အခန်း (၉၅)
Vol. 8 Ch. 95
နောက်တစ်နေ့တွင် လုယန်မိဘတွေ၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က ချုံကျိုးကျွန်းတစ်ဝိုက် လှည့်လည်သွားလာနေခဲ့ကြသည်။ သူတို့က အနှီတောင်ဘက်ကျွန်းငယ်လေးရဲ့ ဓလေ့ထုံးတမ်းများနှင့် ရင်းနှီးလာခဲ့ကြပြီ။ ဒီနေရာက ဆောင်းရာသီဟာ အလွန်သက်တောင့်သက်သာရှိလေရဲ့။
"နှင်းမကျရင်လည်း ကိစ္စမရှိဘူး၊ ဒီလိုမျိုး ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူလေးတွေရှိနေတာကပဲ တကယ့်ကို အဆင်ပြေနေပြီ"
"ပြန်တောင်မပြန်ချင်တော့ဘူးကွာ"
*
လုယန်ရဲ့ အိမ်မှာ ဓာတ်ပုံများစွာကို မြင်နေခဲ့ရလို့ ဧည့်သည်တွေလည်း လှုံ့ဆော်ခံလိုက်ရသလိုပင်။ သူတို့က ကင်မရာငှားနိုင်မလားလို့ လုယန်အား မေးခဲ့ကြကာ လူအိုကြီးစုံတွဲတွေကလည်း ဓာတ်ပုံရိုက်ချင်ခဲ့ကြသည်။
ဓါတ်ပုံရိုက်ရတာဟာ တကယ့်ကိုပဲ စွဲလန်းစရာပင်။ ဒီအငြိမ်းစားရဲဘော်တွေမှာ ကိုယ်ပိုင်ပင်စင်ငွေတွေရှိကြသဖြင့် ပိုက်ဆံပြတ်လတ်တာမျိုးမရှိသလို တခြားသော ပိုက်ဆံဖြုန်းတဲ့ဝါသနာတွေလည်းမရှိခဲ့ပါချေ။
အခုတော့ သူတို့ ပိုက်ဆံသုံးဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားချေပြီ။
ဓာတ်ပုံရိုက်မယ်! သူတို့ ကင်မရာတစ်လုံး ဝယ်ချင်တယ်!
လုကျုံးရီက ဝမ်းသာအားရဖြစ်နေလျက်။ သူ့အသက်အရွယ်အရဆို သူ့သားနဲ့ ချွေးမလေးတို့ထက် ဓာတ်ပုံတွေ ပိုများများရှိချင်နေခဲ့သည်။
လူတွေက ဓာတ်ပုံရိုက်ရတာကို စတင်စွဲလန်းလာသည်နှင့်အမျှ ထိန်းချုပ်လို့မရနိုင်တော့။ လူအိုစုံတွံနှစ်တွဲဟာ သင်ယူရာတွင် အလွန်ကောင်းမွန်ကြ၏။ သူတို့က ကိုးကားဖို့အတွက် လုယန်နှင့် ချင်းရို့တို့ရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို အထူးတောင်းဆိုခဲ့ကြသဖြင့် ချင်းရို့လည်း မငြင်းနိုင်တော့ဘဲ သူမရဲ့ယောက္ခမတွေကို ဓာတ်ပုံအယ်လ်ဘမ်ပေးလိုက်ရလေသည်။
ချင်းရို့က လုယန်ရဲ့ ခန္ဓာကိုယ်နှင့် ပုံပန်းအသွင်အပြင်ကို အထူးနှစ်သက်လှသည်။ လုယန် အိမ်မှာမရှိတဲ့အခါ ညဘက်တွင် သူမရဲ့ ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေဖို့အတွက် လုယန်ရဲ့ ဓာတ်ပုံတွေကို ကြည့်လေ့ရှိသည်။ ဒီလိုနဲ့ပဲ လုယန်အိမ်မှာမရှိရင်တောင်မှ သူ့ဓာတ်ပုံများစွာကို နေရာတိုင်းမှာ တွေ့နေနိုင်ခြင်းပင်။
ချင်းရို့က သူမရဲ့ မပြောပြနိုင်တဲ့ အတွေးဆန္ဒတွေကို ကျေနပ်စေရန်အလို့ငှာ လုယန်အား သေချာပြင်ဆင်ခိုင်းကာ သူ့ရဲ့ချောမောလှတဲ့ ဓာတ်ပုံများစွာကို ရိုက်ယူခဲ့လေသည်။
ရလဒ်အနေဖြင့် လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က လုယန်ရဲ့ ဓာတ်ပုံကို ကြည့်ကာ
"ဒါပဲ၊ ရှောင်ချင်းရေ ငါ့အတွက်လည်း ဒီလိုမျိုးရိုက်ပေး"
ချင်းရို့: "..."
