အခန်း (၆၄)
Vol. 6 Ch. 64
ချင်းရို့နှင့်မတူစွာပင် လီချင့်ဟွားက သတင်းကြေညာသူစာမေးပွဲကို မဖြေဆိုနိုင်သလို သူမရဲ့ ပညာရေးအဆင့်အတန်းဟာလည်း ဆရာမဖြစ်ရန် မလုံလောက်ပေ။ သူနာပြုဖြစ်ဖို့ဆိုလည်း သူမက ဆေးထိုးအပ်ကို ကြောက်တတ်ပြန်သည်။
သို့သော်လည်း အနီးနားရှိ ဟိုင်းခန်စိုက်ပျိုးရေးခြံတွင် အမျိုးသမီးယာဉ်မောင်းတချို့ကို ရှာဖွေနေကြောင်း မကြာသေးမီက သူမ သိလိုက်ရသဖြင့် စာရင်းသွင်းလိုက်သည်။
လီချင့်ဟွားလည်း သူမရဲ့ မကြာသေးခင်က "စာလေ့လာမှုမှာ အောင်မြင်ခြင်း"ကြောင့် အနည်းငယ် ယုံကြည်မှုရှိလာကာ လေ့ကျင့်ရေးအကဲဖြတ်မှုကို အောင်မြင်ပြီး အမျိုးသမီးယာဥ်မောင်းအဖြစ် အရွေးချယ်ခံရပါက သူမလည်း အလုပ်ရှိတဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ တွေးနေမိလျက်။
ယာဉ်မောင်းအလုပ်ဟာ ပညာရေးအဆင့်အတန်းတွင် မြင့်မားတဲ့လိုအပ်ချက်တွေမရှိသောကြောင့် လီချင့်ဟွားက ဤအလုပ်ကို အမှန်တကယ် လိုချင်ခဲ့ပါသည်။ သူမ စာရင်းသွင်းချိန်မှာတော့ သူတို့က သူမရဲ့ သေးသွယ်တဲ့အရပ်အမောင်းကို မနှစ်သက်၍ သူမကို စာရင်းမသွင်းစေချင်ကြပေမယ့် သူမကတော့ အခွင့်အရေးတစ်ခုလောက်ပေးရန် အရေထူစွာ တောင်းဆိုခဲ့လေသည်။
မိသားစုဝင်းထဲမှာ နှစ်အတော်ကြာ ပျင်းရိနေခဲ့ပြီးနောက်မှာတော့ တခြားစွမ်းရည်တွေမရှိပေမယ့်လို့ အရေထူတဲ့ စွမ်းရည်တော့ရခဲ့တယ်လေ။ နောက်ဆုံးတွင်မူ သူတို့လည်း သူမကို စာရင်းသွင်းခိုင်းလိုက်ရ၏။ သူမကတော့ ယောကျ်ားဖြစ်သူကို မပြောပြခဲ့သေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဝင်ခွင့်စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါချေ။ အနည်းဆုံးတော့ သူမ ကားမောင်းတတ်သွားမယ်လေ။ သူမ ကွာရှင်းပြီးတဲ့အခါ ထွန်စက်မောင်းဖို့အတွက် ရွာကို သွားနိုင်တာပေါ့နော်။
ဟုတ်တယ်၊ လီချင့်ဟွား အဲ့ဒါကို စဉ်းစားထားပြီးသားပင်။
"ကွာရှင်းကြရအောင်"
သူမ ကလေးတစ်ယောက်မွေးထားပြီးပြီဆိုပေမယ့်လို့ အသက်၂၅နှစ်သာရှိပါသေးသည်။ ရှောင်ချင်းရဲ့ ခင်ပွန်းဖြစ်သူနဲ့ဆို အသက်ရွယ်တူဖြစ်သလို သူမလည်း ငယ်ရွယ်သေးသဖြင့် နောက်အိမ်ထောင်ပြုဖို့ မခဲယဥ်းပါချေ။
လီချင့်ဟွားရဲ့ နှလုံးသားလေးမှာ ကျယ်လောင်စွာ ခုန်ပေါက်နေလျက်။
