← Chapters

အခန်း (၈၅)

Vol. 8 Ch. 85

အခန်း (၈၅)

Vol. 8 Ch. 85

လုယန်က သူမကို အလုပ်ဆီ လိုက်ပို့ပေးခဲ့သည်။ ဤသည်မှာ သူမရဲ့ လုပ်ငန်းခွင်သို့ သူ ပထမဆုံးအကြိမ်သွားခြင်းဖြစ်လေ၏။ သူမရဲ့ လုပ်ငန်းခွင်သို့ မရောက်မီ ချင်းရို့က လုပ်ဖော်ကိုင်ဖက်တွေဆီက စနောက်ကဲ့ရဲ့ခြင်းမခံရစေရန် လုယန်ရဲ့ နောက်ကျောမှ ဆင်းလိုက်သည်။

လုယန်က သူမနှင့်အတူတူ အလုပ်ထဲလိုက်ဝင်လာခဲ့ပြီး အနားတစ်ဝိုက် လည်ပတ်ချင်တယ်လို့ ပြောသောကြောင့် ချင်းရို့က သူ့ကို မိတ်ဆက်ပေးခဲ့ပါသည်။

"ချင်းရို့ရေ ဒီလူက ဘယ်သူလဲ?"

"နင့်ယောကျ်ားလား?"

"နင်တို့နှစ်ယောက်က တစ်ယောက်က ချောမောပြီးတော့ နောက်တစ်ယောက်က လှပတာပဲ၊ ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့အတိုင်းပဲဟယ်..."

ချင်းရို့က လုပ်ငန်းခွင်တွင် သူမရဲ့ ခင်ပွန်းအကြောင်း ပြောဆိုခဲသဖြင့် လူတော်တော်များများက သူတို့ရဲ့ ဆက်ဆံရေးဟာ ပုံမှန်ပဲလို့ ထင်ကြေးပေးခဲ့ကြ၏။ နောက်ပိုင်းတွင် ဝမ်လိချွမ်းရဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာကြောင့် တချို့လူတွေက သူမရဲ့ ထင်ကြေးတွေဟာ မှန်တယ်လို့ သူတို့ရဲ့ စိတ်ထဲမှာ တွေးတောနေခဲ့ကြသည်။

ချင်းရို့က ငယ်ရွယ်ပြီး လှပသူပင်။ အသံလွှင့်ရုံတွင် သူမကို တိတ်တဆိတ် သဘောကျနေတဲ့ လူငယ်လေးတွေလည်းရှိခဲ့သည်။ ချင်းရို့က သံသယတွေကို ရှောင်ရှားပြီး တခြားသောအမျိုးသားတွေနှင့် ရင်းရင်းနှီးနှီးပတ်သက်မှု တစ်စုံတစ်ရာမှမရှိခဲ့သော်လည်း သူမက လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရဆဲပင်။

သူမခင်ပွန်းရဲ့ အခြေအနေဟာ အလွန်ကောင်းမွန်လှ၏။ သူက ရေတပ်အရာရှိတစ်ဦးဖြစ်ပေမယ့် မကြာခဏ အိမ်နဲ့ ဝေးကွာနေရသူမို့ သူက ရိုမန့်တစ်မဆန်သူဖြစ်နိုင်လေ၏။ သာယာလှတဲ့အသံပိုင်ရှင် ချင်းရို့ဟာ လှပချောမောသလို ကြေညာသူတစ်ဦးလည်းဖြစ်တာမို့ သူမရဲ့ အခြေအနေဟာလည်း မဆိုးလှဘူးဆိုတော့ သူမဆီမှာလည်း တခြားအတွေးတွေရှိကောင်းရှိနိုင်တာပဲလေ။

သို့သော် ချိုမြိန်နေတဲ့ အပြုံးလေးတွေနဲ့ အနှီစုံတွဲရဲ့ အချစ်တွေကို မြင်လိုက်ရတဲ့အခါ သူတို့နှစ်ယောက်ကို ကြည့်ရုံနဲ့ ချစ်ခင်မြတ်နိုးနေကြတဲ့ စုံတွဲမှန်း ပြောနိုင်ပါသည်။

