← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁) သွေးပူလေ့ကျင့်ခန်းက ပြီးပြီ၊ ကုလန်ကိုသတ်ရမယ့်အချိန်ရောက်ပြီ။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ကုလန်၏ ရုတ်တရက်ပေါက်ကွဲမှုကိုမြင်လိုက်ရသည်နှင့် သဲပင်လယ်ဓားပြများ၏ စိတ်ဓာတ်သည် လွန်စွာမြင့်တက်လာခဲ့ကာ ချူးယွင်ဖန်း၏ အဖွဲ့သားများဆီသို့ အရူးအမူးချီတက်ခဲ့ကြသည်။

မကြာမီမှာပင် ရှဖန်နှင့် တခြားလူများသည် အားအင်ကုန်ခန်းသော လက္ခဏာများကို စတင်ဖော်ပြလာတော့သည်။ နောက်ဆုံးတွင်၊ ဤသဲပင်လယ်ဓားပြများ၏ အရေအတွက်သည် ၎င်းတို့ထက် များစွာသာလွန်နေသည်ဖြစ်ရာ၊ လူတိုင်းသည် ချူးယွင်ဖန်းကဲ့သို့ ထိုသဲပင်လယ်ဓားပြများကို တစ်ချက်တည်း အလွယ်တကူ ချေမှုန်းပစ်နိုင်ခြင်းမျိုးမဟုတ်ပေ။ တူညီသော ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသူများအတွက်မူ လူဦးရေအရေအတွက်သည် သူ၏ရှေ့တွင် အသုံးမဝင်ပေ။

ကုလန်သည် သူ၏လက်များထုံကျင်သွားသည်အထိ မိနစ်အနည်းငယ်ကြာမျှ သွေးရူးသွေးတန်း ဆက်လက်တိုက်ခိုက်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် တိုက်ခိုက်နေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏သွေးများနှင့် စွမ်းအင်များအားလုံး အရှိန်အဟုန်အပြည့်ဖြင့် လည်ပတ်နေသည်ကို ခံစားလိုက်ရရာ၊ သူ၏ရှိသမျှ အစွမ်းအစများဖြင့် တိုက်ခိုက်နိုင်ရသောကြောင့် အားရကျေနပ်နေခဲ့သည်။

ကုလန်သည်မူ၊ အလွန်အမင်း အံ့သြထိတ်လန့်လျက်ရှိကာ၊ ယခင်ကကဲ့သို့ မောက်မာဝင့်ကြွား မရှိတော့ပေ။ ချူးယွင်ဖန်းသည် သူ့ကို ချောင်ပိတ်၍ မိနစ်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့သည်။ ယခုအချိန်မှ ဤသို့ ချောင်ပိတ်တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း သူသည် အချိန်အတော်ကြာမျှ ဖိနှိပ်ခံခဲ့ရပြီးဖြစ်သည်ကို သူကိုယ်တိုင်သာ သိသည်။

ကုလန်၌ တခြားရွေးချယ်စရာ မရှိပေ။ အကယ်၍ သူသာ ဦးစွာမတိုက်ခိုက်ခဲ့လျှင် ချူးယွင်ဖန်း၏ဓားဖြင့် အပိုင်းပိုင်းဖြတ်တောက်ခံရမည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ကျဆင်းလာခြင်းကို ခံစားလိုက်ရသည်။ သူ၏ အသွင်ကူးပြောင်းမှုသည် ပေးဆပ်စရာများရှိ၏။ သူသည် အချိန်တိုင်းတွင် ဇီဝစွမ်းအင်ကို အမြောက်အမြား အသုံးပြုနေခဲ့သည်ဖြစ်ရာ၊ သာမာန်အားဖြင့်ဆိုလျှင် နာရီအနည်းငယ်ကြာ တိုက်ခိုက်ပြီးသည်အထိ ပင်ပန်းနွမ်းနယ်မှုကို ခံစားရမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ၊ မိနစ်အနည်းငယ်အတွင်း၌ပင် သူ၏ခွန်အားများ ကုန်ဆုံးသွားခြင်းကို ခံစားနိုင်သည်။