သူမက နောက်အိမ်ထောင်ပြုဖို့တောင် စဉ်းစားထားပြီးပြီနော်။
လီချင့်ဟွား အရင်ကတော့ ဤနေရာရှိ ဒေသခံများနှင့် သိပ်မဆက်သွယ်ခဲ့ဖူးသော်လည်း လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှောင်ချင်းနောက်လိုက်သွားကာ ရွာထဲက အဒေါ်အချို့နှင့် စကားပြောခဲ့၏။ သူမရဲ့ ကိုယ်ပိုင် အခြေအနေတွေက သိပ်မကောင်းဘူးဆိုရင်တောင်မှ သူမက ချိုမြိန်တဲ့သူလေးဖြစ်သည်မို့ ဤနေရာရှိ အမျိုးသားတစ်ယောက်နဲ့ လိုက်ဖက်ညီဖို့၊ သို့မဟုတ် ပညာတတ်လူငယ်တစ်ယောက်နဲ့ လက်ထပ်ဖို့ဆိုတာ လုံလောက်သည်ထက်တောင် ပိုနေပါသေးသည်။
သူမက ချစ်ဖို့ကောင်းသူဖြစ်ရာ ကလေးတစ်ယောက်မွေးထားတယ်လို့ ဘယ်သူမှ မပြောနိုင်ကြပေ။ နောင်တွင် ဒေသခံလူငယ်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုဖြစ်ခဲ့ရင် သူ့အိမ်မှာ ပိန္နဲပင်ရှိရင် ကောင်းမှာပဲနော်။ အိမ်က မိသားစုခြံဝင်းလောက် မလှပသော်ငြား ရွာက သူမဘဝထက်တော့ ပိုသာနေမှာပဲလေ။
ကျေးလက်သို့သွားတဲ့ ပညာတတ်အမျိုးသမီးငယ်ဟာ ဤနေရာရှိ ဒေသခံအမျိုးသားတွေကို ပညာမတတ်ခြင်းကြောင့် အထင်အမြင်သေးတတ်ကြပေမယ့် လီချင့်ဟွားကမူ သူတို့အား လုံးဝအထင်သေးခြင်းမရှိပေ။ သူတို့တွေဟာ ပညာတတ်တဲ့သူတွေထက် ပိုမိုကောင်းမွန်တယ်လို့ သူမထင်ပေ၏။ သူမဆီမှာ ပညာတတ်လွန်းတဲ့ သူမရဲ့ယောကျ်ားရှိရုံနဲ့တင် လုံလောက်သွားခဲ့ပါပြီနော်။
သူတို့အားလုံး ပညာမတတ်ကြသဖြင့် ဘယ်သူ့ကိုမှ မကြိုက်ကြချေ။
"လီချင့်ဟွား မင်းက ဘာသဘောလဲကွ? မင်းတကယ်ပဲ ငါ့ကို ကွာရှင်းချင်တာလား? ငါတို့ကွာရှင်းရင် မင်းမွေးရပ်မြေကိုပြန်ရမယ်"
"ကျွန်မ မွေးရပ်မြေကို ပြန်ကိုပြန်ရမယ်လို့ ဘယ်သူပြောလဲ၊ ကျွန်မ ဒီကျွန်းမှာပဲ နောက်အိမ်ထောင်ပြုလို့ရတယ်။ ဒီမှာ အိမ်ထောင်မပြုရသေးတဲ့ ယောက်ျားတွေ အများကြီးရှိတာ၊ ဒုတိယအိမ်ထောင်ကို ငါမကြိုက်တာမဖြစ်ပါဘူး"
ထို့ထက်ပို၍ပြောရပါလျှင် ဤဒေသရှိ မိသားစုတွေမှာလည်း ပိန္နဲပင်တွေရှိလေသည်။
နိုင်ငံရေးအရာရှိလျို ယင်းကိုကြားလိုက်ရ၍ ချက်ချင်းဆိုသလို ဒေါသထွက်သွားရ၏။
ဒီမိန်းမ ဘာပြောလိုက်တာလဲ? သူမက နောက်အိမ်ထောင်ပြုတော့မယ်လို့ ပြောလိုက်တာလား? သူမက နောက်တစ်ယောက်တွေ့သွားပြီလား?
