အခန်း (၈၆)
Vol. 8 Ch. 86
လုယန်က ချင်းရို့ကို လိုက်ပို့ပေးဖို့အတွက် သယ်ယူပို့ဆောင်ရေးကားတစ်စီးငှားလိုက်၏။ ထို့နောက် နောက်ထပ်အိမ် ၂လုံး၊ ၃လုံးဆောက်ဖို့ ပြင်ဆင်ရန်အတွက် ပျဉ်ပြားနှင့် သက်ကယ်အချို့ကို သွားသယ်ယူဖို့ သူ့ယောက်ဖနှင့်အတူ လိုက်သွားခဲ့သည်။
ယခု ချန်မိသားစုနေထိုင်တဲ့ အိမ်ဟာ အဆင်ပြေသော်ငြား တိုင်ဖွန်းတိုက်ခတ်လာတဲ့အခါ နေထိုင်ဖို့ သင့်လျော်မည်မဟုတ်ပေ။ တိုင်ဖွန်းကို ရှောင်ရှားဖို့အတွက် စာသင်ကျောင်းထဲမှာ ပုန်းအောင်းနေရမည်ဖြစ်သည်။
သက်ကယ်တဲရှိ ပြတင်းပေါက်တွေ ပွင့်နေကာ နေ့ခင်းဘက် အလင်းရောင်မှာ အလွန်ကောင်းမွန်လှ၏။ ချင်းမျန့်က အပ်ချုပ်စက်ရှေ့မှာထိုင်ပြီး သူမရဲ့ ညီမ ယူလာတဲ့ပိတ်စတွေကို လှန်လှောနေရင်း ချီးကျူးလာခဲ့သည်။ "ဒါတွေက အထည်ကောင်းတွေပဲဟ။ ဈေးလည်းမပေါဘူးနော်။ နင်အိမ်ထောင်ကျခါစဆိုတော့ အဝတ်အစားအသစ်တွေများများ လုပ်ထားသင့်တယ်။ နင့်အတိုင်းအတာတွေ ယူခွင့်ပေးဦး၊ ငါ နင့်အတွက် အခုချက်ချင်း လုပ်ပေးလိုက်မယ်"
"အနီတစ်ထည်ရှိတယ်မလား? ငါ နင့်အတွက် အနီရောင်ဂါဝန်တစ်ထည် ချုပ်ပေးလိုက်မယ် နင်မဝတ်ချင်ရင်တောင် သိမ်းထားလို့ရတာပဲ"
ဤခေတ်ကာလ လူတွေအတွက်ကတော့ လက်ထပ်ပွဲဆိုတာ ကြီးကျယ်ခမ်းနားလှတဲ့ ပွဲတစ်ပွဲပင်။ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ခက်ခဲနေပါစေ သူတို့ အိမ်ထောင်ပြုတဲ့အခါ ငွေတော်တော်များများ သုံးစွဲကြလေ၏ - အဝတ်အစားတွေချုပ်ကြတယ်၊ စီးကရက်တွေ၊ အရက်တွေ ဝယ်ကြတယ်...
"ဒီပန်းပွင့်အထည်တွေကို ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီ ဒါမှမဟုတ် စကတ်တွေ ချုပ်လို့ရတယ်။ အဖြူတွေကိုတော့ အပေါ်ပိုင်းအတွက် ချုပ်ပြီးတော့ စစ်စိမ်းရောင်ကိုတော့ ဘောင်းဘီရှည်အဖြစ် လုပ်လို့ရတယ်... ဘောင်းဘီတိုလုပ်ဖို့တော့ မလိုဘူး။ ငါ အဲဒါအတွက် လုယန်ရဲ့ အဝတ်ဟောင်းတွေကို ပြင်ပြီးတော့ ဝတ်လို့ရတယ်။ သူတို့ဆီမှာ စစ်ယူနီဖောင်းအသစ်တွေထုတ်ပေးလာပြီလေ... ပိတ်စတွေလည်းရှိသေးတာဆိုတော့ ငါ့တူလေးအတွက်လည်း နှစ်ထည်လောက်လုပ်ပေးလိုက်ဦးနော်"
"နင် အရင်ကလည်း သူ့အတွက်လုပ်ပေးထားပြီးလေ။ သူ့မှာ သူ့အစ်ကိုရဲ့ အဝတ်ဟောင်းတစ်ချို့လည်းရှိပါသေးတယ်ဟယ်။ နင့်ပိတ်စကောင်းတွေကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးပစ်နိုင်မှာလဲ? အစုတ်တွေဆိုရင်တော့ ငါက ယဉ်ကျေးနေမှာမဟုတ်ဘဲ သူ့အတွက် အဝတ်အစားတွေ လုပ်ပေးလိုက်မှာပေါ့"
*
"မမရေ နင့်မိသားစု ဒီမှာ အဆင်ပြေကြတယ်မလား?"