ဒါက နည်းနည်းတော့ ခက်ခဲတယ်လေနော်။ လူတိုင်းက ဒီလိုပို့စ်မျိုးနဲ့ ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ..."
သို့သော် ဒါဟာ လူကြီးတွေရဲ့ တောင်းဆိုချက်ဖြစ်နေတာကြောင့် သူမ ဘယ်လိုငြင်းနိုင်မလဲနော်? ချင်းရို့လည်း သူတို့အား ဓာတ်ပုံရိုက်ဖို့ ကူညီပေးရုံပေါ့လေ။
ကျန်းဖျင်နှင့် လောင်ဝမ်မိန်းမတို့က ထိုမြင်ကွင်းကို ဘေးကနေ ကြည့်နေခဲ့ကြကာ သည်းမခံနိုင်တော့သဖြင့်
"ရှောင်ချင်းကို သွားမရှုပ်ကြပါနဲ့၊ သူမက ကိုယ်ဝန်ဆောင်နော် ဓာတ်ပုံရိုက်ချင်ရင် ကိုယ့်ဘာသာရိုက်ကြလေ"
"ရှောင်ချင်းရေ မားကို ဒန်းပေါ်မှာ နှစ်ပုံလောက်ရိုက်ပေးပါဦး"
လောင်လု၊ လောင်ဝမ်၊ လောင်ဟယ်: "…"
ချင်းရို့က ကိုယ်ဝန်ဆောင်ဖြစ်၍ သူမကို ခက်ခဲအောင်မလုပ်လိုကြသလို လုယန်ကလည်း အိမ်မှာမရှိသဖြင့် သူတို့လည်း ဘေးအိမ်က မစ္စတာကျန်းကို အချောဆွဲကြတော့သည်။
ကျန်းချန်ပေ့ဟာ အလွန်နာကျင်စွာဖြင့် ဓာတ်ပုံရိုက်ပေးခဲ့ရပြီး သူတို့မိသားစုခြံဝင်းအကြောင်းကိုတောင် နက်နက်နဲနဲဆွေးနွေးခြင်းခံခဲ့ရလေသည်။
- မင်း ဘယ်လိုလုပ်ပြီး ခြံဝင်းကို ဒီလိုမျိုးဖြစ်အောင် လုပ်နိုင်ရတာလဲကွာ?
ကျန်းချန်ပေ့: "…"
လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က စိတ်အားထက်သန်စွာဖြင့် သူ့ကို အကြံတစ်ချို့ ပေးကြလေ၏။
"အရင်ဆုံး ဧရိယာသေးသေးလေးပဲစိုက်ဦး"
"မင်း ဘယ်လိုများစိုက်ခဲ့တာတုန်း?"
"မင်း နေကြာပန်းနည်းနည်းစိုက်ချင်လား?"
ကျန်းချန်ပေ့: "..."
မဟုတ်ဘူး၊ သူ လုံးဝလက်မလျှော့နိုင်ဘူး၊ သူ့ရဲ့အရှုံးမပေးလိုတဲ့ စိတ်ဝိဥာဥ်ကို ပြင်းပြင်းထန်ထန် အားထုတ်ရမယ်။ နောက်ပြီးတော့ ယာယီကျရှုံးမှုကနေ ဘယ်သောအခါမှ ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူးကွ။
"နောက်နှစ်အထိစောင့်ပါ၊ ကျွန်တော့်ခြံ နောက်နှစ်မှာ ဒီလိုမျိုးထပ်ဖြစ်တော့မှာမဟုတ်ဘူးဗျ!"