အသံလွှင့်ရုံ၌ အပြုံးဖျော့ဖျော့လေးသာ ပြုံးလေ့ရှိတဲ့ ချင်းရို့က သူမရဲ့ ချောမောခန့်ညားတဲ့ ခင်ပွန်းအရှေ့မှာတော့ လှပစွာ ပြုံးနေခဲ့သလို အရင်တုန်းက တွေ့ရခဲတဲ့ နူးညံ့သိမ်မွေ့လှတဲ့ အကြည့်တွေနဲ့ သူမရဲ့ ခင်ပွန်းကို ကြည့်နေခဲ့၏။

ချင်းရို့နှင့် အလုပ်တွဲလုပ်တဲ့ ကြေငြာသူ ကျန်းရွှယ်ချင်းက ဆိုလေ၏။

"အကောင်းဆုံးကို မြင်ပြီးတာနဲ့ ကျန်တာတွေက ကြည့်ဖို့တောင် မတန်တော့ဘူးဟယ်"

"ဒီလိုယောကျ်ားမျိုးးနဲ့ဆိုရင် ချင်းရို့က တခြားဘယ်သူတွေကိုများ ကြိုက်ဦးမှာလဲဟယ်? သူတို့ စဥ်းစားနေတာတွေ ရပ်သင့်ပြီနော်၊ စစ်အိမ်ထောင်ရေးကို ဖျက်ဆီးတာက ပြစ်မှုကျူးလွန်တာပဲ"

"နောက်ကွယ်မှာ အတင်းအဖျင်းပြောနေတာ ရပ်လိုက်ကြတော့"

***

လုယန်ရဲ့ မိဘတွေက ချင်းရို့အတွက် အဝတ်အစားတွေချုပ်ဖို့ ပေးလိုကြောင်းပြောကာ ချုံကျိုးကျွန်းသို့ အထည်စတွေအများကြီး ပို့လိုက်လေ၏။ သူတို့ရဲ့ ချွေးမလေးဟာ လှပချောမောသူဖြစ်၍ အဝတ်အစားအသစ်တွေဝတ်ရတာ ကြိုက်မယ်ဆိုတာကို သူတို့သိပေသည်။ သူမက အခုမှ အိမ်ထောင်ကျခါစဖြစ်တာကြောင့် အဝတ်အစားအသစ်တွေ ပိုပြီးချုပ်ဖို့လိုနေမှာပဲ။

လုမိသားစုရဲ့ မိဘနှစ်ပါးစလုံးဟာ ပင်စင်လစာများရှိကြပြီး ငွေမလုံလောက်တာမျိုးမရှိပေ။ ထို့ကြောင့် သူတို့က အခြားသူတွေနှင့် အထည်လက်မှတ်များစွာ လဲလှယ်ကာ အထည်မျိုးစုံကို ဝယ်ယူပြီး ကျွန်းသို့ ပို့ပေးခဲ့သည်။

မူလကတော့ အဝတ်အစားတွေ တစ်ခါတည်းချုပ်ပြီး ပေးပို့ချင်ပေမယ့် သူတို့ချွေးမလေး မကြိုက်မှာ၊ အဆင်မပြေမှာကို ကြောက်လို့ အထည်စတွေကို ရိုးရိုးရှင်းရှင်းပဲ ပို့ပေးလိုက်တော့သည်။

လုယန်သည် အထည်စတွေကို လက်ခံရရှိပြီးနောက် သူ့ဇနီးလေး ပျော်သွားအောင်လို့ အမြန်ပြန်ယူသွားခဲ့သည်။ ယခုခေတ် ချည်ထည်တွေဟာ ရိုးရိုးရှင်းရှင်းပုံစံသာဖြစ်ပြီး အခြားဆန်းဆန်းပြားပြားပုံစံမရှိသေးပေ။ ၎င်းတို့အားလုံးဟာ ပုံမှန်အထည်များသာဖြစ်ကြပြီး အနီရောင်၊ စစ်စိမ်းရောင်၊ အဖြူရောင်နှင့် အပြာရောင်တို့အပြင် အတော်လေးကို စတိုင်လ်ကျပြီး ဆန်းသစ်တဲ့ ပန်းပွင့်အဆင်တွေနဲ့ အကွက်အဆင်များပင်။

လုမိသားစုဝင်အများစုမှာ စစ်တပ်တွင် ရှိကြပြီး လုယန်ရဲ့ မိဘတွေမှာလည်း စစ်ယူနီဖောင်းဟောင်းများစွာရှိသဖြင့် အထည်လက်မှတ်တွေကို သိမ်းဆည်းထားခဲ့ကြ၏။ ယခုအချိန်မှာတော့ ဒီလိုအထည်စများစွာရရှိခြင်းမှာ အမှန်တကယ်ပင် ကြီးကြီးမားမားကိစ္စဖြစ်လေသည်။

