← Chapters

အခန်း (၆၅)

Vol. 6 Ch. 65

အခန်း (၆၅)

Vol. 6 Ch. 65

ရေခဲတုံးတွေကိုဖုံးဖို့ သုံးထားတဲ့ ခြုံစောင်ဟာ လီချင့်ဟွားရဲ့ လက်ထပ်မင်္ဂလာခြုံစောင်ဖြစ်ကြောင်း ချင်းရို့ သိပြီးတဲ့နောက် နောက်တခါ ထပ်သုံးဖို့ ရှက်ရွံ့သွားရကာ ချက်ချင်းပင် ပြန်ပို့ပေးလိုက်သည်။

"ရပါတယ်ဟယ် ဒီတိုင်းသုံးလိုက်တော့၊ နင်မလိုချင်ရင်တော့ ငါပြန်ယူပြီး အဲ့ဒီပေါ်မှာ တခြားပစ္စည်းတွေ ထည့်ရမှာပဲ"

လီချင့်ဟွားက အလွန်ရက်ရောသူပင်။ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီးနောက်မှာတော့ ဒီကိစ္စကို ဖွင့်ထုတ်ခဲ့ချေပြီ။ သူမကပဲ အရင်နားလည်မှုလွဲသွားခဲ့သည်ဖြစ်ရာ သူမရဲ့ ခင်ပွန်းသည်ဟာ *ဟွမ်ရှင်းရင်ကို ကြိုက်တာမဟုတ်ဘဲ သူမကိုသာ ကြိုက်မှန်း သိလိုက်ရ၏။

(*Etranက ဟွမ်ရင်းရင်းကနေ ဟွမ်ရှင်းရင် လို့ ပြောင်းသွားပါတယ်၊ နောက်ပိုင်း ဟွမ်ရှင်းရင်နဲ့ပဲ သုံးတော့မယ်နော်)

ယခုဆို ကွာရှင်းမှာကို ကြောက်နေရတဲ့သူမှာ သူမ မဟုတ်တော့ဘဲ လျိုခိုင်ဖြစ်နေချေပြီ။

"လာလေ ရှောင်ချင်းရေ လောင်လျိုလုပ်ထားတဲ့ ကိတ်မုန့်ကြော်လေး လာမြည်းကြည့်"

"ပူနေတုန်းပဲ"

ချင်းရို့ အလျင်အမြန် ငြင်းဆန်ကာဖြင့် "ငါဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်မှာတုန်းဟယ်၊ နင့်စောင်ကိုလည်း သုံးထားသေးတယ်၊ နင့်ဆီက မုန့်ပါထပ်စားရမှာလား"

"ဘာမှမဖြစ်ဘူး၊ ငါ့ယောကျ်ားကလည်း နင်မြည်းကြည့်ရမယ်လို့ ပြောထားပါတယ်နော်"

"ကောင်းပါပြီရှင်၊ ဒါဆို ကလေးတွေ မြည်းကြည့်ဖို့အတွက် နည်းနည်းယူထားမယ်လေ"

"သူက နင့်ရဲ့ အတွေးကို သိချင်နေတာဟဲ့။ ရှောင်လုရဲ့ ဘန်းမုန့်ပေါင်းက ပိုအရသာရှိလား၊ ဒါမှမဟုတ် သူ့ကိတ်မုန့်ကြော်က ပိုအရသာရှိလားတဲ့"

ချင်းရို့: "…" ပိုကောင်းတာကတော့ ငါ့ယောကျ်ားရဲ့ ဘန်းမုန့်ပေါင်းတွေပဲပေါ့ဟဲ့!

"သူက ဆီကိုတောင် သုံးဖို့ ဆန္ဒရှိနေတာလေ၊ ပိုက်ဆံဖြုန်းပုံကတော့ဟာ"

ချင်းရို့ သိချင်စွာဖြင့် မေးလိုက်၏။

"နင်နဲ့ လောင်လျို ဘာဖြစ်သွားပြီလဲ? နားလည်မှုလွဲနေတာတွေ ရှင်းသွားပြီလား?"

