြီး ပျော်နိုင်မှာ မဟုတ်သလို နေမကောင်းရင်တောင် ဆရာဝန် ပြနိုင်မည်မဟုတ်ပေ။
***
အခန်း ၁၇၆၄ လုံခြုံမှု လုံး၀မရှိတော့ပေ
ကုနင်းသည် ငယ်ရွယ်သော်လည်း သူမသည် ဘဝ၏ အမှန်တရားကို သိရှိနေပြီဖြစ်သည်။ သူတို့သည် တက္ကသိုလ်မှ ဘွဲ့ရတော့မည်ဖြစ်သော်လည်း ထိုအကြောင်းကို ဘာမှမသိ။ ရှက်စရာကောင်းလှသည်။
“ကျွန်မဒီနေ့ စကားနည်းနည်းများသွားတယ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ကျွန်မပြောခဲ့တာကို မင်းတို့သဘောမတူရင် အလေးအနက်မထားနဲ့” ဟု ကုနင်းက ပြောသည်။ သူမသည် သူတို့ကို တရားချသည်ဟု ထင်မြင်သွားမည် ဆိုးသည်။ တကယ်တော့ သူမဟာ ဘဝအကြောင်းတွေ အများကြီးပြောခဲ့ပေမယ့် သူမစကားကို နားထောင်ဖို့ အတင်းအကြပ်မလုပ်ပါဘူး။ မတူညီတဲ့ လူတွေမှာ မတူညီတဲ့ အယူအဆတွေ ရှိနိုင်သည်။
"ကုနတ်ဘုရားမ မင်းပြောတာမှန်တယ်လို့ ငါထင်တယ်၊ မင်းအခုပြောခဲ့တာက အမှန်တရားလည်းဖြစ်တယ်။ ငါတို့က နုံအလွန်းပြီး အခုဘဝကိုသာ ပျော်မွေ့နေကြတာ ငါတို့ရဲ့အနာဂတ်ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး မင်းဆီက ငါအများကြီး သင်ယူလိုက်ရပါတယ်” ဟု ချောင်ယန်က ဆိုသည်။ ကုနင်းပြောတာ မှားတယ်လို့ သူမထင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် သူမစကားများက လုံးဝမှန်သည်ဟု ထင်ပြီး ယခုတွင် သူလည်း အမြင်မှန်ရလာသည်။
“ဟုတ်တယ် ငါတို့က ဘယ်တုန်းကမှ အခက်အခဲတွေ မကြုံဖူးတော့ ဘဝက ဘယ်လောက် ခက်ခဲတယ်ဆိုတာ မသိဘူး။ ငါတို့က အခုလက်ရှိ ရှိနေတဲ့ အရာတွေကိုပဲ တွေးနေမိတာ” ဟု ချောင်ယန် ၏ သူငယ်ချင်းက ပြောသည်။
“ငါ့အဖေမှာ ဘီလျံနာ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ ဒါပေမယ့် သူက တစ်ရက်တော့ ကားမတော်တဆမှုနဲ့ ဆုံးသွားရော။ သူ့သားက တစ်နေကုန် ဂိမ်းဆော့ပြီး စီးပွားရေးလုပ်ရတာ ဘာမှမသိဘူး။ ရလဒ်အနေနဲ့ သူ့ကုမ္ပဏီ ဒေဝါလီခံသွားရတယ်လေ သူ့သားက ဒီနှစ် 30 လောက်ရှိပြီဆိုပေမယ့် အလုပ်လက်မဲ့ဖြစ်နေတုန်းပဲ။ ကံကောင်းစွာနဲ့ သူက ဂိမ်းကစားပြီး ငွေအနည်းငယ်ရှာနိုင်တယ် မဟုတ်ရင် သူအသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး” ဟု ချောင်ယန် ၏သူငယ်ချင်းတစ်ဦးမှပြောသည်။
အမှန်တော့ ချောင်ယန် ၏သူငယ်ချင်းများသည် ပျော်ပါးခြင်းကို နှစ်သက်ကြသော်လည်း သူတို့သည် ၎င်းတို့၏ မိသားစုစီးပွားရေးများကို ချုပ်ကိုင်ရန် သင်ယူစပြုနေပြီဖြစ်သည်။ အလုပ်သင်ဝင်ရာတွင် သူတို့ရဲ့ မိသားစု ကုမ္ပဏီတွေမှာသာ လုပ်ကိုင်ကြမှာ ဖြစ်သည်။
