အခန်း (၆၃)
Vol. 6 Ch. 63
နိုင်ငံရေးအရာရှိလျိုသည် သူ့ဇနီးလေးက သူ့နောက်ကွယ်မှာ တိတ်တဆိတ် စာဖတ်ဖို့ လေ့လာနေတာကို တွေ့ရှိခဲ့ရသလို သူမရေရွတ်နေသံကိုလည်း ကြားမိသေးသည်။
"တောင်ပေါ်မှာ ကျားတစ်ကောင်၊ တောထဲမှာ သမင်တစ်ကောင်၊ လမ်းဘေးမှာ ဝက်တစ်ကောင်..."
စာဖတ်နေစဉ်တွင်လည်း သူမ လက်ဖဝါးပေါ်မှာ စုတ်ချက်ရေးနေပါသေးသည်။
နိုင်ငံရေးအရာရှိလျိုက သူ့ဇနီးကို ကိုယ်တိုင်ကိုယ်ကျ စာရေးတတ်၊ ဖတ်တတ်အောင် မသင်ပေးခဲ့တာ မဟုတ်ပေမယ့်လို့ သူမက သုံးရက်လောက် ငါးမျှားပြီးတော့ နှစ်ရက်လောက်က ပိုက်ကွန်ကို အခြောက်ခံနေခဲ့တာလေ။
အခုတော့ သူမကိုယ်တိုင် တကယ်ကြီး သီးသန့်စာလေ့လာနေတာလားဟ?
နေက အနောက်ဘက်ကနေ ထွက်လာတာလား?
"ရှောင်ဟွားရေ မင်း စာဖတ်သင်ချင်လို့လား? ကိုယ် သင်ပေးမယ်လေ"
သူ့သားလေးလိုပဲ လီချင့်ဟွား ထိုလူကို ငြင်းဆန်လိုက်လေ၏။
"ရှင်သင်ပေးတာမလိုချင်ပါဘူး၊ ရှင်က စာသင်တော်တာလည်း မဟုတ်ဘဲနဲ့"
အရာရှိလျိုရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရကာ "မင်း ဘာပြောလိုက်တယ်?"
- သူမက သူ့ကို အထင်သေးဝံ့တယ်ပေါ့လေ?!
လီချင့်ဟွားက သူ့ကို အတော်လေးမကြိုက်သည်ဖြစ်၍ လျိုခိုင်အား ထပ်မသင်ခိုင်းစေချင်ပါချေ။ သူမ မိသားစုခြံဝင်းထဲ ပြောင်းရွှေ့လာခါစက ရှက်ဖွယ်အဖြစ်အပျက်များစွာ ရှိခဲ့ပေမယ့် သူမက စာမတတ်ပေမတတ်အမျိုးသမီးမဖြစ်ချင်သဖြင့် ကြိုးကြိုးစားစားလေ့လာခဲ့၏။
သို့ပေသိ သူမရဲ့ မှတ်ဥာဏ်က သိပ်မကောင်း၍ သူမခင်ပွန်း သင်ပေးချိန်မှာ တုံးအတဲ့နွားတစ်ကောင်ကို သင်ပေးရသလိုဖြစ်နေခဲ့သဖြင့် ခဏအကြာမှာပဲ သူပြောလာသည်မှာ -
"မင်း ဘာလို့မေ့သွားရတာလဲ?"
"နောက်ဆုံးတစ်ခေါက်ကပဲ မင်းကို ငါသင်ပေးထားတာလေ မမှတ်မိဘူးလား?"
