အခန်း (၉၀)
Vol. 8 Ch. 90
ချုံကျိုးကျွန်းရှိ လုချန်ဆိပ်ကမ်း၌ သူတို့ သင်္ဘောပေါ်မှ ဆင်းပြီးသည်နှင့် ဘာစကားမှ မပြောကြတော့ဘဲ လောင်လုတို့က လောင်ဝမ်၊ သူ့မိန်းမနဲ့ လောင်ဟယ်တို့အား လုမိသားစုရှိရာ မိသားစုခြံဝင်းဆီသို့ လည်ပတ်ရန် ခေါ်ဆောင်သွားရတော့သည်။
"သွားရအောင် လောင်လုရေ၊ စိတ်ဆိုးမနေပါနဲ့ကွာ"
သူတို့အဖွဲ့က မိသားစုခြံဝင်းအတွင်း စုံစမ်းမေးမြန်းကြတဲ့အခါ လူငယ်လေးတစ်ယောက်က လမ်းညွှန်ပေးခဲ့လေ၏။
လုကျုံးရီတို့ဇနီးမောင်နှံက ခွေးကိုက်ခံထားရတဲ့ ခြံဝင်းရှေ့တွင် တိတ်တဆိတ် ရပ်လိုက်ကြလေရဲ့....
ဒီအိမ်ပဲဖြစ်မယ်...
အစတုန်းကတည်းက ခြံဝင်းဟာ သနားစရာကောင်းနေလိမ့်မှာပဲလို့ သူတို့ ထင်ထားခဲ့သော်လည်း ဒီလောက်ထိစုတ်ပြတ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါချေ။
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတဲ့ လုဇနီးမောင်နှံ : "…"
အသက်ရှုကြပ်လုနီးပါးဖြစ်သွားရလျက်။
ဟေ့ မင်းခြံက ဘာလို့ဒီလိုဖြစ်နေတာလဲဟ?!
***
လုကျုံးရီတို့ဇနီးမောင်နှံမှာ တိတ်ဆိတ်နေလျက်။
နံဘေးရှိ လောင်ဝမ်မှာ အနှီစုံတွဲရဲ့ အမူအရာကို မြင်တော့ ပျော်ရွှင်သွားလေ၏။
ကြည့်စမ်း၊ ကြည့်စမ်း၊ ဒါကို ဘာလို့ခေါ်တာပါလိမ့်? ဖုန်းရွှေအလှည့်အပြောင်းပဲကွ!
(T/N: လုယန်ရဲ့အဖေက အရမ်းကြွားထားတော့ သူ့ဒဏ်နဲ့သူ ပြန်ခံရတယ်လို့ ဆိုလိုတာပါ)
လောင်ဝမ်က လုကျုံးရီအား လက်ဟန်အမူအရာပြ၍ ပြောလိုက်သည်။
"လောင်လုရေ... ကျစ် ကျစ်... မင်းရဲ့ ရှောင်လု မြေတွေကလည်း ကျင်းတွေနဲ့ကွာ၊ ပြောတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းပင်တွေ စိုက်ထားတာဆို၊ ဒါက တကယ်ပဲ..."
"လောင်ဟယ်ရေ မိန်းမရေ ကြည့်စမ်းပါဦး၊ ဒီခြံက တကယ့်ပဲ သူတို့ခြံဖြစ်ရမယ်။ လုယန်ငယ်ငယ်ကတည်းက ငါ့မျက်စိရှေ့မှာပဲ ကြီးပြင်းလာခဲ့တာလေ"
"နှိုင်းယှဥ်ချက်ကြီးက သေလောက်တယ်ကွာ။ ဘေးအိမ်က ခြံဝင်းကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် လှလိုက်သလဲကွာ။ အသီးတွေ၊ ပန်းပွင့်တွေကို ကြည့်လိုက်စမ်း။ အရမ်းလှပနေတာပဲကွာ၊ ဒီအိမ်ပိုင်ရှင်က အရမ်းတော်တာပဲဖြစ်ရမယ်"
"အိုးမိုင်ဂေါ့ ဒီနေရာမှာ အဆင်သင့်လုပ်ထားပြီးသားရှိနေပြီဆိုပေမယ့် တချို့လူတွေက အဲဒါတွေကို အတုယူလို့တောင်မရပါဘူးကွာ"
လောင်ဝမ်က ရယ်မောလှောင်ပြောင်လေ၏။
ရဲဘော်လုကျုံးရီမှာ ပြောစရာစကားမရှိသလို ချေပစရာစကားတစ်ခွန်းတောင် တကယ့်ကို မရှိဘူးပဲ!