သူသည် အံ့ဩထိတ်လန့်သွားသည်။ ဤနေရာတွင် ပြောင်းလဲခဲ့သူမှာ မည်သူဖြစ်သနည်း။

အမှားအယွင်း တစ်ခုခုများ ရှိနေနိုင်မလား။

"သွေးပူ လေ့ကျင့်ခန်းပြီးပြီ" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

ကုလန်သည် အသက်ရှုရန် ခက်ခဲသွားတော့သည်။ ချူးယွင်ဖန်း၏ " သွေးပူ လေ့ကျင့်ခန်းပြီးပြီ" သည် မည်သည်ကို ဆိုလိုချင်ခဲ့သနည်း။

‘ကုလန်က အကောင်းဆုံး တိုက်ခိုက်နေချိန်တွင် ချူးယွင်ဖန်းအတွက် သွေးပူ လေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်သည်တဲ့လား။’

“အပိုတွေလာလုပ်မနေနဲ့။ မင်း ကြွားနေတာ အရှက်မရှိဘူးလား"

ကုလန်က ချူးယွင်ဖန်းကို မယုံကြည်ပေ။ ဤသည်မှာ လုံးလုံးလျားလျား မယုံကြည်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏အသင်းဖော်များကို ကြည့်လိုက်သည်။ သူ၏ အသင်းဖော်များသည် အန္တရာယ်ရှိသော အခြေအနေတွင် ရောက်နေသည်။ ၎င်းတို့အားလုံးသည် သဲပင်လယ်ဓားပြများ၏ အရေအတွက် ဆယ်ဆခန့်ဖြင့် ဝိုင်းရံခြင်းကို ရင်ဆိုင်နေရသည်။ ထို့အပြင်၊ ဤသဲပင်လယ်ဓားပြများသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ၏ အကူအညီကို ရရှိခဲ့သောကြောင့် သူ၏အသင်းဖော်များသည် တောင့်ခံထားရုံမျှသာ တတ်နိုင်တော့သည်။

ရှဖန်နှင့် အခြားလူများသည် စုစည်း၍ ခံစစ်စည်းဝိုင်းဖွဲ့စည်းရန် ကြိုးစားခဲ့ကြသော်လည်း ဤသဲပင်လယ်ဓားပြများသည် သတ်ဖြတ်ရာတွင် အတွေ့အကြုံကြွယ်ဝသူများဖြစ်ကြသဖြင့်၊ ၎င်းတို့၏ အစီအစဉ်ကို ချက်ခြင်း ထိုးဖောက်မြင်ရောက်နိုင်သည်ဖြစ်ရာ၊ ၎င်းတို့ကို နေရာ၌တင် ခိုင်မာစွာ ဖိနှိပ်တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သည်။ ဤနှုန်းဖြင့်သာဆိုလျှင်၊ ၎င်းတို့ကို အချိန်တိုအတွင်းတွင် သုတ်သင်သွားနိုင်၏။

ချူးယွင်ဖန်း၌ အချိန်အများအပြားကျန်တော့ပေ။ တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူ၏ အလေးစီးဝတ်စုံ၏ ဆွဲငင်အားလေးဆကို ရုပ်သိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲက ချီစွမ်းအင်များ အပြင်သို့ ပေါက်ကွဲထွက်လာသည်။ နောက်ဆုံးတွင် အချိန်အတော်ကြာအောင် ချုပ်နှောင်ထားခဲ့သော စွမ်းအင်များသည် လှိုင်းကြီးများသဖွယ်ပေါက်ကွဲထွက်လာသည်။

