← Chapters

အခန်း (၈၁)

Vol. 7 Ch. 81

အခန်း (၈၁)

Vol. 7 Ch. 81

သူ ထပ်ပြီးတော့ ကောင်းကောင်းမပြုမူရင်တော့ ဒီဝက်ဝံကလေးကို ရိုက်ဖို့ ဒလိမ့်တုံးကို မီးဖိုချောင်မှာ သူမ သွားယူမိတော့မှာပဲ။

"ဒီည ဖက်ထုပ်စားရအောင်လေ"

"ကိုယ့်ဇနီးလေးကို သတင်းပို့ပါတယ်၊ ကိုယ် ပင်လယ်စာတွေ မစားချင်ဘူး"

"စိတ်မပူပါနဲ့၊ ကြက်သွန်မြိတ်နဲ့ ဝက်သားအစာသွပ်ပြီး စားကြမယ်လေ"

သူ ပင်လယ်ထဲမှာ အကြာကြီးနေခဲ့ရတာဆိုတော့ ပင်လယ်စာတွေကို ကြည့်နေရင်းနဲ့တောင် သူ့အစာအိမ် မအီမသာဖြစ်သလို ခံစားနေရမှာပဲ။ သူမ သူ့ကို နားလည်တာမို့ ဒီနေ့တော့ ဝက်သားဖက်ထုပ်ကို စားကြမှာလေ။

လုယန် ရေချိုးပြီး ထွက်လာချိန်တွင် ချင်းရို့က အစာသွပ်ဖို့ အသားတွေကို လှီးဖြတ်ကာ အရသာနယ်နေခဲ့၏။ လုယန်က မုန့်ညက်ပန်းကန်ကို တွန်းလိုက်ကာ သူမကို အနောက်ကနေဖက်ထားလျက် နှစ်ယောက်အတူတူ မုန့်ညက်ကို ဆုပ်နယ်နေကြတော့သည်။

မုန့်ညက်နယ်နေသူမှာ လုယန်ဖြစ်ရာ ချင်းရို့ကတော့ သူနဲ့အတူ ပူးပေါင်းပေးရုံသာ။

လုယန်ကတော့ အလုပ်နှစ်ခုကို ပြိုင်တူလုပ်နေလျက် - ဂျုံနယ်နေရင်း သူမကို နမ်းနေခြင်းပင်။ နာခံမှုမရှိတဲ့ မောင်ငယ်လေး တိတ်တဆိတ် ထွက်ပေါ်လာလေပြီ။

သူတို့နှစ်ယောက် မတွေ့ရတာ ကြာနေပြီဖြစ်၍ ချင်းရို့လည်း သူ့သဘောအတိုင်းသာ။

"ဇနီးလေး တခြားဘာမှမစားတော့ဘူး၊ ကိုယ် ကမာစားချင်တယ်၊ ဇနီးလေး ကမာလုပ်ကြရအောင်လေ"

ချင်းရို့က ခေါင်းလှည့်လာကာ သူ့ကို ပြုံးပြလိုက်ပြီး သူမရဲ့ ဂျုံမှုန့်စွန်းနေတဲ့လက်ဖြင့် သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ အမှတ်အသားနှစ်ခု ချန်ထားလိုက်၏။

သူမဘာသာ တွေးနေမိလျက် - အရူးကြီးရေ ရှင် မစားတာ ပိုကောင်းမယ်နော်။

သူမရဲ့ b-ultrasound ပါတဲ့ ဖိုင်အိတ်ကို အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားခဲ့သည်။ ဒီလူ ဖွင့်ဖောက်ဖတ်ပြီးတဲ့နောက် ဇာတ်သိမ်းက အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းနိုင်လေရဲ့။

အများစုကတော့ ဒီလိုမျိုးပဲ လုပ်လို့ရမယ်လေ။

ချင်းရို့က ဒီသတင်းကို ဘယ်သူ့ကိုမှ မပြောပြရသေးသလို သူမရဲ့အစ်မကိုတောင်မှ မပြောပြခဲ့ရသေး။ သူမက လုယန်ကိုပဲ အရင်ဆုံး ပြောပြချင်ခဲ့တာဖြစ်သည်။

ဒါပေမယ့်လည်း အခုထိတော့မပြောရသေးဘူး။

သူမ ပြုံးလိုက်ကာ အမျိုးသားလေး ပျော်သွားအောင်လို့ သူ့ရဲ့ မေးစေ့ကို နမ်းလိုက်၏။

"ဇနီးလေး ဒလိမ့်တုံး ဘယ်နှစ်ခုဝယ်ခဲ့တာလဲ???"

"ရှင် အရမ်းကြိုက်တာကိုတွေ့လို့ ကျွန်မ ကွမ်ချန်က ထပ်ဝယ်ခဲ့တာလေ"

"... ကိုယ်က ကြိုက်တာလား?"

