အခန်း (၇၂)
Vol. 6 Ch. 72
ခင်ပွန်းဖြစ်သူ ကျန်းချန်ပေ့က အနှီအဖြစ်အပျက်ကို အလွန်မကျေနပ်သဖြင့်
"မင်း ဘေးအိမ်က မိသားစုကို အရမ်းကြီးဂရုစိုက်နေတာပဲကွာ၊ ရဲဘော်လုရဲ့ အခြေအနေကိုလည်း သွားမေးနေပြီးတော့ သူ့မိသားစုဆီ စားစရာတောင် ပို့ပေးနေတယ်"
ကျန်းချန်ပေ့ မကြာသေးမီကပင် မပျော်ရွှင်ခဲ့ပေ။ သူ့ရဲ့ နိုင်ငံရေးအရာရှိအဖွဲ့ဝင် လောင်လျိုက အလုပ်ကိစ္စဖြင့် ကွမ်ချန်သို့ ခရီးသွားရ၍ သူ့ဇနီးဖြစ်သူ လီချင့်ဟွားကိုပါ ခေါ်သွားခဲ့သည်။
ကျန်းချန်ပေ့မှာ လောင်လျိုက သူ့ရဲ့ ပျင်းရိတဲ့ဇနီးသည်ကို သူ့မွေးရပ်မြေသို့ ပြန်ပို့တော့မယ်လို့ လျှို့ဝှက်စွာတွေးခဲ့ပေမယ့် သူတို့က ပျော်ရွှင်ပြီး ပြန်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ပါချေ။
သူပြန်လာပြီးနောက် သူ့မျက်နှာက ချစ်ခြင်းမေတ္တာတို့ဖြင့် ထုံလွှမ်းနေကာ ကွမ်ချန်ရှိ ရုပ်ရှင်ရုံမှာ သူတို့ဇနီးမောင်နှံက ရုပ်ရှင်တစ်ကား သွားကြည့်ခဲ့ကြောင်း၊ ထမင်းလိပ်စားဖို့အတွက် အစိုးရပိုင်စားသောက်ဆိုင်ကိုလည်း သွားခဲ့ကြောင်း ပြောပြလာခဲ့သည်။
အရင်တုန်းက ကျန်းချန်ပေ့ဟာ လောင်လျိုအရှေ့မှာ သူ့ရဲ့အလိမ္မာဇနီးသည်အကြောင်း ကြွားဝါလေ့ရှိခဲ့ပေမယ့် အခုတော့ အလုပ်မဖြစ်တော့ပေ။ လောင်လျိုက သူ့ရဲ့ ပျင်းရိတဲ့ဇနီးနဲ့အတူတူ ရုပ်ရှင်သွားကြည့်ပြီးတဲ့နောက် ပီယဟင်းချိုသောက်ထားခဲ့သလိုမျိုးဖြစ်နေသည်ပင်။
သူ့မိသားစုနှင့် ပတ်သက်တဲ့ကိစ္စတွေကို ဘယ်လိုပဲပြောပြနေပါစေ၊ အဲဒီနေ့က သူက သူ့ဇနီးနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့တာ၊ ရုပ်ရှင်က ဘယ်လိုဆိုတာတွေ၊ လေထုက ဘယ်လိုဖြစ်နေတာ ဆိုပြီး ဝမ်းသာအားရ ပြောပြနေတတ်သည်။
ကျန်းချန်ပေ့ကတော့ ထိုစကားတွေကို ကြားပြီးနောက် အလွန်စိတ်မသက်မသာခံစားနေခဲ့ရလျက်။
- ရုပ်ရှင်ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းလို့လားကွာ?
သူ့စိတ်ထဲမှာ လှောင်ရယ်နေလျက်။ ကျန်းချန်ပေ့က ရုပ်ရှင်သွားကြည့်ရတာ ကောင်းတယ်လို့ တစ်ခါမှမတွေးခဲ့ဘူးသလို ကန့်လန့်ကာအဖြူရောင်စခရင်ကြီးတစ်ခုက မြင်ကွင်းတစ်ခုလုံးကို ပြည့်နေသည်လေ။ သူတို့တွေက စခန်းမှာလည်း တွေ့နေရတာပဲ မဟုတ်လား? အဲ့ဒါကို လူငယ်စုံတွဲတွေတောင်မှ ရုပ်ရှင်သွားကြည့်ကြတယ်။
သို့သော် လောင်လျိုက အချိန်တိုင်းပြောနေတဲ့အခါ သူ သည်းမခံနိုင်တော့ပါချေ။ သူပြောတိုင်း သူ့မျက်နှာက ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို တွေ့လိုက်ရသလိုပင် တင်းမာလာခဲ့၏။
ဒီလိုနဲ့ ကျန်းချန်ပေ့က ဘေးအိမ်က လုယန်ကို သူ့မိန်းမနဲ့ ရုပ်ရှင်သွားကြည့်ဖူးလားလို့ မေးလိုက်၏။
နာရီဝက်ကြာပြီးနောက် ကျန်းချန်ပေ့မှာ လူမှားမေးမိခဲ့ကြောင်း သိလိုက်ရပေသည်။
- သူ ဘာလို့များ လုယန်ကို မေးမိတာလဲကွာ။
သူတို့အားလုံးက သူတို့ဇနီးတွေနဲ့အတူ ရုပ်ရှင်သွားကြည့်ကြတာ ဘာကြောင့်များ ဒီလိုကြွားဝါနေကြတာလဲဟေ!