"မင်းလောက်တုံးတဲ့သူ ငါတစ်ခါမှ မတွေ့ဖူးဘူးကွာ"
"ငါ မနေ့က သင်ပေးထားတာတွေက အလကားဖြစ်သွားပုံပဲ"
အချိန်ကြာလာသည်နှင့်အမျှ လီချင့်ဟွားလည်း သူမဟာ စာလေ့လာခြင်းနှင့် တကယ်ကြီး မသင့်လျော်ဘူးလို့ ခံစားလာရသဖြင့် သူမရဲ့ ဘဝတစ်လျှောက်လုံးမှာလည်း စာမတတ်ခဲ့သည်ကြောင့် ရိုးရှင်းစွာပင် စွန့်လွှတ်ခဲ့လေ၏။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှောင်ချင်းနဲ့ အတူရှိနေစဥ် ရှောင်ချင်းက သတင်းကြေညာသူဖြစ်ဖို့အတွက် နေ့တိုင်း လျှာခလုတ်တိုက်တဲ့ စကားလုံးတွေကို အသံထွက်ရွတ်ဖတ် လေ့ကျင့်နေသလို ကလေးတွေကိုလည်း ပုံပြင်တွေပြောပြခဲ့ပြီး စကားပြေကို အသံကျယ်ကျယ် ရွတ်ဖတ်နေခဲ့သည်...
လီချင့်ဟွားက သူမသားကို ချင်းရို့ပြောပြနေတဲ့ ပုံပြင်တွေကို နားထောင်နေရင်း စွဲလန်းသွားရလေ၏။ ရှောင်ချင်းအသံလေးက အရမ်းကောင်းတာပဲနော်။
သူမက ကလေးသုံးယောက်ကို စာရေးတတ်၊ ဖတ်တတ်အောင်လည်း သင်ပေးနေခဲ့ရာ လီချင့်ဟွား ဘေးမှာ နားထောင်နေရင်း သူမလည်း ကျက်မှတ်နိုင်တယ်ဆိုတာကို တွေ့ရှိသွားရသည်။
ထို့ကြောင့် သူမလည်း ရှောင်ချင်းကို စာသင်ပေးဖို့ တောင်းဆိုလိုက်၏။ သူမဆီမှာ ကွာရှင်းခြင်းဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုရှိနေကတည်းက လီချင့်ဟွားလည်း စာလုံးတွေကို သင်ယူချင်နေခဲ့ပါပြီ။ သူမ ရွာမှာရှိစဥ်က ရမှတ်မှတ်သူအဖွဲ့ကို အားကျမနာလိုဖြစ်ခဲ့ဖူးသလို စာသင်ခန်းထဲမှာ စာသင်နေကြတဲ့သူတွေကိုဆို ပိုလို့တောင် မနာလိုဖြစ်ခဲ့ရပါသေးသည်။
စာတတ်မြောက်ထားရင် အလုပ်ရှာရလည်း လွယ်တယ်လေ။
ရှောင်ချင်းက သူမကို ရိုးရှင်းတဲ့ လျှာခလုတ်တိုက်တဲ့ စကားလုံးနည်းနည်းကို သင်ပေးခဲ့ကာ လီချင့်ဟွားလည်း သူမဘေးမှာတင် ရွတ်ဆိုနေခဲ့၏။ သူမ အဲ့ဒီစကားလုံးတွေအားလုံးကို မှတ်မိနိုင်တယ်ဆိုတာ တွေ့ရှိသွားခဲ့ရသည်။
ရှောင်ချင်းက သူမအား ဖျင်းယင်းနဲ့ အခြေခံစကားလုံးတွေကို မှတ်မိအောင် သင်ပေးခဲ့သလို အဘိဓာန်ကြည့်နည်းကိုလည်း သင်ပေးခဲ့ပါသေးသည်။ လီချင့်ဟွား ဘာမှနားမလည်ခဲ့သလို သူမရဲ့ မှတ်ဥာဏ်လည်း သိပ်မကောင်းသဖြင့် ချင်းရို့ကို အမြဲလိုလို မေးခွန်းအများကြီး မေးနေခဲ့ရ၏။ ဤမိန်းကလေးဟာ သူမကို မမောမပန်းစွာ သင်ကြားပေးနေခဲ့ပြီး စိတ်မရှည်တဲ့စကား တစ်ခွန်းမှမဆိုခဲ့။
လီချင့်ဟွား သူမကို မေးလိုက်လေ၏။
"နင် ငါ့ကို ငတုံးလို့ မထင်ဘူးလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဟွားဟွားကျဲ နင်က မြန်မြန်ကြီး သင်ယူနိုင်နေတာပဲကို"
