← Chapters

အခန်း (၉၆)

Vol. 8 Ch. 96

အခန်း (၉၆)

Vol. 8 Ch. 96

နောက်တစ်နေ့တွင် ချင်းရို့တစ်ယောက် သူမရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပစ်လိုက်ရ၏။ ဘာကြောင့်မှန်းမသိပါချေ၊ သူမ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း ပိပိပုစွန်ကို ချဥ်ခြင်းတက်နေလေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ အကြိုက်နှင့် အစာစားချင်စိတ်ဟာ ကျိုးကြောင်းသင့်လျော်ခြင်းမရှိပါချေ။

ဤခေတ်တွင် ပိပိပုစွန်တွေဟာ ဈေးမကြီးတဲ့အတွက် ကြိုက်သလောက်စားနိုင်လေ၏။

လုယန် ပိပိပုစွန်တွေကို စားတဲ့အခါ ချင်းရို့က လောဘတကြီးဖြင့် အများကြီးစားပစ်လိုက်သည်။

"မင်း ပိပိပုစွန်မစားတော့ဘူးလို့ ပြောထားတာမဟုတ်ဘူးလား?"

ချင်းရို့ မျက်ရည်တွေနဲ့ ပိပိပုစွန်ကို စားနေကာ "ကျွန်မလည်း မတတ်နိုင်ဘူး"

သူမက ပိပိပုစွန်ကို မစားဖို့ ရည်ရွယ်ထားလေလေ၊ သူမ ပိုပြီးစားချင်လေလေပဲ။

- ကံကြမ္မာက လူတွေကို တကယ်ပဲ လှည့်စားတတ်တယ်။

"ရှင့်မိဘတွေက သူတို့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီးသွားတဲ့အခါ ကျွန်မတို့ကို ညစာဖိတ်ကျွေးမယ်လို့ ပြောလိုက်တယ်"

လုယန် အေးအေးဆေးဆေးဖြင့် ပြောလာလေသည်။

"မသွားပါနဲ့"

ချင်းရို့: "…"

လုယန်ရဲ့ မိဘတွေက ကျွန်းပေါ်တွင် နေထိုင်ခဲ့ကြသည်။ ထိုအချိန်အတောအတွင်း အရာရှိကြီးလင်းက လုမိသားစုအိမ်မှာ ထမင်းတစ်နပ်လာစားခဲ့သည်။

အနှီအရာရှိကြီးလင်းဟာ ချင်းရို့အတွက်တော့ သူစိမ်းမဟုတ်ပါချေ။ နောက်ဆုံးတစ်ခေါက်က သူမရဲ့ အစ်မနေရာမှာ ဆုံခဲ့ဖူးတဲ့ စွင်းမင်ဖန်း ညီမရဲ့ အိမ်ထောင်ဖက် ရှောင်းဝူဟာ အရာရှိကြီးလင်းရဲ့လက်အောက်မှာ အလုပ်လုပ်သူပင်။

အရာရှိကြီးလင်းဟာ လုယန်၏ လုပ်ဖော်ကိုင်ဖက်ပင်။ လုပြည်နယ်ဇာတိသားဖြစ်တဲ့ လုယန်ဟာ တပ်မတော်ထဲတွင် တူညီသောပြည်နယ်မှ အပေါင်းအသင်းများစွာရှိလေသည်။

ချင်းရို့က အရာရှိကြီးလင်းကို ပထမဆုံးမြင်တွေ့ချိန်မှာတော့ သူ့တစ်ကိုယ်လုံးတွင် "ဝမ်းနည်းပူဆွေးခြင်း"ဆိုတဲ့ စကားလုံးကို ရေးထားသည့်နှယ် သူမ ခံစားလိုက်ရသည်။

အနှီအရာရှိကြီးလင်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သူက ကမ်းရိုးတန်းတပ်များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း နောက်ပိုင်းမှာ ရေတပ်ဆီသို့ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ဆိုကြသည်။

နောက်ဆုံးအကြိမ် သူ ပင်လယ်ထဲသွားတုန်းက အရာရှိကြီးလင်းဟာ လှေပေါ်မှာ အော့အန်ခဲ့သဖြင့် ကြိုးတွေနဲ့ ချည်ထားခဲ့ရလေ၏။

လုယန်နှင့် ချင်းရို့တို့က ကမ်းစပ်တွင် ပွေ့ဖက်နေကြကာ ခွဲခွာရန် ဝန်လေးနေကြစဥ် ထိုသူကတော့ ဆိပ်ခံ၌ အိပ်မက်မက်နေသကဲ့သို့ တိတ်ဆိတ်စွာ တွေဝေနေခဲ့သည်။

