အခန်း (၆၉)
Vol. 6 Ch. 69
ချင်းရို့က သူမရဲ့ ကြွေခွက်ကြီးကို ယူလာခဲ့ပါသည်။ သူမ ဒီကိုရောက်ကတည်းက သူမရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ အနိုင်ရရှိခဲ့သည့် ပထမဆုံးရရှိတဲ့ဆုဖြစ်လေသည်။ ခွက်ပေါ်က ပန်းပွင့်နီနီကြီးကို ကြည့်ရင်း ၄င်းဟာ သူမကို ကံကောင်းစေတယ်လို့ ခံစားရသည်ပင်။
သူမ ခွက်အဖုံးကိုဖွင့်ကာ ရေတစ်ငုံသောက်လိုက်၏။
ချင်းရို့က သူမ ကြွေခွက်ကြီးနဲ့ သောက်နေတဲ့ပုံကို မှန်ထဲမှာ တစ်ခါက မြင်ခဲ့ဖူးပါသည်။ ထိုအချိန်တွင် သူမလည်း စကားတစ်ခွန်းကို တွေးမိသွားရသည်။
— လင်းသိုက်ယွီက ငိုနေတဲ့ မိုးမခပင်ကို ဇောက်ထိုးဆွဲထုတ်လိုက်တယ်။
(T/N: ဟာသဥာဏ်ရွှင်ပြီး ယုံကြည်မှုရှိပေမယ့် သွယ်လျ နူးညံ့တဲ့ အမျိုးသမီးလို့ပြောတာပါ။ လင်းသိုက်ယွီက ခန်းမဆောင်အနီရဲ့ အိမ်မက်ထဲက ဇာတ်ကောင်ပါတဲ့)
ဟင်း…
ဒီလောက်ကြီးတဲ့ခွက်ကြီး ဘယ်လိုလုပ်ပြီးရှိနိုင်တာလဲနော်။
အဲဒါကြောင့်ပဲ အရပ်မြင့်မြင့် ခပ်ချောချော ခင်ပွန်းကို သူမရှာတွေ့ခဲ့တာများလား?
ချင်းရို့ ရေကို အေးအေးဆေးဆေး သောက်နေပုံမှာ သူမဟာ နည်းနည်းမိမိုက်နေပြီး အထက်စီးဆန်(ရယ်စရာ) ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမကတော့ တခြားသူတွေရဲ့ အတွေးအမြင်တွေကို စိတ်ထဲမထားပါချေ။
အမှန်တကယ်တော့ မူကြိုဆရာမဖြစ်ဖူးသူတွေဟာ လူမှုဆက်ဆံရေး သိပ်မတော်ကြဘူးလေ။
ချင်းရို့ ဘေးကလူ: "…"
မိန်းကလေးအများစုက တံတွေးမျိုချကာ အကြည့်တွေလွှဲလိုက်ကြ၏။ သူတို့ထဲက တစ်ယောက်က အစက်အပြောက်ပုံစံ လက်တိုရှပ်အင်္ကျီကို ၀တ်ထားကာ မူလကတော့ သူမက တုန်လှုပ်နေရင်း ဘေးကလူတွေနဲ့ စကားပြောနေသေးသည်။
"ငါအရမ်းကြောက်နေပြီ၊ ငါ့အသံတုန်သွားရင် ဘယ်လိုလုပ်မလဲ?"
"ငါက လူတွေကိုတွေ့တာနဲ့ ကြောက်လွန်းလို့ စကားမပြောရဲတော့ဘူးဟ"
"အထဲမှာ စာမေးပွဲက ဘယ်လိုလဲမသိဘူးနော်"
"ငါ စာမေးပွဲမအောင်ဘူးဆိုတာ သေချာတယ်ဟာ။ စာမေးပွဲတွေကို အကြောက်ဆုံးပဲ..."
အစက်အပြောက်အဝတ်အစား ဝတ်ဆင်ထားသူရဲ့ ဘေးမှ အပြာဝတ်အမျိုးသမီးက သူမကို ဆက်တိုက်နှစ်သိမ့်ပေးနေကာ "မကြောက်ပါနဲ့ဟယ်၊ နင် ဝင်သွားပြီးရင် ဘာမှမစဥ်းစားနဲ့တော့ ဟုတ်ပြီလား?"