သူက သူ့သူငယ်ချင်းတွေကို တနေကုန် လှည့်ပတ်မနေဖို့နဲ့ စီးပွားရေးကို ပိုဂရုစိုက်ဖို့ ပြောရန်လည်း ကြိုးစားခဲ့ပေမယ့် သူ့စကားကို နားမထောင်ကြပေ။ နောက်တော့ သူတို့စိတ်ဆိုးပြီး သူငယ်ချင်းမဖြစ်နိုင်တော့မှာဆိုး၍ ရပ်လိုက်ရသည်။
ကုနင်းပြောတာကိုကြားပြီးနောက် သူတို့ခံစားချက်တွေ ရောထွေးသွားသည်။
ထိုအချိန်တွင် ပန်းကန်များ စားပွဲပေါ်ရောက်လာသောကြောင့် ရှက်စရာကောင်းသော အငွေ့အသက်များ ပျောက်သွားလေသည်။ ခေါင်းစဉ်ကိုလည်း ပြောင်းလဲခဲ့ပြီး အခန်းထဲရှိ လေထုတက်ကြွလာသည်။
"သောက်ချင်လား" ချောင်ယန် က မေးသည်။
“ကားမောင်းရမယ့်သူတွေ သောက်လို့မရဘူး မမောင်းရတဲ့သူတွေက ကိုယ့်ကိုကိုယ် စိတ်ကြိုက်ပျော်ကြလေ” ဟု ကုနင်းကပြောသည်။
"ကောင်းပြီ ဒါဆို ငါတို့လည်း မသောက်တော့ဘူး" ချောင်ယန် ကပြောသည်။ နောက်ကျရင် သူကားမောင်းရမှာဖြစ်၍ မသောက်တော့ပေ။ သူ့သူငယ်ချင်းတွေက သူ့ကို အိမ်ပြန်မောင်းပို့ပေးလို့ရပေမဲ့ ကုနင်းသာ မသောက်ရင် ပျင်းဖို့ကောင်းတယ်လို ထင်၍ အားလုံးကလည်း မသောက်ဖို့ ရွေးလိုက်ကြသည်။
ညစာ အဆာပြေစားပြီးနောက် အရမ်းနောက်ကျနေပြီဖြစ်၍ ကိုယ့်အိမ်ကိုယ်ပြန်ကြမည်။ သူတို့မခွဲခွာခင်မှာ ချောင်ယန်က ကုနင်းကိုကြည့်နေသည်။ သူ့ကြည့်ရတာ တစ်ခုခု ပြောချင်နေပုံရပေမယ့် ပါးစပ်ကို ပိတ်ထားသည်။ ကုနင်းက သူဘာပြောမယ်ဆိုတာကို သိပေမယ့် ဘာမှမပြောတာကြောင့် သူမလည်း ဘာမှပြန်မပြောခဲ့ပေ။
ကားပါကင်ရောက်တဲ့အခါမှ ချောင်ယန် က ပြောတော့သည်။ "အမ် ကုနတ်ဘုရားမ ငါတို့ဖုန်းနံပါတ်တွေ လဲလို့ရမလား? ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့။ ငါမင်းကိုတကယ်လေးစားပြီး မင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ" ချောင်ယန် သည် အထင်လွဲမခံလိုသောကြောင့် ရှင်းပြသည်။
“ရပါတယ်” လို့ ကုနင်းက ပြောသည်။ သူတောင်း၍ ကုနင်းကလည်း မငြင်းဘဲ သူ့ဖုန်းနံပါတ်ကို ပေးလိုက်သည်။ ချောင်ယန် သည် ကုနင်း၏ဖုန်းနံပါတ်ရသောအခါ အလွန်စိတ်လှုပ်ရှားနေသည်။
သူတို့ထွက်ခါနီးမှာ ကုနင်းက ကျန်းကျီခိုင်တစ်ယောက်တည်း အိမ်ပြန်ရမှာ ကြောက်လားဟု မေးသည်။ သူကြောက်ရင် အိမ်ပြန်ပို့ပေးနိုင်သည်။ အစောကြီးမဟုတ်ပေမယ့် လမ်းမှာ ကားအသွားအလာများနေသေးတဲ့အတွက် ကျန်းကျီခိုင် က မကြောက်ဘူးဟု ငြင်းဆန်ခဲ့သည်။
ကုနင်းသည် မုခယ် တည်းသည့်ဟိုတယ်သို့ ဦးစွာ မောင်းနှင်ပြီးနောက် ချူးဖေ့ဟန် နှင့် ယွီမီရှီကို ရာစုနှစ်မြို့တော် သို့ ခေါ်ဆောင်သွားသည်။
