← Chapters

အခန်း (၈၄)

Vol. 7 Ch. 84

အခန်း (၈၄)

Vol. 7 Ch. 84

ချင်းရို့ အစ်မနဲ့ သူမခင်ပွန်းရဲ့ မိသားစုက လုအိမ်သို့ နေ့လည်စာစားဖို့ သွားခဲ့ကြသည်။ ချင်းမျန့်သည် သူမညီမရဲ့ ခြံဝင်းကို သွားတိုင်း မယုံကြည်နိုင်သလို ခံစားမိကာ သက်ပြင်းချလျက်။

"ဒါတွေက တကယ်ပဲ ငါ့ညီမလေး လုပ်ထားတာပေါ့လေ။ ဟုတ်တယ်၊ ဒါက ငါ့ညီမလေး စိုက်ပျိုးထားတာတွေပဲဟ၊ အရမ်းတီထွင်တတ်တာပဲဟာ၊ အရမ်းမိုက်တာပဲ"

ချန်မျန့် ပြောလာသည်မှာ "မင်းအိမ်ထောင်မပြုခင်က မင်းဘယ်လိုပုံစံလဲ စဉ်းစားကြည့်လိုက်"

ချင်းမျန့် "…"

ကြည့်ရတာ ဒီလူက အရိုက်ခံဖို့လိုနေပြီပဲ!

ချင်းရို့က တစ်ဖက်တွင် ရယ်မောနေရင်း ချင်းမျန့်ကို ဆွဲခေါ်ကာ ပြုံး၍ ပြောလိုက်၏။

"ငါ့ခဲအိုက မူလတန်းပြဆရာ ဖြစ်သင့်တယ်လို့ ထင်တယ်နော်"

ထိုအချိန်တုန်းက သူသည် အရမ်းတိတ်ဆိတ်နေခဲ့သော်လည်း ယခု မူလတန်းကျောင်းသားလေးတွေနှင့် အချိန်အတော်ကြာအောင် ပြောဆိုဆက်ဆံနေခဲ့ရတာကြောင့် စကားလည်း ပိုပြောလာခဲ့ပြီ။

"ငါလည်း သူ မူလတန်းကျောင်းဆရာဖြစ်လာတာကို သဘောကျတယ်"

ချင်းမျန့်က သူမရဲ့တင်ပါးပေါ်မှာ လက်တင်လိုက်ပြီး "သူ့ကျောင်းသားတွေကို ဒေါသထွက်ရလွန်းလို့ အိမ်မှာ ဆွေ့ဆွေ့ခုန်နေတာကို မြင်ရတာ ကြိုက်တယ်ဟယ်"

ချင်းမျန့်နှင့် ချင်းရို့တို့က မီးဖိုချောင်တွင် ချက်ပြုတ်နေကြ၏။ ချင်းမျန့်က ဒလိမ့်တုံးတွေ အများကြီးရှိနေတာကို မြင်တဲ့အခါ ချီတုံချတုံဖြင့် မေးလာခဲ့သည်။

"... ဒီလောက်အများကြီးပဲ၊ ဒါတွေနဲ့ နင် ဘာလုပ်တာလဲဟယ်?"

"ဒလိမ့်တုံးလေ နင် မသုံးဘူးလား မမရာ?"

"ဒါက ဒလိမ့်တုံးဆိုတာ ငါသိတယ်လေ၊ ဒါပေမယ့် ငါ မေးတာက နင် အကုန်လုံးသုံးလို့လားလို့?"

"မဟုတ်ပါဘူး"

ချင်းရို့ အရှက်မဲ့စွာ ပြန်ဖြေလိုက်၏။

"နင် ဝယ်ထားတာ အများကြီးကို"

ချင်းရို့ အရမ်းဂုဏ်ယူစွာနဲ့ ပြောလာလေ၏။

"နင့်မတ်က အဲဒါကို သုံးရတာကြိုက်တယ်လေ။ ငါက လှဲအိပ်နေပြီး စားရုံပဲ။ သူလုပ်တဲ့ ဘန်းမုန့်ပေါင်းကြီးတွေက အရမ်းအရသာရှိတာနော်၊ ပြီးတော့ သူက ဖက်ထုပ်တွေတောင် လုပ်တတ်သေးတယ်ဟာ..."