"ငါကြောက်လို့သေတော့မယ်ဟာ။ အခုတောင် အရမ်းတုန်နေပြီ"
"မကြောက်နဲ့တော့၊ နင်ကြောက်လို့ ငါပါကြောက်လာပြီဟာ..."
ချင်းရို့ မနေနိုင်တော့ဘဲ သူတို့နှစ်ယောက်ဘက်ကို တစ်ချက်ကြည့်မိသွားရ၏။ အစက်အပြောက်ဝတ်ဆင်ထားတဲ့ မိန်းကလေးက ပျာယာခတ်နေသလို စာအုပ်ကိုင်ထားတဲ့ သူ့လက်တွေကလည်း အမှန်တကယ်ပင် တုန်လှုပ်နေလျက်။
ထို့နောက် သူမရှေ့မှ ရယ်သံတစ်ခု ထွက်လာပြီး သေသပ်တဲ့ဆံမြိတ်ဆံပင်နှင့် မိန်းကလေးက လှောင်ပြောင်ကဲ့ရဲ့ဟန်ဖြင့် "နင် ဒီလိုပုံစံနဲ့ စာရင်းသွင်းဖို့လာတယ်ပေါ့"
ချင်းရို့ တိတ်ဆိတ်နေလျက်။
"ဟေ့ ပင်လယ်ပြာရောင်ရှပ်အင်္ကျီနဲ့တစ်ယောက် နင်က အရမ်းလှတာပဲ"
"ကျေးဇူးတင်ပါတယ်"
"နင့်အသံလည်း ကောင်းတယ်နော်၊ ငါတို့ စာမေးပွဲ အတူတူအောင်ရင် နင့်ရဲ့ အဝတ်တွေကို ငှားလို့ရမလား?"
ချင်းရို့: "…"
"ဒီနေ့ စာမေးပွဲအတွက် သူများဆီက ငှားထားတဲ့ အဝတ်တွေမို့လို့ ငါ နင့်ကို ငှားပေးလို့မရဘူး"
ယခုအချိန်တွင် စာမေးပွဲခန်းထဲ၌ တကယ့်ကို အရည်အချင်းရှိတဲ့လူတွေနဲ့ ပြည့်နှက်နေရုံသာမက အရေထူတဲ့လူတွေလည်း ရှိနေခဲ့ပေသည်။
အဆုံးတွင်မူ မည်သူက ကြေငြာသူဖြစ်မလဲဆိုတာ မသိရသေးပါချေ။
ချင်းရို့ရဲ့ ကံက သိပ်မဆိုးပါဘူးနော်၊
သူမက ၆ယောက်မြောက် ဖြေဆိုသူဖြစ်၍ စာမေးပွဲဖြေဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ အိမ်ပြန်ခဲ့လေသည်။
သူမ စောစောပြန်လာခဲ့ပြီး ကလေးတွေ အိမ်ပြန်မလာသေးတာကြောင့် oolong နို့လက်ဖက်ရည်တစ်ခွက်သောက်ဖို့ အချိန်ရခဲ့ကာ ခြံထဲမှာထိုင်ရင်း သူမ စိုက်ပျိုးရန် စီစဉ်ထားတဲ့ ပျိုးပင်တွေကို အသေးစိတ်မှတ်တမ်းပြုကာ အချိန်ဇယားတစ်ခုရေးနေခဲ့သည်။
သူမက အရိပ်ရသလား၊ အေးသလား၊ ပူသလား၊ စိုထိုင်းသလား စသဖြင့် အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို ရေးချထားခဲ့သည်။ ဇယားတစ်ခုကိုလည်း ရေးဆွဲကာ ရေလောင်းခြင်းနဲ့ မြေသြဇာထည့်ခြင်း...တို့အတွက် စာရင်းပြုစုထားပါသေးသည်။
သူမမှာ ဘာမှလုပ်စရာမရှိပေမယ့် ယခုလို စနစ်တကျ မှတ်တမ်းပြုစုထားတဲ့ စာရွက်စာတမ်းကိုတော့ အမှန်တကယ် ကြိုက်ပေသည်။
ထိုနေ့တွင် ဟွမ်ရှင်းရင် အစောကြီး အိမ်ပြန်ရောက်လာရာ ဘေးအိမ်က ချင်းရို့လက်ဖက်ရည်သောက်နေတာကို တွေ့လိုက်ရပြန်သည်။
ဒီနေ့က သူမ စာမေးပွဲသွားဖြေရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား?