လင်ရှောင်းထင်သည် စစ်အခြေစိုက်စခန်းသို့သွားသောကြောင့် သူ့ဖုန်းပိတ်ထားပြီး ကုနင်းကိုဖုန်းမဆက်ပါ။
နေ့ခင်းတုန်းကတွင် ကုနင်းက ကျင်းယွင်ယောင်ကို ဖုန်းဆက်ခဲ့သည်။ ဘာမှ အထူးအထွေ မရှိပဲ သူမနဲ့ ရိုးရိုးရှင်းရှင်း စကားပြောဖြစ်ခဲ့သည်။ ကုနင်းက သူမကို တစ်စုံတစ်ရာ လိုအပ်ပါက ဖုန်းဆက်ဖို့ ပြောလိုက်သည်။
ကျင်းယွင်ယောင်သည် ကလေးမဟုတ်သောကြောင့် ကုနင်းသည် တောင်မြစ်ကမ်းပါး ဥယျာဉ်တွင် သူမတစ်ယောက်တည်းနေရသည်ကို စိတ်မပူပါ။ ထို့အပြင် ကျင်းယွင်ယောင်သည် ထိုနေရာတွင် ရက်အတန်ကြာနေခဲ့ပြီး ယခုအခါ သူမသည်လည်း ထိုနေရာနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူမသည် ယခုအချိန်တွင် တစ်ယောက်တည်း နေရတာ သက်တောင့်သက်သာဖြစ်သည်။
…
ထန်ချင်းယန်သည် စာချုပ်ချုပ်ပြီးနောက်ချက်ချင်း လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေ။ အဲဒီအစား မနက်ဖြန်မှ ဒါကိုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ အရေးတကြီးကိစ္စ တစ်စုံတစ်ရာ မရှိပါက လိုအပ်သော အဖွဲ့ဝင်များ အားလုံး တက်ရောက်နိုင်ရန် ဒါရိုက်တာများ အစည်းအဝေး ပြုလုပ်ရန်အတွက် တစ်ရက်ကြိုတင်၍ ထုတ်ပြန်ရမည်ဖြစ်သည်။
အဓိကရှယ်ယာရှင်တိုင်းက ကုမ္ပဏီကို နေ့တိုင်းလာတာမဟုတ်ပေ။ ပုံမှန်အားဖြင့် ဒါရိုက်တာများမှလွဲ၍ အစုရှယ်ယာရှင်များသည် တစ်ခါတစ်ရံ သို့မဟုတ် လိုအပ်သည့်အခါမှသာ လာကြသည်။
ထန်ပင်းစန်သည် ထိုညတွင် မူးမေ့လဲသွားသောအခါ ရှေးဦးသူနာပြုနည်းကို ပေးခဲ့ရသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ သူ မနိုးသေးပေ။ သူနိုးလာပြီးနောက်တွင် နှေးကွေးနေပုံရပြီး တစ်ချိန်လုံး တိတ်ဆိတ်နေသည်။ တခြားလူတွေက ဘာဖြစ်တာလဲလို့မေးတော့ သူက ဘာမှပြန်မပြောဘဲ အပြင်ဘက်ကိုသာ ငေးကြည့်နေသည်။
ဒီမနက် ၉ နာရီမှာ ထန်ပင်းစန် မူးလဲသွားတယ်ဆိုတဲ့သတင်းကို ကျီယီကျင်း ကသိလိုက်ပြီးနောက် သူမသွားတွေ့ခဲ့သည်။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို သူမကြားလိုက်ပေမယ့် ထန်ပင်းစန် က သူ့အပေါ် "ထန်အိုက်နင်း" လုပ်ခဲ့သမျှကို ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ “ထန်အိုက်နင်း” ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ တစ်ခုခုတော့ ဖြစ်ခဲ့လိမ့်မည် သို့မဟုတ်လျှင် ထန်ပင်းစန်သည် ယခုကဲ့သို့ ဖြစ်မည်မဟုတ်ပေ။
