← Chapters

အခန်း (၈၈)

Vol. 8 Ch. 88

အခန်း (၈၈)

Vol. 8 Ch. 88

သူမရဲ့ အစ်မက မထွက်သွားချင်သေးသောကြောင့် စွင်းမင်လိက စွင်းမင်ဖန်းကို လျစ်လျူရှုကာ ထွက်ပြေးသွားပါတော့သည်။

စွင်းမင်ဖန်းက သူမနောက်ကို လိုက်သွားကာ "နင်အဝတ်အစားလုပ်ဖို့ မလိုတော့ဘူးလား?"

"အစ်မရေ သွားရအောင်၊ အရမ်းရှက်စရာကောင်းတာပဲ။ အဲ့ဒါ ရေတပ်အရာရှိလုပဲ"

စွင်းမင်လိကတော့ များစွာနောင်တရနေခဲ့၏။ သူမရဲ့ အစ်မဖြစ်သူအရှေ့မှာ အဲဒီအကြောင်းတွေကို မပြောပြထားသင့်ဘူးဟာ။

စွင်းမင်လိက အရာရှိကြီးလင်း လက်အောက်မှာ အလုပ်လုပ်နေသော အရာရှိငယ်လေးဖြစ်တဲ့ သူမယောကျ်ား ရှောင်းဝူရဲ့ နေရာတွင် လုယန်ကို တွေ့ဆုံခဲ့ဖူးကာ ဒီအရာရှိကို အထူးသဘောကျမိသွားခဲ့၏။ ထို့ကြောင့် သူမက ရှောင်းဝူကို မေးခွန်းတစ်ချို့မေးမြန်းခဲ့ရာ ရှောင်းဝူက လုယန်အကြောင်း ပြောပြခဲ့လေသည်။

စွင်းမင်လိက သူမရဲ့ အစ်မနှင့် နှစ်ယောက်တည်းစကားပြောချိန်တွင် ရေတပ်အရာရှိလုလိုလူမျိုးကို လက်ထပ်နိုင်ရင် ကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။

လုယန်ရဲ့ နာမည်သည်လည်း ထူးခြားသည်မို့ မှတ်မိဖို့ လွယ်ကူလေရာ စွင်းမင်ဖန်းက ဒီနာမည်ကို မှတ်မိနေခဲ့သည်။ စွင်းမင်ဖန်းက အခြားအရာရှိတွေကို မသိသော်လည်း ဒီလူတစ်ဦးတည်းကိုသာသိ၍ ချင်းမျန့်အရှေ့မှာ ပေါက်ကရတွေ ပြောနေခဲ့ခြင်းပင်။

သူမ မဟုတ်တာတွေပြောနေချိန်မှာ လူအစစ်ကြီးနဲ့ သူတို့တွေ့လိုက်ရလိမ့်မယ်လို့ ဘယ်သူသိမှာလဲနော်။

"မင်း ဘာပြောလိုက်တာလဲ? ခုနက ဝင်လာတဲ့ လူငယ်က ရေတပ်အရာရှိလုပေါ့လေ? ချင်းမျန့်ရဲ့ မတ်လေးပေါ့?"

စွင်းမင်ဖန်းက ဒါကို ယုံကြည်ဖို့ ငြင်းဆန်နေဆဲဖြစ်ကာ "သူက အရမ်းငယ်တယ်လေ"

"သူ ဝတ်ထားတဲ့ စစ်ယူနီဖောင်းကို ကြည့်ပါဦး၊ သူက ဘယ်လိုလုပ်ပြီး ရေတပ်အရာရှိလုဖြစ်နိုင်မှာလဲ? နင် လူမှားသွားတာလား?"

ထိုလူက စတိုင်ကျကျဝတ်စားထားသင့်တယ်မဟုတ်ဘူးလားနော်?

"အဲဒါက ရေတပ်အရာရှိလုပဲ၊ ငါ ရှောင်းဝူဆီ သွားတုန်းက သူ့ကို ငါ့မျက်စိနဲ့ မြင်ဖူးခဲ့တာလေ။ ဘယ်လိုလုပ်ပြီး လူမှားနိုင်မှာလဲ?!"