"ဒါပေါ့ဟယ်၊ နင်ကြည့်ရုံနဲ့ မပြောနိုင်ဘူးလားဟ။ နင့်ခဲအိုနဲ့ သူ့အဖေကို ကြည့်ပါဦး၊ သူတို့တွေ စိတ်ဓာတ်ပိုတက်ကြွလာတာ..."
ချင်းမျန့်က တောင်ပေါ်မှာ နေထိုင်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ဒီလိုနေရာမျိုးကို သဘာဝအတိုင်း သဘောမကျတာမရှိပါချေ။ သူမရဲ့ ခင်ပွန်းနဲ့ ယောက္ခမ မကြိုက်မှာကိုပဲ စိုးရိမ်နေမိခဲ့ပေမယ့် ရလဒ်ကတော့ အနှီလူနှစ်ဦးဟာ အဆင်ပြေနေကြပြီး သူတို့က ဤဒေသကို ပိုလို့တောင် သဘောကျနေပါသေးသည်။
သူတို့က ဤနေရာရှိ နေရောင်ခြည်နဲ့ လေထုကို သဘောကျတာ ဖြစ်ကောင်းဖြစ်နိုင်လေ၏။ ထို့ကြောင့် ဘဝဟောင်းကို လွယ်လွယ်လေး နှုတ်ဆက်နိုင်သွားတာပဲဖြစ်ရမယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လူသစ်တွေအများကြီးရှိလာပြီး အကုန်လုံးကလည်း ကြင်နာတတ်သူများပင်။ ကျောင်းသားလေးတွေက အနည်းငယ် ဆိုးသွမ်းကြသော်လည်း သူတို့ဆရာကိုတော့ အလွန်လေးစားကြလေသည်။
သူတို့က နေ့တိုင်း ကြည်လင်နေတဲ့ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူလေးတွေ၊ စူးရှတောက်ပတဲ့ နေရောင်ခြည်၊ စိမ်းလန်းနေတဲ့ တောင်တန်းတွေကို မြင်နိုင်သလို လေကောင်းလေသန့်ကိုလည်း ရှုရှိုက်နိုင်လေသည်။ သက်ကယ်တဲအိမ်လေးမှာ နေရတာတောင်မှ စိတ်ကြည်လင်နေသလို ခံစားနေရ၏။
အထူးသဖြင့် သူမယောက္ခမရဲ့ ခန္ဓာကိုယ်ဟာ ဒီကို ရောက်လာပြီးနောက်ပိုင်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကာ သန်မာကြံ့ခိုင်တဲ့ အဘိုးအိုတစ်ယောက် ဖြစ်လာခဲ့သည်။
တစ်ခါတရံ သူက စက်ဘီးပတ်စီးနေကာ ရွာရှိလူအိုကြီးတွေနဲ့ စကားစမြည်ပြောတတ်လေ၏။ ဤနေရာရှိ လူအိုကြီးတွေဟာ အလွန်အသက်ရှည်ရှည်နေနိုင်ကြကြောင်း ကြားသိခဲ့ရသဖြင့် သူလည်း အသက်ရှည်ရှည်နေလိုခဲ့သည်။
"နင့်ရဲ့ ယောက္ခမတွေက နင့်ကို အထည်တွေ အများကြီးပေးထားတာပဲ။ သူတို့က အရမ်းရက်ရောကြတယ်ဆိုတော့ နင်လည်း သူတို့နဲ့ အဆင်ပြေအောင် နေရမယ်နော်"