ဘုံး

ချူးယွင်ဖန်း၏ အရောင်အဝါသည် လျင်မြန်စွာ မြင့်တက်လာကာ၊ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခု ပွင့်ထွက်လာခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက မရီးဒျန်သန့်စင်ခြင်း ဒုတိယအဆင့်မှာပဲရှိသေးတာ။ ဘယ်လိုလုပ် ဒီလိုအင်အားမျိုးကို သုံးနိုင်နေရတာလဲ။"

ချူးယွင်ဖန်း၏ အစောပိုင်းစကားများသည် ဟာသများနှင့် ကြွားဝါခြင်းများမဟုတ်ခဲ့ကြောင်းနှင့် အမှန်အတိုင်းပြောခဲ့ခြင်းဖြစ်ကြောင်း ကုလန် နားလည်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ အင်အားအပြည့်ကို ဖုံးကွယ်ထားခြင်းဖြစ်ရာ၊ ကနဦးတိုက်ပွဲသည် အမှန်တကယ်ပင် သွေးပူလေ့ကျင့်ခန်း သက်သက် ဖြစ်ခဲ့သည်။ အလေးစီးဝတ်စုံ၏ ချုပ်တည်းခံထားခြင်းမရှိသော ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်စီးဆင်းမှု ပိုမိုမြန်ဆန်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ချီစွမ်းအင်စီးဆင်းမှု ပမာဏသည်လည်း ပို၍ ကြီးမားလာခဲ့ရာ၊ သူသည် ယခုအခါတွင် ပိုမိုလွတ်လပ်စွာ ရွေ့လျားနိုင်သည်။ ဤအရာအားလုံးသည် အဘက်ဘက်မှ ပြင်းထန်စွာမြင့်မားလာသော ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းများ စုပုံလာခြင်းကြောင့်ဖြစ်၏။

"ကုလန် ဒီနေ့က မင်းသေရမယ့်နေ့ပဲ" ချူးယွင်ဖန်းက ကုလန်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

"မင်းက ငါ့ကိုသတ်မယ်တဲ့လား။ မဖြစ်နိုင်တာ။ တကယ်လုပ်နိုင်မယ်လို့ ထင်နေတာလား"

ကုလန်က ထပ်တူထပ်မျှ အေးစက်စွာပြန်ဖြေလိုက်သည်။ သူသည် စကားပြောနေစဉ်တွင် လေထဲသို့ အချက်ပြမီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်၍ ချူးယွင်ဖန်းကိုကြည့်လျက် ပြောလိုက်သည်။

"မင်းတို့တွေက အချိန်မရွေး သေလူတွေဖြစ်သွားနိုင်တယ်။ ဟားဟားဟား"

ချူးယွင်ဖန်းသည် မျက်လုံးများဖြင့် စူးစိုက်၍ကြည့်လိုက်သည်။ ကုလန်က နတ်ဆိုးဂိုဏ်းမှ တစ်စုံတစ်ဦးကိုဆင့်ခေါ်ရန် အချက်ပြမီးကို ထုတ်လွှတ်လိုက်ကြောင်း သူသိသည်။ ထိုဆင့်ခေါ်ခံရသူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်ရန် အလွန်အလားအလာရှိသည်။ ကုလန်၏ ယုံကြည်မှုအပြည့်ရှိနေသော အသွင်အပြင်ကို ကြည့်လျင် ထိုလူသည် အနီးနားတစ်နေရာတွင် ရှိနေပုံရသည်။

“ကြည့်ရတာ အချိန်မရှိတော့တဲ့ပုံပဲ။ ငါမင်းကို အခုသတ်မှရတော့မယ်" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

ချူယွင်ဖန်းသည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သူသည် ချီတက်ခဲ့ရာ၊ ကုလန်၏အရှေ့သို့ တယ်လီပို့ခံခဲ့ရသကဲ့သို့ချက်ချင်းရောက်လာခဲ့၏။ ၎င်းသည် ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းဖြစ်၍ အသွင်ကူးပြောင်းမှုတစ်ခုစီသည် ကြီးမားသော ခြေလှမ်းတစ်ခုသာဖြစ်သည်။