"အပြင်မှာ မင်းနဲ့ ဆက်သွယ်နေတဲ့ အကောင်ရှိနေတာလား?"
"မင်းကိုပြောလိုက်မယ်နော်၊ သူက တပ်မတော်က အိမ်ထောင်ရေးကို ဖျက်ဆီးမှုနဲ့ ထောင်ကျရလိမ့်မယ်!"
"ငါ ကွာရှင်းဖို့သဘောမတူသရွေ့ မင်း ငါ့ကိုကွာရှင်းလို့မရဘူး!!"
လီချင့်ဟွား သူ့ကို စိုက်ကြည့်ရင်း "ရှင် ဘာလို့ ဒီလိုရက်စက်နေရတာလဲ? ရှင်ပဲ အရင်ကွာရှင်းချင်ခဲ့တာလေ။ ကျွန်မအတွက် နောက်တစ်လမ်းရှာတာ ဘာမှားနေလို့လဲ?"
"ကျွန်မ ကွာရှင်းပြီးရင် အသက်မရှင်နိုင်ဘူး ဟုတ်လား? ဒါပေါ့ ကျွန်မနောက်အိမ်ထောင်ပြုတော့မှာ။ နောက်ထပ်နည်းလမ်းရှာထားပြီးသား အိပ်ရာကို နွေးထွေးစေမယ့် ယောကျ်ားတစ်ယောက်ရှာထားတာပေါ့!!"
လီချင့်ဟွား ပြုံးလိုက်ရင်း သူမ ဒီကျွန်းကို နှစ်သက်ရခြင်းမှာ ဒီအကြောင်းကြောင့်လည်းပါသည်။ သူမရဲ့ မွေးရပ်မြေက လူတွေဟာ ရှေးရိုးဆန်သူများဖြစ်ကြ၍ ကွာရှင်းပြတ်စဲခြင်းမှာ အလွန်ရှားပါးလှ၏။ အမျိုးသမီးတစ်ဦးအတွက် ကွာရှင်းခြင်းဟာ သူမကို သတ်ခြင်းနဲ့ တူညီသည့်အလား။
သူတို့က ကွာရှင်းခြင်းကို ဝေဖန်ပြစ်တင်လေ့ရှိကြပေမယ့် ဤနေရာတွင်မူ ကွဲပြားလေ၏။ အကြောင်းမှာ ကျန်းချန်ပေ့နဲ့ ဟွမ်ရင်းရင်းတို့ရဲ့ အိမ်နီးချင်းတော်တော်များများဟာ ကွာရှင်းခဲ့ခြင်းကြောင့်ပင်။
ထို့ကြောင့် လီချင့်ဟွားလည်း ကွာရှင်းပြတ်စဲခြင်းကို ရှားပါးတဲ့ဖြစ်ရပ်အဖြစ် မသတ်မှတ်တော့ပေ။
သူမဟာ ပျင်းရိသူဖြစ်သလို အကောင်းမြင်တတ်သူတစ်ယောက်ပင်။ သူမဟာ အလွယ်တကူ စိတ်ကျေနပ်နိုင်သလို နေ့တိုင်းဘာပဲစားရစားရ ဇီဇာမကြောင်သူဖြစ်သည်။ ဒီယောကျ်ားကို စွန့်ခွာပြီးရင်တော့ နောက်ထပ် သန်မာတဲ့ ယောကျ်ားတစ်ယောက်ကို ရှာတွေ့နိုင်ကောင်းပါရဲ့။
သူမလည်း အရာအားလုံးတွင် အကောင်းဆုံးဖြစ်မှာကို တွေးခဲ့လေသည်။
"မင်းက နောက်ထပ်အိမ်ထောင်ပြုမယ့်အကြောင်း ပြောရဲတုန်းပဲပေါ့လေ? မင်းဘယ်လိုလုပ်ပြီးပြောရဲရတာလဲ? လီချင့်ဟွား! ငါပြောလိုက်မယ်၊ ငါမသေသေးသရွေ့တော့ မင်း နောက်အိမ်ထောင်ပြုလို့မရဘူး!"
