← Chapters

အခန်း (၇၉)

Vol. 7 Ch. 79

အခန်း (၇၉)

Vol. 7 Ch. 79

ချင်းရို့က ကွမ်ချန်တွင် သူမရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ သူတို့အဖွဲ့ဟာ ကွမ်ချန်စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေ။

မူလကတော့ သူတို့ ပါဝင်တဲ့ဆုရဖို့အတွက် စီစဉ်ထားခဲ့ပါ၏။ ချင်းရို့ရဲ့ ရုပ်သံထုတ်လွှင့်မှုမှာ မဆိုးလှသဖြင့် စီနီယာများစွာထံမှ လမ်းညွှန်မှုများ ရရှိခဲ့သည်။ ဒီလူသစ်လေးဟာ အစကတည်းက သင်ယူဖို့အတွက် အခွင့်အရေး ရခဲ့တာပဲလေ။သည်။

ချင်းရို့က ဆုမရရှိခဲ့သော်လည်း ကြေညာသူအဖြစ် ပန်ဒါလက်ဖက်ရည်ခွက်ကို ရရှိခဲ့ပါသည်။

လက်ဖက်ရည်ခွက်ငယ်လေးပေါ်မှာ ဝါးကိုကိုက်ဝါးနေတဲ့ ချစ်စဖွယ်ပန်ဒါဝက်ဝံတစ်ကောင်ကို ရိုက်နှိပ်ထားလေ၏။ သူမ အရမ်းကြိုက်တဲ့အတွက် ပန်ဒါလက်ဖက်ရည်ခွက်လေးကို ပျော်ရွှင်စွာ လက်ခံခဲ့ပါသည်။

ချင်းရို့လည်း ကွမ်ချန်၌ လက်ဖက်ရည်တွေ အများကြီး ဝယ်ခဲ့သည်။ ထို့နောက် သူမ ကိုယ်ဝန်ရှိနေနိုင်တာမို့ လက်ဖက်ရည်သောက်ဖို့ မသင့်တော်ကြောင်း တွေးမိသွားကာ ဘေးအိမ်က အစ်မဟွမ်ကို လက်ဆောင်ပေးရန်အတွက် သိမ်းထားဖို့ စီစဥ်လိုက်တော့သည်။ သူမလည်း လက်ဖက်ရည်သောက်ရတာ ကြိုက်တဲ့ပုံပဲလေနော်။

ချင်းရို့အတွက်မူ ကွမ်ချန်မှာရှိနေခဲ့ရတဲ့ နေ့ရက်တွေဟာ ထမင်းလိပ်တွေကို ပျော်ရွှင်စွာ စားလို့ရတဲ့ နေ့ရက်တွေပင်။

သည့်အပြင် သူမက ကွမ်ချန်၌ ပစ္စည်းတွေ အများကြီးလိုက်ဝယ်ခဲ့ပါသေးသည် - ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးဝယ်ခဲ့တယ်၊ လုယန်အတွက် ခါးပတ်တစ်ခု ရွေးခဲ့တယ်၊ ရောက်လာတော့မယ့် သူ့အစ်မ၊ ခဲအို၊ တူလေးနဲ့ တူမလေးတို့အတွက်ပါ ပစ္စည်းတွေ အများကြီးဝယ်ခဲ့ပြီး အိတ်ကြီးတစ်လုံး ထုပ်ပိုးလိုက်သည်။

သင်္ဘောပေါ်သို့ သူမရဲ့ ပစ္စည်းများကို ကူညီတင်ပေးရန် လုယန်တွင် ဆိပ်ခံမှ သူငယ်ချင်းများစွာရှိပါသည်။ သူမ ပြန်ရောက်လာပြီးနောက် ခြံတံခါးဝဆီသို့ သူမရဲ့ပစ္စည်းတွေကို စနစ်တကျ ပို့ဆောင်ပေးခဲ့လေသည်။

ဘေးအိမ်က အစ်မဟွမ်က သူမကို ပြန်လာတာကို တွေ့တဲ့အခါ အရမ်းပျော်နေပုံရလေ၏။

"ရှောင်ချင်း နင်ပြန်လာပြီပေါ့?"