ချူးယွင်ဖန်းသည် လက်ထဲတွင်ရှိနေသော ကျူးချွဲ့ကို ဆန့်ထုတ်၍ ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် လျင်မြန်သွက်လက်၍ ကြီးမားလေးလံသော ကြောက်မက်ဖွယ်အင်အားများ ပါဝင်ကာ၊ ကုလန် ဆီသို့ အထိန်းအချုပ်မဲ့စွာ ဦးတည်နေခဲ့သည်။

ချွင်

ကုလန်သည် တားဆီးရန် အချိန်မရှိသလောက်ပင်ဖြစ်ခဲ့သည်။ သူ၏လှံသို့ တိုးဝင်ဖြတ်ကျော်လာသော ကြောက်မက်ဖွယ်အင်အားသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှု မည်မျှ ကြောက်စဖွယ်ကောင်းသည်ကို ဖော်ပြခဲ့သည်။ သူ၏လက်ထဲတွင်ရှိနေသော လှံလျှင်ပင် လွင့်ပျံလုမတတ်ဖြစ်ခဲ့ရသည်။

'ငါ့လက်နက် လွတ်သွားလို့မဖြစ်ဘူး မဟုတ်ရင် ငါသေသွားနိုင်တယ်'

ကုလန်၏လှံသာ လွင့်ပျံထွက်သွားလျှင် ချူးယွင်ဖန်း၏ ကျူးချွဲ့ကို တားဆီးရန် လက်နက်မရှိရှိတော့မည်မဟုတ်ပေ။ ထိုအချိန်ကျလာလျှင်၊ ချူးယွင်ဖန်းသည် အခြေအနေကို အခွင့်ကောင်းယူ၍ သူ့ကိုတိုက်ခိုက်ရန်သာ လိုအပ်မည်ဖြစ်သည်။

ထိုသို့တွေးပြီးနောက် ကုလန်၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာခဲ့သည်။ သူ၏လက်သည် သာမန်လူတစ်ဦး၏ ပေါင်တံအထူခန့်ရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ထပ်မံ၍ အနည်းဆုံး သုံးပုံတစ်ပုံအထိ ကျယ်ပြန့်လာခဲ့သည်။ ဤသည်မှာ ကုလန်မှ ချူးယွင်ဖန်း၏ ခုတ်ထွင်းမှုကို တားဆီးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ကုလန်သည် သူ၏ခြေဖနောင့်ကို မြေပြင်ပေါ်တွင် ခိုင်မြဲစွာအခြေပြုထားသော်လည်း ချူးယွင်ဖန်က သူ့ကိုအနောက်သို့ဆုတ်ရန် အတင်းအကြပ် တွန်းအားပေးနေဆဲဖြစ်သည်။ သူ၏ခြေထောက်များ ရွေ့လျားခြင်းမရှိသေးသော်လည်း သူသည်အနောက်သို့ လျှောကျသွားခဲ့သည်။ ကြီးမား၍ အနက်ရှိုင်းသော ခြေရာနှစ်ခုသည် သူခြေချရာ မြေနေရာတွင် ကျန်ရစ်စေခဲ့သည်။

"မင်းက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"

ကုလန်၏ မျက်နှာသည် မယုံကြည်နိုင်သော အမူအရာများနှင့် ပြည့်နေသည်။ ချူးယွင်ဖန်း သည် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ရုတ်တရက်ဖွင့်ထုတ်ခဲ့ရာ၊ ကုလန်က အလွန်တရာ ကြိုးစားပြောင်းလဲခဲ့ရသော အသွင်ကူးပြောင်းခြင်းထက်ပို၍ ကျော်လွန်နိုင်ခဲ့သည်။ သို့သော် ၎င်းသည်ကား၊ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် အစသာဖြစ်သည်။