"အိုး ဘုရားရေ! သူက ချင်းမျန့်ရဲ့ မတ်လေး၊ သူမရဲ့ ညီမ မြေခွေးမလေးရဲ့ ယောကျ်ားပေါ့လေ... ဘယ်လိုဖြစ်နိုင်မှာလဲဟ?"

ချင်းမျန့်ရဲ့ ညီမက ရေတပ်အရာရှိနဲ့ လက်ထပ်ထားတာလား?! နောက်ပြီးတော့ သူက ငယ်ရွယ်ချောမောနေသေးတယ်?!

ချင်းညီအစ်မနှစ်ယောက်ဟာ ယောက်ျားတွေကို ဆွဲဆောင်တဲ့နေရာမှာတော့ တခြားသူတွေထက် တကယ်ပဲ ပိုကောင်းနေလိုက်တာဟယ်။

***

"အဲဒီမိန်းမနှစ်ယောက်ကို တွေ့ဖူးလား?"

"အရာရှိကြီးလင်းရဲ့ လက်အောက်က အရာရှိရှောင်းဝူရဲ့ လက်တွဲဖော်လား?"

လုယန်သည် ထိုအမျိုးသမီးထဲမှ တစ်ဦးအပေါ် အထင်အမြင်တစ်ချို့ရှိနေဆဲပင်။

"ဘာမှားလို့လဲ?"

"ဘာမှမဟုတ်ပါဘူး"

တကယ့်*လီခွေက လီခွေအတုနဲ့ တွေ့ခဲ့ပေမယ့် ရှက်ရွံ့ရမယ့်သူက သူတို့တွေ မဟုတ်ဘူးလေ။ စွင်းညီအစ်မတွေဟာ အနာဂတ်တွင် ချင်းမျန့်ရှေ့ ပေါ်လာရဖို့ ရှက်ရွံ့ရမည့်သူများပင်။

(T/N: *လီခွေဆိုတာက Water Marginဆိုတဲ့ စာအုပ်ထဲက ဇာတ်ကောင်ပါ။)

ချင်းရို့က သူမရဲ့ အစ်မနှင့် ခဲအိုတို့အတွက် ပျဉ်ထောင်အိမ်တစ်လုံးနှင့် သက်ကယ်တဲတစ်လုံးဆောက်ဖို့ လုယန်နှင့်အတူတူ ကူညီပေးခဲ့သည်။ ချင်းမျန့်က သူမခြံထဲက ထီးကြီးကို တွေ့တဲ့အခါ အရမ်းလှတာပဲလို့ ပြောခဲ့ပြီး သူမတို့ရဲ့မိသားစုအတွက်လည်း တစ်ခုလောက် ကူညီလုပ်ပေးဖို့ တောင်းဆိုခဲ့ရာ ချင်းရို့က သဘောတူလိုက်၏။

ယင်းမှာ သက်ကယ်တဲလေးတစ်လုံး ဖြစ်သော်လည်း လှလှပပဆောက်လုပ်ရန် နည်းလမ်းတွေရှိပေသည်။ သူမရဲ့ အရင်ဘဝတုန်းက ကမ်းခြေမှာ တွေ့ဖူးခဲ့တဲ့ သက်ကယ်တဲလေးတွေကို ပြန်တွေးကြည့်နေလျက် ချင်းရို့က သူမရဲ့ အစ်မအိမ်အတွက် သက်ကယ်တဲလှလှလေးတစ်လုံး ဆောက်ပေးချင်နေခဲ့၏။

အုတ်အိမ်ကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ဆောက်ကြတာပေါ့လေ။

*

လုယန်က ချင်းရို့ကို နောက်ထပ်ဆေးစစ်ရန်အတွက် ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ရာ ယခုတစ်ကြိမ်မှာတော့ အမြွှာလေးတွေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ရလေပြီ။