သူတို့ စိုက်ပျိုးထားခဲ့ဖူးတဲ့ ဟင်းသီးဟင်းရွက်တွေနှင့် ပန်းပင်တွေကို ပြန်တွေးကြည့်မိသွားတဲ့အခါ သူ့သားအတွက်လည်း ဤအရာမှာ လွယ်ကူမည်မဟုတ်မှန်း သူသိပေသည်။
လုကျုံးရီ တံတွေးမျိုချလိုက်ကာ သူ့မိန်းမဖြစ်သူ ကျန်းဖျင်ကို အကူအညီတောင်းလိုက်၏ - မိန်းမရေ ငါတို့ ဘာလို့များ လှည့်မပြန်သွားကြတာလဲကွာ?
ကျန်းဖျင် သူ့ကို အကြည့်တစ်ချက်ပေးလိုက်ရင်း - ဝင်သွား။
"ငါတို့ တံခါးမခေါက်ရသေးဘူးမလား? တစ်ချက်သွားကြည့်ကြတာပေါ့ကွာ လောင်ဟယ် မင်းအထင်ရော?"
"တခြားခြံဝင်းကို ကြည့်ပါဦး၊ သူတို့အိမ်ဘေးမှာ စံပြအတွဲတစ်တွဲ နေနေတာများလား?"
လောင်ဝမ်နှင့် လောင်ဟယ်တို့ နှစ်ယောက်သား တစ်ယောက်တစ်လှည့် မှတ်ချက်ပေးနေကြရာ လုကျုံးရီကတော့ သူ့နှလုံးသားထဲတွင် ချမ်းစိမ့်လာချေပြီ။
ယခုတော့ သူ့ရဲ့မျှော်လင့်ချက်တွေဟာ အနိမ့်ဆုံးသို့ လျော့ကျသွားခဲ့လေပြီ။ သူ့သားအငယ်ဆုံးလေးနှင့် ချွေးမလေးတို့ဟာ သူတို့အရှေ့မှာ ရန်မဖြစ်ကြသရွေ့တော့ သူကျေးဇူးတင်မိမှာပါကွာ။
"ပါး! မား! ဦးလေးဝမ်! ဦးလေးဟယ်! ဒေါ်လေး! အားလုံးက ဘာလို့ ဒီကိုရောက်နေတာလဲဗျ?"
လုကျုံးရီနှင့် တခြားသူတွေ ခေါင်းလှည့်ကြည့်လိုက်တော့ အဖြူရောင်စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ အရပ်ရှည်ရှည် ခပ်ချောချော အမျိုးသားကို တွေ့လိုက်ရသဖြင့် သူတို့အားလုံး ထိုအမျိုးသားကို မမှတ်မိလုနီးပါးဖြစ်သွားရလျက်။
"လု... လုယန်?"
