← Chapters

အခန်း (၈၇)

Vol. 8 Ch. 87

အခန်း (၈၇)

Vol. 8 Ch. 87

"ချင်းမျန့်ရေ ငါ နင့်ကို တွေ့ဖို့လာတာ"

နဖူးပေါ်မှာ မှဲ့ကြီးကြီးရှိတဲ့ အမျိုးသမီးက ပြုံးလိုက်၏။ သူမရဲ့ နာမည်မှာ စွင်းမင်ဖန်းဖြစ်ပြီး ချင်းမျန့်နဲ့ တစ်ရွာတည်းသားတွေ ဖြစ်ခဲ့ဖူးသည်။

သူမရဲ့ ဘေးနားက အမျိုးသမီးကတော့ သူမရဲ့ ညီမ စွင်းမင်လိပင်။

စွင်းမင်ဖန်းက ယခု ချင်းမျန့် နေထိုင်တဲ့ သက်ကယ်အိမ်ကို ကြည့်လိုက်ရင်း သူမရဲ့ မျက်လုံးထဲတွင် ပျော်ရွှင်ခြင်းတွေ၊ ဂုဏ်ယူခြင်းတွေ ပိုလို့တောင် များပြားလာလေပြီ။

သူမက ဤကျွန်းငယ်လေးတွင် "သူငယ်ချင်းဟောင်း" နှင့် တွေ့နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့ဘဲ ချင်းမျန့်နဲ့ ဆုံခဲ့ရသည်။

ချင်းမျန့်ရဲ့ ဘဝဟာ ဒီလောက်ထိ ဆိုးရွားသွားတာကို မြင်ရ၍ သူမ တိတ်တဆိတ်ပျော်ရွှင်သွားခဲ့ရ၏။

အဲဒီအချိန်တုန်းက ချင်းမျန့်ဟာ သူတို့လိုပဲ ဆင်းရဲနွမ်းပါးတဲ့ တောင်သူလေးတစ်ဦးဖြစ်ခဲ့ပေမယ့် ချန်မျန့်လို "ပညာတတ်"တစ်ယောက်နဲ့ အိမ်ထောင်ပြုနိုင်ခဲ့ပြီး လျောင်ပြည်နယ်သို့ လိုက်ပါသွားခဲ့သည်။

ဒါက တောင်ပေါ်က မိန်းကလေးတွေအားလုံးရဲ့ အိပ်မက်တစ်ခုပဲလေ။ ချင်းမျန့်က သစ်ကိုင်းမြင့်မြင့်တက်နိုင်ခဲ့ပြီး ဖီးနစ်အဖြစ် ပြောင်းလဲသွားကာ ပညာတတ်တစ်ဦးရဲ့ ဇနီးသည်ဖြစ်လာခဲ့သည်။

စွင်းမင်ဖန်းက စစ်သားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် သူက စစ်သားအဖြစ်မှ ထွက်ခဲ့လေသည်။ သူမလည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ပညာတတ်လူငယ်တစ်စုနှင့်အတူ ကျွန်းသို့ ရောက်ခဲ့ခြင်းပင်။

ဘဝဟာ မဆိုးလှပါချေ။ သူမရဲ့ ညီမကိုပါ ခေါ်ခဲ့ပြီး ဤနေရာရှိ တပ်မတော်က ခင်ပွန်းတစ်ယောက်ကို ရှာစေချင်ခဲ့၏။

ယခုအခါ စွင်းမင်ဖန်းက နိမ့်ကျနေတဲ့ ချင်းမျန့်ကို မြင်လိုက်ရသဖြင့် ရုတ်ချည်း စိတ်သက်သာရာရသွားခဲ့၏။ ဖီးနစ်တစ်ကောင်ဖြစ်သွားခဲ့တဲ့ ဒီမိန်းကလေးကို သူမ မနာလိုအားကျခဲ့ဖူးပေမယ့် ယခုတော့ ဖီးနစ်ကနေ မြက်ခင်းပြင်မှာ နေထိုင်ရတဲ့ ကြက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ သူမရဲ့ ခင်ပွန်းကလည်း ဒီလိုကျောင်းစုတ်လေးမှာ စာသင်နေတာဟာ တကယ့်ကို ရယ်စရာပါပဲ။ ဒီလူဟာ သူမရဲ့ ယောကျ်ားလောက်တောင် မကောင်းပါဘူးဟယ်။