"ထန်အိုက်နင်း"၏ တည်ရှိမှုသည် ကျီယီကျင်း ကို မယုံနိုင်လောက်အောင် ထိတ်လန့်စေခဲ့ပြီး ထန်မိသားစုကို ရှုပ်ထွေးစေခဲ့သည်။ "ထန်အိုက်နင်း" သည် အနာဂတ်တွင် ဘာလုပ်မည်ကို သူမမသိပါ။ ထန်ပင်းစန် သည် ယခုအခါ ပိုအထိနာလာပြီး သူမတွင်လည်း လုံခြုံမှု လုံးဝမရှိတော့ပေ။ အမှန်အတိုင်းပြောရလျှင် သူမ ဘာဆက်လုပ်ရမှန်း မသိတော့။
ကျီယီကျင်း သည် ထန်ပင်းစန် နှင့်အတူ နေ့လည်အထိ နေခဲ့ပြီး ထန်ယရှင်းဆီသို့ ပြန်သွားသည်။ ထန်ပင်းစန် နှင့် ထန်ယရှင်း တို့သည် တူညီတဲ့ ဆေးရုံထဲမှာ မတက်ကြပါဘူး။
ထန်ပင်းစန်သည် မတော်တဆမှုဖြစ်ပွားချိန်၌ အိမ်တွင်ရှိသောကြောင့် အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထန်ပင်းစန် နှင့် ထန်ယရှင်း နှစ်ဦးစလုံးသည် VIP အဆောင်တစ်ခုတွင် နေခဲ့ကြသောကြောင့် ၎င်းတို့အတွက် သီးသန့် ပြုစုစောင့်ရှောက်ပေးမည့်သူ ရှိသည်။ ကျီယီကျင်းက သူတို့ကို ပြုစုစောင့်ရှောက်ဖို့ မလိုအပ်ဘဲ သူမဟာ သူတို့ကို အလှည့်ကျ သွားတွေ့ဖို့ပဲ လိုအပ်သည်။
ထို့ကြောင့် ထန်ပင်းစန်သည် ထန်ယရှင်းရှိသော ဆေးရုံသို့ မပြောင်းရွှေ့ခဲ့ပေ။ ထို့အပြင် ထန်ပင်းစန်၏အခြေအနေသည် မစိုးရိမ်ရဟု သူတို့ထင်ခဲ့ကြသော်လည်း ကံမကောင်းစွာပဲ သူသည် ပိုဆိုးပြီးရင်း ပိုဆိုးလာသည်။ အခု သူ့ကို ရွှေ့ဖို့ အဆင်မပြေပေ။
ထန်ယရှင်း၏ ဦးနှောက်သည် ပျက်စီးနေပြီး သူမသည် သတိမေ့မြောနေသဖြင့် စိတ်လွတ်ကိုယ်လွတ် မလှုပ်ရှားနိုင်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့နှစ်ဦးစလုံးကို မပြောင်းရွှေ့နိုင်ဘဲ မတူညီသော ဆေးရုံများတွင်သာ တက်ရောက်ခဲ့ကြရသည်။
…
နောက်တစ်နေ့မနက်တွင် ကုနင်းသည် အစောကြီးထပြေးသော်လည်း ပိုင်လီကျုံးယန်နှင့် သူ့ညီမလေးကို မတွေ့ရပေ။
မနက်မိုးလင်းပြေးပြီးတာနဲ့ ယွီမီရှီက မနက်စာပြင်ဆင်ထားသည်။
မနက်စာစားပြီးနောက် ကုနင်းသည် ကုမ္ပဏီသို့ အလုပ်သွားခဲ့ပြီး ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် ခါတိုင်းကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသည်။ စာရင်းသွင်းဖို့ နှစ်ရက်သာ လိုတော့တာမို့ အချိန်ကို အပြည့်အဝ အသုံးချဖို့ ဆုံးဖြတ်ထားကြသည်။
စာရင်းသွင်းတာနဲ့ ပတ်သက်ပြီးတော့ သဘောတူညီမှု လုပ်ထားသည်။ ပထမနေ့၏ နံနက်ပိုင်းတွင် သူတို့သည် မုခယ်နှင့် ယွီမီရှီ တက္ကသိုလ်သို့ သွားရောက်ကြမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် ချူးဖေ့ဟန်၏ ရုပ်ရှင်အကယ်ဒမီသို့ သွားရောက်ကြမည်။ ဒုတိယနေ့ နံနက်တွင် သူတို့သည် ကုနင်း၏တက္ကသိုလ်သို့ သွားကြမည်ဖြစ်ပါသည်။