← Chapters

အခန်း (၇၇)

Vol. 7 Ch. 77

အခန်း (၇၇)

Vol. 7 Ch. 77

ဖုန်းတစ်ဖက်ခြမ်းရှိ ချင်းရို့က ပျော်ရွှင်နေကာ စကားတွေမနားတမ်းပြောနေခဲ့သည်။ သူမ စကားပြီးသွားတဲ့နောက် ဖုန်းချလိုက်ပါတော့သည်။

ဒါရိုက်တာစွင်းမှာ ဖုန်းချခဲ့ပြီးသော်လည်း မှင်တက်နေမိဆဲ။ ဒီထူးဆန်းတဲ့စုံတွဲက ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။

သို့သော် ချင်းရို့ရဲ့ စကားတွေထဲက စိတ်လှုပ်ရှားပျော်ရွှင်နေတာဟာ အတုမဟုတ်နိုင်ဘူးလေ။

အမှန်တကယ်ပဲ သူမက ချုံကျိုးကျွန်းမှာ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းနေထိုင်နေတာလား?

-- အဲဒါဖြစ်နိုင်လို့လား?

ထန်ရွေ့ပိုင်မှာ ဗုံးနှင့်တူသော သတင်းကြောင့် ပေါက်ကွဲသွားရလျက်။

သူမ အိပ်ဆောင်ကို ပြန်ရောက်တဲ့အခါ အိပ်ဆောင်ရှိ အခြားလူတွေကို ပြောပြခဲ့သည်။

"ငါ နင်တို့ကို သတင်းတစ်ခုပြောပြမယ်ဟေ့၊ ချင်းရို့ ချုံကျိုးကျွန်းကို ရောက်ပြီဆိုတဲ့အကြောင်း ဖုန်းဆက်လာပြီ..."

ထိုသတင်းမှာ လူတွေကို အံ့အားသင့်စေခဲ့ရလျက် -

"အိုး သူမက ကျွန်းပေါ်မှာ အချိန်ကောင်းလေး ပိုင်ဆိုင်နေတာပေါ့လေ!!"

"စစ်တပ်အရာရှိက အရမ်းချောမောပြီးတော့ သူမကို ကောင်းကောင်းဆက်ဆံတယ်ပေါ့။ ချင်းရို့ ကံကောင်းလိုက်တာဟယ်။ ဒီလိုလူကောင်းနဲ့တွေ့ရတော့ သူမ အရမ်းပျော်နေမှာပဲနော်။ ငါ သူမကို အားကျလိုက်တာ!"

"အဖွဲ့အစည်းက ငါ့ကိုရော အဲလိုလူကောင်းတစ်ယောက်နဲ့ ဘယ်တော့ မိတ်ဆက်ပေးမှာလဲဟင်"

"…"

အိပ်ဆောင်ကို ပြန်ရောက်လာတဲ့ ရွှယ်ထင်ထင်မှာ မယုံကြည်နိုင်သေးပေ။ လုယန်က ဘယ်လိုလုပ်ပြီး လူကောင်းဖြစ်နိုင်မှာလဲ? သူက ချင်းရို့အပေါ် ကောင်းတယ်ပေါ့လေ? သူက ဒီအတိုင်း ဖြတ်လျှောက်လေးပဲဟာ။ ဒါပေမဲ့လို့ သူ့မှာ မိသားစုနောက်ခံကောင်းကောင်းနဲ့ စွမ်းရည်ကောင်းကောင်းရှိနေတဲ့သူဖြစ်လာရတာလဲဟ?! နောက်ပြီးတော့ သူက သူ့မိန်းမကို ကြိုက်တယ်တဲ့လား?

အဲဒီလူက ဘာလို့ အမျိုးသားဇာတ်လိုက်ထက် ပိုကောင်းနေရတာတုန်း?