ဒါက ကံကြမ္မာအလှည့်အပြောင်း ဖြစ်နိုင်တာပဲလေ…

စွင်းမင်ဖန်းက ယခုရက်ပိုင်းအတွင်း ချင်းမျန့်ကို လာမကြည့်ဘဲ မနေနိုင်ဖြစ်နေပြီး သူမရဲ့ လက်ရှိအခြေအနေကို ကြည့်ရင်း စိတ်သက်သာရာရနေလျက်။

အခုတော့ ဒီမိန်းကလေးကို သူမရဲ့ ခြေထောက်အောက်မှာ နင်းချေနိုင်ပြီဟ!

"ချင်းမျန့်ရေ ကျေးဇူးပြုပြီးတော့ ငါ့ညီမရဲ့ အဝတ်အစားတွေကို ပြင်ပေးပါဦး။ နင် အဝတ်အစားတွေကို မပျက်စီးအောင်လို့ သတိထားရမယ်နော်။ ငါ့ညီမက အရင်လိုမဟုတ်တော့ဘူး၊ သူမက ရေတပ်အရာရှိတစ်ဦးနဲ့ အိမ်ထောင်ကျသွားတာလေ..."

စွင်းမင်ဖန်းက ကြွားလုံးထုတ်ပါတော့သည်။

ချင်းမျန့်က ဘာသိနိုင်မှာလဲ? စွင်းမင်ဖန်းဆိုတဲ့ သူမကိုယ်တိုင်မှ ရာထူးတွေ၊ ဂုဏ်ဒြပ်တွေ ခြားနားချက်တွေကို ရှင်းရှင်းလင်းလင်း နားမလည်ဘူးလေ။

ဘယ်လိုပဲဖြစ်ဖြစ် စွင်းမင်ဖန်းက သူမရဲ့ မတ်လေးဟာ အရမ်းပါဝါကြီးပြီး ထိုလူက တခြားသောအရာရှိခေါင်းဆောင်တွေနဲ့ အတူတူဖြစ်တယ်လို့ ခံစားရလေ၏။

"တကယ်လား? ကောင်းတာပေါ့!"

ချင်းမျန့်က စွင်းမင်ဖန်းဟာ သူမရှေ့မှာ ကြွားဝါချင်နေမှန်း သူမသိသောကြောင့် အလိုက်သင့်လေး နားထောင်လိုက်ရုံသာ။

လျောင်ပြည်နယ်တွင် ချင်းမျန့် လက်ထပ်တော့မယ့်အချိန်၌ စွင်းမင်ဖန်းက အရမ်းမနာလိုဖြစ်ခဲ့ပေမယ့် ယခု သူမကို ဒီလိုမြင်လိုက်ရတဲ့အတွက် မော်ကြွားလို့မဆုံးနိုင်တော့ပေ။

ချင်းမျန့်လည်း သူမပြောတာကိုသာ နားထောင်နေပြီး ဘာအကြောင်းမှမပြောခဲ့ပါချေ။ သူတို့ညီအစ်မနှစ်ယောက်လုံးက သူတို့မွေးရပ်မြေကလူတွေနဲ့ သိပ်ပြီးတော့ အဆက်အသွယ်မလုပ်ချင်ကြပေ။

အခု သူတို့က ကျွန်းပေါ်မှာဆိုတော့ မွေးရပ်မြေကလူတွေနဲ့ အဆက်အသွယ်မရှိတော့ဘူးလေ။

"ငါ့ညီမ အိမ်ထောင်ကျတဲ့ယောကျ်ားက အရမ်းတော်တာ။ သူတို့အိမ်ထောင်ကျပြီးတော့ မိသားစုခြံဝင်းထဲမှာ နေတယ်လေ။ အိမ်ကအရမ်းလှတာပဲ၊ အုတ်နဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်..."

