← Chapters

အခန်း (၇၁)

Vol. 6 Ch. 71

အခန်း (၇၁)

Vol. 6 Ch. 71

ဝမ်လိချွမ်းက ချင်းရို့ကို မကျေမနပ် ကြည့်နေခဲ့၏။ သူမ ဝင်ခွင့်အောင်ခဲ့သော်လည်း နံနက်ခင်းအစီအစဥ်ကို တာဝန်ကျခဲ့သည်။

သူတို့နှစ်ယောက်က အသစ်လေးတွေဖြစ်၍ နံနက်ခင်း နဲ့ နေ့လယ်ပိုင်းကိုသာ ရွေးချယ်ခွင့်ရခဲ့လေသည်။ အတွင်းရေးမှူးက ချင်းရို့ကို အရင်ရွေးခိုင်းသည့်အခါ သူမက "နေ့လည်ပိုင်း" လို့ ပြောလိုက်၏။

ထို့ကြောင့် ဝမ်လိချွမ်းလည်း နံနက်ခင်းအစီအစဉ်ကိုသာ ရွေးချယ်နိုင်ခဲ့လေသည်။ နံနက်ခင်း ထုတ်လွှင့်ချိန်မှာ ၅နာရီမှာ စတင်မည်ဖြစ်၍ သူမ ၄နာရီကတည်းက ပြင်ဆင်ရမည်ဖြစ်သည်။ အနာဂတ်မှာ သူမကတော့ ကြက်တွေထက်တောင် ပိုစောစောထရတော့မှာပဲ!

သူမက ချင်းရို့နှင့် ပြောင်းချင်ပေမယ့် ချင်းရို့က ငြင်းဆိုလိုက်၏။

"အစ်မချင်းရို့ နင် ဘာလို့ ငါ့ကို ခွင့်မပြုတာလဲ? မနက်ဆို ငါ အိမ်မှာ လုပ်စရာတွေရှိတယ်။ ငါ့အမေက ခါးနာတတ်လို့ သူမကို ပြုစုဖို့ အိပ်ရာထရမယ်။ မနက်တိုင်း ငါက…"

ချင်းရို့: "…"

"ကြေညာသူ စာမေးပွဲဖြေတုန်းက မနက်အလုပ်ဆင်းရမယ်လို့ နင် မတွေးထားဘူးလား?"

ဝမ်လိချွမ်း: "ဒီလောက်စောမယ်လို့ မမျှော်လင့်ထားမိဘူး"

"အစ်မချင်းရို့ ကျေးဇူးပြုပြီး ငါ့ကိုကူညီပါနော်"

ချင်းရို့မှာ သနားစာနာစိတ်လုံးဝမရှိပါဘူးနော်။ ပထမဆုံးအနေနဲ့ သူမက ဒီအမျိုးသမီးကို မယုံသလို သူမရဲ့နှလုံးသားမှာလည်း သံမဏိလို မာကြောစွာဖြင့်

"နင် ဒီအလုပ်အခွင့်အလမ်းကို မလိုအပ်ရင် အဲ့ဒီနေ့က နင်နဲ့ စကားပြောခဲ့တဲ့ လူတွေလိုမျိုး တခြားသူတွေကို ပေးနိုင်တယ်လေ"

"နင်က စာမေးပွဲမှာ ဒုတိယနေရာကို ရခဲ့တာဆိုတော့ အရမ်းတော်တာပဲဟာ။ စောစောထစရာမလိုတဲ့ တခြားအလုပ်ကို ရှာနိုင်မှာပဲ၊ နင့် အရည်အချင်းကို ငါ ယုံပါတယ်နော်"

ချင်းရို့က သူမရဲ့ပခုံးကို ပုတ်လိုက်ပြီးနောက် ပျော်ရွှင်စွာ စက်ဘီးစီးရင်း အိမ်ပြန်ခဲ့သည်။