ညဘက်၌ လုယန် ဖက်ထုပ်တွေ လုပ်ခဲ့သလို ဘန်းမုန့်ပေါင်းကိုပါ လုပ်ခဲ့လေသည်။ ချင်းရို့က သခွားသီးချိုချဥ်၊ ကမာဆော့စ်နဲ့ ဆလတ်ကြော်၊ ရွှေပဲသီးနဲ့ ဝက်အူချောင်းကြော်၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နဲ့ ကြက်ဥမွှေကြော်၊ ကြက်စွပ်ပြုတ်၊ ဝက်သားအကြွပ်ကြော်နဲ့ အိမ်လုပ်ခရမ်းချဥ်သီးဆော့စ်ပန်းကန်သေးတစ်ပန်းကန်ကို စားပွဲပေါ်တင်ထားလိုက်၏။ အမျိုးသားလေးရဲ့ ဆန္ဒကို ဖြည့်ဆည့်ပေးဖို့အတွက် ကမာကြော်လည်း လုပ်ပေးခဲ့ပေသည်။

အားလုံးဟာ ရိုးရိုးရှင်းရှင်း အိမ်ချက်ဟင်းလျာတွေဖြစ်သလို စိမ်းစိုစိုဟင်းသီးဟင်းရွက်တွေဟာ အရသာရှိသည့်အပြင် အထူးသဖြင့် ခရမ်းချဥ်သီးအနီ၊ အဝါရောင်ကြက်ဥ၊ ဝက်အူချောင်းအနီနှင့် ဝင်းလက်နေတဲ့ ကြက်စွပ်ပြုတ် စသဖြင့် အားလုံးဟာ အရောင်အဆင်းစုံလင်လှပြီး ဆွဲဆောင်နေသဖြင့် လူတွေကို သွားရည်ကျလာအောင် လှုံ့ဆော်နေသည့်အလား။

ချင်းရို့က သူတို့နှစ်ယောက်လုံးအတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန်စီထည့်လိုက်ပြီး အသားကြွပ်ကြော်တစ်ပိုင်းကို ပျော်ပျော်ကြီးယူကာ လုယန်ရဲ့ ပါးစပ်ထဲကို ခွံ့ကျွေးလိုက်၏။

"လာ မြည်းကြည့်ပါဦး၊ ဒါတွေအားလုံးက ကျွန်မတို့ ခြံထွက်တွေလေ"

အိမ်မှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အိမ်မွေးကြက်တွေ၊ အိမ်မွေးကြက်တွေက ဥထားတဲ့ ကြက်ဥတွေ စသဖြင့် ပါဝင်ပစ္စည်းတွေအားလုံးဟာ လတ်ဆတ်၍ ကိုယ်တိုင်စားဖို့အတွက် ဖူလုံလေသည်။

လုယန်လည်း ရိတ်သိမ်းခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားရလေပြီ။

"အရသာရှိတယ်"

လုယန်က နောက်ဆုံးမှာတော့ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေကို စားနိုင်သွားပြီဖြစ်၍ အလွန်အမင်းကျေနပ်နေလျက်။ သူ့မိန်းမက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းနေရတာလဲကွာ?

သူ့မိန်းမ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေက အလွန်အရသာရှိသလို သူမရဲ့ ဟင်းချက်လက်ရာဟာလည်း ထိပ်တန်းပင်။ ဒီလောက်ကောင်းတဲ့ ဇနီးတစ်ယောက်ကို သူ ဘယ်လိုများ လက်ထပ်နိုင်ခဲ့တာလဲနော်?

ဒီလိုမျိုး ဇနီးသည်တစ်ဦးရှိတဲ့အခါ ခင်ပွန်းသည်က ဘာတွေများ ထပ်တောင်းဆိုရဦးမှာလဲ?

ယခုအခါ ချန်ကျင်းရိက သူမရဲ့ အစ်မဖြစ်သူ အိမ်မှာ ပြန်နေသောကြောင့် မီးအိမ်အောက်တွင် စားသောက်ရန် ဇနီးမောင်နှံနှစ်ယောက်သာ ကျန်ပါတော့သည်။

လုယန်အတွေးတွေကတော့ - ဒါဟာ သူအိပ်မက်မက်ခဲ့ရတဲ့ ကလေးတွေမရှိတဲ့ ဘဝပဲလေ။

မကြာခင်မှာ ချစ်စရာကောင်းတဲ့ ကလေးလေးတွေမရှိတော့တဲ့ အားလပ်ရက်လေး စတင်တော့မည်ပင်။

သူ အရမ်းပျော်တယ်ဟေ့!

ယနေ့ည၌ လုယန် အလွန်စားနိုင်ခဲ့လေ၏။ သူ့မိန်းမက သူ့အတွက် ချက်ပြုတ်ပေးတဲ့ စားစရာတွေအားလုံးကို အကုန်ရှင်းပစ်လိုက်ပြီး နောက်ဆုံးတွင် စားပွဲကို သန့်ရှင်းရေးလုပ်လိုက်၏။

***

ချင်းရို့ ညဘက် ရေချိုးပြီးနောက် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုကို အချိန်အကြာကြီး လုပ်ဆောင်ခဲ့၏။ သူမ တံခါးဝသို့ မရောက်မီတွင် အထဲက ပျော်မြူးနေတဲ့ လေချွန်သံကို ကြားလိုက်ရသည်။

လေချွန်သံလေးဟာ ပိုင်ရှင်ရဲ့ ပျော်ရွှင်မှုကို သစ္စာဖောက်နေလျက်။

ချင်းရို့: "...?"