- တစ်ချိန်တည်းနဲ့ တကယ်ပဲ ဝက်ဝံကလေးနှစ်ကောင် ရောက်လာတာပဲဟေ။

ချင်းရို့က သူမရဲ့ ဘေးနားက လူရဲ့ခါးကို ပွေ့ဖက်လိုက်ပြီး စိတ်ခံစားချက်အပြည့်နဲ့ ပြောလိုက်လေ၏။

"လုကောရေ ရှင်က အရမ်းအစွမ်းထက်တာပဲနော်"

တစ်ကြိမ်တည်းနဲ့ ကလေးနှစ်ယောက်တဲ့။

လုယန်က သူ့ဇနီးလေးကို ပွေ့ဖက်လိုက်ပြီး မယုတ်မလွန် ပြန်ပြောလိုက်၏။

"မဟုတ်ပါဘူးကွာ... ဒီနူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးကသာ ပိုပြီးအစွမ်းထက်တာပါကွာ"

"လုကောရေ ရှင် အနာဂတ်မှာ အလုပ်ပိုကြိုးစားရမယ်နော်။ ရှင်လည်း ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ကူညီပေးရမယ်။ ကလေးလေးတွေက ယောက်ျားလေးတွေလား မိန်းကလေးတွေလားဆိုတာ ကျွန်မတို့ အခုထိမသိရသေးဘူး..."

ဒဏ္ဍာရီလာ သားရဲလေးနှစ်ကောင် တစ်ချိန်တည်းရောက်လာတာကို တွေးကြည့်ရရင်တော့ အနှီပြဿနာဟာ နွားတစ်ကောင်နီးနီး ကြီးမားတယ်လို့ ခံစားသိရှိနိုင်၏။ သူတို့လေးတွေဟာ ကြောက်စရာကောင်းလှတဲ့ အဖျက်စွမ်းအားရှိတဲ့ ဒဏ္ဍာရီလာ သားရဲလေးနှစ်ကောင်ပဲဟ!

လုယန်အသေးစားနှစ်ယောက်ရှိလာခဲ့ရင် အကြီးတစ်ယောက်၊ အသေးလေးနှစ်ယောက်နှင့် ပေါင်းသုံးယောက်သားအတူတူ မိသားစုကို ဖျက်ဆီးဖို့ ကြိုးစားကြတော့မှာပဲဟယ်၊ အနာဂတ်မှာ ဘယ်လိုများဖြစ်လာလိမ့်မလဲနော်?

ယခုအခါ သူမဆီမှာ အမွှာကိုယ်ဝန်ရှိလာပြီဆိုတော့ ဖြစ်နိုင်ခြေသုံးခုရှိလေပြီ - ယောက်ျားလေးနှစ်ယောက်ဖြစ်မယ်၊ မိန်းကလေးနှစ်ယောက်ဖြစ်လိမ့်မယ်၊ မဟုတ်ရင် နောက်ဆုံးတစ်ခုကတော့ တစ်ယောက်စီဖြစ်လိမ့်မယ်။

ချင်းရို့: "…"

ကိုးလတိုင်သည်အထိ ဘာလေးတွေဖြစ်မလဲဆိုတာ သူမစောင့်ကြည့်ရတော့မှာပဲ။

"လုယန်ရေ ရှင် သားလိုချင်လား၊ သမီးလိုချင်လား၊ အမြွှာဖြစ်နေတော့ ကျွန်မတို့ဆီမှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရနိုင်တယ်နော်"

"ကိုယ်တို့ကလေးတွေဖြစ်နေသရွေ့ သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် အကုန်လုံးအဆင်ပြေပါတယ်ကွာ"

"မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ကိုယ့်ဇနီးလေး"