လောင်ဝမ်သည်လည်း ဘေးအိမ်က အငယ်ဆုံးသားကို မမှတ်မိလုနီးနီးပင်။
လုမိသားစုမှ ဒီကလေးဟာ တကယ့်ကို ရုပ်ရည်ချောမောပြီး တပ်ထဲဝင်ရန်အတွက် ကြေညာပေးဖို့ ပရိုမိုးရှင်းဓာတ်ပုံရိုက်နေသည့်အလား။
"ကျွန်တော် မကြာသေးခင်က ဖုန်းဆက်လိုက်သေးတယ်ဗျာ။ ရှောင်လီပြောတော့ အမေတို့နှစ်ယောက်က ဦးလေးဝမ်ရဲ့ သားအိမ်ကို သွားလည်ကြတာဆို၊ ဒါပေမဲ့ အားလုံးက အခု ချုံကျိုးကျွန်းကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးဗျာ"
သူ့ဇနီးလေးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်လို့ လုယန်က သူ့မိဘတွေကို ပြောပြဖို့ရာ ဖုန်းဆက်ခဲ့ပေမယ့် ရလဒ်အနေနဲ့ကတော့ သူတို့က အိမ်မှာမရှိကြသဖြင့် အကြောင်းကြားဖို့ အချိန်တစ်ခုလောက်စောင့်ဖို့ ရည်ရွယ်ထားခဲ့သည်ပင်။
မမျှော်လင့်စွာပင် သူ့မိဘတွေဟာ ဦးလေးဝမ်တို့ကို သူ့အိမ်ဆီ အလည်ခေါ်လာခဲ့တာပဲ။
သူ့ဇနီးလေးလည်း သူမရဲ့ ယောက္ခမတွေနဲ့ တွေ့ရတော့မှာပေါ့။
"သား၊ မင်း-"
လုကျုံးရီက သူ့အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ အကယ်၍ ဒီအချိန်မှာ အပြင်လူတွေမရှိခဲ့ရင် သူက ဒီကလေးရဲ့ ကော်လာကိုဆွဲပြီးတော့ မေးလိုက်ချင်တာ - 'မင်းရဲ့ခြံဝင်းက ဘာလို့များ ဒီလောက်ထိဆိုးရွားနေရတာတုန်းကွာ?'
လုယန်က ဒီနေ့ စောစောအိမ်ပြန်လာခဲ့သည်ပင်။ မူလကတော့ သူ ဘန်းမုန့်ပေါင်းတွေ လုပ်ဖို့အတွက် မုန့်ညက်နယ်ရန်၊ ထို့နောက် အိမ်ကစောင်တွေကို နေပူထုတ်လှန်းရန် နှင့် သူ့ဇနီးလေးအတွက် ညစာချက်ပြုတ်ပြင်ဆင်ထားရန် အိမ်စောစောပြန်လာခဲ့လေ၏။
သို့ရာတွင် ယခုအချိန်တွင် ဧည့်သည်တွေ အများကြီးရောက်လာသဖြင့် ညစာအတွက် စားပွဲအကြီးကြီး ကောင်းကောင်းလေးပြင်ဆင်သင့်တာပဲလို့ တွေးနေမိချေပြီ။
"အိမ်ထဲ အရင်ဝင်ကြရအောင်လေ၊ အပြင်မှာ နေပူနေတယ်"
လုယန်က လူအိုကြီးအုပ်စုကို ဖြတ်လျှောက်လာကာ သူ့အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
လုကျုံးရီနှင့် ကျန်းဖျင်တို့က သူတို့သားဟာ ဘေးအိမ်သို့ လျှောက်သွားတာကို ကြည့်နေလျက်၊ နံဘေးက လောင်ဝမ်သည်လည်း အံ့အားသင့်နေကာ
"ရှောင်လုရေ မင်းဘယ်သွားမလို့လဲ?"
"ဒီမှာလေ"
လုယန်က သူ့ခြံကို လက်ညှိုးထိုးပြရင်း "ဒါ ကျွန်တော့်အိမ်လေ၊ လူတိုင်း ဝင်လာကြပါဗျာ"
လုကျုံးရီ၊ ကျန်းဖျင်၊ လောင်ဝမ် : "ဟမ်?"
'မင်းက မစ္စတာကျန်းရဲ့ ခြံထဲမှာ ရပ်နေတာပဲ'
'အမ်... ဒါ တကယ်ကြီးလားဟ?'
လုကျုံးရီက သူ့အဖွဲ့နဲ့အတူတူ ဘေးခြံထဲသို့ လုယန်အနောက်ကနေ လိုက်ဝင်သွားခဲ့သည်။
လောင်ဝမ်: "..."