ရှောင်ချာကျင်း ပြန်ရောက်လာပြီဆိုတော့ အဲဒီမှိုဝိညာဥ်လည်း ဝေးဝေးသွားရတော့မှာပဲ။ ရှောင်ချာကျင်းကို ကြည့်ရတာက အဲဒီမှိုဝိညာဥ်ကို ကြည့်နေရတာထက်တော့ ပိုကောင်းတယ်လေ။

"အစ်မရေ ငါ လက်ဖက်ရည်အသစ်ဝယ်လာတယ်၊ ဝယ်တုန်းက နင့်ကိုတွေးမိလို့လေ၊ နင်လိုချင်လားဟင်? "

ဟွမ်ရှင်းရင်: "... အင်းပါ၊ ကျေးဇူးပဲနော် ရှောင်ချင်းရေ"

ရှောင်ချာကျင်းက သူမအတွက် လက်ဖက်ရည်ကိုပဲ ဝယ်လာခဲ့တာဟ။

***

ချင်းရို့ ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် သူမကိုယ်သူမ သတင်းစာထဲတွင် တွေ့လိုက်ရသဖြင့် သူမရဲ့ ဝမ်းဗိုက်ကို ထိမိလိုက်သည်။ သူမဆီမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေရင် ကလေးလေးက မမွေးရသေးခင်မှာပဲ သူ့အမေနဲ့အတူတူ သတင်းစာထဲ ပါသွားတာပေါ့နော်။

သူမ ထိုသတင်းစာကို သိမ်းဆည်းထားလိုက်ပြီးနောက် သတင်းစာထဲရှိ လူတွေကို လက်ညိုးထိုးရင်း မေးနေလျက် "အဲဒီမှာ လူဘယ်နှစ်ယောက်ရှိတယ်လို့ ထင်လဲ?"

အချိန်အတော်ကြာ တစ်ယောက်တည်း အတွေးနဲ့ ပျော်မြူးနေပြီးနောက် သူမရဲ့ အိတ်ဆောင်နာရီကိုဖွင့်ကာ ဓာတ်ပုံထဲက အမျိုးသားကို ကြည့်လိုက်လေသည်။

သူမ တကယ်ပဲ သူ့ကို လွမ်းလှပြီ။

ချင်းရို့ အသက်ပြင်းပြင်းရှူလိုက်ပြီး ချန်ကျင်းရိကို ပြန်သွားခေါ်ရန် လီချင့်ဟွားရဲ့ အိမ်သို့ သွားလိုက်၏။ ကျင်းရိလေးဟာ များစွာပြောင်းလဲသွားချေပြီ။ ရှမင်ရှီးထွက်သွားပြီးနောက်ပိုင်း သူလေးက ရှီးရှီးပုံကိုဆွဲကာ သူ့ကို လွမ်းတဲ့အကြောင်း သူမအား ပြောပြခဲ့သည်။

ရှောင်ဖန့်လေးဟာ အနားတွင် တစ်ခဏတောင် မရပ်မနားနိုင်ဘဲ တဝီဝီ ဆူညံနေတတ်တဲ့ ပျားလေးပင်! သူရှိနေစဥ်ကတော့ နားငြီးလွန်းတယ်လို့ သူတို့တွေးကြပေမယ့် ပျားလေးမရှိတော့တဲ့အခါ အရမ်းလွမ်းနေခဲ့ရပြီ။

ချင်းရို့လည်း လျိုအိမ်၌ ရှောင်ကျင်းရိရဲ့ အခြေအနေတွေကို မေးမြန်းခဲ့သည်။ သူက လျိုယွဲ့နဲ့ အတော်လေးအဆင်ပြေနေခဲ့လေပြီ။ လျိုယွဲ့သည်လည်း စိတ်ထားကောင်းတဲ့ ကလေးဖြစ်သလို စကားလည်းအလွန်များသူပင်။ သူ့အသံမှာ ကျယ်လောင်လွန်းလှသဖြင့် အဝေးမှ "မေမေ!" ဆိုတဲ့ခေါ်သံကိုတောင် ကြားနိုင်လေသည်။

ကျင်းရိကို ပြန်ခေါ်ခဲ့ပြီးနောက် ချင်းရို့က ကလေးလေးဟာ အစာစားချင်စိတ်ရှိနေမှန်း တွေ့ရှိခဲ့သောကြောင့် စားဖို့အတွက် တူချောင်းတွေကို ကိုင်လိုက်တော့သည်။

"ကောင်းတယ်! စားနော်!"