သူမကို ဘယ်သူက ပထမနေရာ ရစေခဲ့တာလဲနော်။

***

ချင်းရို့ ကြေညာသူအဖြစ် ဝင်ခွင့်ရသွားပြီဆိုတဲ့အကြောင်းမှာ မိသားစုခြံဝင်းတစ်ခုလုံး သတင်းပျံ့နှံ့သွားသဖြင့် လူတိုင်းက သူမအား ချီးကျူးဂုဏ်ပြုကြလေ၏။ ချင်းရို့လည်း အုန်းသီးကောက်ညှင်းကိတ်အချို့ ပြုလုပ်ကာ အိမ်နီးချင်းများစွာထံ ပို့ပေးခဲ့ပါသည်။ ဥပမာဆိုရသော် ဘေးအိမ်က ကျန်းမိသားစုပေါ့။

နောက်ဆုံးမှာတော့ ချင်းရို့က အလုပ်တစ်ခုရသွားပြီဖြစ်၍ နေ့တိုင်း အိမ်မှာ လက်ဖက်ရည် သောက်တော့မှာမဟုတ်လို့ သူ့ဇနီးကို စိတ်အနှောင့်အယှက်မပေးနိုင်တော့ဘူးလို့ မစ္စတာကျန်း တွေးနေမိရင်း လွန်စွာ ပျော်ရွှင်နေခဲ့၏။ သူ့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ ပြန်စတော့မှာပဲ။

ရဲဘော်ရှောင်ချင်း အလုပ်များပါစေကွာ!

"ရှောင်ရင်ရေ စားကြည့်ပါဦး၊ ရှောင်ချင်းလုပ်ထားတဲ့ ကိတ်က တကယ်ကောင်းတယ်ကွာ"

ဟွမ်ရှင်းရင်က သူ့လောက်မပျော်ပါချေ။ ရှောင်ချင်းက ကြေညာသူဖြစ်သွားတော့ သူမတို့ကျောင်းမှာ ဆရာမ မဖြစ်တော့ဘူးပေါ့။

တကယ့်ကို စိတ်ပျက်စရာပဲ။

ချင်းရို့ကို အဆင့်ပိုနိမ့်တဲ့ တရုတ်ဘာသာစကားဆရာမဖြစ်လာပြီး ဆိုးသွမ်းတဲ့ကလေးတွေကြောင့် စိတ်တိုဒေါသထွက်ကာ ငိုယိုတာကို သူမ မြင်ချင်ခဲ့တာလေ။

နောက်ပြီးတော့ ဘေးအိမ်က တူလေးနှစ်ယောက်လည်း အရမ်းထူးဆန်းကြတာပဲ... ဟွမ်ရှင်းရင်က သူတို့ကို ဘယ်လိုဖော်ပြရမှန်းမသိတော့ချေ။

တစ်ယောက်က တိတ်ဆိတ်လွန်းတယ်... နောက်တစ်ယောက်ကတော့... ပြောဖို့ခက်လိုက်တာ။

တစ်ခုတည်းသောအားသာချက်မှာ သူက အကောင်းမြင်စိတ်ရှိပြီး ငိုရတာ မကြိုက်သူပင်။ သူမကတော့ အဲ့ဒီကလေးလေး ငိုတာကို တစ်ခါမှ မမြင်ဖူးသလို ကလေးငယ်က ချင်းရို့ကျွေးသမျှကို စားတတ်သည်။

ဟွမ်ရှင်းရင်: "…"

ဟွမ်ရှင်းရင်မှာ သူ့သားနဲ့ အတန်းထဲက လူဆိုးကောင်လေးတွေအကြောင်း တွေးမိသွားရင်း သူမဟာ ဘာလို့များ သူမကို စိတ်သက်သာရာရစေမယ့် ကလေးတွေနဲ့ မဆုံရတာလဲလို့ စဥ်းစားနေမိလျက်။

ဟွမ်ရှင်းရင် ပိုလို့တောင် လက်မခံနိုင်တဲ့အရာမှာ ဘေးအိမ်က ရှောင်ချာကျင်းဟာ အလုပ်လုပ်နေပြီဖြစ်တာတောင်မှ မနက်တိုင်း ခြံထဲမှာ လက်ဖက်ရည်သောက်နေတုန်းပဲ!