"ရှင်ကတော့ တခြားမိန်းမတစ်ယောက်ကို ကြိုက်နေပြီးတော့ ဘာလို့ ကျွန်မကို နောက်အိမ်ထောင်ပြုခွင့်မပေးတာတုန်း?! ထင်တဲ့အတိုင်းပဲ ရှောင်ချင်းပြောတာ သိပ်မှန်တာပဲ။ ရှင်က ပန်းကန်လုံးထဲက စားနေရင်း အိုးကိုပါ ချောင်းကြည့်နေတာ။ ရှင်ကြိုက်တဲ့သူကို လက်ထပ်လို့မရတော့ ကျွန်မကို အလွတ်မပေးဘူးပေါ့လေ!"
"မင်း မိုက်မဲတဲ့မိန်းမ၊ ငါက ဘယ်သူ့ကိုကြိုက်နေလို့လဲ?"
"ရှင် ဟွမ်ရင်းရင်းကို ကြိုက်နေတာမလား၊ နေ့တိုင်း သူမအကြောင်းပဲ ရှင်ပြောနေပေမယ့် သူမက အိမ်ထောင်ကျပြီးသားဖြစ်နေပြီလေ"
"ဖာ့ခ်!"
နိုင်ငံရေးအရာရှိလျိုဟာ တစ်နေ့မှာ သူ့ရှေ့က ဒီအမျိုးသမီးကြောင့် ဒေါသအထွက်လွန်ပြီး သေသွားရလိမ့်မယ်လို့ ခံစားလိုက်ရ၏။
"ငါသာ တခြားမိန်းမတွေကို ကြိုက်နေခဲ့ရင် ငါ့ရှေ့မှာ မြောက်ကြွမြောက်ကြွလုပ်နေတဲ့ မင်းလို အပျင်းထူတဲ့မိန်းမကို သည်းခံနိုင်မယ်လို့ ထင်နေတာလားကွ?"
"ရှင် ကျွန်မကို မကြိုက်ဘူးမဟုတ်လား၊ ကျွန်မ ပြောလိုက်မယ်၊ ကျွန်မလည်း ရှင့်ကိုမကြိုက်ဘူး!"
"ကွာရှင်းတယ်ဆိုတာ ကွာရှင်းတာပဲပေါ့၊ ကျွန်မ နောက်အိမ်ထောင်ပြုချင်တယ်။ ကျွန်မ ရှောင်ချင်းလိုမျိုး ဖြစ်ချင်တာ။ အသက် ၂၅နှစ်ပဲရှိသေးတော့ နောက်အိမ်ထောင်ပြုလို့ရသေးတယ်လေ။ ရှောင်ချင်းအမျိုးသားဆို အရမ်းကောင်းတာပဲ၊ သူက ဘန်းမုန့်ပေါင်းလည်း လုပ်တတ်သေးတယ်နော်၊ သူလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းတွေက အရမ်းလည်းအရသာရှိတာ!"
လီချင့်ဟွား စကားပြောနေရင်း ရုတ်တရက် ဘူးအဆို့ကို ဖွင့်လိုက်သည့်အလား နောက်ထပ်စကားလုံးတွေက အဆက်မပြတ် ထွက်လာခဲ့သည်။
"ရှင့်ကိုယ်ရှင် ကြည့်လိုက်စမ်းပါ၊ မီးဖိုချောင်တောင် မဝင်နိုင်ဘူး၊ ရှင့်လိုလူမျိုးနဲ့ လက်ထပ်ရတာ ဘာအကျိုးရှိမှာလဲ!"