သူမ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့ရာ လုယန်က သူ့မေးစေ့ကို လက်ဖြင့်ထောက်လျက် ကုတင်ပေါ်မှာ သူမကို စောင့်မျှော်နေလေပြီ။ သူ သူမကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေက မရွေ့တော့ပေ။

ချင်းရို့ ကုတင်ဘေးရှိ စားပွဲပေါ်က ဖိုင်အိတ်ကို လှမ်းကြည့်လိုက်တော့ မဖွင့်ရသေးတဲ့ပုံပေါက်နေ၏။

ချင်းရို့ စကားမပြောနိုင်ဖြစ်သွားရလျက်။

ဒီလို ထင်ရှားတဲ့နေရာမှာ တင်ထားပေးတာလေ။

- မိုက်မဲတဲ့ ခွေးကောင်၊ ရှင့်မှာ စူးစမ်းလိုစိတ် မရှိဘူးလားဟဲ့?

သူမရဲ့ အချိန်အကြာကြီး စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုဟာ အချည်းနှီးပင်။

လုယန်က ယခုအချိန်တွင် အခြားအရာများနှင့်ပတ်သက်၍ စူးစမ်းလိုစိတ် စိုးစင်းမျှမရှိပေ။ ယခုအချိန်တွင် သူတွေးနိုင်သမျှဟာ လာမည့်အားလပ်ရက်အတွင်းမှာ ကလေးတွေမရှိဘဲ သူ့မိန်းမနဲ့အတူတူနေနိုင်မယ့် ပျော်ရွှင်စရာ ဘဝအကြောင်းသာ။

နှစ်ယောက်တည်းကမ္ဘာပဲ။

"ဇနီးလေး..."

လုယန်က နူးညံ့ပြီး မွှေးကြိုင်နေတဲ့ သူ့မိန်းမကို သူ့ရင်ခွင်ထဲမှာ ဖက်ထားလိုက်ပြီး သူမရဲ့ လှပတဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ လုယန်သည် သူမကို နမ်းရတာ အထူးနှစ်ခြိုက်လေ၏။

ချင်းရို့လည်း သူ့လည်ပင်းကို ပွေ့ဖက်ပြီး ပြန်နမ်းလိုက်သည်။

လုယန်က ပြင်းပြင်းထန်ထန်အနမ်းတွေကို ကြိုက်သူမို့ ချင်းရို့က သူမသာ ခွဲခွာဖို့ တက်ကြွစွာ မရုန်းကန်ခဲ့ရင် သူက ထာဝရနမ်းနေလိမ့်မယ်ဆိုတာ ရံဖန်ရံခါ ခံစားမိလေ၏။ ချင်းရို့ကတော့ ပေါ့ပေါ့ပါးပါးအနမ်းကိုသာကြိုက်သူပင်၊ တစ်ခေါက်ပြီး တစ်ခေါက်နမ်းတာမျိုးပေါ့။

အနမ်းတိုင်းဟာ မရပ်ခင် သူတို့နှစ်ယောက်လုံး ကျေနပ်တဲ့အထိ နမ်းရမှာပဲ။

"လုယန်..."

ချင်းရို့ မနေနိုင်တော့ဘဲ သူ့ရင်ဘတ်ကို တွန်းလိုက်ကာ အိပ်ယာဘေးရှိ စားပွဲပေါ်က ဖိုင်အိတ်ကို ဆွဲယူပြီး လုယန်လက်မောင်းထဲသို့ ပစ်ပေးလိုက်သည်။

"ရှင် ဒါကို အရင်ကြည့်လိုက်"

"မကြည့်ဘူး" လုယန် ငြင်းဆန်လေ၏။

"ကြည့်ဆို..."

"ကိုယ် မနက်ဖြန်မှ ကြည့်မယ်လေ ဇနီးလေးရာ၊ မင်း အခု ရပ်လို့မရဘူးလေ။ ကိုယ့်ကို အတင်းမလုပ်နဲ့ကွာ၊ အဲဒါက ခက်ခဲတယ်"

"အတင်းလုပ်ရမှာပဲ"

ချင်းရို့က သူ့ရဲ့ မျက်နှာချောချောလေးကို တွန်းဖယ်လိုက်ပြီး သူ့မျက်လုံးထဲသို့ လေးလေးနက်နက်ကြည့်ကာ ပြောလိုက်၏။

"လုယန် ရှင် အဖေဖြစ်တော့မှာ"

"ရှင် တကယ်ပဲ အဖေဖြစ်တော့မယ်"

All Chapters