လီချင့်ဟွားရဲ့ ပုံစံကိုမြင်လိုက်သည်နှင့် အရင်က လီချင့်ဟွား ပြောဖူးခဲ့တဲ့ "ဖရဲသီးကြီးကြီး"ဟာ ဖရဲသီးအတုဖြစ်နိုင်တယ်လို့ ချင်းရို့ ခန့်မှန်းမိလိုက်သည်။

"ဟုတ်တယ် သူပြောတာက ငါ့ကိုပဲကြိုက်တာတဲ့"

ချင်းရို့: "... ဒါဆို သူ ဘယ်သူ့ကို ကြိုက်တယ်လို့ နင်က အထင်လွဲနေတာလဲ?"

"အဲ့ဒါက နင့်ဘေးအိမ်ကတစ်ယောက်ပေါ့"

လီချင့်ဟွားလည်း အတိတ်ကဖြစ်ရပ်တချို့ကို ချင်းရို့အား တီးတိုးပြောပြခဲ့သည်။

ချင်းရို့ နားထောင်ပြီးတဲ့နောက် ခဏတဖြုတ် ဆွံ့အသွားရပေသည်။

သူမ ကလေးတုန်းကတော့ "တခြားသူတွေရဲ့ သားသမီး"ကို သာဓကအဖြစ်သုံးပြီး ပြောတာကိုပဲ ကြားဖူးခဲ့တာလေ၊ ဒါပေမဲ့ ဒီနေရာမှာက "တခြားသူတွေရဲ့ဇနီး"နှင့် နှိုင်းယှဥ်နေကြတာလားဟယ်။

မိသားစုခြံဝင်းရဲ့ ကမ္ဘာကြီးက ဒီလိုကြီးကိုး။

အခြားတစ်ဖက်တွင်မူ လီချင့်ဟွားလည်း ရှေ့ရေးကို တွေးတောနေကာ မလှုပ်ရှားနိုင်သောကြောင့် ရိုးရိုးလေးပဲ လှဲနေရုံပေါ့။

ချင်းရို့ ယခင်က ဟွမ်ရှင်းရင်နှင့် ခဏတာ စကားစမြည်ပြောခဲ့စဥ်က ထိုအမျိုးသမီးဟာ အတော်လေး စိတ်အားထက်သန်စွာဖြင့် သူ့ယောကျ်ားနဲ့ သားသမီးအကြောင်းကို ပြောပြခဲ့သည်။ သူမဟာ အမြဲတမ်း ဇနီးကောင်းတစ်ယောက်ဖြစ်သလို မိခင်ကောင်းတစ်ယောက်လည်းဖြစ်လေသည်။

သူမက မိသားစုခြံဝင်းအတွင်း ဇနီးကောင်းအဖြစ် စံပြဖြစ်လာနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

ချင်းရို့က သူသာ ယောက်ျားတစ်ယောက်ဆိုရင် ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်ချင်မိမှာပဲလို့ တွေးမိခဲ့၏။

လီချင့်ဟွားကို ပြန်လွှတ်လိုက်ပြီးနောက် ချင်းရို့က သူမယူလာခဲ့တဲ့ ကိတ်မုန့်ကြော်ကို မြည်းစမ်းကြည့်ကာ အရသာကောင်းမှန်း တွေ့ရှိလိုက်ရသည်။

— ထိုလူရဲ့ ရန်လိုစိတ်ကလည်း နိုးကြားလာပုံပဲဟ!

***

မကြာသေးမီက ကျောင်းစဖွင့်သဖြင့် ဟွမ်ရှင်းရင်က ဂျင်လည်သလိုမျိုး အလုပ်ရှုပ်နေကာ အတန်းတွေတက်၊ သင်ခန်းစာတွေပြင်ဆင်၊ ကျောင်းကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေရ၏။ သူမအိမ်ပြန်ရောက်သည့်အခါ အရမ်းပင်ပန်းနေခဲ့ပေမယ့် ချက်ပြုတ်ရပါသေးသည်။ သူမမိသားစုရဲ့ အကြီးတစ်ယောက်ရော အသေးတစ်ယောက်ကပါ ပျင်းရိသူများပင်။

သူမယောကျ်ားက ခုံတန်းမှာ ထိုင်ကာ ရေဒီယိုနားထောင်နေရင်း သူမ ပြန်လာတာကို မြင်တော့ အလျင်စလို အော်ဟစ်လေသည်။

"မြန်မြန်လုပ် ချက်ပြုတ်တော့လေ၊ ငါဗိုက်ဆာလို့ သေတော့မယ်ကွာ"

"မေမေ ထမင်းသွားချက်တော့!"

