အခန်း (၇၄)
Vol. 7 Ch. 74
ချင်းရို့က အစ်မဖြစ်သူ မိသားစု ရောက်လာတော့မှာကို သိလိုက်ရလို့ ပျော်ရွှင်နေလေပြီ။ သူမက သူမတူလေး ချန်ကျင်းရိကို ပွေ့ဖက်ကာ နမ်းလိုက်ရင်း
"ငါတို့ကျင်းရိလေးရဲ့ မိဘတွေ လာနေပြီဟေ့"
"အမေ...အမေ?"
"ဒေါ်လေး!"
ချင်းရို့ ထွက်လာချိန်တုန်းက သူမရဲ့ အစ်မဖြစ်သူနဲ့ သတို့မိသားစုကို ဓာတ်ပုံရိုက်ယူခဲ့ပြီး ကျင်းရိလေးကို မကြာခဏဆိုသလို မှတ်မိအောင် သင်ပေးခဲ့သဖြင့် ကလေးဟာ သူ့မိဘတွေကို မှတ်မိနေဆဲ။
ချင်းရို့က အစ်မဖြစ်သူနဲ့ ခဲအိုတို့ရဲ့ အလုပ်ကို ပြောင်းစေချင်သေးသော်လည်း အရင်ကလောက် မပြင်းထန်တော့ပေ။ ချင်းရို့က ကျောင်းအုပ်ဝူမင်ထံ သွားမေးထားခဲ့ပေမယ့် သူမဖက်က သတင်းတစ်ခုကို ရထားခဲ့သည်။ ကျွန်းပေါ်မှာ ပညာရေးနှင့် ပတ်သက်ပြီး အရင်းအမြစ် နည်းပါးလှသလို ဆရာ၊ ဆရာမကောင်းတွေလည်း ရှားပါးလာခဲ့ပါသည်။
"သူ့ကို အထက်တန်းဂျူနီယာအတန်းမှာ ဆရာလုပ်ဖို့ စီစဉ်ပေးလို့ရတယ်"
"မင်းရဲ့ခဲအိုက အထက်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆို လုံလုံလောက်လောက် တော်နေပါပြီ"
၁၉၇၁ခုနှစ် နိုဝင်ဘာလလယ်တွင် သူတို့ ကျွန်းပေါ် ရောက်ခဲ့သည်မှာ သုံးလရှိပြီဖြစ်သည်။ အခြားသောနေရာများတွင် အပူချိန်ဟာ ဂဏန်းတစ်လုံးစာလောက် နိမ့်ကျနေပေမယ့် ချုံကျိုးကျွန်းတွင်မူ အလွန်သက်တောင့်သက်သာရှိတဲ့ ရာသီတစ်ခု ရောက်လာခဲ့ပြီ။
သူတို့တွေက စကတ်နှင့် အင်္ကျီလက်တိုတွေကို ၀တ်ဆင်နိုင်သေးတယ်... ပြောရရင်တော့ အခြားနေရာတွေရဲ့ နွေရာသီနဲ့ ဆင်တူလေ၏။
အပူချိန်က မြင့်နေပေမယ့် ပင်လယ်လေ တိုက်ခတ်နေသဖြင့် လူတစ်ယောက်ဟာ နေရောင်နှင့် မထိတွေ့သရွေ့ အပူဒဏ်ကို ခံစားရမည်မဟုတ်ပေ။
မိသားစုအဖွဲ့ဝင်တစ်ချို့ကတော့ ဇူလိုင်နှင့် သြဂုတ်လတွေမှာ ပူအိုက်တယ်လို့ ခံစားကြသော်လည်း ချင်းရို့ကမူ လုံးဝမခံစားရပါချေ။ အမှန်တကယ်တော့ ချင်းရို့ဟာ ရှန်းကျန့်မှာ ကြီးပြင်းခဲ့သူမို့ ရှန်းကျန့်နဲ့ ကွမ်ချန်တို့ရှိ နွေရာသီမှာ လေမတိုက်ခတ်ဘဲ တကယ့်ကို ပူအိုက်လေသည်။
လူတော်တော်များများဟာ လေအေးပေးစက်မရှိဘဲ ရှင်သန်မနိုင်ကြပေ။
လူတွေက အချိန်အတော်ကြာ အပူဒဏ်ကို ခံလာရသည့်အခါ အပူဒဏ်ခံနိုင်ရည် တိုးတက်လာမည်ပင်။
ချင်းရို့မှာ တစ်ချိန်က ရှန်းကျန့်၌ သုံးလကြာနေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် သူမက နွေရာသီကို ကုန်ဆုံးရန်အတွက် မွေးရပ်မြေသို့ ပြန်သွားခဲ့ကြောင်း ပြောပြခဲ့ပါ၏။ သူမရဲ့အဖေက ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ လေအေးပေးစက်မဖွင့်၊ ပန်ကာမဖွင့်တဲ့ သူမကို အိမ်မှာတွေ့ရတဲ့အခါ အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး သူမကို ကြည့်ခဲ့တယ်လို့ ဆိုလေသည်။
"မပူဘူးလား?"