ရွှယ်ထင်ထင်ဟာ လင်းချန်ရန်အကြောင်း တွေးနေမိလျက်။ မကြာသေးမီက အမျိုးသားဇာတ်လိုက် လင်းချန်ရန်နှင့် သူမရဲ့ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေခဲ့သလို သူမတောင်မှ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။

လင်းချန်ရန်ဟာ သူမ အမြဲတမ်းလိုချင်နေခဲ့တဲ့ လူတစ်ယောက်ဖြစ်သလို သူမ ကောလိပ်တုန်းကတည်းက မက်ခဲ့တဲ့အိပ်မက်တစ်ခုပဲလေ။ ထို့ကြောင့်သာ သူမက သူ့ကို စာအုပ်ထဲမှာ ဇာတ်လိုက်အဖြစ် ရေးခဲ့ပြီး သူမတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမယ်လို့ စိတ်ကူးယဥ်ရေးသားခဲ့ခြင်းပင်။

သို့သော် သူမ စာအုပ်ထဲကို ကူးပြောင်းသွားတဲ့အခါ သူမရဲ့ အတိတ်အိပ်မက်ထဲက အမျိုးသားနတ်ဘုရားဟာ သာမညောင်အဆင့်လေးသာ ဖြစ်သွားသည့်အလား...

အရင်တုန်းက တက္ကသိုလ်၌ ယောက်ျားလေးအနည်းငယ်မျှသာရှိ၍ လင်းမင်ကွေ့ရဲ့ အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်မှာ အားလုံးထဲတွင် အကောင်းဆုံးဖြစ်၏။ သူကတော့ သူမရဲ့ စိတ်ကူးယဥ်အိပ်မက်ပင်။

ယခုအခါ သူမသည် အတိတ်တစ်ချိန်က တက္ကသိုလ်ထဲမှာ မဟုတ်တော့ဘဲ ပိုမိုလှပသော ရွှယ်ထင်ထင် ဖြစ်လာစဥ် လင်းချန်ရန်ကမူ လင်းမင်ကွေ့နှင့် တူနေဆဲ။

လျောင်ပြည်နယ် စစ်တပ်နယ်မြေ၌ ချောမောပြီး ထူးချွန်သော လူငယ်စစ်သားများစွာလည်း ရှိလေသည်။

လင်းချန်ရန်မှာ တဖြည်းဖြည်း မှေးမှိန်လာလေပြီ။ သူက ရွှယ်ထင်ထင်နှင့် ချိန်းတွေ့ရန် ဆန္ဒရှိသော်လည်း သူမရဲ့ နှလုံးသားထဲတွင် သူ့ကို လက်မခံနိုင်တော့ပေ။

တစ်နည်းအားဖြင့်ဆိုရသော် -

လင်းချန်ရန်ဟာ ငယ်ရွယ်၊ ချောမောပြီး အရပ်ရှည်တဲ့ ထိုရေတပ်အရာရှိ လုယန်နှင့် မယှဉ်နိုင်ဘူးလို့ သူမ ခံစားခဲ့ရသည်။ လုယန်မှာလည်း သာမန်ထက်ထူးခြားတဲ့ မိသားစုနောက်ခံရှိလေ၏။ သူတို့ကျောင်းရဲ့ ကြော်ငြာဘုတ်မှာ သူ့ဓာတ်ပုံတစ်ပုံရှိတယ်ဆိုတဲ့အကြောင်း သူမကြားလိုက်ရသေးသည်...

ချင်းရို့က လုယန်ကို လက်ထပ်ပြီးနောက် ရွှယ်ထင်ထင်က ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်နေခဲ့၏။ သူမက လုယန်ရဲ့ အခြေအနေအမျိုးမျိုးကို စုံစမ်းမေးမြန်းရန် တစ်စုံတစ်ဦးကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သူမ ပိုမိုမေးမြန်းလေလေ ပိုလို့တောင် စိတ်မသက်မသာ ဖြစ်လာရလျက်...

ဘာလို့များ ဒီလိုလူမျိုးကို ချင်းရို့ဆီ စျေးပေါပေါနဲ့ ပေးလိုက်ရတာလဲဟ?

ရွှယ်ထင်ထင်သည် ထိုနေ့တုန်းက အနုပညာအဖွဲ့ရဲ့ ဂိတ်တံခါးဝ၌ သူမမြင်လိုက်ရသော မြင်ကွင်းကို ပြန်လည်သတိရမိသည်။

သူက ချင်းရို့ဘေးမှာ ရပ်နေခဲ့ကာ တစ်ယောက်က ချောမောပြီး နောက်တစ်ယောက်က နူးညံ့သိမ်မွေ့နေလျက်။ သူတို့နှစ်ယောက်ဟာ နေနဲ့လကဲ့သို့ပင်။ သူက သူမကို အိပ်ဆောင်ဆီ ပြန်ပို့ပေးပြီး ခရီးဆောင်သားရေသေတ္တာကိုလည်း ကိုင်ထားပေးခဲ့ပေသည်။