ဆိုရိုးစကားအတိုင်း လူတွေက လှေပေါ်တက်ရင် မူးဝေကြတယ်၊ နောက်ပြီးတော့ လှေပေါ်ကဆင်းရင်လည်း မူးဝေကြတယ်တဲ့။

မကြာသေးမီကမှ သူ အဲဒီနေရာမှာ ကျင့်သားရလာခဲ့ကြောင်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝမ်းနည်းနေတဲ့ခံစားချက်မှာ အနည်းငယ် နည်းပါးသွားကြောင်း သိခဲ့ရလေသည်။

ချင်းရို့လည်း လုယန်ကို အဲဒီအကြောင်း စပ်စပ်စုစုမေးကြည့်တဲ့အခါ လှိုင်းမူးတာကို ကျော်လွှားနိုင်ပေမယ့် အကယ်၍ ရေမကူးတတ်ရင်ရော? သူတို့ရေကူးသင်လို့မတတ်ရင်ရော? ဒါဆို ဘယ်လိုလုပ်ကြမလဲနော်? ပင်လယ်နဲ့အကျွမ်းတဝင်မရှိတဲ့သူဟာ ရေတပ်အရာရှိဖြစ်နိုင်လားဟင်?

ဟုတ်တာပေါ့၊ မင်းသာ ပင်လယ်ထဲ ရောက်နေပြီဆိုရင်တော့ ဘယ်မှာရေသွားကူးမှာလဲ?

ပင်လယ်ထဲပြုတ်ကျသွားတဲ့အခါ မိမိကိုယ်ကို ကယ်ဆယ်ရန် မှန်ကန်သောနည်းလမ်းမှာ ရေပေါ်ဘုတ်ပြား သို့မဟုတ် အခြားသောအသက်ကယ်ဆယ်ရေးကိရိယာတွေကို ကိုင်ဆောင်ထားသင့်ခြင်းပင်။

အရာရှိကြီးလင်းက ရှောင်ဝူရဲ့ လက်တွဲဖော်အကြောင်းကို သိသွားပြီးနောက် ရှောင်ဝူကိုယ်စား သူတို့အိမ်သို့ လူကိုယ်တိုင် လာရောက်တောင်းပန်စကားဆိုခဲ့၏။ သည့်အပြင် ရှောင်ဝူနှင့် စွင်းမိသားစုမှ စွင်းမင်လိတို့ ကွဲသွားပြီးဖြစ်ကြောင်း၊ စွင်းမိသားစုကလည်း သူတို့အရင်က လက်ခံရရှိထားခဲ့တဲ့ ခန်းဝင်ပစ္စည်းအားလုံးကို ပြန်လည်ပေးခဲ့ကြောင်း ပြောပြခဲ့သည်။

ထိုနေ့က စွင်းမင်လိ အိမ်ပြန်ရောက်တဲ့အခါ တစ်နေ့လုံး စိုးရိမ်ပူပန်နေခဲ့ရ၏။ ထိုညီအစ်မနှစ်ယောက်လုံးက အရာရှိကြီးလင်းမှတစ်ဆင့် ရှောင်ဝူဆီ ပြောပြလိမ့်မှာကို ကြောက်ရွံ့နေခဲ့သည်။ အဆုံးတွင်မူ သူမက သည်းမခံနိုင်တော့ဘဲ ရှောင်ဝူအား မေးမြန်းလိုက်တော့သည်။

ရှောင်ဝူ ထိုအကြောင်းကြားသိရသည့်အခါ ယောကျ်ားတစ်ယောက်ဟာ ထိုကဲ့သို့သောကိစ္စမျိုးကို လက်မခံနိုင်သည်မှာ သဘာဝကျလေ၏။ စွင်းညီအစ်မတွေ အပြင်မှာ ကြွားလုံးထုတ်တာက အဆင်ပြေသော်ငြား သူတို့က မဟုတ်တာတွေပါ ပြောနေကြပြီဖြစ်ရာ သူ ဘယ်လိုလုပ်ပြီး ဒီလိုမိန်းမမျိုးနဲ့ အတူတူနေနိုင်တော့မှာလဲ?