"ကျွန်မတို့မှာ စားဖို့ကျန်တာတွေရှိသေးတယ်မလား၊ ရှင်တို့ကိုယ်တိုင် နွေးစားလို့ရတယ်လေ"

"ပူအိုက်တယ် ပူအိုက်တယ်ဟ၊ ငါတို့က မီးဖိုဆောင်ထဲ ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲ"

အိမ်က အမျိုးသားနှစ်ယောက်ကို ညစာကျွေးမွေးပြီးနောက် ဟွမ်ရှင်းရင်က ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းကာ ဆေးကြောရန် အပြင်ထွက်လာခဲ့သည်။ ပန်းကန်ဆေးနေရင်း သူမလှုပ်ရှားမှုတွေရပ်တန့်ကာ ဘေးအိမ်ရဲ့ ခြံထဲကို လှည့်ကြည့်လိုက်သည့်အခါ ခြံထဲမှာ ဘယ်သူမှရှိမနေခဲ့။

သူမ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဟွမ်ရှင်းရင်က ခြံထဲမှာ၊ ဒုတိယထပ် ဝါရံတာမှာ ချင်းရို့ ထိုင်ပြီး လက်ဖက်ရည်သောက်နေတာကို မမြင်ချင်ပါချေ။

ဘေးအိမ်သို့ ပြောင်းရွှေ့လာတဲ့ မိသားစုဝင်အသစ် ချင်းရို့ဟာ ထူးဆန်းလှ၏။ သူမဟာ အရင်တုန်းက မိသားစုဝင်အဖွဲ့ဝင်တွေနဲ့ လုံးဝမတူဘဲ အထူးသဖြင့် သူမက လက်ဖက်ရည်ထိုင်သောက်ကာ အဆာပြေမုန့်တွေ စားနေရတာ နှစ်ခြိုက်သူပင်။

သူမက အဲ့လိုအကျင့်ကြီးကို ဘယ်လိုများရခဲ့တာပါလိမ့်?

ဟွမ်ရှင်းရင်က အိမ်အပြင်ထွက်ချိန်မှာဖြစ်ဖြစ်၊ အိမ်ပြန်လာချိန်မှာဖြစ်ဖြစ်၊ ပထမထပ်ရဲ့ ဝင်းထဲမှာဖြစ်ဖြစ်၊ ဒုတိယထပ်ရဲ့ အိပ်ခန်းမှာဖြစ်ဖြစ်၊ ဘေးအိမ်က ချင်းရို့ဟာ လက်ဖက်ရည်ထိုင်သောက်နေလေ့ရှိတာကို သူမတွေ့နေရတတ်သည်။

နေ့မှညအထိ မနက်ဖြစ်ဖြစ်၊ နေ့လည်ဖြစ်ဖြစ်၊ မွန်းလွှဲဖြစ်ဖြစ်၊ ညနေခင်းဖြစ်ဖြစ် ချင်းရို့ လက်ဖက်ရည်သောက်နေတာကို မြင်တွေ့နိုင်ပေသည်။

ဒီအမျိုးသမီးက အိမ်ထဲမှာ လက်ဖက်ရည်သောက်ရတာ မကြိုက်ဘဲ ခြံထဲမှာ လက်ဖက်ရည်သောက်ရတာ ကြိုက်ပုံရတယ်။

ထိုတင်မက ဘေးအိမ်က လုမိသားစုဟာ ကြက်တွေအတွက် ထူးဆန်းတဲ့ခြံစည်းရိုးကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာလည်း ချင်းရို့နဲ့ သူမခင်ပွန်းတို့က ခြံထဲမှာ စားပွဲသေးသေးနဲ့ ကုလားထိုင်တို့နှင့်အတူ ကောက်ရိုးထီးကြီးကြီးတစ်ခုပါ ပြုလုပ်ခဲ့သည်။

လောင်ကျန်းက ဘေးအိမ်က ကောက်ရိုးထီးကြီးကို တွေ့သည့်အခါ ရယ်ကာမောကာဖြင့်

"အဲ့ဒါကြီးက အရင်တုန်းက တဲအိမ်ကြီးမဟုတ်လား?"

ထိုကောက်ရိုးထီးကြီးပြုလုပ်ပြီးတဲ့နောက် ချင်းရို့က ထိုထီးကြီးအောက်တွင် တစ်နေကုန် လက်ဖက်ရည်ထိုင်သောက်နေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲနော်...