ချင်းရို့က ကလေးငယ်ငယ်လေးတွေ အများကြီးကို သင်ပေးခဲ့ရသည်မို့ ဒီကလေးငယ်လေးတွေ သင်ယူလိုက်၊ မေ့သွားလိုက် ဖြစ်တတ်သည်ကို ကျင့်သားရနေခဲ့တာ ကြာပြီလေ။ သည့်ကြောင့် သူတို့လေးတွေ စာသင်ခြင်းကို စိတ်မဝင်စားတော့တာမျိုး မဖြစ်ရစေအောင်လို့ ဆရာ၊ ဆရာမတွေက စိတ်ရှည်ဂရုစိုက်ရတာပေါ့။
ထို့ကြောင့် သူမဟာ ဆရာမတစ်ယောက်အနေနဲ့ အရမ်းကြီး အလေးအနက်ထားလို့မရပါချေ။ အဲ့ဒါက သူမကိုယ်သူမ နှိပ်စက်နေတာပဲဖြစ်မှာ။ သူမက အမြဲလိုလို စိတ်နည်းနည်းပိုရှည်ရှည်ထားပြီး သူတို့လေးတွေကို ထပ်ခါထပ်ခါ သင်ပေးရမယ်ဆိုတာ သိတယ်လေနော်။
ချင်းရို့အတွက်မူ သုံးနှစ်၊ လေးနှစ်အရွယ် ကလေးတွေကို သင်ပေးရတာနဲ့ ယှဥ်ရင်တော့ လီချင့်ဟွားလို လူကြီးတစ်ယောက်ကို စာသင်ပေးရတာက အများကြီး ပိုလွယ်ကူပါသေးသည်။
အနည်းဆုံးတော့ လီချင့်ဟွားရဲ့ သဘောထားက မှန်ကန်ပြီး သူမဟာ မပျင်းမရိနဲ့ အလေးအနက် ကြိုးစားသင်ယူနေခဲ့သည်။ သူမမှာ ထိုသို့သောသဘောထားရှိနေသရွေ့တော့ မူကြိုဆရာမ ချင်းရို့က အရမ်းကို စိတ်သက်သာရာရတာပေါ့။
မူကြိုကလေးတွေအားလုံး လီချင့်ဟွားလိုသာဆိုရင်တော့ သူမလည်း မူကြိုဆရာမ ပြန်လုပ်ဖို့ ဆန္ဒရှိနေဦးမှာ။
"ဟွားဟွားကျဲရေ နင်လုပ်တာ အရမ်းကောင်းနေပါပြီနော်။ အရာရာတိုင်းကို သင်ယူဖို့ စိတ်မလောရဘူးလေ။ တစ်ဆင့်ချင်းသွားရမယ်"
ကလေးတွေကို ချော့မော့နေတဲ့ ချင်းရို့ဆီမှ အားပေးစကားနဲ့ ချီးကျူးစကားတွေကြောင့် လီချင့်ဟွားမှာ ပျော်ရွှင်သွားရ၏။
ထို့အပြင် လီချင့်ဟွားလည်း သူမဟာ အမှန်တကယ်ပင် လျန်မြန်စွာ တိုးတက်လာကြောင်းကို တွေ့ရှိခဲ့ရသလို ချင်းရို့က သူမကိုယ်တိုင် ကူးရေးထားတဲ့ "ပုံပြင်စုစည်းမှု"မိတ္တူကိုလည်း ပေးခဲ့ပါသည်။
ဤပုံပြင်၁၀ပုဒ်လုံးကို ချင်းရို့ကိုယ်တိုင် ကူးရေးထားတာဖြစ်ပြီး ရိုးရှင်းတဲ့စကားလုံးတွေ၊ စာကြောင်းတွေကို အသုံးပြုထားသလို သူမရဲ့လက်ရေးသည်လည်း အလွန်သေသပ်လှ၏။
လီချင့်ဟွား တစ်နေကုန် ကူးရေးပြီးနောက် ချင်းရို့က သူမကို သားဖြစ်သူလျိုယွဲ့အား ညစဥ်ညတိုင်း ပုံပြင်ပြောပြခိုင်းကာ သူမ မသိတဲ့စကားလုံးတွေကို တွေ့ခဲ့ပါက ၎င်းကို အဘိဓာန်မှာ ကိုယ်တိုင်ရှာဖွေနိုင်တယ်လို့ ပြောခဲ့သည်။
လီချင့်ဟွား အဘိဓာန်ကိုယူကာ ပုံပြင်ကို စမ်းတဝါးဝါး စဖတ်လိုက်၏။ စာမတတ်သူတစ်ယောက်အနေနဲ့ စကားလုံးနှစ်ရာပုံပြင်ကို တကယ်ပဲ နားလည်နေတယ်ဆိုတာကို သူမ တွေ့ရှိခဲ့ရသည်။
သူမ စာလုံးတွေကို ဖတ်နိုင်ပြီ!