ဘုံး

ဘုံး

ဘုံး

ချူးယွင်ဖန်း ခုတ်ဖြတ်လိုက်သည့်အချက်တိုင်းသည် မြေပြင်တစ်ခုလုံးကို တုန်ခါစေသည်။

အချိန်အနည်းငယ်မျှ ခုခံပြီးနောက်၊ ကုလန်သည် နောက်ဆုံးတွင် တောင့်ခံမထားနိုင်တော့ပေ။ သူသည် ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်လိုက်၏။ ချူးယွင်ဖန်း၏ ခုတ်ထစ်မှုဖြင့် သူ၏လက်နှစ်ဖက်လုံး ပြတ်တောက်သွားခဲ့ရသည်။

ကုလန်၏ လှံသည် လွင့်ပျံထွက်သွားခဲ့သည်။ ၎င်းသည် စူးရှသော မြှားတစ်စင်းကဲ့သို့ သဲပင်လယ်ဓားပြများစွာကို ထိုးဖောက်ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက် အရှိန်တစ်အောင်စမျှ ကျဆင်းခြင်းမရှိဘဲ ချူးယွင်ဖန်း၏ဓားသည် ကုလန်ဆီသို့ ခုတ်ထွင်းသွားခဲ့သည်။ ကုလန်သည် ရှောင်တိမ်းရန် အင်အားမရှိတော့သဖြင့်၊ သူသည် ထိုနေရာ၌ပင် နှစ်ပိုင်းပြတ်ပြီးနောက် မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။

ကုလန်၏ မျက်လုံးများသည် မယုံကြည်နိုင်သောအကြည့်ဖြင့် ပြည့်နှက်နေသည်။ သူသည် ကျောင်းသားသစ်တစ်ယောက်၏ လက်ချက်ဖြင့် သေရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အခန်း (၄၅၂) သဲပင်လယ်ဓားပြများ အားလုံးကို သတ်ဖြတ်ခြင်း

ကုလန်ကိုသတ်ပြီးနောက် ချူးယွင်ဖန်းသည် တုံ့ဆိုင်းမနေဘဲ အခြားသဲပင်လယ်ဓားပြများဆီသို့ တည့်တည့်တိုးဝင်ခဲ့သည်။ ရှဖန်သည် မရီးဒျန်သန့်စင်ခြင်း ပထမအဆင့်တွင်သာရှိနေသောကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် အညံ့ဆုံးဖြစ်သည်။ သူ့ပတ်ဝန်းကျင်၌ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ မရှိသော်လည်း ဒါဇင်ချီရှိသော သဲပင်လယ်ဓားပြများက သူ့ကိုထိခိုက်ဒဏ်ရာရစေနိုင်သည်။ သူသည် ရှေ့ဆက်ရန် ခက်ခဲသော အခြေအနေသို့ ရောက်နေပြီဖြစ်ကာ၊ ခန္ဓာကိုယ်မှ သွေးများ စီးကျလာ၏။

'ငါဒီမှာပဲ သေရတော့မှာလား'

ရှဖန်က ထိုသို့တွေးပြီးသည်နှင့် တောင်ပေါ်မှ ရက်စက်သောကျားတစ်ကောင် အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လာသကဲ့သို့ လူတစ်ယောက်သည် ဧရာမဓါးကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်၍ ရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်သည် မွန်းစတားတစ်ကောင်နှင့်ပင်ဆင်တူ၍ ၎င်းနှင့် ထိမိတိုက်မိသော အရာအားလုံးသည် သေဆုံးပျက်စီးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းများ ဖြစ်သွားခဲ့ကြသည်။