"ညီမလေးရေ ငါတော့ အားကျနေပြီနော်၊ ငါ့ညီမလေးက ဒီလိုကောင်းတဲ့ယောကျ်ားတစ်ယောက်ကို လက်ထပ်နိုင်ခဲ့တာပဲ"

ချင်းမျန့်က ဒီကမ္ဘာကြီးမှာ အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ဘယ်သောအခါမျှ မတွေးမိခဲ့ပေ။ သူမရဲ့ ညီမလေးက ဒီနှစ်ရဲ့ ပထမနှစ်တစ်ဝက်အတွင်းမှာပဲ မိထွေးတစ်ယောက်ဖြစ်လုနီးပါးဖြစ်သွားခဲ့ရပေမယ့် ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့ ရေတပ်အရာရှိ အမျိုးသားလူရွယ်လေးနဲ့ လက်ထပ်သွားခဲ့သလို ထိုအမျိုးသားသည်လည်း သူ့ဇနီးအပေါ် ချစ်မြတ်နိုးပါသေးသည်။

သူက သူ့ဇနီးအတွက် အဝတ်လျှော်ပေး၊ ချက်ပြုတ်ပေးသေးတယ်။ ဒီလိုလူကောင်းမျိုးကို ဘယ်မှာမှ ရှာလို့မတွေ့နိုင်ဘူးနော်။

"နင့်ယောကျ်ားက တကယ်ကောင်းတာပဲ"

ချင်းရို့ ပြုံးလိုက်သည်။

"နင်... နင် ကိုယ်ဝန်ဆောင်ထားပြီဆိုတော့ ပိုပြီးဂရုစိုက်ဦး။ အမြွှာဖြစ်ရင် ပိုသတိထားရမယ်နော်..."

"အမြွှာတွေ..."

ချင်းရို့ တွေးကြည့်လိုက်တော့ တကယ်ပဲ ဖြစ်လာနိုင်တယ်ဆိုတာ သိလိုက်ရ၏။ သူတို့နှစ်ယောက်က အမြွှာတွေဖြစ်ကြသလို သူမရဲ့ အစ်မကလည်း ပထမဆုံးအကြိမ်မှာ အမြွှာတွေမွေးခဲ့တာပဲလေ။ ဆိုတော့ သူမဆီမှာ အမြွှာမွေးလာဖို့ အလားအလာရှိနေပြီပဲ။

အမလေး၊ တစ်ချိန်တည်းမှာ ဝက်ဝံကလေးနှစ်ယောက်ကို ပြုစုဖို့ဆိုတာ မလွယ်ဘူးလေနော်။

ချင်းရို့: "... မမရေ ငါ့ကို မခြောက်ပါနဲ့ဟာ"

"ငါက နင့်ကို ဘာလို့ခြောက်ရမှာတုန်း? ကလေးနှစ်ယောက်ဆို မကောင်းဘူးလားဟယ်? ဒါပေမဲ့ အနာဂတ်မှာ နင် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ပိုပြီးသတိထားရမယ်..."

ချင်းမျန့်က ချင်းရို့အား အနာဂတ်တွင် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လိုအပ်သမျှကို ပြောပြခဲ့လေသည်။

"မမရေ နင် ငါ့ကို ကောင်းတာလေးတွေပဲ ရွေးပြီးပြောနေတယ်၊ အနာဂတ်မှာ ကြုံရမယ့် ဒုက္ခတွေအကြောင်း ပြောပြပါဦး"

မူကြိုဆရာမဟောင်းတစ်ဦးအနေဖြင့် ချင်းရို့ဟာ အနာဂတ်မှာ ကလေးတွေကို ပြုစုပျိုးထောင်ရတဲ့ ဝေဒနာကို ဘယ်လိုလုပ်ပြီး မသိပဲနေပါ့မလဲ။

ဒဏ္ဍာရီလာသားရဲတစ်ကောင်ကို ထိန်းရတာတောင် အရမ်းကြောက်စရာကောင်းနေပြီဟာ၊ ဒဏ္ဍာရီလာသားရဲလေးနှစ်ကောင်ကိုပါဆိုရင် ပြောမနေပါနဲ့တော့။