ရှောင်ကျင်းရိက ရွှန်းလဲ့နေတဲ့ အနက်ရောင် မျက်လုံးကြီးကြီးလေးတို့ဖြင့် ချင်းရို့ကို ကြည့်နေခဲ့သည်။

နောက်ဆုံးတော့ ဒေါ်လေး ပြန်လာပြီ။

"သားရဲ့ဒေါ်လေး ချက်တာတွေကို စားရတာကြိုက်လား?"

"သားကြိုက်တယ်"

"ဘန်းမုန့်ပေါင်းရောပဲ..."

"သားရဲ့ဦးလေးကိုရော လွမ်းနေတာလား?!"

ချင်းရို့ အရမ်းအံ့အားသင့်သွားရလျက်။ ကြည့်ရတာ သူ့ခင်ပွန်းလုပ်တဲ့ ဘန်းမုန့်ပေါင်းကြီးတွေက တကယ်ပဲ စားကောင်းတဲ့ပုံရတယ်နော်။

ရှောင်ကျင်းရိက သူ့ကို အရမ်းလွမ်းနေတာပဲ။

အမှန်အတိုင်းပြောရရင်တော့ သူမလည်း နည်းနည်းလေး လွမ်းမိနေပါရဲ့။ ပုံမှန်ဆိုရင်တော့ သူမက ဘန်းမုန့်ပေါင်းကြီးတွေကို သိပ်မစားဖြစ်သော်လည်း မနက်ခင်းမှာ ဆိတ်နို့ပူပူလေးနဲ့ ဘန်းမုန့်ပေါင်းကြီးကို စားရတာလည်း မဆိုးပါဘူးလေနော်...

သူမက သူ့ကို အရမ်းလွမ်းနေမိသလို ရှောင်ဖန့်လေးကိုလည်း ပိုလို့တောင်လွမ်းမိပါ၏။ ဦးလေးနဲ့ တူလေး နှစ်ယောက်သား ဘန်းမုန့်ပေါင်းတွေကို အတူတူစားနေကြတာကို မြင်လိုက်ရတိုင်း ချင်းရို့လည်း ပျော်ရွှင်ကြည်နူးရလေသည်။

နောင်အနာဂတ်တွင် သူမမှာ သားတစ်ယောက်ရရင် ဝဝကစ်ကစ်သားလေးက သူ့ပါးပါးနဲ့အတူတူ ဘန်းမုန့်ပေါင်းကြီးတွေကို စားနေလိမ့်မယ်။ တကယ်လို့ သမီးတစ်ယောက်ရရင်တော့ ဝဝကစ်ကစ်သမီးလေးက သူမရဲ့ပါးပါးနဲ့အတူတူ ဘန်းမုန့်ပေါင်းကြီးတွေ စားနေလိမ့်မယ်...

ထိုမြင်ကွင်းကို တွေးကြည့်တဲ့အခါ အလွန်ပင် မှော်ဆန်နေသည့်အလား...

အဖေနဲ့ သား၊ ဒါမှမဟုတ် အဖေနဲ့ သမီးတို့က ဘန်းမုန့်ပေါင်းတွေကို အတူတူစားနေကြမှာကို တွေးကြည့်ရုံနဲ့ ချစ်စဖွယ်ကောင်းနေလေရဲ့။

သူတို့မိသားစုတစ်စုလုံးက ပင်လယ်ပြာရောင်အင်္ကျီတွေဝတ်ထားကြပြီး ပင်လယ်စာလေးတွေကို ကောက်ဖို့ ကမ်းခြေကို သွားကြမယ်။

ဒီရေတက်တဲ့နေရာတစ်ချို့တွင် ပင်လယ်ကဏန်းတွေဟာ အထူးကြောက်ဖို့ကောင်းသလို တစ်ခါတစ်ရံတွင် ရေခူငါးတွေနဲ့လည်း မတော်တဆ ကြုံတွေ့ရတတ်၏...