ဓါးသည် လမ်းကြောင်းတစ်ခုကို ထွင်းဖောက်နေခြင်းနှင့်ပင် ဆင်တူသည်။

ဒါဇင်ပေါင်းများစွာသော သဲပင်လယ်ဓားပြများသည် ထိုဓါးချက်များနှင့် ပတ်သက်၍ မည်သည့်တိုက်ခိုက်မှုကိုမျှ မတားဆီးနိုင်ခဲ့ပေ။ သိပ်သည်းစွာရှိနေသော လူအုပ်ကြောင့် ချူးယွင်ဖန်းက သူ၏ဓါးကိုဝှေ့ယမ်းလိုက်တိုင်း သဲပင်လယ်ဓားပြအချို့၏ ခေါင်းကိုထိမှန်၍ ဆိုးရွားစွာ သေဆုံးသွားကြသည်။ ထို့အပြင် သဲပင်လယ်ဓားပြများသည် ၎င်းတို၏အနောက်တွင်ရှိနေသော သဲပင်လယ်ဓားပြများကို ထိမိ၍ တိုက်ချစေခဲ့သည်။ ချူးယွင်ဖန်းသည် သဲပင်လယ်ဓားပြများကို လျင်မြန် သုတ်သင်နေခဲ့သည်။ ၎င်းတို့အားလုံး မသေဆုံးကြလျှင်ပင် အပြင်းအထန်ဒဏ်ရာရသွားကြ၏။ အာတိတ်သဲကန္တာရတွင် ဒဏ်ရာပြင်းထန်စွာရခြင်းသည် လက်တွေ့အားဖြင့် သေဒဏ်ပေးခံရခြင်းနှင့် တူညီသည်။

"မင်းအဆင်ပြေရဲ့လား" ချူးယွင်ဖန်းက ရှဖန်ကို ကြည့်၍ မေးလိုက်သည်။

“ရပါတယ်” ရှဖန်က သူ၏ခန္ဓာကိုယ်ကို ကုသရေးဖြန်းဆေး များဖြန်းလျက် ပြန်ဖြေလိုက်သည်။

"ငါ့ကို စိတ်မပူနဲ့။ ငါ့ညီမနဲ့ တခြားလူတွေကိုသာ သွားကူညီလိုက်ပါ။ ငါ ဘာမှမဖြစ်ဘူး"

"ကောင်းပြီ" ချူးယွင်ဖန်းက ခေါင်းညိတ်ပြ၍ ရှယင်းယင်းတို့ဘက်သို့ အမြန်ပြေးသွားခဲ့သည်။

ယခုအချိန်တွင် ရှယင်းယင်းသည် သူမကို အခက်တွေ့စေသည့် သဲပင်လယ်ဓားပြခေါင်းဆောင်တစ်ဦးနှင့် ရင်ဆိုင်နေရသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကံကောင်းထောက်မစွာပင် အလွန်နက်နဲသောအခြေအနေတွင်ရှိနေသည်ဖြစ်ရာ၊ အားနည်းချက်များရှိသော်လည်း ထိုလူကို ထိန်းထားနိုင်သေးသည်။ ချူးယွင်ဖန်းက လမ်းကြောင်းတစ်ခုကို ထွင်းဖောက်၍ လာနေခြင်းကို မြင်လိုက်ရသည်နှင့် သူမသည် သူမ၏ စိတ်ဓာတ်များ ပြန်လည်ရှင်သန်လာခဲ့သလို ခံစားလိုက်ရသည်။

" ချူးယွင်ဖန်း ရှင် ကုလန်ကို တကယ်သတ်လိုက်ပြီလား"

“ဟုတ်တယ်၊ အဲ့ဒါကြောင့် အခု မင်းကို ကူညီဖို့ လာခဲ့တာ" ချူးယွင်ဖန်းက ခေါင်းညိတ်ပြသည်။

“ရှင် ဒီမှာရှိနေတာ ပိုကောင်းတာပေါ့။ ဒီအမှိုက်တွေကို အတူတူရှင်းထုတ်ကြတာပေါ့" ရှယင်းယင်းက အော်လိုက်သည်။ သူမသည် ထိုစကားများကို ဤသဲပင်လယ်ဓားပြများ၏ ယုံကြည်စိတ်ကို တုန်လှုပ်စေရန်အတွက် ပြောခဲ့ခြင်းဖြစ်သည်။