တိမ်တိုက်ဖြူဖြူလေးတွေ၊ ကောင်းကင်ပြာပြာ၊ အုန်းပင်ကြီးတွေ၊ ဖြူဖြူဖွေးဖွေးနံရံတွေနှင့် အနီရောင်အမိုးတို့ နောက်ခံဖြင့် ကောက်ရိုးထီးကြီးအောက်မှာ ဂါဝန်အဖြူလေး ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အေးအေးလူလူ လက်ဖက်ရည်သောက်နေတယ်...

တစ်ခါတစ်ရံ သူမဘေးမှာ ရိုးရိုးလက်ဖက်ရည်ခွက်တစ်ခွက်ရှိနေတတ်သလို၊ တစ်ခါတရံမှာတော့ ကြွေခွက်ကြီးကြီးတစ်ခွက်မှာ သစ်သီးသေးသေးလေးတွေကို စုပုံထားကာ ရှိနေတတ်သည်။ သူမက နေ့လည်ခင်းကို ငြိမ်းချမ်းသာယာစွာ ကုန်ဆုံးနေလျက်။

ခင်ပွန်းဖြစ်သူက အိမ်မှာမရှိသလို ကလေးတွေကလည်း မူကြိုသွားနေကြသဖြင့် အမျိုးသမီးတစ်ယောက်တည်းသာ အိမ်မှာကျန်ရှိနေတတ်သည်။ သူမက ကောက်ရိုးထီးအောက်မှာ ထိုင်ပြီး လျှာခလုတ်တိုက်စကားလုံးတွေကို လေ့ကျင့်နေတာ၊ ဆောင်းပါးတွေဖတ်ရှုတာ၊ ဒါမှမဟုတ် သာယာစွာ သီချင်းလေးဆိုနေတတ်ပေသည်။

ထိုအမျိုးသမီးဟာ အာ့ဟူလည်း တီးခတ်နိုင်သလို ဘာဂျာလည်း မှုတ်နိုင်တယ်ဟ!!

(T/N: အာ့ဟူဆိုတာက တရုတ်နိုင်ငံမှာ သုံးကြတဲ့ နှစ်ကြိုးတပ်တယောလို့ပြောလို့ရပါတယ်။)

ဟွမ်ရှင်းရင် သူမကို တကယ်ပဲ ထွင်းဖောက်မမြင်နိုင်ပေ။

သူမကို ပျင်းတယ်လို့ ပြောရအောင်လည်း ပျင်းသည်မဟုတ်။ လက်ဖက်ရည်သောက်၊ အဆာပြေမုန့်တွေစား၊ စာအုပ်တွေဖတ်၊ ကြက်တွေမွေးပြီး ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်တယ်၊ ဒါမှမဟုတ် အိမ်သန့်ရှင်းရေးလုပ်တယ်လေ။ ဒါပေမဲ့ သူမ မပျင်းဘူးလို့ ပြောဖို့ကလည်း မဟုတ်ပြန်ဘူး၊ တစ်နေကုန် လက်ဖက်ရည်ထိုင်သောက်ပြီး အဆာပြေတွေစားနေတဲ့ အမျိုးသမီးကို ဟွမ်ရှင်းရင် တစ်ခါမျှမတွေ့ဖူးပါချေ။

သူမက ခြံထဲတွင် ကောက်ရိုးထီးရှိတဲ့နေရာလေးကို အထူးနှစ်ခြိုက်ပုံရသည်။ မကြာမကြာ ထိုထီးအောက်မှာပဲ နေ့လည်စာ စားလေ့ရှိ၏။ တစ်ခါက ဟွမ်ရှင်းရင် တစ်ချက်လှမ်းကြည့်ချိန် မွန်းတည့်ချိန်၌ ချင်းရို့ဟာ ပုစွန်ဖက်ထုပ်ပေါင်း နှစ်ခု သုံးခု၊ ထူးဆန်းတဲ့ ကောက်ညှင်းထုပ်နဲ့ ငါးပေါင်းတစ်ပွဲ၊ ရှာလကာရည်နဲ့ကြော်ထားတဲ့ ပဲပင်ပေါက်ကြော်တို့ကို စားနေခဲ့သည်။

All Chapters