အခန်း (၉၁)
Vol. 8 Ch. 91
လုကျုံးရီလည်း သူ့မိန်းမရဲ့ မျက်လုံးထဲက အရိပ်အမြွက်ကို နားမလည်နိုင်ခဲ့ပါချေ။ သူ့မိန်းမက သူ့မျက်နှာကို ကယ်တင်ပေးဖို့အတွက် သူ့သားနှင့် ကြိုတင်ပြီး ဇာတ်တိုက်ထားတာများလားလို့ တွေးနေမိသည်။
မဟုတ်ရင် ဒီကောင်စုတ်လေးက ဘာလို့များ ဒီလောက်အချိန်တိတိကျကျကြီး သူတို့ကို စောင့်နေမှာလဲကွာ။
လုကျုံးရီက သူ့သားအနားသို့ ချဥ်းကပ်လာကာ သူ့ကို ဘေးဘက်သို့ ဆွဲထုတ်သွားရင်း တိုးတိုးလေး မေးလိုက်၏။
"မင်းရဲ့ လျှို့ဝှက်ချက်ကို ဒီလိုမျိုး ထုတ်ဖော်မှာ မဟုတ်ဘူးမလား?"
… တစ်ခြားတစ်ယောက်နဲ့ အိမ်ကို တမင်တကာ လဲထားတာလားဟေ?
ဒီလျှို့ဝှက်ချက်ကြီးက နောက်မှပေါ်လာရင် ပိုရှက်စရာကောင်းသွားလိမ့်မှာပဲ။
ဘေးနားက လောင်ဝမ်က သူ့စကားတွေကို ကြားတဲ့အခါ ဒါဟာ တကယ်ပဲလို့ ထင်သွားလေ၏။
လုယန်: "...ပါး ဘာတွေပြောနေတာလဲ?"
လုကျုံးရီ: "…"
လောင်ဝမ်: "…"
ထိုအခိုက်အတန့်ဝယ် လောင်ဝမ်နှင့် လောင်လုတို့က တစ်စုံတစ်ခုကို တွေးမိသွားရလျက် - ဟန်ဆောင်နေလိုက်၊ မင်း ဟန်ဆောင်နိုင်ပါတယ်၊ မင်းဘယ်လောက်ဟန်ဆောင်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့ကွာ။
ကျန်းဖျင်: "သားရေ ခြံအပြင်ကို မင်း သန့်ရှင်းရေးလုပ်ထားတာလား?"
"ကျွန်တော့်ဇနီးလေးက အဲဒါကို ပုံမှန်လုပ်လေ့ရှိပါတယ်"
လုယန် သူတို့ကို အိမ်ထဲ ဖိတ်ခေါ်လိုက်ပြီးနောက် သူတို့အတွက် လက်ဖက်ရည်ကြမ်းလုပ်ပေးဖို့ ရေနွေးသွားတည်လိုက်၏။ လုကျုံးရီနှင့် တခြားသူတွေက အိမ်ထဲကို လျှောက်ကြည့်တဲ့အခါ အိမ်က သန့်ရှင်းသပ်ရပ်နေပြီး အလွန်နွေးထွေးစွာ အလှဆင်ထားတာကို တွေ့လိုက်ရလေသည်။
သူတို့အိမ်ထဲဝင်လာသည်နှင့် စားပွဲပေါ်၌ ဝါးချောင်းတွေဖြင့် ပြုလုပ်ထားသော ပန်းအိုးထဲတွင် ရေအပြည့်ရှိနေကာ လှလှပပပန်းလေးတွေ ထိုးထားတာကို တွေ့လိုက်ရ၏။