ကလေးက ကမ်းခြေမှာ သဲတွေနဲ့ ဆော့ကစားကြမယ်... မိဘတွေကလည်း သူတို့ကလေးတွေနဲ့အတူတူ ရဲတိုက်တွေ ဆောက်ကြမယ်...

ချင်းရို့မှာ အတိတ်တုန်းက မူကြိုဆရာမဖြစ်ခဲ့လို့ ကျန်နေသေးတဲ့ အကျိုးသက်ရောက်မှုကြောင့်လား၊ ဒါမှမဟုတ် ဟော်မုန်းကြောင့် လွှမ်းမိုးမှုခံရခြင်းပဲလား မသိတော့ပါချေ။ ချင်းရို့က အနာဂတ်မှာ ကလေးရလာတဲ့အခါ ဘာတွေလုပ်ကြမလဲဆိုတာကို တွေးမိနေရတာလဲနော်?

သူမမှာ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်လာရင် ရှက်စရာကြီးဖြစ်တော့မှာပဲ။

***

သူမရဲ့ အစ်မဖြစ်သူမိသားစု ရောက်လာတဲ့နေ့တွင် ချင်းရို့က ရှောင်ကျင်းရိနဲ့အတူတူ ဆိပ်ကမ်းမှာ သွားကြိုလိုက်၏။ တစ်နာရီ၊ နှစ်နာရီလောက် စောင့်ဆိုင်းပြီးတဲ့နောက် နောက်ဆုံးတွင်မူ သင်္ဘောကို တွေ့လိုက်ရပါတော့သည်။ ညီအစ်မနှစ်ယောက် ဆုံကြတဲ့အခါ လွန်စွာပျော်ရွှင်နေကြလျက်။

"မမ!"

"ညီမလေး!"

နှစ်ယောက်သား ပွေ့ဖက်လိုက်ကြပြီးနောက် ပြန်ခွာလိုက်ကြကာ ချင်းရို့က ကျင်းရိလေးကိုချီလိုက်၏။ ကလေးငယ်လေးဟာ ချင်းမျန့်ကို မျက်တောင်မခတ်ဘဲ ကြည့်နေလျက် အနည်းငယ် ရှက်တက်တက်ဖြင့် အော်ခေါ်လိုက်သည်။

"ပါးပါး မားမား"

ချင်မျန့် ပြုံးရယ်လို့ မဆုံးနိုင်ဖြစ်နေကာ သူမရဲ့ သားအငယ်ဆုံးလေးကို ပွေ့ဖက်လိုက်ပြီး ချန်မျန့်ဆီ လက်ညှိုးထိုးပြကာ

"ဒါက သားရဲ့ ပါးပါးလေ"

"ဒေါ်လေး!!!"

"ဒေါ်လေး!!!"

ကလေးနှစ်ယောက်ရဲ့ အသံတွေဟာ လူကြီးတွေထက် ပိုကျယ်လေရဲ့။

ချန်ကျင်းဟွ နှင့် ချန်ကျွမ်းကျွမ်းတို့က ချင်းရို့ကို ဝိုင်းရံထားကြတာကြောင့် သူမ ပြုံးလိုက်ကာ သူတို့လေးတွေကို တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်လိုက်သည်။ အခုတော့ သူမအနားမှာ ဆွေမျိုးတွေ သူငယ်ချင်းတွေ ပိုများလာပြီပဲ။

"ငါ့မတ်လေးရော ဘယ်မှာလဲ?"

"သူ ပင်လယ်ထဲသွားနေတာ ပြန်မလာသေးဘူး"

ချင်းရို့ အပြုံးလေးနဲ့ ပြန်ဖြေလိုက်၏။ သူပြန်လာရင်တော့ ရက်အနည်းငယ် အနားယူသင့်တယ်နော်။

All Chapters