"...မပူပါဘူး"
ချင်းရို့ ကောလိပ်တက်တုန်းက ချုံကျိုးကျွန်းမှ အတန်းဖော်တစ်ယောက်နဲ့လည်း ဆုံခဲ့ပါသေးသည်။ သူမက တုန်တုန်ယင်ယင်နဲ့ ပြောလေရဲ့။
"ကွမ်ချန်ရဲ့ ဆောင်းရာသီက အရမ်းအေးတာပဲဟာ..."
"ငါ မရှင်သန်နိုင်တော့ဘူးဟယ်"
အနွေးထည်မဝတ်ဘဲ ခြေထောက်မဖုံးတဲ့ဝတ်စုံကို ၀တ်ဆင်ထားဆဲ ချင်းရို့: "???"
အတိုပြောရသော် စီချွမ်ခွေးတွေက နေကို ဟောင်ကြပြီး ကန်တုံခွေးတွေက နှင်းကို ဟောင်ကြလေတယ်။
(T/N: '蜀狗吠日, 粤犬吠雪' Idiomတစ်ခုပါပဲ ရှားပါးထူးဆန်းတဲ့အရာတွေကို ရည်ညွှန်းတာမျိုးမှာ သုံးတတ်ကြပါတယ်။)
"နင့်မွေးရပ်မြေမှာ နှင်းတွေ မမြင်ရဘူးပေါ့"
ချင်းရို့ကတော့ သူမရဲ့ Wechat momentsထဲက ဓါတ်ပုံတစ်ပုံကို မတွေးမိဘဲမနေနိုင်တော့ပါချေ။ တစ်နှစ်မှာ နှင်းတွေ ထူထူထဲထဲကျဆင်းသဖြင့် ကားအပြင်ဘက်တွင် နှင်းတွေအားလုံး စုပုံနေသဖြင့် နောက်ဆုံးတွင်မူ သူမက သွားကြားထိုးတံနှစ်ချောင်းကို ထိုးစိုက်ထားတဲ့ လက်သီးဆုပ်အရွယ် နှင်းလူသားကို ပြုလုပ်ခဲ့သည်။
ကားရှေ့မှာ လူတစ်ဒါဇင်ကျော်က သူတို့ရဲ့ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ပြီး wechat momentsမှာ ပြန်တင်ခဲ့ကြလေသည်။
အခြားသောနေရာများတွင် ဆောင်းရာသီရောက်တော့မည်ပင်။ ချင်းရို့ကတော့ ဖရဲသီးနှင့် အသီးအနှံတွေကို ကောင်းကောင်းရိတ်သိမ်းနေခဲ့ပြီ။ သူမ အရင်က စိုက်ပျိုးထားခဲ့တဲ့ ဆလတ်၊ ခရမ်းချဉ်သီး၊ သခွားသီး အစရှိသည်တို့ကိုလည်း ခူးဆွတ်လို့ရနေခဲ့ပြီ။ သူမခြံဟာ အများကြီး ပြောင်းလဲသွားပြီဖြစ်သည်။
ယခင်တိုင်ဖွန်းမုန်တိုင်းကြောင့် အဲဒီနှစ်ရဲ့ ခရမ်းသီးနဲ့ သပွတ်ပင်တွေက ကံကောင်းခြင်းမရှိခဲ့သလို အမြစ်တွေ ပုပ်သွားပြီး ပျက်စီးသွားခဲ့ရသည်။ ယခု အသစ်ပြန်လည်စိုက်ပျိုးထားသည်ဖြစ်ရာ စိမ်းလန်းတဲ့ အဖူးအညွန့်လေးတွေပင် ထွက်လာကြလေပြီ။