နံရံပေါ်တွင် ဓာတ်ပုံများစွာ ချိတ်ဆွဲထားလျက်၊ ပုံတွေအားလုံးဟာ လုယန်နှင့် အမျိုးသမီးငယ်လေးတစ်ဦး၊ ကလေးနှစ်ယောက်တို့ရဲ့ ဓာတ်ပုံများဖြစ်ကြ၏။ ပုံထဲက ကလေးလေးတစ်ယောက်ဟာ လောင်လုရဲ့ မြေးငယ်လေးမှန်း သူတို့သိကြပေမယ့် နောက်ကလေးတစ်ယောက်ကိုတော့ သူတို့မသိပါချေ။
လောင်ဝမ်က သူ့စိတ်ထဲတွင် ညည်းညူနေမိသည်။
ဒီဟန်ဆောင်တာကြီးကလည်း တကယ့်အစစ်နဲ့ တူနေလိုက်တာ၊ ဓာတ်ပုံတွေအများကြီးပဲကွာ။
လုကျုံးရီနှင့် ကျန်းဖျင်တို့လည်း ဓာတ်ပုံတွေကို ကြည့်ရှုလိုက်ရာ သူတို့သားအငယ်ဆုံးလေးနှင့် သူတို့ချွေးမလေးဟာ အတော်လေးချစ်ခင်နေကြမှန်း ဓာတ်ပုံထဲကတစ်ဆင့် တွေ့ရှိလိုက်ရလေ၏။
လောင်ဝမ်ရဲ့ မိန်းမနှင့် လောင်ဟယ်တို့လည်း စပ်စုလိုစွာဖြင့် ဓာတ်ပုံတွေကို ကြည့်နေခဲ့ကြသည်။
ဒီစုံတွဲလေးဟာ အရမ်းကို ကြည့်ကောင်းတာပဲ။
ဒီချွေးမလေးက တကယ့်ကို ချောမောလှပတာပဲနော်။ သူမရဲ့ အရပ်ရှည်တဲ့ သားချောလေးရဲ့ ဘေးနားမှာ မတ်တပ်ရပ်နေတော့ သူမလေးဟာ ငှက်ငယ်လေးတစ်ကောင်နှင့် တူနေလေရဲ့။
"မင်း ဘာလို့ ဓာတ်ပုံတွေ အများကြီးရိုက်ထားတာတုန်း?"
လုယန်က လူကြီးတွေအတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးနေရင်း
"ကျွန်တော့်ဇနီးလေးက ချုံကျိုးကျွန်းကိုမလာခင် ကွမ်ချန်မှာ ကင်မရာတစ်လုံးဝယ်ခဲ့တာလေ၊ သူမက ဓာတ်ပုံရိုက်ရတာကို သဘောကျလို့။ ကျွန်တော်ကလည်း သူမကို ဓာတ်ပုံရိုက်ပေးရတာ ကြိုက်တယ်လေ၊ အခန်းထဲမှာလည်း အများကြီးရှိသေးတယ်"
လောင်ဝမ်က ချက်ချင်းပင် ပြောလာလေ၏။
"ရှောင်လုရေ ငါတို့ကြည့်ဖို့ သွားယူထုတ်ခဲ့ကွာ၊ မင်း ပင်လယ်ကမ်းစပ်က ဓာတ်ပုံတွေ အများကြီးရိုက်ထားသေးလား? ငါတို့ လူကြီးတွေက အခုမှရောက်ဖူးတာလေ၊ ဒီနေရာမှာ လျှောက်ကြည့်ချင်နေတာ။ ဒီဘက်က ပင်လယ်ကြီးနှင့် ငါတို့ဘက်က ပင်လယ်ကြီး ဘာတွေကွာခြားသလဲဟေ?"
"ဒီနေရာက အုန်းပင်တွေ အရမ်းမြင့်တယ်!"