ဤခေတ်တွင် တခြားအရာတွေက တန်ဖိုးမကြီးသော်လည်း ချည်ထည်တွေက ဈေးအကြီးဆုံးဖြစ်သလို တစ်နှစ်မှာ အထည်လက်မှတ်တွေ အများကြီးမရနိုင်ပါချေ။ ဤနေရာရှိလူတွေလိုမျိုး စားသောက်ဖို့ လုံလုံလောက်လောက်ရှိသော်ငြား အဝတ်အစားချုပ်လုပ်ရန်အတွက် ကုန်ကြမ်းဝယ်ဖို့ ပိုက်ဆံရှာရတာ ပြဿနာကြီးတစ်ခုပင်။
ငွေရှာရတာ ခက်ခဲလှ၏။ ပင်လယ်ခရု၊ ပြည်ကြီးမျှော့နှင့် ပုစွန်ထုပ်တွေဟာ တန်ဖိုးအများကြီးမရှိပါချေ။ ဆင့်အနည်းငယ်ဟာ ဝက်သားတစ်ပေါင်ကို ဝယ်နိုင်ပေမယ့် ငါးအသားလွှာဆို ပေါင်သုံးဆယ်ကနေ လေးဆယ်ခန့် ဝယ်လို့ရ၏။ တခြားပင်လယ်စာသေးသေးလေးတွေကိုတော့ လမ်းမပေါ်မှာ ပစ်ထားခဲ့ရင်တောင် ဘယ်သူမှ ဂရုမစိုက်ကြပေ။
ကင်းပုစွန်ကဲ့သို့သော အကောင်လေးတွေကို မြေသြဇာအဖြစ် တွင်းတွေထဲ ပစ်ချတတ်လေသည်။
"ငါ သူ့မိဘတွေနဲ့ မဆုံဖူးသေးဘူး၊ ဒါကြောင့် ငါတို့အဆင်ပြေပါ့မလားတော့ ငါလည်းမသိသေးပါဘူးဟာ။ ငါ သူတို့နဲ့ စကားနည်းနည်းလောက်ပဲ ဖုန်းပြောဖူးတာ"
ချင်းရို့သည် အထည်များစွာကို လက်ခံရရှိချိန်မှာတော့ တကယ့်ကို ထိတ်လန့်သွားခဲ့ရသည်။ ယခုအချိန်တွင် ချည်ထည်ထုတ်လုပ်မှုမှာ နည်းပါးနေသေးသဖြင့် ဝယ်ယူဖို့ ခက်ခဲသလို ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့မလွယ်ကူပါချေ။
အထည်လက်မှတ်တွေက များများစားစားမရှိ၍ ချွေချွေတာတာသာ သုံးစွဲနိုင်လေ၏။ အိမ်မှာ ကလေးတွေရှိရင် ဒုတိယကလေးက အကြီးဆုံးကလေးရဲ့ အဝတ်အစားတွေကို ဝတ်ရလေသည်။
သို့သော် ယခုအချိန်တွင် အစိမ်းရောင် စစ်ယူနီဖောင်းနှင့် အပြာရောင် စစ်ယူနီဖောင်းတို့ဟာ ရေပန်းစားနေသဖြင့် လူတွေက စစ်သားဖြစ်ပြီးနောက် စစ်ယူနီဖောင်းတွေရပြီဆိုပါက အထည်လက်မှတ်များစွာ သိမ်းဆည်းနိုင်ကြပြီဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ဝတ်စားဆင်ယင်မှု အခက်အခဲပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ဤနှစ်နှစ်အတွင်းတွင် အဆင့်မြင့်နိုင်ငံခြားရေနံဓာတုပစ္စည်းကိရိယာတွေကို မိတ်ဆက်ခဲ့ပြီး ဓာတုဗေဒ စက်မှုလုပ်ငန်းဆိုင်ရာ ချည်မျှင်ထုတ်လုပ်မှုလိုင်းတွေကို ပိုမိုဖွင့်လှစ်ခဲ့၏။ နှစ်အနည်းငယ်ကြာပြီးနောက် "တကယ်ကောင်းသော" အထည်တွေဟာ စျေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့လာပေလိမ့်မည်။