စာမေးပွဲအောင်ခဲ့တာလား ဒါမှမဟုတ် စာမေးပွဲကျခဲ့တာလား? အခြေအနေက ဘယ်လိုများလဲ?
သူမက ဘာလို့များ လက်ဖက်ရည်သောက်ရတာ အရမ်းနှစ်ခြိုက်နေရတာလဲ?
ဟွမ်ရှင်းရင်က ချင်းရို့ဆီက ရထားတဲ့ လက်ဖက်ခြောက်ကို ရှာတွေ့ခဲ့ကာ တစ်ခွက်နှပ်လိုက်ပြီး လေမှုတ်၍ သောက်ကြည့်လိုက်၏။
အရသာလည်း သိပ်မရှိပါဘူး။
ဒါပေမယ့် သူမလည်း အဲဒီနေ့က ကန်တင်းမှာ စားဖို့ ဆုံးဖြတ်လိုက်ကာ သူမကိုယ်သူမ အားလပ်ရက်ပေးလိုက်တော့သည်။
***
"ဒေါ်လေး ဒေါ်လေး ဒေါ်လေး!!"
"ဒေါ်လေး စာမေးပွဲက ဘယ်လိုလဲ?!!"
လူတစ်ယောက်တည်းရဲ့ စာမေးပွဲဆိုသော်ငြား မိသားစုခြံဝင်းတစ်ခုလုံးရဲ့ ဂရုတစိုက်ရှိခဲ့တဲ့ စာမေးပွဲတစ်ခုပင်။ ချင်းရို့ မိသားစုခြံဝင်းသို့ အိမ်ပြန်လာချိန်မှာ သူမကို မြင်တဲ့လူတိုင်းက စာမေးပွဲအဆင်ပြေခဲ့သလား မေးခဲ့ကြလေ၏။ ဂိတ်တံခါးစောင့်တဲ့ လူကြီးတောင်မှ စပ်စုစွာ မေးမြန်းခဲ့ပါသေးသည်။
ယင်းသည်ကား ရှမင်ရှီး အပြင်ထွက်သွားတုန်းက "ငါ့ဒေါ်လေးက ဒီနေ့ စာမေးပွဲရှိတယ်၊ ကျေးဇူးပြုပြီး သူမကို ဂရုစိုက်ပေးကြပါဦး" လို့ ပြောခဲ့ခြင်းကြောင့်သာ။
ချင်းရို့က မူကြိုကလေးနှစ်ယောက်ရဲ့ အခြေအနေကို လေးလေးနက်နက် တွေးတောဖို့ရာ စိတ်မဝင်စားတော့ပေ။ ရှမင်ရှီးကျေးဇူးကြောင့် မူကြိုတစ်တန်းလုံးက သူ့ဒေါ်လေး စာမေးပွဲဖြေတော့မယ်ဆိုတာ သိသွားကြပေမည်။
"စာမေးပွဲက ဘယ်လိုလဲ?"