စွင်းမင်လိက သူ့အား ခါးသီးစွာ တောင်းပန်ခဲ့ပေမယ့် ရှောင်ဝူ လက်မခံခဲ့ဘဲ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ပျက်သွားခဲ့ချေပြီ။

"မင်းက ငါ့နာမည်ကို တခြားသူတွေကိုတောင် မပြောပြချင်ဘူးလား? ငါက မင်းရဲ့ စွင်းမိသားစုကို အရှက်ရစေလို့လား?"

"မင်းကို အရှက်မရစေမယ့် ခင်ပွန်းတစ်ယောက်ကိုပဲရှာသင့်တယ်"

အရာရှိကြီးလင်းလည်း ဒီအကြောင်း သိလိုက်ရတဲ့အခါ ဆွံ့အသွားရ၏။ ထို့ကြောင့် လုမိသားစုဆီသို့ လာရောက်တောင်းပန်ခြင်းပင်။ အဆုံးတွင်မူ ရှောင်ဝူအား လုယန်အကြောင်းတွေကို ပြောပြခဲ့တဲ့လူက သူပဲလေ။

"ဒီလို အရှက်မရှိတဲ့ မိန်းမမျိုးရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူးကွာ"

ချင်းရို့က အစ်မဖြစ်သူ ချင်းမျန့်ဆီ သွားမေးကြည့်တဲ့အခါ စွင်းမင်လိက သူမရဲ့ အဝတ်အစားတွေကို လာယူသွားခဲ့ပေမယ့် စွင်းမင်ဖန်းကတော့ လုံးဝပေါ်မလာတော့ပေ။

ချင်းမျန့်က စွင်းမင်လိရဲ့ အိမ်ထောင်ရေး ပျက်စီးသွားတဲ့အကြောင်း သိရှိသွားပြီးနောက် မပျော်ရွှင်ခဲ့ပါချေ။

"အဲဒါက ကောင်းလား ဆိုးလားတော့ ငါလည်း မသိတော့ဘူး"

ချင်းညီအစ်မတွေဟာ သူတို့မွေးရပ်မြေကလူတွေနဲ့ အဆက်အသွယ်မလုပ်ချင်ကြသလို၊ သူတို့ ဘယ်လိုနေထိုင်နေသလဲဆိုတာကိုလည်း မွေးရပ်မြေကလူတွေကို မသိစေချင်ကြပေ။ သူတို့ ကျွန်းပေါ်ရောက်လာတဲ့အခါ စွင်းမင်ဖန်းနှင့် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့။

"မမရေ ငါတို့သိတော့ရော ဘာဖြစ်လဲ? ငါတို့က မွေးရပ်မြေနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီလေ"

"သူတို့က ငါတို့ဆီလာရင်တောင်မှ လျစ်လျူရှုထားလိုက်"

သူမရဲ့ ပထွေးနှင့် မိသားစုတွေ သူတို့ရှေ့မှာ ပေါ်လာရဲရင်တော့ သူတို့အားလုံးကို ထောင်ထဲပို့ပစ်မယ်လို့ ခြိမ်းခြောက်ပစ်လိုက်မယ်။

သူမ အဖွားရဲ့မိသားစုအတွက်ကတော့ ချင်းရို့မှာ သူမနဲ့ပတ်သက်ပြီး မှတ်ဥာဏ်များစွာမရှိသော်လည်း ချင်းမျန့်ကတော့ နည်းနည်းပိုသိသည်။

"ငါတို့ ကျွန်းမှာရှိရင်တောင် သူတို့လိုချင်တာနဲ့ ငါတို့ကို ရှာမတွေ့နိုင်ပါဘူးဟာ"

ချင်းမျန့်က ဒီအကြောင်းတွေကို ဆက်မပြောချင်တော့တဲ့အတွက် သူမရဲ့ ညီမကို မတ်တပ်ရပ်ခိုင်းကာ အဝတ်အစားတွေ စမ်းဝတ်ကြည့်ဖို့ ပြောလိုက်၏။

"ဒီတစ်ထည်ကိုလာကြည့် နင်ဘယ်လိုမြင်တုန်း? ဒါကို ငါ့ရဲ့အဝတ်ဟောင်းတွေနဲ့ ပြန်ချုပ်ထားတာလေ။ မကြိုက်ဘူးမလုပ်နဲ့နော်"

ချင်းရို့: "အရမ်းကြီးနေတယ်"

ဒါက အရမ်းကြီးမနေဘူးလားဟ?

"အမှန်ပဲ၊ နင့်ကိုယ်ဝန်က အခုသိပ်မကြီးသေးလို့လေ။ လနည်းနည်းကြာရင် နင့်ဗိုက်က အရမ်းကြီးလာတော့မှာ"

All Chapters