ခရမ်းချဉ်သီး၊ သခွားသီးနှင့် ကြက်သွန်မြိတ်များသာ ကောင်းစွာကြီးထွားလာခဲ့သည်။ အထူးသဖြင့် ခရမ်းချဉ်သီးများပင်။ သူမက စင်တွေကို တည်ဆောက်ထားခဲ့သဖြင့် ယခုဆို ခရမ်းချဉ်သီးသေးသေးလေးတွေနဲ့ ပြည့်နှက်ဖုံးလွှမ်းနေခဲ့ပြီ။
ချင်းရို့က ခရမ်းချဉ်သီးနှစ်မျိုးနှစ်စားကို စိုက်ပျိုးခဲ့ပြီး တစ်မျိုးမှာ အနီရောင် ခရမ်းချဉ်သီးကြီးကြီးဖြစ်ကာ နောက်တစ်မျိုးမှာ ခရမ်းချဉ်သီးသေးသေး အမျိုးအစားပင်။
ခရမ်းချဉ်သီးသေးသေးလေးမှာ လှိုင်လှိုင်သီးနေ၍ နွယ်ပင်တစ်ပင်စီမှာ တောက်ပနီရဲနေတဲ့ အလုံး၂၀ကျော် တွဲလောင်းကျနေရာ လှပသော မဟူရာပုတီးစေ့ခန်းဆီးနှင့် ဆင်တူနေလေသည်။
ချင်းရို့က သူမရဲ့ တူလေးကို ခရမ်းချဉ်သီးတွေ ခူးဖို့ ခေါ်သွားခဲ့ပြီး ခြင်းတောင်းသေးသေးလေးတစ်လုံးပေးကာ လှပတဲ့ အနီရောင်အလုံးသေးသေးလေးတွေကို တစ်လုံးပြီးတစ်လုံး ခူးလိုက်ကြ၏။
"မြည်းကြည့် ချိုလား?"
"ချိုတယ်"
သူတို့က ကြက်လှောင်အိမ်သို့ သွားကာ လတ်လတ်ဆတ်ဆတ်ကြက်ဥတွေကို ကောက်၍ အံ့ဖွယ်ဟင်းလျာတစ်မျိုးကို ပြုလုပ်ခဲ့၏ - ခရမ်းချဥ်သီးနဲ့ ကြက်ဥမွှေကြော်...
ချင်းရို့က ဆောင်းဦးနှင့် ဆောင်းရာသီကို ဂုဏ်ပြုရန်အတွက် သူမ ဂရုတစိုက် စိုက်ပျိုးထားခဲ့တဲ့ ဆလတ်ရွက်တွေကို လက်တစ်ဆုပ်စာ ခူးလိုက်ကာ မှို၊ အေးခဲတို့ဟူး၊ မျှင်ငါးပိ၊ ကြာဇံ၊ ပုစွန်နည်းနည်းအပြင်၊ ပင်လယ်ခရု၊ ပြည်ကြီးငါး၊ ဂုံးအသားတွေကို ထည့်ပြီး ပင်လယ်စာဟော့ပေါ့အသေးစားလေး ချက်ပြုတ်ခဲ့လေသည်။
ချင်းရို့က သူမတူလေး ချန်ကျင်းရိကို ခြံထဲမှာ ပင်လယ်စာဟော့ပေါ့စားဖို့ ခေါ်သွားလိုက်၏။
ရှမင်ရှီးကို လွန်ခဲ့သောတစ်လခန့်က ရဲဘော်တစ်ဦးက သူ့အမေထံသို့ ခေါ်သွားပေးခဲ့သည်။
သူမယောက်ျားကလည်း ပင်လယ်ထဲသွားနေတာ လဝက်ကျော်ရှိနေပြီဖြစ်သလို ပြန်မလာသေးပါချေ။
အခုတော့ သူမနဲ့ သူမတူလေးသာ ကျန်ခဲ့လေရဲ့။
ချင်းရို့ အစ်မဖြစ်သူ ချင်းမျန့်တို့ မိသားစုက ချုံကျိုးကျွန်းသို့ ဒီဇင်ဘာလအစောပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။