ငါကတော့ အခုလေးတင် ခြံဝင်းနှစ်ခုကို နှိုင်းယှဥ်လိုက်တာလေ၊ ဒါပေမဲ့ အမှန်မဟုတ်ဘူးတဲ့လားဟ?!
လောင်လုနှင့် ရှောင်လုတို့က သူတို့ကို လှည့်စားဖို့ ကြိုတင်ပူးပေါင်းထားတာများ ဖြစ်နိုင်မလားဟေ?
ဒီလောင်လုက အရင်ကထက် ပိုပြီးတော့ စဥ်းလဲတတ်လာတာပဲကွ!
နည်းပရိယာယ်တွေ လှည့်စားဖို့အတွက်နဲ့ လူတွေရဲ့ နှလုံးသားဟာ မည်းညစ်လာတာပဲ။ လောင်လုရဲ့သားက အရာရှိကြီးဖြစ်လာကတည်းက သူ့နှလုံးသားဟာ မည်းညစ်နေပြီးသားပဲ ဖြစ်ရမယ်။
ကျန်းဖျင် ခြံထဲကို ဝင်လိုက်သည်နှင့် စူးစမ်းစွာဖြင့် လှည့်လည်ကြည့်ရှုလိုက်၏။ ခြံဝင်းဟာ အင်မတန်လှပနေလေရဲ့။
သူမ ခုနတုန်းက အပြင်ကနေ လှမ်းကြည့်လိုက်တော့ ဒီခြံဝင်းဟာ လှလှပပလေး အလှဆင်ထားမှန်း သိနိုင်လေသည်။ သူမ အထဲကို ဝင်လာချိန်မှာတော့ ဒီခြံပိုင်ရှင်ဟာ ပန်းတွေနှင့် အပင်တွေကို ကောင်းကောင်းမွန်မွန် ဂရုတစိုက်ပြုစုယုယထားမှန်း တွေ့ရှိလိုက်ရ၏။
လှပသော ဟင်းသီးဟင်းရွက်စိုက်ခင်းလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟင်းသီးဟင်းရွက်တွေက နူးညံ့နေသလို အသီးအနှံတွေဟာလည်း လွန်စွာလှပနေကာ မျက်စိပဒေသာဖြစ်လှ၏။
အဝါရောင်ငရုတ်ပင်တွေနှင့် ဘေးဘက်ရှိ အစိမ်းရောင်အသီးအနှံတွေဟာ မွှေးရနံ့သင်းသင်းလေးတွေ ထုတ်လွှင့်နေပုံရလေရဲ့။
ကောက်ရိုးထီးအောက်တွင် စားပွဲနှင့် ကုလားထိုင်တွေရှိနေပြီး ဘေးဘက်ရှိ မြက်ခင်းငယ်ပေါ်တွင် ပျိုနီပန်းလေးတွေ ပွင့်လန်းနေကြကာ နွယ်ပင်တွေကလည်း ဒန်းတစ်ဝိုက်တွင် ရစ်တွယ်နေလျက်၊ ဒန်းအပေါ်တည့်တည့်၌ ခရမ်းရောင်ပဲနွယ်ပန်းလေးတွေ အစုလိုက် အပုံလိုက် တွဲလွဲကျနေသလို ဘေးဘက်မှာလည်း အခြားသောပန်းပွင့်တွေ ရှိနေပါသေးသည်။
ဒါက သူမသားရဲ့ အိမ်ပေါ့လေ?
မဖြစ်နိုင်လိုက်တာ!
ကျန်းဖျင်က လောင်လုကို မနေနိုင်တော့ဘဲ အကြည့်တစ်ချက်ပေးကာဖြင့် - ရှင်က အခုထိ ဟန်ဆောင်နေတုန်းပဲ မဟုတ်လား?
ဒီရဲဘော်လောင်လုကတော့ သူ့မျက်နှာမပျက်ဖို့အတွက် တကယ်ကြီး စွန့်စားနေတာပဲဟ!
ကျစ် ကျစ် ဒီသားအဖနှစ်ယောက်ကတော့ သူမအပေါ် ဖုံးကွယ်နေတုန်းပဲ...
လုကျုံးရီ: "…"