…

ရွှယ်ထင်ထင်ဟာ ထိုနေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသလို အချိန်အတော်ကြာအောင် မေ့မရနိုင်ခဲ့။

သူမ အနာဂတ်မှာ ချင်းရို့ရဲ့ ယောကျ်ားလောက် ကောင်းတဲ့သူမဟုတ်ရင် လက်ထပ်ရန် ဆန္ဒမရှိပါချေ။ လုယန်ထက် ပိုမိုအခြေအနေကောင်းမွန်တဲ့လူကိုပဲ လက်ထပ်ချင်ခဲ့သည်။

ရွှယ်ထင်ထင်သည် ချင်းရို့ လက်ထပ်ပြီးတဲ့နောက် အမှန်တကယ် ပျော်ရွှင်နေမယ်လို့ မယုံကြည်ခဲ့ပေ။

သူမဟာ လှပသူဖြစ်၍ အမျိုးသားတွေက သူမရဲ့အလှကို ခဏတာ နှစ်သက်ကြမည်ဖြစ်သော်လည်း သူတို့တစ်သက်တာလုံးအတွက် ဘယ်တော့အခါမှ မဖြစ်နိုင်ပါချေ။

ချင်းရို့နှင့် လုယန်တို့ တစ်ယောက်နဲ့ တစ်ယောက် သိကြတာ နှစ်ဝက်လောက်သာ ရှိပါသေးသည်။ သူမက သူနဲ့အတူတူ ချုံကျိုးကျွန်းသို့ တန်းလိုက်သွားခဲ့ပြီး မိဘများနှင့်ပင် မတွေ့ဆုံခဲ့သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမရဲ့ ယောက္ခမတွေက မိထွေးတစ်ယောက်ဖြစ်လုနီးပါးဖြစ်သွားခဲ့တဲ့ သူမလို မိန်းမမျိုးကို ဘယ်လိုလုပ်ပြီး သဘောကျမှာတုန်း?

နောက်ပြီးတော့ အနာဂတ်မှာ ကလေးမွေးခဲ့ရင်ကော? ကလေးမွေးပြီးသွားရင် သူမရဲ့ ပုံပန်းသွင်ပြင်က ပျက်စီးသွားမှာဖြစ်ပြီး သူမရဲ့ အလှအပတွေလည်း ရှိတော့မှာမဟုတ်ဘူးလေ၊ ဒီလိုဆို အဲ့လူက သူမအပေါ် ကောင်းဦးမှာတဲ့လား?

***

ချင်းမျန့်ရဲ့ မိသားစုက ထုပ်ပိုးနေလျက် ချုံကျိုးကျွန်းသို့သွားရန် ပြင်ဆင်နေကြပြီ။ ယခုတစ်ကြိမ် မိသားစုပြောင်းရွှေ့မည့်အခါတွင် အမှန်တကယ် ဘာမှယူစရာသိပ်မရှိပါချေ။

ချင်းမျန့်က သဘောထားပွင့်လင်းသူတစ်ယောက်ပင်။ ညီမဖြစ်သူ ချင်းရို့က ချုံကျိုးကျွန်းပေါ်က အခြေအနေတွေအကြောင်း အများကြီးပြောပြခဲ့ပြီးဖြစ်၍ သူမဟာ အနာဂတ်နေ့ရက်များကို မျှော်လင့်နေပြီဖြစ်သည်။

ချင်းမျန့်က ချုံကျိုးကျွန်းရဲ့ အခြေအနေနှင့် လိုက်လျောညီထွေမဖြစ်မှာကို မကြောက်ရွံ့ပါချေ။ သူမက မြောက်ဘက် လျောင်ပြည်နယ်သို့ သွားရတာကို မကြောက်ခဲ့သဖြင့် သူမရဲ့ မွေးရပ်မြေနဲ့ ပို၍နီးပုံပေါ်တဲ့ ချုံကျိုးကျွန်းကိုဆို ပြောစရာပင်မလိုပေ။

အင်း…

တကယ်တော့ သူမ သိပ်မသိသော်ငြား ချုံကျိုးကျွန်းနဲ့ သူတို့ရဲ့ မွေးရပ်မြေက တောင်ဘက်မှာ ရှိပါသည်။