သူ သည်းမခံနိုင်တော့ဘူးဟ! အသက်ရှူကျပ်သလို ခံစားနေရပြီ။
သူက ဟွမ်ရှင်းရင်ကို ကွမ်ချန်မှာ ရုပ်ရှင်အတူတူကြည့်ဖို့ အဆိုပြုရုံကလွဲလို့ ရွေးချယ်စရာမရှိပေမယ့် သူမဆီက ဆူပူကြိမ်းမောင်းခံရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
"ရှင် နေမကောင်းဘူးလား? ကျွန်မတို့က ဘာလို့ ဒီလောက်အဝေးကြီးကို သွားရမှာလဲ၊ ဒုက္ခများတယ်လို့ မထင်ဘူးလား?"
ကျန်းချန်ပေ့က မရမကပြောဆိုကာ "ငါကတော့ ဒါကို ဒုက္ခများတယ်လို့မထင်ပါဘူး"
"ကောင်းပြီ၊ ရှင်က ဒုက္ခများတယ်လို့မထင်ဘူးဆိုရင်လည်း ဒါဆို ကျွန်မကို ပင်လယ်စာတွေ ကူဆေးပေးလေ"
ကျန်းချန်ပေ့: "…"
"သွားလေ၊ ရှင် ဘာလို့ မသွားတာလဲ?"
သူ့ရဲ့ အသက်ရှင်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီပဲ!
*
ကြေငြာသူဖြစ်လာပြီးနောက် ချင်းရို့ရဲ့ နေ့ရက်များဟာ ယခင်ကထက် ပိုမိုအလုပ်များလာခဲ့ရ၏။ သူမ မနက်အိပ်ရာထပြီးနောက် ကြက်ကလေးတွေကို အစာကျွေးပြီး အပင်တွေကို ရေလောင်းရသည်။
နံနက်စာ စားပြီးတဲ့အခါ ကလေးနှစ်ယောက်ကို ကျောင်းပို့ကာ ခြံကို သန့်ရှင်းသေသပ်စေပြီးမှ ကောက်ရိုးထီးအောက်မှာထိုင်၍ လက်ဖက်ရည်ပူပူလေး သောက်နေလျက် စာမူတွေကို လှန်ကြည့်နေခဲ့သည်။
ချင်းရို့ အလုပ်စဝင်ခါစက မရင်းနှီးတဲ့အရာများစွာ ရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာဖြင့် ဤခေတ်ကာလ၏ ရုပ်သံလွှင့်လုပ်ငန်းမှာ တကယ်ပင် ရိုးရှင်းလှသည်။
ချင်းရို့က ပိုမိုခေတ်မီတဲ့နေရာကနေ လာခဲ့သူမို့ ဒီလိုစက်ကိရိယာဟောင်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သင်ယူရတာ လွယ်ကူမြန်ဆန်နေခဲ့သည်။
- သူမက စက်ကိရိယာအမှားတွေကိုတောင် ကူရှာပေးနိုင်ခဲ့ပါသေးတယ်။
ဒါတွေဟာ လက်တွေ့အရည်အချင်းတွေပဲဖြစ်လေရဲ့!
ဝန်ထမ်းတွေအားလုံးက သူမကို ချီးကျူးကြလေသည်။
"ထက်မြက်ပြီးတော့ အံ့သြစရာကောင်းလိုက်တာ!"
