← Chapters

အခန်း (၆၈)

Vol. 6 Ch. 68

အခန်း (၆၈)

Vol. 6 Ch. 68

မိသားစုခြံဝင်းတစ်ခုလုံး၌ လျှို့ဝှက်ချက်များကို ဖုံးကွယ်၍မရပါချေ။ ရက်အနည်းငယ်အတွင်းမှာပဲ မိသားစုဝင်အသစ် ချင်းရို့က ရေဒီယိုကြေညာသူဖြစ်ရန် စာမေးပွဲဖြေဆိုတော့မယ်ဆိုတာကို လူတိုင်း သိလိုက်ရသည်မို့ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ပေသည်။

မိသားစုအဖွဲ့ဝင်တော်တော်များများဟာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာအသစ်တွေကို ပြောဆိုဆွေးနွေးကြရန် စုဝေးခဲ့ကြသည်။

"အဲ့ဒီလှပတဲ့ မိသားစုဝင်အသစ်လေးက ရေဒီယိုကြေငြာသူ စာမေးပွဲဖြေချင်တာတဲ့လား?"

"သူမ စာမေးပွဲအောင်ပါ့မလား? သူမရဲ့ အသံက တော်တော်ကောင်းတယ်နော်၊ သူမက သီချင်းဆိုဖူးတယ်လို့ ငါကြားမိတယ်..."

***

မိသားစုခြံဝင်းထဲ၌ မည်သူတစ်ဦးတစ်ယောက်ကမျှ ရေဒီယိုကြေညာသူ မရှိခဲ့ဖူးသဖြင့် ယခုချိန်မှာ ရှားရှားပါးပါး အဖြစ်အပျက်တစ်ခုပင်။

ချင်းရို့ကို အားပေးကြရန် အမျိုးသမီးတော်တော်များများ အပြေးရောက်လာကြကာ

"ညီမရှောင်ချင်းရေ နင် စာမေးပွဲအောင်သွားရင် ငါတို့မိသားစုခြံဝင်းကြီးမှာ ကြေညာသူတစ်ယောက်ရှိလာမှာပဲနော်"

"နင့်အသံက အရမ်းကောင်းတော့ စာမေးပွဲ အောင်မှာ သေချာပါတယ်ဟာ"

"နင် စာမေးပွဲကို အောင်ရမယ်နော်! နင် ကြေညာသူဖြစ်လာရင် ငါ သေချာပေါက် ရေဒီယိုကို နေ့တိုင်းဖွင့်ထားပြီးတော့ နင့်အသံကို နားထောင်မှာ..."

…

လူတိုင်းက သူတို့မှာ လုပ်စရာမရှိတဲ့အခါ အတင်းအဖျင်းပြောလေ့ရှိကြသော်လည်း သူတို့က မိသားစုခြံဝင်းကိုယ်စား အရေးကြီးတဲ့ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တော့မယ့် ချင်းရို့ကို နွေးထွေးပျူငှာစွာ အားပေးစကားပြောလာကြပေသည်။

စိတ်ရင်းမှန်ဖြင့် အားပေးတာတွေ၊ လျှို့ဝှက် ချီးကျူးစကားတွေ၊ ကြွားလုံးထုတ်တာတွေ... စသဖြင့် စကားလုံးအမျိုးမျိုး ရှုပ်ထွေးရောပြွန်းနေကာ လူတွေကို ခွဲခြားမသိမြင်နိုင်ပါချေ။ သို့သော်လည်း "အားပေးတိုက်တွန်း"တဲ့ စကားပေါင်းများစွာကို နားထောင်ပြီးတဲ့နောက် သူမအား ပင်လယ်လေနဲ့ မှုတ်ထုတ်လိုက်သလို ခံစားလိုက်ရကာ ချင်းရို့မှာ သူမကိုယ်သူမ "မိသားစုခြံဝင်းတစ်ခုလုံး၏ မျှော်လင့်ချက်" ဖြစ်လာကြောင်း စိတ်ကူးယဥ်မိသွားရသည်။

အရေးကြီးတဲ့ စာမေးပွဲနေ့တွင် သူမခင်ပွန်း လုယန်က သူမကို အားပေးဖို့အတွက် ဘန်းမုန့်ပေါင်းကြီးကြီးတစ်ခု ပြုလုပ်ပေးခဲ့သလို အစ်မဟွားဟွားကလည်း ပိန္နဲသီးတစ်လုံး ကြိုပေးထားကာ ဘေးအိမ်က မစ္စဟွမ်ကမူ ခင်မင်ရင်းနှီးတဲ့ လက်ဆောင်တစ်ခု ပေးခဲ့ပေသည်။