အဖေဖြစ်သူ လုယန်လိုမျိုး ဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်နေတယ်ဆိုရင်တော့... ဒါဆို သူမရဲ့ ခြံဝင်းလေးက အမှန်တကယ်ပင် အန္တရာယ်ရှိနေပါပြီနော်။

ယခုတော့ သူမရဲ့ ခြံဝင်းလေးဟာ သူမတို့ မိသားစုခြံထဲတွင် အလှပဆုံးခြံဝင်းဖြစ်နေဆဲပင်။ အနာဂတ်တွင် ဝက်ဝံကလေး ကမ္ဘာကြီးဆီ ရောက်လာတဲ့အခါ သူ/သူမလေးဆီ သူမရဲ့ ပန်းတွေနှင့် အပင်တွေအားလုံးကို ပေးလိုက်ရမှာပါပဲ။

"ဘာကိုကြောက်နေတာတုန်း? ညီမလေးရေ နင်က ကလေးတွေကို ပြုစုစောင့်ရှောက်တာ တအားတော်တာပဲဟာ။ ကျင်းရိလေးက နင့်နောက်လိုက်လာတာ လနည်းနည်းပဲကြာသေး၊ သူအိမ်ပြန်လာတော့ အရမ်းလိမ္မာနေတာများ သူ့ဘာသူ အဝတ်အစားတွေဝတ်တာရော၊ ထမင်းစားတာရော၊ အိပ်တာရော၊ ပုံဆွဲတာတွေပါ... လုပ်တတ်နေပြီဟာ"

ချင်းမျန့်ရဲ့ မျက်လုံးတွေက အပြုံးတွေ ပြည့်နှက်နေလျက်။ သူတို့ရဲ့ သားအငယ်ဆုံးလေး ပြောင်းလဲလာတာကို မိသားစုအားလုံး လွန်စွာပျော်ရွှင်နေခဲ့ကြလေသည်။

"နင်... နင်က ကလေးတွေကို ပြုစုပျိုးထောင်ဖို့ မွေးလာတာပဲ"

ချင်းရို့: "... ဒီလို ကြောက်စရာကောင်းတဲ့ စကားတွေ မပြောပါနဲ့"

ချင်းရို့က အမြွှာကိုယ်ဝန်ရှိနိုင်ခြေကို တကယ်ပဲ စိုးရိမ်နေခဲ့၏။ သူမတော့ ဆေးရုံမှာ စစ်ဆေးကြည့်ဖို့ သွားရတော့မှာပဲ။ တကယ်ပဲ အမြွှာသာဆိုရင်... ပင်ပန်းရတော့မှာပဲဟယ်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မလွယ်ဘူးလေ။

ညီအစ်မနှစ်ယောက် မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်း စကားစမြည်ပြောနေကြစဥ် လုယန်နှင့် ချန်မျန့်တို့လည်း အပြင်မှာ စကားပြောနေကြကာ ချန်ကျင်းဟွနှင့် ကျွမ်းကျွမ်းတို့ကလည်း သူတို့ဒေါ်လေးအိမ်ရဲ့ ခြံဝင်းထဲမှာ ဆော့ကစားကြရန် အငယ်လေးကျင်းရိကို သွားခေါ်ကြလေ၏။

"အားမိန့် နင့်ရဲ့လက်ရာက ဒီလောက်ကောင်းမယ်လို့ ငါမမျှော်လင့်ထားမိဘူး၊ အားကျဲက နင့်လောက်မတော်ဘူးဟာ"

"သူမက ရှားပါးလှတဲ့ ဇနီးကောင်းလေးပဲ!"