"ဟုတ်ပါ့ကွာ"
"ငါ အပေါ်တက်ပြီး မင်းနဲ့အတူတူ လိုက်ကြည့်မယ်လေ။ မင်းတို့ ဒုတိယထပ်မှာလည်း ပန်းပင်တွေ စိုက်ထားတယ် မဟုတ်လား? ပန်းတွေက အရမ်းလှမယ့်ပုံပဲ၊ ငါ အပေါ်ထပ်တက်ပြီး ဘာပန်းတွေ စိုက်ထားလဲ ကြည့်ချင်တယ်ဟေ့"
"ပန်းတွေက ဘာအမျိုးအစားမှန်း ကျွန်တော်လည်း မသိပါဘူးဗျာ၊ ကျွန်တော့်ဇနီးလေး စိုက်ထားတာတွေပဲ"
လုယန်က လောင်ဝမ်ကို ကြည့်ရှုဖို့အတွက် ဒုတိယထပ်သို့ ခေါ်သွားပေးခဲ့ပြီး ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကိုတောင် အမှတ်တမဲ့ ယူခဲ့ပါသေးသည်။ သို့သော်လည်း လောင်ဝမ်က လျှောက်ကြည့်စရာပင်မလိုအပ်တော့၊ အကြောင်းသည်ကား ဒုတိယထပ်ရှိ နံရံထက်တွင် ဓာတ်ပုံများစွာ ရှိနေခြင်းကြောင့်ပင်။
ဓာတ်ပုံတွေဟာ လုယန်ရဲ့ပုံတွေ၊ ဒါမှမဟုတ် လုယန်ရဲ့ ဇနီးပုံတွေ၊ ဒါမှမဟုတ် သူတို့နှစ်ယောက်တွဲပုံတွေ ဖြစ်နေလေ၏။
လောင်ဝမ်: "..." ဒီအိမ်မှာ ဓာတ်ပုံဘယ်နှစ်ပုံရှိတာလဲဟေ?
ဒီလင်မယား အိမ်ထောင်ကျတာ ဘယ်လောက်ကြာသေးလို့တုန်းကွာ... သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ဓာတ်ပုံတွေ အများကြီးရိုက်နိုင်ရတာတုန်း? သူနှင့် သူ့မိန်းမဆို အတူတူနေထိုင်လာတာ နှစ်တွေကြာလှပြီဆိုပေမယ့် ဓာတ်ပုံတွေ အများကြီးမရှိသေးဘူး။
မိန်းကလေးတစ်ယောက်အတွက်တော့ ဓာတ်ပုံတွေရိုက်ရတာ အဆင်ပြေပေမယ့်...
လောင်ဝမ်က လုယန်ကို ထူးဆန်းစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ဒီကလေးက ဓာတ်ပုံရိုက်ရတာ သဘောကျတယ်ဆိုတာကို သူ မမျှော်လင့်ထားမိခဲ့ပေ။
သူတို့နှစ်ယောက် အပေါ်ထပ်တက်သွားစဥ် ကျန်းဖျင်နှင့် လောင်ဝမ်ရဲ့ ဇနီးက မီးဖိုချောင်ထဲသို့ တိတ်တဆိတ် သွားကြည့်ကြရာ မီးဖိုဆောင်မှာ သန့်ရှင်းသပ်ရပ်နေပြီး မကြာခဏအသုံးပြုထားမှန်း တွေ့ရှိခဲ့ရပေမယ့်...
ကျန်းဖျင် မီးဖိုချောင်ကနေ ထွက်လာချိန်မှာပဲ အောက်ထပ်သို့ဆင်းလာတဲ့ လုယန်နှင့် လောင်ဝမ်တို့ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူမက လုယန်အား မေးလိုက်လေ၏။
"သားရေ မင်းတို့မီးဖိုချောင်မှာ ဘာလို့ ဒလိမ့်တုံးတွေ ဒီလောက်များနေတာလဲ?"
"တချို့က ကျွန်တော်ဝယ်ထားတာတွေ၊ တချို့ကတော့ ကျွန်တော့်ဇနီးလေး ဝယ်ထားတာလေ။ သူမက ကျွန်တော် အဲဒါတွေကို ကြိုက်တယ်လို့ထင်နေတာ"
ကျန်းဖျင်: "???!!!" ဒလိမ့်တုံးကို ကြိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဟမ်?
လုကျုံးရီ အံ့အားသင့်သွားကာဖြင့် "ဒါက တကယ်ပဲ မင်းအိမ်လား?"
လုယန်: "?!!"