"ကောင်းပြီ၊ နောက်နှစ်မှာ တွေ့ကြတာပေါ့ကွာ"
ကျန်းချန်ပေ့: "…"
အငြိမ်းစားအကြီးအကဲတွေရေ... ခင်ဗျားတို့မှာ တကယ်ကြီး ဘာမှလုပ်စရာမရှိဘူးပဲ။
ကျန်းချန်ပေ့ အိမ်ပြန်ရောက်ပြီးနောက် သူ့ဇနီးအား လေးလေးနက်နက်ပြောလိုက်လေ၏။
"ငါ အနာဂတ်မှာ အငြိမ်းစားယူတဲ့အခါ ဘယ်တော့မှ ဒီလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စေမယ့် အဘိုးကြီးတစ်ယောက်ဖြစ်မှာမဟုတ်ဘူး"
သူတို့တွေဟာ တကယ်ပဲ ခေါင်းမာတဲ့အဘိုးကြီးသုံးယောက်ပဲ။
"သူတို့ ဘာလုပ်နေကြတာလဲ? သူတို့ကိစ္စကိုပဲ သူတို့ဂရုစိုက်သင့်တာကို"
ဟွမ်ရှင်းရင်: "တော်တော့"
ကျန်းချန်ပေ့: "မရဘူး"
ဟွမ်ရှင်းရင်က သူမရဲ့ ခြံကို တွေးမိသွားတဲ့အခါတွင် ခေါင်းကိုက်လာရပြီ။
"ရှင် မအိုသေးပါဘူး၊ ဒါပေမဲ့ ရှင်က အခုကတည်းက ခေါင်းမာတဲ့အဘိုးကြီးဖြစ်နေပြီ"
ကျန်းချန်ပေ့: "…"
လောင်ဝမ်၊ သူ့မိန်းမနှင့် လောင်ဟယ်တို့က ချုံကျိုးကျွန်းတွင် ရက်အနည်းငယ်နေပြီးနောက် မြောက်ပိုင်းသို့ ပြန်သွားကြလေပြီ။
လုကျုံးရီနှင့် ကျန်းဖျင်တို့ကတော့ ကျွန်းမှာ ခေတ္တနေထိုင်၍ နှစ်သစ်ကူးပြီးမှသာ ပြန်ရန် စီစဥ်ထားခဲ့ကြသည်။ သူတို့ရဲ့ ချွေးမအငယ်ဆုံးလေး ကလေးမွေးပြီးတဲ့အထိ နေဖြစ်ရင်လည်း နေဖြစ်နိုင်ပေမည်။
ချွေးမလေးမှာ အမြွှာကိုယ်ဝန်ရှိနေသလို သားငယ်ကလည်း အိမ်မှာ အမြဲရှိမနေတာကြောင့် သူမအား တစ်ယောက်ယောက်က စောင့်ရှောက်ပေးဖို့ လိုအပ်နေဆဲ။
ထို့အပြင် ကျန်းဖျင်က စစ်ဆရာဝန်ဖြစ်ခဲ့ဖူးတာကြောင့် လုယန်လည်း သူ့ဇနီးလေးအနားမှာ သူ့အမေရှိနေရင် ပိုစိတ်ချရသလို ခံစားရ၍ပင်။
မိသားစုခြံဝင်းအတွင်းရှိ လုယန်ရဲ့ နှစ်ထပ်အိမ်လေးဟာ သူ့မိဘတွေအတွက် လုံလောက်သည်ထက် ပိုနေသော်လည်း လုကျုံးရီနှင့် ကျန်းဖျင်တို့ကတော့ သူ့သားအိမ်မှာ မနေလိုကြောင်း ပြောခဲ့သည်။
"ငါတို့ အနီးနားက ရဲဘော်ဟောင်းရဲ့ အိမ်တစ်လုံးကို ငှားထားတယ်"
ဟုတ်ပါတယ်၊ လုကျုံးရီနှင့် သူ့မိန်းမက သူတို့ ဒီကျွန်းကမပြန်ခင်မှာ အနည်းဆုံးတော့ ဟင်းသီးဟင်းရွက် စိုက်ပျိုးသွားချင်ခဲ့သည်။
သားငယ်လေးရဲ့ ခြံဟာ သူတို့ချွေးမလေးရဲ့ အပိုင်ပင်။ သူတို့က ငှက်ကျားရဲ့ အသိုက်ကို အမြဲတမ်းယူထားလို့မရဘူးလေ။
ဟုတ်တာပေါ့၊ သူတို့လည်း ဟင်းသီးဟင်းရွက်နှင့် ပန်းပင်တွေစိုက်ပျိုးဖို့ နောက်ထပ်နေရာတစ်နေရာ ရှာချင်နေတာပဲလေ။