"ရှောင်ချင်းရဲ့ ခင်ပွန်းက အသက်ငယ်လည်းငယ်သလို ရုပ်ရည်လည်း ချောမောတယ်၊ ပြီးတော့ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်အကယ်ဒမီက ဘွဲ့ရထားသေးတာ။ သူက ခြံစည်းရိုးလည်း လုပ်နိုင်တယ်၊ ရှောင်ချင်းကို အဖော်ပြုပြီး ရုပ်ရှင်လည်းသွားကြည့်ကြတယ်..."
"ရှင်က ပညာတတ်တစ်ယောက်ဆိုတာ ရှက်စရာပဲ! လူတွေကို စာသင်ပေးနိုင်တဲ့ အရည်အချင်းတောင်မရှိဘူးနော်။ ရှင်သာ ကျောင်းဆရာဖြစ်ခဲ့ရင် ရှင့်လိုလူမျိုးကတော့ ကလေးတွေကို လမ်းမှားရောက်စေလိမ့်မှာပဲ!"
***
နိုင်ငံရေးအရာရှိလျိုက သူ့မိန်းမကြောင့် ဆွံ့အသွားရကာ "မင်း-"
သူ့မိန်းမက တခြားယောက်ျားတစ်ယောက်ကို တကယ်ပဲ ချီးကျူးနေတာလား? ရှောင်ချင်းရဲ့ ခင်ပွန်း? အဲ့ဒီအရာရှိလူငယ်ရဲ့ မျိုးရိုးနာမည်က လုလား? သူမက တခြားယောကျ်ားကို ချီးမွမ်းနေတယ်လား?
"မင်းက ဘာလို့ တခြားမိသားစုက ယောက်ျားကို ပြောနေရတာလဲကွ?"
လီချင့်ဟွား: "ရှင်ကမှ တခြားမိသားစုက မိန်းမတစ်ယောက်အကြောင်း အမြဲပြောနေခဲ့တာလေ"
နိုင်ငံရေးအရာရှိလျိုမှာ သူ့ခြေထောက်ပေါ်သူ ကျောက်တုံးပြန်ပစ်ချခံရတယ်ဆိုတာ ဘာအဓိပ္ပါယ်မှန်း နောက်ဆုံးတော့ သိသွားခဲ့လေပြီ။
"အရင်တုန်းက ငါမှားခဲ့တာပါ၊ နောက်ဆို တခြားမိန်းမတွေအကြောင်း လုံးဝမပြောတော့ဘူး၊ မင်းလည်း တခြားယောက်ျားအကြောင်း ပြောခွင့်မရှိဘူး"
"ရှင်ပြောခဲ့တာ နှစ်တွေတော်တော်ကြာပြီလေ၊ ကျွန်မက အခုမှ သူ့အကြောင်း နည်းနည်းပဲစပြောရုံရှိသေးတာ၊ ပြောလို့တောင် မဝသေးဘူးနော်။ ရှင်နားမထောင်ချင်ရင် နားမထောင်နဲ့လေ။ ရှင့်မှာ အရည်အချင်းရှိရင် ကွာရှင်းကြတာပေါ့၊ ဒါဆို ကျွန်မလည်း မကြာခင်မှာ နောက်အိမ်ထောင်ပြုနိုင်မှာ!"
"ဘာပဲဖြစ်ဖြစ် ကျွန်မက ငယ်သေးတယ်လေ၊ တခြားယောကျ်ားတစ်ယောက်ကို လက်ထပ်ပြီးတော့ သူ့အတွက် ဝဝကစ်ကစ်သားနဲ့သမီးလေးတွေ မွေးပေးနိုင်သေးတယ်"
နိုင်ငံရေးအရာရှိလျိုရဲ့ စိတ်ထဲက ကြိုးတစ်ချောင်းမှာ ပြတ်ထွက်သွားလေပြီ။