"ဇနီးလေး အဝတ်အစားအသစ်တွေ နည်းနည်းပိုလုပ်လိုက်နော်"

"မင်းရဲ့ယောက္ခမတွေက မင်းကိုပေးတာတွေပဲ"

ချည်ထည်ကို လက်ခံရရှိတဲ့ လုယန်ဟာ သူ့မိဘတွေက တောင်ဘက်သို့ ခရီးထွက်လာပြီဖြစ်မှန်း မသိသေးသလို၊ သူ့ဇနီးလေး ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းကို သူတို့အား မပြောပြရသေးပါချေ။

ထို့ကြောင့် သူ့မိဘတွေဟာ လုယန်အိမ်မှာ ယမ်းမှုန့်တွေနဲ့ ပြည့်နေတဲ့ စစ်မြေပြင်ဖြစ်နေမှာကို စိုးရိမ်နေခဲ့ကြပေသည်။

ချင်းရို့က အဝတ်အစားတွေပြုလုပ်ရန် အစ်မဖြစ်သူ ချင်းမျန့်အိမ်သို့ အထည်စတွေကို ယူသွားခဲ့သည်။ ချင်းမျန့်ရဲ့ အိမ်ဟာ စိုက်ပျိုးရေးခြံအနီးရှိ ကျောင်းတစ်ကျောင်းထဲတွင် ဖြစ်လေ၏။ ထိုကျောင်းဟာ လွန်စွာပျက်စီးယိုယွင်းနေပြီး သက်ကယ်တဲငယ်လေးတွေ အနည်းငယ်ဖြင့်သာ ကျောင်းအဖြစ်ဆောက်လုပ်ထားခြင်းပင်။

ပင်းချန်စိုက်ပျိုးရေးခြံမှာရှိတုန်းက အခြေအနေနဲ့ နှိုင်းယှဥ်လို့မရနိုင်ပါချေ။ အဲဒီတုန်းက သူတို့ အုတ်အိမ်မှာ နေထိုင်ခဲ့ကြကာ ယခုချိန်မှာတော့ သက်ကယ်တဲနဲ့ နေထိုင်နေခဲ့ကြရပြီ။

ကျောင်းတွင် ဆရာ၊ ဆရာမ အနည်းငယ်နှင့် ကျောင်းအုပ်သာရှိပြီး လူသိပ်မများသလို ကျောင်းသားအများစုသည်လည်း အဝတ်အစားအစုတ်အပြဲတွေကိုသာ ဝတ်နိုင်ပြီး ခြေဗလာဖြင့်သာ ကျောင်းသို့လာနိုင်ကြတဲ့ အနီးနားကျေးရွာများမှ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများမှ ကလေးတွေပဲ ဖြစ်ကြ၏။

ချင်းမျန့်က ဤကလေးငယ်များအတွက် စုတ်ပြဲနေတဲ့ အဝတ်အပိုင်းအစတချို့နှင့် ဘောင်းဘီတိုလေးတွေကို ချုပ်ပေးခဲ့သည်။ နေ့ခင်းဘက် နေရောင်ဟာ တောက်ပထိန်လင်းနေသော်လည်း ကလေးတွေမှာ ထီးမရှိကြပါချေ။ သူတို့လေးတွေက အရိပ်ရရန်အတွက် ရှဥ့်လေးများကဲ့သို့ အုန်းရွက်တွေကို အုပ်ဆောင်း၍ အတန်းလာတက်ကြ၏။

အရင်တုန်းကတော့ ဒီနေရာက ဆရာတွေဟာ ပညာအရမ်းတတ်သူများမဟုတ်ကြ။ အလယ်တန်းနှင့် အထက်တန်းကျောင်းပြီးသူတွေက မူလတန်းပြဆရာတွေ ဖြစ်လာခဲ့သည်ပင်။

သို့သော် ယခု ချန်မျန့် ရောက်လာပြီးနောက်ပိုင်းတွင် "ကောလိပ်ကျောင်းသား"ဖြစ်တဲ့ သူဟာ တစ်ကျောင်းလုံးတွင် စာအတတ်မြောက်ဆုံးဆရာ ဖြစ်လာခဲ့လေသည်။ မူလက တက္ကသိုလ်ဆရာဖြစ်ခဲ့တဲ့ သူ့အဖေ ချန်ယွီပိုင်ကိုဆို ပြောမနေပါနဲ့တော့။