လုယန်သည် အမျိုးသမီးတစ်ဦးအတွက် ဆယ်လကြာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားရသည်မှာ မလွယ်ကူကြောင်း သိထားပြီးဖြစ်၏။ သူ့ဇနီးလေးရဲ့ အမြွှာကိုယ်ဝန်ဆို ဖော်ပြလို့တောင်မရနိုင်ပါချေ။ သူမကို ပိုပြီးဂရုတစိုက် ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေပြီဖြစ်သလို သူ့ဇနီးလေး ဒုက္ခခံစားရမှာကို စိုးရွံ့မိနေသည်။

သူတို့နှစ်ယောက် မိသားစုခြံဝင်းဆီသို့ ပြန်လာခဲ့ကြပြီး ဘေးအိမ်မှ အစ်မဟွမ်က ဆေးစစ်တဲ့ရလဒ်အကြောင်းကို မေးမြန်းရန် ရောက်လာခဲ့သည်။ သူမဟာ အမြွှာကိုယ်ဝန်ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် သူတို့နှစ်ဦးစလုံးအတွက် အလွန်ပျော်ရွှင်ခဲ့လေ၏။

"အမြွှာတွေဆိုတော့ ကောင်းတာပေါ့"

ဟွမ်ရှင်းရင် တကယ့်ကို ပျော်ရွှင်နေလေ၏။ ဘေးအိမ်က ရှောင်ချာကျင်းမှာ အမြွှာကိုယ်ဝန်ရှိနေပြီ၊ သူမဆီမှာ ယောက်ျားလေးနှစ်ယောက်ရှိလာဖို့ သူမ ဆုတောင်းရမယ်!!

ယောက်ျားလေးတစ်ယောက်နဲ့ဆို မလုံလောက်သေးဘူး၊ ယောကျ်ားလေးနှစ်ယောက်ဆို ကွက်တိပဲဟ!! ကောင်လေးတွေက သူတို့ငယ်ရွယ်စဥ်မှာ အဆိုးသွမ်းဆုံးပဲလေ။ သူမဆီမှာ သွက်လက်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးနှစ်ယောက် ရှိလာရမယ်ကွာ။

ဟွမ်ရှင်းရင်က သူမရဲ့ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။

ဘေးအိမ်က ရှောင်ချာကျင်းတစ်ယောက် ယောကျ်ားလေးနှစ်ယောက်မွေးလာတဲ့အခါ သူမရဲ့ လှပတဲ့ ခြံဝင်းလေးဟာ စုတ်ပြတ်သတ်သွားမှာပဲ။ သူမရဲ့သားတွေက သူမစိုက်ပျိုးထားသမျှ ပန်းပင်တွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆွဲနှုတ်ပစ်ကြမှာပဲလေ။

နောက်ဆို သူမက လက်ဖက်ရည်လေးသောက်ပြီး ချင်းရို့တို့ကို ပျော်ပျော်ကြီးကြည့်ရတော့မှာပေါ့ဟယ်။

ဟားဟား...

ဟွမ်ရှင်းရင် အိမ်ပြန်ရောက်တဲ့အခါ ပျော်ရွှင်နေဆဲဖြစ်လျက် သူ့ခင်ပွန်း ကျန်းချန်ပေ့အား ထိုအကြောင်းကို ပြောပြလိုက်သည်။

ကျန်းချန်ပေ့က နားမလည်နိုင်စွာဖြင့် "သူမဆီမှာ ကိုယ်ဝန်ရှိတာလေ၊ မင်းက ဘာလို့ပျော်နေရတာတုန်း? မင်းက သူမရဲ့ ယောက္ခမ မဟုတ်ဘူးလေ"

"ကျွန်မ ပျော်လို့မရဘူးလား?"

ဟွမ်ရှင်းရင် သူ့ကို စိုက်ကြည့်ပြီးနောက် ခြံအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူမ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် သူမရဲ့ မျက်လုံးတွေကို တိတ်တဆိတ်ပြန်ရုပ်သိမ်းလိုက်ကာ သူမကိုယ်သူမအတွက် လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သလို သူမရဲ့ ခင်ပွန်း ကျန်းချန်ပေ့အတွက်လည်း တစ်ခွက်ထည့်ပေးလိုက်သည်။

All Chapters