"မမရေ ဒီလောက်ကြွားမနေပါနဲ့၊ နင့်ရဲ့ မတ်က ဒီလိုတွေးမနေဘူးဟဲ့"

"ဘယ်သူပြောတာလဲ? ကိုယ့်အထင်တော့ ကိုယ့်ဇနီးလေးက အကောင်းဆုံးပဲ"

ချန်မျန့်က သူ့ယောက်ဖအိမ်မှာ နေ့လည်စာစားခဲ့ပြီး သူ တကယ်ပဲ သူ့ရဲ့ယောက်ဖကို မနာလိုအားကျမိလေ၏။

သူ့မိန်းမရဲ့ ညီမဟာ သူ့မိန်းမလိုမျိုး အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရာ သူမရဲ့ အရင်က ကြမ်းတမ်းလှတဲ့ အကျင့်စရိုက်ဟာလည်း များစွာနူးညံ့လာခဲ့ပြီ။

သူ့ယောက်ဖဟာလည်း သူ့ဇနီးသည်ကို အမှန်တကယ် ချစ်ခင်နှစ်သက်သူပင်။

နောက်ပြီးတော့ သူက အတော်လေး အရသာရှိတဲ့ ဘန်းမုန့်ပေါင်းကြီးတွေနဲ့ ဖက်ထုပ်တွေကိုလည်း လုပ်တတ်တယ်... ဒါကတော့ သူ ယှဥ်လို့မရနိုင်တဲ့အရာပါပဲ။

သူ တကယ်ပဲ ရှက်ရွံ့မိလေရဲ့။

သူလည်း ပြန်သွားပြီးတော့ ဘန်းမုန့်ပေါင်းတွေ စမ်းလုပ်ကြည့်ရမယ်။ ဒီလိုရိုးရှင်းတဲ့အရာလေးကို ပြုလုပ်ဖို့ မခဲယဥ်းလောက်ပါဘူး။

*

လုယန်က အားလပ်ရက်ရထားသော်လည်း ချင်းရို့ကတော့ အလုပ်သွားရမည်ပင်။ မနက်ခင်းတွင် သူမ စက်ဘီးမစီးနိုင်၍ ဘတ်စ်ကားစီးရုံသာ တတ်နိုင်လေ၏။ သို့သော် ဘတ်စ်ကားကနေ လမ်းတစ်ဝက်လောက်မှာ ဆင်းရပြီး ရေဒီယိုအသံလွှင့်ရုံဆီသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ရပါသေးသည်။

လုယန်က အိမ်မှာရှိတာကြောင့် သူမကို အလုပ်လိုက်ပို့ပေးဖို့အတွက် ကားတစ်စီးငှားလိုက်မယ်လို့ လွယ်လွယ်လေး ပြောခဲ့ပေမယ့် ချင်းရို့ကတော့ တွန့်ဆုတ်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ရာသီဥတုသာယာနေပြီး သိပ်လည်းမဝေးတာမို့ လူနှစ်ယောက်အတွက် လမ်းလျှောက်တာကလည်း ကောင်းတာပဲလေနော်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ လမ်းများများလျှောက်သင့်တာပဲလေ။

သူမက လုယန်ကို မှီပြီး လျှောက်နေခဲ့သော်လည်း ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတဲ့နောက် ပင်ပန်းလာတာကြောင့် လုယန်က သူမကို ကျောပိုးလိုက်သည်။

"မင်း ကိုယ့်ကို ဒီလိုမျိုး ကျောပိုးစေချင်တာ တော်တော်ကြာနေပြီမဟုတ်လား?"

ချင်းရို့ ရိုးရိုးသားသားလေး ဝန်ခံလေ၏။

"ရှင်က တကယ်ပဲ ဉာဏ်ကောင်းလိုက်တာနော်"

သူမယောကျ်ားက သူမကို ကျောပိုးပေးတဲ့ ခံစားချက်ကို သူမ တကယ်ပဲ ခံစားဖူးချင်နေခဲ့တာလေ။

"မင်း ကိုယ့်ကို ဘာလို့စောစောမပြောတာလဲကွာ? မင်း စောစောတည်းကပြောရင် ကိုယ် အိမ်ကနေ ထွက်လာကတည်းက ချီသွားပေးမှာပေါ့"

"ရှက်စရာကြီးကို... မိသားစုခြံဝင်းက လူတော်တော်များများက စောင့်ကြည့်နေကြတဲ့ဟာ"

"ကျွန်မက လေးလား?"

"...ဇနီးလေး ကိုယ့်ဘာကိုယ် အထင်မသေးပါနဲ့ကွာ၊ မင်းက ငှက်မွှေးလိုပဲ ပေါ့နေတာ"

"ပေါက်ကရတွေ"

All Chapters