"ရှောင်ချင်းက အရည်အချင်းရှိလွန်းတယ်နော်၊ ထူးချွန်တဲ့ကြေငြာသူတစ်ယောက်ပဲ။ သူမရဲ့ စာပေအစီအစဉ်က အရမ်းကောင်းသလို ပထမဆုံးအကြိမ် ထုတ်လွှင့်မှုကလည်း တုံ့ပြန်မှုအရမ်းကောင်းတယ်"
သူမနှင့် နှိုင်းယှဥ်ပါက ဝမ်လိချွမ်းမှာ မနည်းအမှီလိုက်ဖို့ရာ ရုန်းကန်နေရလျက်။
မူလကတော့ ဝမ်လိချွမ်းဟာ သူမရဲ့ ထက်မြက်တဲ့ အရည်အချင်းတွေကိုသုံးပြီး ချင်းရို့ကို ကျော်တက်ရန် တွေးထားခဲ့သဖြင့် သူမ စစချင်းရောက်လာတာနဲ့ ကျိုးနွံတဲ့ စကားများစွာ ပြောခဲ့သေးသည်။
"ငါက ချင်းရို့နဲ့ မယှဥ်နိုင်ပါဘူးဟာ"
"ချင်းရို့က အရမ်းတော်တာလေ၊ သူမက စာမေးပွဲမှာ ပထမနေရာရခဲ့တာ"
"သူမက သူမရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဝင်ခဲ့တာလေ၊ ငါကတော့ ကံကောင်းသွားလို့ပါပဲဟယ်၊ ကံအကောင်းလွန်သွားခဲ့တာပါပဲ"
အစပိုင်းတွင်မူ အသံလွှင့်ရုံရှိ လူများက သူမကို နှစ်သိမ့်ပေးခဲ့ကြ၏။
"ကံကောင်းရုံနဲ့ ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲဟယ်၊ နင်က အရည်အချင်းရှိလို့ပဲပေါ့"
ရလဒ်က နောက်မှလာသည်ပင်။
ဝမ်လိချွမ်းက တခြားသူတွေ သီးသန့်ပြောတာကို ကြားခဲ့ရသည်မှာ -
"သူမက တကယ်ပဲ သူမရဲ့ အရည်အချင်းနဲ့ ဝင်လာတာ ဟုတ်ပုံမရဘူးနော်"
"အေးလေ အေးလေ၊ ရှောင်ချင်းက အရမ်းတော်ပြီး စိတ်ချရတဲ့ အရည်အချင်းလည်းရှိပါ့ဟယ်၊ ပြီးတော့ သူ့သဘောထားကလည်း လေးနက်နေတာပဲနော်"
"တချို့လူတွေက တစ်ကြိမ်လောက် ကံကို အားကိုးနိုင်ပေမယ့် အချိန်တိုင်း ကံကောင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"အဲဒါက…"
"အဲဒီနေ့က သူမက ခြေချော်ပြီး ကံကောင်းခြင်းကို နင်းမိသွားတာနေမှာပေါ့ဟယ်"
ဝမ်လိချွမ်းရဲ့ မျက်နှာမှာ အရုပ်ဆိုးလာလျက်။ အဲဒါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ကျောက်တုံးပစ်ချမိသည့်နှယ်။
အရင်တုန်းကတော့ ဝမ်လိချွမ်းက သူ့ထက်နိမ့်ကျတဲ့ လူတွေရှေ့မှာ တမင်တကာ ကျိုးနွံဟန်ဆောင်ရတာကို သဘောကျသလို သူတို့ ဒီလိုပြောကြတာကိုလည်း နှစ်ခြိုက်၍ပင် -
"မဖြစ်နိုင်လိုက်တာ၊ နင်က ငါ့ထက် အများကြီးသာတာကို။ နင်က ဒီလိုပြောနေရင်တော့ ငါက ဘယ်လိုနေရမှာလဲဟာ?"
ဒီလိုနဲ့ပဲ ဝမ်လိချွမ်းဟာ ရှင်းပြလို့မရတဲ့ ကျေနပ်မှုကို ရပေလိမ့်မည်။
သူမဟာ ရည်ရွယ်ချက်ရှိရှိ အရည်အချင်းမပြည့်မီသလို ဟန်ဆောင်ရတာကိုလည်း နှစ်ခြိုက်သူပင်။ အမှန်တကယ်တော့ သူမက အမြဲပြင်ဆင်ထားပြီးသားဖြစ်သလို အရေးအကြီးဆုံး အခိုက်အတန့်တွေမှာသာ လူတွေရဲ့အထင်ကြီးမှုကို ရယူဖို့အတွက် အသုံးပြုပေမည်။
နောက်ဆုံးတွင်မူ သူမဟာ ကံကောင်းလို့ပါပဲဆိုပြီး ပေါ့ပေါ့ပါးပါး ပြောပေလိမ့်မည်။
- သို့သော် တစ်ယောက်ယောက်က အမှန်ပင် သူမထက် ပိုတော်လာတဲ့အခါမှာတော့ သူမကိုယ်သူမ တမင်တကာ နှိမ့်ချထားတဲ့ စကားတွေဟာ တကယ့်အဖြစ်မှန် ဖြစ်လာချေပြီ။
ဝမ်လိချွမ်း ကူကယ်ရာမဲ့သလို ခံစားနေရကာ ဒေါသအလွန်ထွက်နေရလေပြီ။