သူတို့သားလေး အိမ်မှာမရှိတဲ့အခါ သူတို့က ချွေးမလေးကို ကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်၏။ ကိုယ်ဝန်ဆောင်ချိန်တွင် ဘေးမှာ တစ်ယောက်ယောက် အမြဲရှိနေသင့်သည်။ မတော်တဆချော်လဲမှာ၊ ပြုတ်ကျမှာကို စိုးရိမ်ရသလို လေ့ကျင့်ခန်းအတွက်လည်း တစ်နေ့ကို ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ရမည်ဖြစ်သည်။
မူလက ချင်းရို့တစ်ယောက် သူမရဲ့ ယောက္ခမတွေနဲ့အတူတူ နေထိုင်ရန် ပြင်ဆင်ထားခဲ့သည်။ သူမရဲ့ စိတ်ထဲတွင် ယောက္ခမနှင့် ချွေးမကြားက မရေမတွက်နိုင်သော တိုက်ပွဲများစွာကိုပင် စိတ်ကူးပုံဖော်ထားသေး၏။ သို့သော် သူမရဲ့ယောက္ခမတွေက သူတို့ခေါင်းကို ခါယမ်းကာ သူတို့နဲ့အတူတူ မနေလိုဘူးလို့ ပြောလာခဲ့လေသည်။
ချင်းရို့: "????!"
ငါ့ယောက္ခမတွေက တော်တော့်ကို အတွေးအမြင်ဆန်းသစ်ကြတာပဲ၊ သူတို့ရဲ့ အိမ်ထောင်သည်ကလေးတွေနဲ့အတူတူ မနေချင်ဘူးပဲဟ။
ချင်းရို့က သူမယောက်ျားကို ပွေ့ဖက်ရင်း အေးလိုက်လေ၏။
"ရှင် ငယ်ငယ်တုန်းက ဘယ်လောက်ဆိုးတာလဲ? ရှင့်မိဘတွေက ရှင်နဲ့တောင် အတူတူမနေချင်တော့ဘူးနော်"
လုယန်: "ကိုယ်က အိမ်မှာ အငယ်ဆုံး၊ အပြင်မှာဆိုရင်တော့ ဘော့စ်ပဲ။ မင်း ကြောက်သွားပြီလား?"
"ကျွန်မ ကြောက်ပါပြီ၊ တကယ့်ကို ကြောက်ပါတယ်နော်။ လုကောရေ ကျွန်မတို့ရဲ့ အနာဂတ် ကလေးလေးတွေကို ရှင်ပဲ ပြုစုပျိုးထောင်တော့နော်"
ချင်းရို့က *ပိပိပုစွန်လေးနှစ်ကောင် မွေးလာမှာကို အမှန်တကယ် စိုးရိမ်နေခဲ့သည်။
(*လူဆိုးလေးနှစ်ယောက်)
တစ်ခါတစ်ရံတော့ မင်း လောကုတ္တရာဆိုင်ရာ အတွေးအခေါ်တွေမှာ အာရုံစိုက်သင့်တယ်နော်။ ချင်းရို့လည်း လေးနက်စွာ ဆုံးဖြတ်လိုက်ရာ
"လုယန် ကျွန်မ မမွေးခင်အထိ ပိပိပုစွန်ကို မစားတော့ဖို့ စီစဉ်ထားတယ်၊ ရှင်တော့ စားလို့ရတယ်နော်"
လုယန် စိတ်ရှုပ်ထွေးစွာဖြင့် "ဘာလို့လဲ? ကလေးနဲ့ ပိပိပုစွန်နဲ့ ဘာဆိုင်လို့လဲ? မင်း ပိပိပုစွန်စားရတာ အရမ်းကြိုက်တာမဟုတ်ဘူးလား?"
ချင်းရို့: "…"
- ဘာလို့လဲဆိုတော့ ပိပိပုစွန်လေးနှစ်ကောင်မွေးလာမှာကို ကြောက်လို့လေ။
"ကျွန်မ ပိပိပုစွန်ကို အရမ်းစားရင် ကလေးတွေက ရှင့်လိုမျိုးဖြစ်သွားမှာ ကြောက်လို့ပေါ့"
လုယန်: "မင်းသဘောပါကွာ"