ချန်မျန့်က အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူဖြစ်၍ ကလေးတွေကို နိုင်ငံခြားဘာသာစကားနှင့် သင်္ချာဘာသာရပ်ကို သင်ကြားပေးခဲ့သလို သူ့အသင်အပြဟာလည်း အလွန်ကောင်းမွန်လှ၏။ ကျောင်းအုပ်ကြီးနှင့် အခြားဆရာတွေက သူတို့မိသားစုကို အရမ်းလေးစားကြ၏။

ချန်ယွီပိုင်က သမိုင်းစာအုပ်တွေ မရေမတွက်နိုင်အောင် ဖတ်ဖူးသူဖြစ်ရာ ကလေးတွေကို ပြောပြရန် ဇာတ်လမ်းပေါင်းများစွာ ရှိနေတတ်သည်။ ကျောင်းသားလေးတွေဟာ အဖိုးချန်ဆီသွားပြီး ပုံပြင်တွေ နားထောင်ရတာကို သဘောကျကြလေ၏။

ဤနေရာရှိ ကျောင်းသားမိဘတွေက ပညာတတ်သူတွေမဟုတ်ကြပေမယ့် ဆရာတွေကို ရိုသေလေးစားကြပါသည်။ ပင်လယ်ကမ်းစပ်က ငါးလေးတွေ၊ ပုစွန်လေးတွေဟာ တန်ဖိုးမကြီးတာကြောင့် ဆရာတွေ စားဖို့အတွက် ကလေးတွေကို ယူသွားခိုင်းတတ်ကြ၏။

ယခုရာသီ၌ တောင်ပေါ်တွင် တောရိုင်း အသီးအနှံတွေ ပေါများလှသဖြင့် ချန်မိသားစု၊ ကျင်းရိလေးနဲ့ တခြားကလေးတွေဟာ တောထဲ၌ အသီးတွေကို အတူတူသွားခူးကြကာ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် စားသောက်ကြလေသည်။

ရွာသားတော်တော်များများကလည်း သီးပင်စားပင်တွေလည်း စိုက်ထားကြသည်။

ဟုတ်တာပေါ့၊ အသီးအနှံတွေက တန်ဖိုးအများကြီးမရှိဘူးလေ။ တောင်ပေါ်ရှိ လိုင်ချီးပင်တစ်ပင်လုံးမှ ဆင့် ၅၀သာ ရှိလေရဲ့။

သူတို့ စားမကုန်နိုင်ရင် ပုပ်သွားနိုင်လေသည်။ ယခုအချိန်မှာ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာတွေ မရှိသေးသဖြင့် အပြင်ဘက်ကို သယ်သွားလို့မရပါချေ။ အပူချိန်မြင့်တာမို့ လမ်းမှာတင် ပုပ်သွား၊ ပျက်စီးသွားနိုင်၏။ ၄င်းတို့ကို အခြောက်ခံနိုင်သော်လည်း အများကြီး အသုံးမဝင်နိုင်ဘူးလေ။

ချန်မိသားစုဟာ ဤနေရာတွင် ငါးလေးတွေ၊ ပုစွန်လေးတွေနဲ့ တောရိုင်းအသီးအနှံတွေ စားသောက်ကာ နေထိုင်ကြ၏။ ဤနေရာရှိ အခြေအနေမှာ သိပ်မကောင်းသော်လည်း သူတို့ ဆာလောင်လိမ့်မည်မဟုတ်ပေ။ ချင်းရို့ကလည်း ဒုတိယထပ်မှာ စိုက်ပျိုးထားတဲ့ ကြက်သွန်မြိတ်၊ ဆလတ်နှင့် ခရမ်းချဥ်သီး သေတ္တာတစ်ချို့ကို ယူလာပေးခဲ့သည်။

ကျောင်းကလည်း သူတို့မိသားစုအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ မြေကွက်တစ်ကွက် ချပေးခဲ့၏။ ချင်းမျန့်က ညီမဖြစ်သူရဲ့ နည်းလမ်းအတိုင်း ကောင်းကောင်းမွန်မွန်လုပ်ရန် စီဉ်ထားပေသည်။

All Chapters