မစ္စဟွမ်က နူးညံ့စွာပြုံး၍ "နင်လိုအပ်လာမှာပါ" နင် ကြေညာသူတစ်ယောက်မဖြစ်လာခဲ့ရင် မူလတန်းပြဆရာမတစ်ယောက် ဖြစ်လာနိုင်တယ်လေ။

သူတို့ဒေသလေးဟာ တကယ့်ကို သေးငယ်တဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်၍ ချင်းရို့မှာ အလွန်အကျွံ "အာရုံစိုက်မှု"ကို ရရှိခဲ့လေသည်။

ဘေးအိမ်က လောင်ကျန်းတောင်မှ "ရဲဘော်ရှောင်ချင်းရေ ဒီအသိုင်းအဝိုင်းတစ်ခုလုံးက မင်းကို ကြေညာသူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ထားတယ်ကွာ!"

"အနာဂတ်မိသားစုအဖွဲ့ဝင်တွေအတွက် အပြုသဘောဆောင်တဲ့ စံနမူနာအဖြစ် ပြပေးပါဦး!"

ချင်းရို့: "…"

သူက သူမကို အလုပ်ရှာဖို့ တိုက်တွန်းနေပုံပဲနော်။

ပထမနေ့တွင် ချင်းရို့ ရေးဖြေစာမေးပွဲ အောင်မြင်ခဲ့သည်။ ရေးဖြေစာမေးပွဲသည်ကား အခြေခံရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ဗဟုသုတ အကြောင်းအရာအချို့ ဖြစ်ပေသည်။ ချင်းရို့က ၄င်းတို့ကို သေချာစွာ သုံးသပ်ကာ စိတ်ငြိမ်ငြိမ်နဲ့ ရေးဖြေစာမေးပွဲကို ပြီးမြောက်ခဲ့ပြီး နောက်တစ်နေ့မှာတော့ လူတွေ့အင်တာဗျူးနဲ့ နှုတ်ဖြေစာမေးပွဲပင်။

စာမေးပွဲဖြေဆိုသူအားလုံးဟာ စားပွဲနှင့်ကုလားထိုင်တွေရှိတဲ့ စာသင်ခန်းငယ်တစ်ခုဖြစ်သည့် စောင့်ဆိုင်းခန်းတွင် ထိုင်နေကြ၏။ ချင်းရို့လည်း စောင့်ဆိုင်းခန်းထဲသို့ ဝင်လာပြီး တည်တည်ငြိမ်ငြိမ် ထိုင်နေလိုက်သည်။

သူမမှာ အင်တာဗျူးအတွေ့အကြုံများစွာရှိခဲ့သဖြင့် စိတ်တုန်လှုပ်မနေဘဲ တိတ်တဆိတ် စောင့်နေရုံပင်။

ဒီလိုစောင့်ဆိုင်းခန်းကျဥ်းကျဥ်းလေးတွင် အမျိုးသားရော အမျိုးသမီးပါ ရှိနေကြရာ တီးတိုးစကားဆိုသံများဖြင့် ဆူညံသံမျိုးစုံရှိနေပါသည်။ လူအများစုရဲ့အသံမှာ အလယ်အလတ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင်ရှိကြသလို ထူးချွန်ကြသူများပင်။

ကျစ်ဆံမြီးကျစ်ထားသော၊ ဆံမြိတ်ချထားသော၊ သို့မဟုတ် ဗန်းဆံပင်ကေညှပ်ထားသော ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများစွာက ရေးဖြေစာမေးပွဲရဲ့ အဖြေတွေကို ဖလှယ်နေခဲ့ကြသည်။

လူငယ်လေးတွေကလည်း သူတို့ထဲမှာ အတူတူ ပါဝင်ကြပြီး ဒေါင်းတစ်ကောင်နှယ် သူတို့ရဲ့ အသံသြသြနဲ့ အားကောင်းလှတဲ့ အသံတွေကို တမင်တကာ ထုတ်ပြနေကြလျက်။

"မင်းဘာဖြေလိုက်လဲ? ငါကတော့..."

"ငါ့အထင်တော့ ငါရွေးခဲ့တာက..."

"နင် မေးခွန်းဖတ်မှားသွားတာပဲ၊ အဖြေက..."