"ငါ့ညီမဝတ်ထားတဲ့ ဂါဝန်နဲ့ ဒီဖိနပ်အဖြူတွေကို ကြည့်လိုက်၊ မလှဘူးလားဟယ်"

ချင်းမျန့်က သူမကို စကားပြောချင်စိတ်နည်းလေလေ စွင်းမင်ဖန်းက ပို၍စိတ်လှုပ်ရှားလာလေလေပင်။

ထို့ကြောင့် သူမက ပိုပြီးပြောချင်လာကာ "ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်နော်၊ တခြားသူတွေကို ပြန်မပြောနဲ့ဦး။ ငါ့ညီမ အိမ်ထောင်ကျတဲ့ အဲဒီယောက်ျားက ခေါင်းဆောင်တစ်ယောက်လေ၊ သူ့နာမည်က လုယန်တဲ့ - တပ်မဟာရဲ့ လု နဲ့ မီးတောက်ရဲ့ ယန်လေ၊ သူ့မိသားစုကလည်း ပညာတတ်တွေဆိုတော့ ဒီနာမည်ကို ပေးခဲ့ကြတာ-"

"အဟွတ် အဟွတ် အဟွတ်..."

ရေသောက်နေတဲ့ ချင်းရို့က ရေသီးလုမတတ်ဖြစ်သွားရ၏။

တစ်ယောက်ယောက်ဆီက ကြွားလုံးထုတ်ခံရတဲ့ ထိုနာမည်ကို သူမကြားလိုက်ရတာ တိုက်ဆိုင်မှုပဲလားဟ? လုမျိုးရိုးနဲ့ အရာရှိကြီး နောက်ထပ်တစ်ယောက်ရှိတာလား?

ချင်းမျန့်: "…"

စွင်းမင်ဖန်းက ချင်းမျန့်ဘေးမှာ ထိုင်နေတဲ့လူကို သတိပြုမိသားပင်။

"ဒါက နင့်ညီမလား?"

"အင်း ဒါ ငါ့ညီမလေ၊ သူမက အခု ကြေညာသူတစ်ယောက်ဖြစ်နေပြီ"

စွင်းမင်ဖန်းက ချင်းမျန့်မှာ ကြေညာသူအဖြစ် အလုပ်လုပ်နေတဲ့ ညီမလေးတစ်ယောက်ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒီလှပတဲ့အမျိုးသမီးဟာ ကွမ်တုန်းပြည်နယ်မှ ရောက်လာတဲ့ ပညာတတ်လူငယ်တစ်ယောက်လို့ ထင်ထားခဲ့တာဖြစ်ပြီး ချင်းမျန့်ရဲ့ ညီမ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့။

ဒီမျက်လုံးလေးတွေဟာ သူမကလေးတုန်းကတည်းက လှပပြီး ချစ်စရာကောင်းတဲ့ မြေခွေးမလေးရဲ့ မျက်လုံးတွေဆိုတာ အမှန်ပါပဲလေ။

သူမက တကယ်ပဲ ကြေညာသူဖြစ်လာခဲ့တယ်ပေါ့?!! ကြေညာသူအလုပ်က အလုပ်ကောင်းတစ်ခုပဲဟ။

ဒါပေမယ့် ချင်းမျန့်ရဲ့ ညီမက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမရဲ့ ညီမနဲ့တော့ ယှဥ်လို့မရပါဘူးလေ။

"အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ထောင်ကျကံကောင်းပြီးတော့ ယောကျ်ားကောင်းတစ်ယောက်ကို ရွေးဖို့ပါပဲ။ ငါ့အထင်တော့ စစ်သားတစ်ဦးနဲ့ လက်ထပ်တာ ကောင်းတယ်လေ။ အခုဆို ငါ့ညီမက စစ်သားတစ်ယောက်ရဲ့ ဇနီးမယားဖြစ်သွားပြီ။ နင့်ညီမကိုရော တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား?"