ချင်းရို့ ကွမ်ချန်မှာရှိတုန်းက ဟောင်ကောင်က ထွက်တဲ့ အရမ်းကောင်းတဲ့ အထည်စတွေကို တွေ့ခဲ့ရလေသည်။ ဒီအချိန်မှာ ဟောင်ကောင်နှင့် ပြည်မကြီးကို နေ့စဥ်နေ့တိုင်း ဆက်သွယ်သွားလာနေသော ရထားတစ်စီးရှိသလို သံမဏိတံတားတစ်စင်းလည်း ရှိနေခဲ့ပြီဖြစ်၏။ ဆွေမျိုးတွေဆီ လာလည်ကြတဲ့သူတွေက မနက်ဆို အဝတ်အစားအသစ်တွေ ဝတ်ဆင်လာကာ ပြည်မကြီးက မိသားစုဝင်တွေအတွက် အဝတ်ကောင်းတွေ ချန်ထားခဲ့ပြီး ညဘက်တွင် စုတ်ပြဲနေတဲ့ အဝတ်ဟောင်းတွေနဲ့ ပြန်သွားတတ်ကြ၏။
"နောင်မှာ သူ့မိဘတွေနဲ့တွေ့ရင် သေချာဂရုစိုက်နော်…"
ချင်းမျန့်က အတွေ့အကြုံရှိသူပီပီ အကြံပေးလေ၏။ သူမက သူမရဲ့ယောက္ခမတွေနဲ့ အရင်တုန်းကအတွေ့အကြုံတွေကို ပြောပြရင်း
"ညီမလေးရေ နင့်ရဲ့အရင်တုန်းကအခြေအနေ သိပ်မကောင်းပေမယ့် အခုတော့ နင့်ရဲ့ ဘဝက အဆင်ပြေလာပြီနော်။ နောက်ပြီးတော့ နင်က ကြေညာသူပါ ဖြစ်လာခဲ့ပြီ၊ ဘယ်လောက်ကောင်းလိုက်သလဲဟာ"
"ငါတို့ကျောင်းမှာ ရေဒီယိုတစ်လုံးရှိတယ်လေ၊ နေ့လည်ဆို နင့်အသံကို ငါကြားနိုင်တယ်။ လူတိုင်းက နင့်အသံကို နားထောင်ရတာ ကြိုက်ကြတယ်ဟယ်။ ဒီကြေညာသူက ငါ့ညီမပါဆိုပြီး ဆရာမတွေကို ငါမပြောထားဘူး၊ သူတို့သာ ဒီအကြောင်းကိုသိရင် ငါ့ကို မနာလိုဖြစ်ကြမှာ သေချာတယ်"
ညီအစ်မနှစ်ယောက် ရယ်ရယ်မောမော စကားစမြည်ပြောနေကြစဥ် သိပ်မကြာခင်မှာပဲ ဖိတ်ခေါ်ထားခြင်းမရှိတဲ့ အမျိုးသမီးနှစ်ဦး ရောက်လာခဲ့၏။ တစ်ဦးက နဖူးတွင် မှဲ့ရှိကာ ကျန်တစ်ဦးမှာ ပင်လယ်ပြာရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားလျက် အိမ်ထဲသို့ အတူတူလျှောက်ဝင်လာခဲ့လေသည်။
သူတို့လက်ထဲတွင် အထည်စတစ်ပိုင်းပါလာကာ အင်္ကျီချုပ်ရန်အတွက် ချင်းမျန့်ကို လာရှာခြင်းပင်။