*
ချင်းရို့နှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက် ရှီရှန်းယီတို့က ဘဲတွေ အတူတူသွားဝယ်နေသောကြောင့် ယနေ့ ပုံမှန်ထက် အနည်းငယ်နောက်ကျပြီးမှ အိမ်ပြန်ရောက်လေ၏။ ဘဲတစ်ကောင် ဝယ်ရတာ ဈေးကြီးလွန်းလို့ သူတို့နှစ်ယောက် တစ်ယောက်တစ်ဝက်စီ သွားဝယ်ခဲ့ကြတာလေ။
ချင်းရို့က ဘဲတစ်ဝက်ကို ကိုင်ကာ သီချင်းလေးညည်းရင်း အိမ်ပြန်လာခဲ့သည်။ သူမ ကိုယ်ဝန်ရှိလာတဲ့နောက် မကြာသေးခင်ကစ၍ မနက်ခင်းပျို့အန်တာတွေ ရှိလာလေပြီ။ သူမက မကြာမကြာ ပျို့အန်တတ်သလို အစာစားချင်စိတ်လည်း ဆိုးရွားလာခဲ့ပြီး ချဥ်တာတွေပဲ စားချင်လာခဲ့သည်။
ယနေ့ခေတ်အခါ၌ သူမလိုချင်သမျှကို မရနိုင်သဖြင့် သူမရဲ့ အစာစားချင်စိတ်ကို ကျေနပ်နှစ်သိမ့်နိုင်စေရန်အတွက် သူမဘာသာ နည်းလမ်းရှာရပေမည်။
သူမ ဇီးချဥ်ဘဲသားဟင်းကို စားချင်နေတာ!!
နောက်ဆုံးတော့ ဘဲတစ်ဝက်ရခဲ့ပြီဖြစ်၍ ဇီးချဥ်ဘဲသားဟင်းကို ချက်ပြုတ်ချင်နေခဲ့ပြီ။ ယနေ့ဟာ လုယန်ပြန်လာမယ့်နေ့ဖြစ်သောကြောင့် သူမက သူ့ကို ဖက်ရွက်လုပ်ခိုင်းလိုက်မယ်၊ ပြီးရင် ဇီးချဥ်ဘဲသားနှင့် သခွားသီးနုပ်နုပ်စင်းပြီးတော့...
တွေးကြည့်ရုံနှင့် သွားရည်ကျချင်လာပြီနော်….
- သူမ ဇီးချဥ်ဘဲသား စားချင်တယ်၊ ဇီးချဥ်ဘဲသား စားချင်တယ်၊ ဇီးချဥ်ဘဲသား စားချင်လိုက်တာ။
ချင်းရို့ ဇီးချဥ်ဘဲသားအကြောင်း တွေးတောကာ သူမရဲ့ ခြံဝင်းတံခါးဆီ လျှောက်လာခဲ့ရာ သူမရဲ့ အိမ်မှာ ဧည့်သည်အများကြီးရောက်နေပုံရတာကို တွေ့ရှိလိုက်ရသည်။
အဘိုးကြီးသုံးယောက်က သူမရဲ့ ခြံထဲမှာ ထိုင်နေကြပြီး သူမစိုက်ပျိုးထားတဲ့ နေကြာပန်းတွေကို လေ့လာနေကြ၏။
ချင်းရို့ တံခါးဝမှာတင် အံ့အားသင့်နေမိလျက်။
အဘိုးကြီးသုံးယောက်ကလည်း သူမကို တွေ့သွားကြတဲ့အခါ ၁.၈မီတာ အရပ်ရှည်ကြတဲ့ လူသုံးယောက်က မတ်တပ်ထရပ်လာကြကာ သူမကို ကြည့်နေခဲ့ကြသည်။
(Note: ၁.၈မီတာ = ၅ပေ ၉လက်မကျော်)
လုကျုံးရီ: "ရှောင်ချင်း?"
လောင်ဝမ်: "ရှောင်ချင်း?"
လောင်ဟယ်: "ရှောင်ချင်း?"
ချင်းရို့: "…"
"ယောက္ခမကြီးလား? ဒီဦးလေးနှစ်ယောက်ကရော ဘယ်သူတွေ..."