ချင်းရို့: "မလိုပါဘူး၊ ကျွန်မက အိမ်ထောင်ကျပြီးသား၊ ကျွန်မယောကျ်ားကလည်း သင်္ဘောပေါ်မှာ အလုပ်လုပ်ပါတယ်"

"အာ... သင်္ဘောပေါ်မှာ အလုပ်လုပ်ရတာက ခက်ခဲ..."

"ဇနီးလေး ဒီကိုလာပြီး ကြည့်ပါဦး၊ ဒီပြတင်းပေါက်ဆို ဘယ်လိုလဲ..."

လုယန်က သူ့လက်ထဲမှာ ဒီဇိုင်းပုံကြမ်းတစ်ခုကို ကိုင်ထားရင်း အပြင်ဘက်မှ ဝင်လာခဲ့လေသည်။

စွင်းမင်ဖန်းက အပြင်ဘက်မှ ဝင်လာတဲ့ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသားကို ကြည့်လိုက်၏။

ဇနီးလေး? သူက ချင်းမျန့်ရဲ့ မတ်လေးလားဟ?!

သူမက ထိုလူကို သေချာကြည့်လိုက်သည်။ အနှီအမျိုးသားဟာ မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးတွေရှိပြီး အလွန်တရာ ချောမောကာ သူ့ရဲ့ လက်မောင်းကြီးတွေကလည်း ပိုလို့တောင် သန်မာနေသော်လည်း စစ်ယူနီဖောင်းအဟောင်းကို ဝတ်ဆင်ထားပြီး နဖူးပေါ်မှာ ချွေးတွေရွှဲနေလျက် မျက်နှာပေါ်မှာလည်း ရွှံ့တွေ ပေကျံနေလျက်။

- ဒီလူဟာ ကြမ်းတမ်းသော်လည်း ရုပ်ရည်ချောမောသူပင်။

ချင်းမျန့်ရဲ့ ညီမက ဒီလူနဲ့လက်ထပ်ထားတာလား?

အနှီလူက ချောမောသော်လည်း သူ့ရဲ့ချောမောတဲ့မျက်နှာနဲ့ စားသောက်လို့ရလားနော်? သူက သူမရဲ့ "မတ်လေး"နဲ့ ယှဥ်လို့တောင်မရပါဘူး။

စွင်းမင်ဖန်းရဲ့ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ်အင်တင်တင်ဖြစ်နေကာ ဒီလူရဲ့ အခြေအနေက နည်းနည်းဆိုးရွားနေသော်ငြား သူလည်းပဲ သင်္ဘောသားတစ်ဦး ဖြစ်နေပြန်သည်။ သူ့ရုပ်ရည်က အလွန်ကောင်းမွန်နေပြီး ဒီလိုစစ်ယူနီဖောင်းအဟောင်းနဲ့တောင်မှ ကြည့်ရှုသူတွေရဲ့ မျက်လုံးတွေကို တောက်ပလာစေနိုင်သူတစ်ယောက်ပင်။

စွင်းမင်ဖန်းက ခပ်တောင့်တောင့်ကြီး ပြုံးနေစဥ် သူမရဲ့ ညီမဖြစ်သူ စွင်းမင်လိကတော့ ဖြူဖျော့သွားကာ နေရာမှာတင် ရူးသွပ်လုနီးပါးဖြစ်သွားရ၏။

သူမက တုန်တုန်ယင်ယင်ဖြင့် ခေါ်လိုက်သည်။

"... အရာရှိလု"

စွင်းမင်လိဟာ သူမရဲ့ အစ်မ ခုနက ပြောလိုက်တာတွေကို ပြန်တွေးမိသွားရင်း သူမရဲ့ မျက်နှာမှာ နီမြန်းသွားရကာ ရှက်လွန်းလို့ ထပ်မနေနိုင်တော့ပေ။ သူမရဲ့ အစ်မကတော့ လေထုကို သတိမပြုသေးသဖြင့် သူမကို ဆွဲခေါ်ကာ အမြန်ထွက်လာခဲ့၏။

All Chapters