ခင်ပွန်းဖြစ်သူက တင်းမာနေဆဲဖြစ်ပေမယ့် ယောက္ခမကတော့ ပို၍ တက်ကြွလာချေပြီ။ ဤနေရာမှ ထွက်ခွာရတော့မည်ဆိုတာကို သူသိကောင်းသိနေပေလိမ့်မည်။ ဤနေရာဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်ပေမယ့် သူ့ကို အရှက်ရစေမယ့် နေရာတစ်ခုလည်း ဖြစ်ခဲ့တယ်လေ။

သူထွက်သွားချင်နေခဲ့တာ၊ သူ့ကို လူနည်းစုလောက်ပဲသိတဲ့ နေရာကို သွားပြီးတော့ အတိတ်က အရာအားလုံးကို ဖြတ်တောက်ပစ်ချင်နေခဲ့တာ။

ကလေးနှစ်ယောက်သည်လည်း သူတို့ထွက်သွားတော့မယ်ဆိုတာ သိပါ၏။ သူတို့ရဲ့ သူငယ်ချင်းတွေနှင့် ခွဲခွာဖို့ နည်းနည်းတွန့်ဆုတ်နေကြသော်လည်း သူတို့ရဲ့ ဒေါ်လေး၊ ဦးလေးနဲ့ အငယ်လေးကျင်းရိကို တွေ့ရဖို့အတွက်လည်း မျှော်လင့်နေပါပြီ။

ချုံကျိုးကျွန်းတွင် အလွန်မြင့်မားသော အုန်းပင်တွေရှိကြောင်း၊ ကမ်းရိုးတန်းမှာ ပျံဝဲနေသော ဗျိုင်းတွေ၊ ပိန္နဲသီးချိုချိုလေးတွေနှင့် အုန်းသီးတွေခိုးဖို့ သူတို့ရဲ့ ဒေါ်လေးအိမ်ကို လာကြပြီး ခေါင်းညှပ်ကျန်နေခဲ့သော ရှဥ့်သေးသေးလေးလည်းရှိကြောင်း သူတို့ရဲ့အမေဆီက ကြားခဲ့ရလေသည်...

"ဝေါင်း!!!!"

အုန်းသီးတွေ ခိုးတဲ့ ရှဉ့်သေးသေးလေးက တကယ်ပဲ ရှိတာလား?

ခေါင်းဘယ်လိုများ ညှပ်သွားရတာလဲ။ ဘယ်လိုခိုးကြတာလဲ။

ကလေးတွေက အော်ဟစ်နေကြလေသည်။

ဟယ်ချွင်းဖန်က အခြေအနေအကြောင်း မေးမြန်းစုံစမ်းရန် ချန်အိမ်သို့ ရောက်လာခဲ့သည်။ ချင်းမျန့်တို့မိသားစုဟာ မကြာမီတွင် ချုံကျိုးကျွန်းရှိ ဟိုင်းခန်စိုက်ပျိုးရေးခြံသို့ သွားတော့မယ်ဆိုတဲ့အကြောင်း သူမ ကြားသိလိုက်ရ၏။

အဲဒီနေရာက ကောင်းလို့လား? အဲ့လောက်ဝေးတဲ့နေရာကြီးကို... ဘယ်သူမှ မသွားချင်ကြဘူးလေ။

ချင်းမျန့်ရဲ့ ညီမဖြစ်သူ ချင်းရို့က အိမ်ထောင်ရေးအဆင်ပြေနေပုံရကြောင်း၊ ထိုအမျိုးသားက သူမအပေါ် လွန်စွာထောက်ထားညှာတာတတ်ကြောင်း အနုပညာအဖွဲ့ဆီက သတင်းရထားပေသည်...

သို့သော်လည်း နှစ်စဉ်နှစ်တိုင်း လေပြင်းမုန်တိုင်းတိုက်ခတ်တတ်သဖြင့် အိမ်တွေ ပြိုလဲပျက်စီးတတ်ကြသော ချုံကျိုးကျွန်းပေါ်က ကြမ်းတမ်းလှသော အခြေအနေများကို သိထားခဲ့ပြီးပြီ...

ထိုနေရာမှ ထွက်ပြေးသူအများအပြားရှိကြောင်းလည်း သူမကြားသိထားခဲ့ပေသည်။

All Chapters