သူမ ကျောင်းကပြန်လာချိန်မှာလည်း သူမက နေ့လည်ခင်း လက်ဖက်ရည်သောက်နေသေးတယ်။ လက်ဖက်ရည်သောက်ရုံသာမက ရုရှားဝတ္ထုတွေတောင် ဖတ်နေသေးတယ်ဟ!

လုယန် စောစောပြန်လာရင် သူ မြန်မြန်ရေချိုးပြီး သန့်ရှင်းတဲ့အင်္ကျီ ဝတ်လိမ့်မယ်။ သူတို့လင်မယားနှစ်ယောက်က ပင်လယ်ပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားကြပြီးတော့ ကောက်ရိုးထီးအောက်မှာ ဝတ္ထုတွေ ဖတ်ကြလိမ့်မယ်။ ချင်းရို့က မသိတဲ့စကားလုံးတွေ့ရင် လုယန်ကို မေးတဲ့အခါ သူက ရှင်းပြပေးလိမ့်မယ်။ ပြီးရင် သူတို့နှစ်ယောက်သား စကားစမြည်ပြောကြလိမ့်မယ်။

လူငယ်စုံတွဲက တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်စွာ ပြုံးကြည့်နေကြပြီး ဘေးအိမ်မှ ဟွမ်ရှင်းရင်ကို တွေ့တဲ့အခါ နှုတ်ဆက်ဖို့ အစပြုပေမည်။

"မင်္ဂလာပါ မရီး"

ဟွမ်ရှင်းရင်: "…"

ဒါဟာ အဆုံးမရှိနိုင်တော့ဘူးလား?!

ဟွမ်ရှင်းရင်က လုယန်ရဲ့ အခြေအနေကို စုံစမ်းမေးမြန်းပြီးနောက် သူမက ချင်းရို့ ကိုယ်ဝန်မြန်မြန်ရလာဖို့ စောင့်မျှော်နေကာ ဖြစ်နိုင်ရင် ယောက်ျားလေးတစ်ဦး မြန်မြန်မွေးဖွားလာရင် အကောင်းဆုံးပဲဆိုပြီး မျှော်လင့်နေလျက်။

ဟွမ်ရှင်းရင်က ယောက်ျားလေးတစ်ဦးကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသဖြင့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ သူမ သိသလို ဘေးအိမ်က ရှောင်ချာကျင်းကိုလည်း ထိုအရသာကို မြည်းစမ်းကြည့်စေချင်ခဲ့သည်။

သူမ မျက်လုံးတွေကို မှိတ်ထားတဲ့အခါ စိတ်ထဲပေါ်လာတာကတော့ တိမ်တိုက်ဖြူဖြူတွေနဲ့ ကောင်းကင်ပြာပြာကြီး နောက်ခံတို့ဖြင့် ကောက်ရိုးထီးအောက်မှာ အေးအေးလူလူထိုင်နေတတ်တဲ့ ချင်းရို့ဟာ သူမအရှေ့က အုန်းပင်တွေကို အေးအေးဆေးဆေးကြည့်နေသည်မှာ ပန်းချီကားတစ်ချပ်နှယ် လှပနေလေသည်။

ဟွမ်ရှင်းရင်က ဘယ်လိုမျိုး မကျေမနပ်ဖြစ်နေသလဲဆိုတာကို မပြောတတ်ပေ။

ညောင်ပင်အောက်မှာ ဝတ္ထုတွေထိုင်ဖတ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးပေမယ့် အဲဒါက တော်တော်ကြာခဲ့ပြီလေ။

(T/N: ဟွမ်ရှင်းရင်က အရင်တုန်းက သူမလည်း အဲ့လိုပုံစံဖြစ်ခဲ့တယ်လို့ ပြောချင်တာ၊ အခု ယောကျ်ားယူ ကလေးမွေးပြီးသွားတော့ အဲ့လိုမနေရတော့ဘဲ ချင်းရို့ကို ဒီလိုပုံစံမျိုးတွေ့တော့ သူမနာလိုဖြစ်နေတာနေမယ်)

အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာလိမ့်မှာပါပဲ။ သူမက ထိုလုပ်ငန်းစဉ်ကို အရှိန်မြှင့်ချင်ခဲ့ရုံသာ။