"မနေ့က ရေးဖြေစာမေးပွဲမှာ ငါကောင်းကောင်းမဖြေနိုင်ခဲ့ဘူး။ နင့်ရဲ့ အဖြေတွေကို နားထောင်ပြီးတော့ စာမေးပွဲအောင်မယ်မထင်ဘူးဟာ"

"နင်တို့တွေ အရမ်းတော်ကြတာပဲ"

မည်သည့်ခေတ်တွင်မဆို ဖြေဆိုခြင်းအတွက် လုပ်ထုံးလုပ်နည်းများဟာ အမြဲတမ်း မရှိမဖြစ်လိုအပ်သလို စိတ်အားထက်သန်နေကြတဲ့ လူငယ်တွေကလည်း ရလဒ်များကို သိလိုစိတ်ပြင်းပြကြလေသည်။

အင်တာဗျူးမဖြေခင်မှာတောင် ရေးဖြေစာမေးပွဲရဲ့ ရလဒ်တွေကို တွေးနေကြတုန်းပင်။

ချင်းရို့က ထိုလူတွေပြောကြတဲ့ စကားတစ်ခွန်းတစ်လေကိုမှ မယုံကြည်ခဲ့ပေ။ အင်တာဗျူးနယ်ပယ်မှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိပေသည်။ ထိုအပြောတွေကို ယုံကြည်သူတိုင်းဟာ အရူးတစ်ယောက် ဖြစ်မှာပင်၊ အင်တာဗျူးစောင့်ဆိုင်းခန်းထဲမှာ ဒရမ်မာများစွာရှိခဲ့လေသည်။

သူမ သာမန်တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခဲ့ဖူးပြီး သူမရဲ့ အတန်းဖော်အများစုဟာ ဆရာ၊ဆရာမဖြစ်ရန် အစိုးရစာမေးပွဲတွေ ဖြေဆိုကြရာ အင်တာဗျူးနဲ့ ပတ်သက်လို့ စောဒကတက်စရာ အများအပြားရှိခဲ့ကြလေသည်။

ဥပမာအားဖြင့် တမင်တကာ သရုပ်ဆောင်ကြခြင်း၊ ရေးဖြေစာမေးပွဲရဲ့ ရမှတ်ကို လွဲမှားစွာ ဖော်ပြခြင်း၊ အခြားဖြေဆိုသူတွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေခြင်း စသဖြင့် ဖြေဆိုသူတွေရဲ့ စိုးရိမ်စိတ်တွေကို ပျံ့နှံ့စေလျက် လူဖျင်းတွေကို တစ်ခါတည်း စစ်ထုတ်လိုက်သလိုမျိုးပင်...

သို့သော်လည်း ၁၉၇၀နှင့် ၁၉၈၀ခုနှစ်များအတွင်း လူတွေဟာ အလွန်ရိုးရှင်းသင့်ပါသည်၊ ဒီလိုရှုပ်ထွေးလှတဲ့ လုပ်ရိုးလုပ်စဉ်တွေကိုတောင် တွေးမိကြမည်မဟုတ်ပါချေ။

ချင်းရို့က သူမပတ်ဝန်းကျင်ရှိလူများနှင့် စကားပြောရန် အစပြုခြင်းမရှိခဲ့သော်လည်း လူအများစုရဲ့ မျက်လုံးထဲတွင် သူမဟာ အလှဆုံးဖြစ်တာမို့ အကြည့်တွေက သူမဆီသာ ကျရောက်နေခဲ့လေသည်။

အနက်ရောင်ဆံနွယ်ရှည်ရှည်၊ အသားဖြူပြီး မျက်နှာသေးသေးလေးနဲ့ မြေခွေးမျက်ဝန်းတစ်စုံ၊ အပြာနုနဲ့ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားရာ နူးညံ့လှပပြီး ကျက်သရေရှိတဲ့ အသွင်ရှိနေပေသည်။

အမျိုးသားတော်တော်များများက သူမကို စကားပြောဖို့ အစပြုချင်ပေမယ့် သူမကို ချဉ်းကပ်ဖို့ မလွယ်ကူသဖြင့် သူမအား လျို့ဝှက်စွာ ကြည့်ရုံမျှသာ သတ္တိရှိကြသလို လူတိုင်းကို ပိတ်ဆို့ထားသည့် သူမရဲ့ စားပွဲပေါ်ရှိ ကြွေရည်သုတ်ခွက်ကြီးကို တိတ်တဆိတ် မကျေမချမ်းဖြစ်နေကြလျက်။

All Chapters