ဆိုတော့ သူမက အရမ်းတုံးအလွန်းနေတာကြောင့်မဟုတ်ဘဲ လျိုခိုင်က စာသင်မတော်လို့ပဲပေါ့။
အဲ့ဒါကြောင့်ပဲ လျိုခိုင် သူမကို စာသင်ပေးတုန်းက သူမ လုံးဝမသင်ယူနိုင်ခဲ့ဘူးလေ။
"ရှင်က ရှောင်ချင်းနဲ့ လုံးဝ ယှဉ်လို့တောင်မရဘူး"
လီချင့်ဟွား လျိုခိုင်ကို အထင်သေးစွာ ကြည့်လိုက်၏။
အရင်တုန်းကတော့ နိုင်ငံရေးအရာရှိလျိုဟာ နတ်ဘုရားတစ်ပါးလို့ သူမထင်ခဲ့မိတာ။ သူမတို့ရွာငယ်လေးမှာ လျိုခိုင်လိုမျိုး ပညာတတ်တစ်ယောက်ကို ရဖို့ဆိုတာ မလွယ်ကူခဲ့သလို လီချင့်ဟွားသည်လည်း ဒီလိုခင်ပွန်းမျိုးကို လက်ထပ်လိုက်ရသည့်အတွက် အလွန်ကျေနပ်နေခဲ့ရပေသည်။
သူမဟာ သူမတို့ရွာမှာဆို အိမ်ထောင်ကျကံအကောင်းဆုံးလို့ ဆိုနိုင်လေရဲ့။
သို့ရာတွင် သူမဘဝဟာ သူမစိတ်ကူးထားသလောက် မပျော်ရွှင်ခဲ့ရပါချေ။ အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာမရှိသော်လည်း ခင်ပွန်းဖြစ်သူက နေ့တိုင်း အပြစ်ရှာနေတတ်ပြီး မိသားစုခြံဝင်းဆီကို ခေါ်လာခဲ့သည်။ လီချင့်ဟွားက အမှန်တကယ့်ကို တခြားသူတွေရဲ့ ဇနီးသည်တွေလောက် မတော်သလို၊ ဟွမ်ရင်းရင်းလောက် မတော်ပါချေ။
- သူမ ဘယ်လောက်ပဲ လိုက်မှီအောင်ကြိုးစားနေပါစေ သူတို့တွေကို လိုက်မမီနိုင်ဘူးလေ။
နေ့စဥ်နေ့တိုင်း ပျင်းရိငြီးငွေ့စွာ နေထိုင်ရသည်မှာ သက်တောင့်သက်သာရှိပုံရပေမယ့် အမှန်တကယ်တော့ အရင်က ရွာမှာရှိတဲ့ ဒုတိယတန်းစားလူတွေလိုပဲ အဓိပ္ပါယ်မရှိသလို ခံစားနေခဲ့ရပါသည်။
လီချင့်ဟွား သူမရဲ့ ယခင်ပုံစံကို အမှန်တကယ် ပြောင်းလဲပစ်ချင်ခဲ့၏။
သူမ ကွာရှင်းဖို့လည်း အဆင်သင့်ဖြစ်နေခဲ့ပြီ။