လုယန် ပြန်ရောက်သည့်နေ့တွင် ဟွမ်ရှင်းရင်က ကမာ၊ ခုံး၊ ပင်လယ်ခရုတို့ကြော်ထားတဲ့ ပန်းကန်လုံးတစ်လုံး နဲ့ ဝက်သားကြော် ပန်းကန်သေးတစ်ပန်းကန်တို့ကို ချင်းရို့အိမ်သို့ ပို့ပေးခဲ့သည်။

"ငါ့လက်ရာကို မြည်းကြည့်ပါဦး"

ဟွမ်ရှင်းရင်က လင်မယားနှစ်ယောက်နဲ့ စကားစမြည်ပြောပြီးနောက် ချင်းရို့ကို အမှတ်တမဲ့ သတိပေးဟန်ပြုကာ

"လက်ဖက်ရည်ပြင်းပြင်းတွေ လျှော့သောက်နော်၊ ကလေးရှိနေပြီဆိုရင် ကလေးအတွက် မကောင်းဘူးလေ"

"နင်တို့နှစ်ယောက် ကလေးယူဖို့ မြန်မြန်လုပ်သင့်တယ်"

ကလေးမွေးပြီးသွားရင် ပဋိပက္ခတွေ အမျိုးမျိုးရှိလာမှာပဲ!

ချင်းရို့: "?!"

မိသားစုခြံဝင်းထဲက လူတွေက အရမ်းကို စိုးရိမ်တတ်ကြတာပဲနော်။ အရင်တုန်းက သူမကို အလုပ်ရှာဖို့ တိုက်တွန်းခဲ့ကြတယ်၊ အခုလည်း ကလေးမွေးဖို့ တိုက်တွန်းနေကြပြန်ပြီ!

အဖွဲ့အစည်းက ပါတနာတွေရှာပေးတယ်၊ ဒိတ်အတွက်လည်း စီစဥ်ပေးတယ်၊ အခု သူတို့ကို ကလေးယူဖို့ပါ တိုက်တွန်းနေပြီလားကွာ!!

လုယန်: "!!!"

မိသားစုထဲမှာ ကလေးနှစ်ယောက် ရှိနေသေးတော့ လုယန်လည်း လောလောဆယ် ကလေးမလိုချင်သေးပေ။ နောက်ဆုံးမှာတော့ သူက သူ့ဇနီးလေးနဲ့ ဇနီးမောင်နှံအဖြစ် ဘဝကို ပျော်မွေ့ချင်နေသေးတာလေ။

လုယန် ပြုံးလျက် "ငါ့မိန်းမနဲ့ ကလေးမယူခင် နှစ်နှစ်သုံးနှစ်လောက် စောင့်ချင်သေးတယ်"

ချင်းရို့လည်း သဘောတူစွာဖြင့် "ငါရောပဲ အလျင်မလိုပါဘူးဟာ"

သူတို့နှစ်ယောက်စလုံး အချိန်တစ်ခုလောက်အထိ ကလေးမယူချင်ကြသေးပါဘူး။

"ဘာလို့လဲ-"

ဟွမ်ရှင်းရင်က ပြောနေရင်း ချက်ချင်းဆိုသလို သူမအမူအရာ ကွဲအက်သွားရကာ

"ကလေးရှိတာက အရမ်းကောင်းပါတယ်၊ လင်နဲ့မယားကြားက ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်လေ၊ နင်တို့ကိုယ်ပိုင်သားသမီးတွေ မလိုချင်ဘူးလား?"

ချင်းရို့: "…"

လုယန်: "…"

ဟွမ်ရှင်းရင်က ဘေးအိမ်က လုမိသားစုနဲ့ အချိန်အတော်ကြာ စကားပြောပြီးနောက် သက်ပြင်းအရှည်ကြီးချကာ အိမ်ပြန်သွားတော့သည်။ သူတို့နှစ်ယောက်စလုံး အချိန်တစ်ခုအထိ ကလေးမယူချင်သေးဘူးဆိုပြီး ဇွတ်ငြင်းနေခဲ့သည်လေ။

ဒါက အရမ်းဝမ်းနည်းစရာကောင်းတာပဲ။

All Chapters