နောက်နှစ်ရက်အတွင်းမှာ ချင်းရို့က ကွမ်ချန်ကို သွားရတော့မှာဖြစ်ပြီး ထိုနေရာတွင် တပတ်ခန့်ကြာမည်ဖြစ်၍ သူမတူလေး ချန်ကျင်းရိနဲ့ ခြံဝင်းကို လီချင့်ဟွားမှာ အပ်ထားချင်ခဲ့ရာ လီချင့်ဟွားသည်လည်း ဝမ်းသာအားရ သဘောတူပြီးသားဖြစ်လျက်။
"ရှောင်ချင်းရေ စိတ်မပူပါနဲ့၊ ငါနဲ့အပ်ခဲ့လိုက်"
လီချင့်ဟွားက အပင်တွေကို ရေပုံမှန်လောင်းပြီး ကြက်တွေကို အချိန်မီအစာကျွေးမယ်လို့ အာမခံခဲ့လေသည်။
"အစ်မဟွားဟွား နင် ငါ့ခြံထဲက ဒီဟာတွေကို ရွေးပြီး အိမ်ပြန်ယူသွားလို့ရတယ်နော်။ ရင့်မှည့်မလွန်သွားစေနဲ့ဦး"
"ကောင်းပြီ"
နိုင်ငံရေးအရာရှိလျို အိမ်ပြန်ရောက်တဲ့အခါ သူ့ဇနီးလေးက အနာဂတ်အစီအစဉ်များကို အလေးအနက်ထား ရေးသားနေတာကို တွေ့လိုက်ရသည်။
နိုင်ငံရေးအရာရှိလျို: "အနာဂတ်အစီအစဉ်တွေလား?!"
သူ့ဇနီးလေးက အရမ်းတော်တာပဲကွာ။ အနာဂတ်အစီအစဉ်တွေကိုတောင် ရေးနိုင်နေပြီပဲ။
'နှစ်တစ်နှစ်ရဲ့ အဲဒီရက်မှာ ငါ ရှောင်ချင်းရဲ့ ခြံကို သွားရမယ်...'
နိုင်ငံရေးအရာရှိလျိုကတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။
"မင်း ငါတို့ခြံကိုကျ ဒီလိုမျိုးဂရုစိုက်တာ ငါ တစ်ခါမှမတွေ့ဖူးဘူးကွာ"
သူတို့ခြံထဲမှာလည်း ပိန္နဲပင်တစ်ပင်ပဲရှိ၍ ရှဥ့်တောင်မှ မရှိပေ။ တစ်ယောက်ယောက်က အုန်းသီး ခိုးချင်ရင်တောင်မှ သူတို့အိမ်ကို လာခိုးမှာ မဟုတ်ပါဘူး။
ဒုတိယထပ် လှေကားထစ်တွင် ကြက်သွန်မြိတ်နဲ့ ဆလတ် အနည်းငယ်မျှသာ စိုက်ပျိုးထားခဲ့သည်။
"ရှောင်ချင်းရဲ့ ခြံက အရမ်းလှတယ်လေ၊ ငါတို့ခြံနဲ့မှ မတူတာ၊ သေချာပေါက်ကို ဂရုစိုက်ဖို့လိုတာပေါ့"
"အဲဒါကို စိတ်ပူစရာမလိုပါဘူး"
နိုင်ငံရေးအရာရှိလျို: "..." မင်းမှာ ဒီလိုပြောဖို့ မျက်နှာရှိသေးတယ်ပေါ့?! တခြားလူရဲ့ ခြံကိုတော့ ဂရုစိုက်ဖို့ ကူညီပေးနိုင်ပေမယ့် ကိုယ့်ခြံကိုယ်တော့ ဂရုမစိုက်နိုင်ဘူးလားကွာ?!
ငါတို့ခြံက ဘာလို့ ဒီလိုဖြစ်နေရတာလဲ?
တရားခံက ဘယ်သူလဲ?