-- အဆင်ပြေပါတယ်။
ဒါပေမယ့် ဒီစကားတစ်ခွန်းအပြင် နောက်ထပ်ဘာများပြောနိုင်ဦးမှာလဲနော်။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ဘူးလို့ပြောပြန်ရင်လည်း ကျိုးနွံလွန်းတယ်လေ။ အဲ့ဒီအခါ စာမေးပွဲအောင်သွားခဲ့ရင် လူတွေက မင်းကို ဟန်ဆောင်တတ်သူလို့ ပြောကြလိမ့်မှာပဲ။ စာမေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့တယ်လို့ သူမပြောခဲ့ပြီး စာမေးပွဲမအောင်ခဲ့ရင် အရှက်ကွဲရလိမ့်မှာပေါ့။
"ဒေါ်လေး... မင်းရဲ့ စာမေးပွဲ…"
ကျင်းရိလေးတောင်မှ မေးလာတဲ့အခါ ချင်းရို့ အံ့အားသင့်သွားရ၏။
ကျင်းရိအတွက် သူမရဲ့ ဒေါ်လေးဆိုတဲ့ ဂုဏ်ပုဒ်ကပဲ မြင့်မားလွန်းနေတာကြောင့်လား၊ ဒါမှမဟုတ် ရှမင်ရှီးရဲ့ ဦးနှောက်ဆေးကျွမ်းကျင်လွန်းတာကြောင့်ပဲလားဆိုတာတော့ သူမလည်း မသိပါချေ။
ချင်းရို့ ကျင်းရိလေးကို ပွေ့ဖက်လိုက်ပြီး နမ်းလိုက်လေသည်။ ရှမင်ရှီးက သူလည်း အနမ်းလိုချင်ကြောင်း ပြောလေသဖြင့် ချင်းရို့က သူ့ကိုပါ အနမ်းပေးလိုက်ကာ ကြက်သွန်မြိတ်ပင်တွေကို ကြည့်ဖို့ ကလေးနှစ်ယောက်ကို အပေါ်ထပ်ဆီ ခေါ်သွားလိုက်သည်။
မူလက ညနေပိုင်းတွင် ကလေးနှစ်ယောက်စားဖို့အတွက် တစ်ခုခုချက်ပြုတ်ရန် သူမ စီစဉ်ထားခဲ့သော်လည်း မမျှော်လင့်စွာပင် လုယန် အိမ်ပြန်လာခဲ့ပြီး ဝက်ခြေထောက်တွေ ပြန်ယူလာခဲ့သည်။
"ရှင် ဘာလို့ပြန်လာတာလဲ?"
"တစ်ယောက်ယောက်နဲ့ ဂျူတီပြောင်းလိုက်တာ"
"မိန်းမ စာမေးပွဲအခြေအနေ ဘယ်လိုလဲ?"
ချင်းရို့: "…"
နောက်တစ်ယောက်ထပ်မေးပြန်ပြီဟ!
"အဆင်ပြေပါတယ်"
"ကောင်းတာပေါ့"
လုယန် ပြုံးလိုက်ကာ ယခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ သူအိမ်ပြန်လာရမယ်လို့ တွေးခဲ့သည်ပင်။ သူ့ဇနီးလေး စာမေးပွဲမအောင်ရင်လည်း သူမကို နှစ်သိမ့်ပေးနိုင်တာပေါ့။
ချင်းရို့ စိတ်အခြေအနေကောင်းနေတာကို မြင်လိုက်ရတော့ လုယန်လည်း စိတ်သက်သာရာရသွားသည်။ သူမ ဝတ်ထားတဲ့ ပင်လယ်ပြာရောင်ရှပ်အင်္ကျီကို မြင်လိုက်ရတဲ့အခါ သူ့မျက်နှာပေါ်က အပြုံးမှာ နက်ရှိုင်းလာလေ၏။
"ရှင် ကျွန်မကို ထပ်ပြီး စိုက်ကြည့်နေရင်တော့ ကျွန်မ ရှင့်ကို ဒီဒလိမ့်တုံးနဲ့ ရိုက်ပစ်လိုက်မှာနော်"
ချင်းရို့က သူ့ကို ခြိမ်းခြောက်တဲ့အကြည့်နဲ့ ပြောလိုက်လေသည်။
ဤအဖြစ်အပျက်ရဲ့ အကြောင်းရင်းသည်ကား ချင်းရို့က လုယန်ရဲ့ ရှပ်အင်္ကျီကို မနေ့တစ်နေ့ကပဲ ရှာတွေ့သွားခဲ့၍ အသစ်ဖြစ်ပြီး မဝတ်ရသေးသလို ချည်သားစစ်စစ်ဖြစ်တာကြောင့် ညအိပ်ဝတ်စုံအဖြစ် အသုံးပြုနိုင်ကြောင်း သူမတွေ့ရှိခဲ့သည်။