“ အဲ့ဒီ့ ခွေးမ စကားကို နားမထောင်နဲ့။ ငါတို့အသက်ရှင်ချင်ရင် သူတို့ကို သတ်ပစ်မှရမယ်" သဲပင်လယ်ဓားပြခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ ရှယင်းယင်းက မည်သည့်ရည်ရွယ်ချက်ဖြင့် ပြောနေသည်ကို သိနေသောကြောင့် သူသည် အမိန့်ပေးပြီးသည်နှင့် လေးလံသောဓားတစ်စင်းဖြင့် ရက်စက်စွာ ခုတ်ပိုင်းပစ်လိုက်သည်။

ခေါင်းဆောင်သည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွား၏။ သူသည် တစ်ချက်တည်း တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ အသတ်ခံလိုက်ရကာ၊ ၎င်း၏သွေးများအားလုံး နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

ဘေးမှအော်ငေါက်ဆဲဖြစ်သော ရှယင်းယင်းသည် သူမ၏မျက်လုံးများကိုပင် မယုံနိုင်ခဲ့ပေ။ သူမကိုဒုက္ခဖြစ်စေရန်အတွက် အခြားသောသဲပင်လယ်ဓားပြများနှင့်ပူးပေါင်းကာ သူမမှ ရုန်းမထွက်နိုင်သည်အထိ အပြင်းအထန်တိုက်ခိုက်ခဲ့သော သဲပင်လယ်ဓားပြ ခေါင်းဆောင်သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် တစ်ချက်တည်း သေဆုံးသွားခဲ့သည်။

တစ်ချက်တည်း သတ်ဖြတ်ခြင်း။

သဲပင်လယ်ဓားပြ ခေါင်းဆောင်သည် အလွယ်တကူ အသတ်ခံခဲ့ရသည်။

တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းမရှိသည့်အပြင်၊ ဖြစ်ပွားရန်လည်း မလိုအပ်ခဲ့ပေ။ အခြေခံအားဖြင့် ချူးယွင်ဖန်းသည် ၎င်းထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင် တွေးတောနေစရာမလိုအောင်ပင် တစ်ချက်တည်း သတ်ဖြတ်နိုင်သည်။

ရှယင်းယင်းသည် ခဏအကြာတွင် အသိပြန်ဝင်လာကာ သာမန်သဲပင်လယ်ဓားပြများထံသို့ ခုန်အုပ်ဝင်ရောက်ခဲ့သည်။ သူမ၏ တတိယအဆင့် ကျင့်ကြံခြင်း၏ အရှိန်အဟုန်နှင့် ပေါက်ကွဲထွက်လာသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြခေါင်းဆောင်၏ ပိတ်ပင်တားဆီးမှုမရှိပါက၊ အခြားသဲပင်လယ်ဓားပြများသည် ရှယင်းယင်း၏ ပြိုင်ဘက်များမဟုတ်ခဲ့ပေ။ ၎င်းတို့ နှစ်ဘက်ကြားက အင်အားကွာခြားချက်က အလွန်ကြီးမားလှ၏။

ဤဖြစ်စဉ်ကို ချူးယွင်ဖန်းက မြင်ခဲ့သော်လည်း မရပ်တန့်ခဲ့ပေ။ သူသည် အခြားအသင်းဖော်များဆီသို့ အပြေးအလွှားသွား၍ ၎င်းတို့ကို ဒုက္ခပေးနေသော မရီးဒျန်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြခေါင်းဆောင်များကို ကူညီသတ်ဖြတ်ပေးခဲ့သည်။

မရီးဒျန်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြခေါင်းဆောင်၏ စွက်ဖက်မှုမရှိတော့သဖြင့်၊ ရှယင်းယင်းနှင့် အခြားလူများသည် ၎င်းတို့၏ တိုက်ပွဲအင်အားကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းနှင့် ရှဖန်သည်လည်း ၎င်းတို့၏ အသင်းဖော်များကို ကူညီခဲ့ကြသည်။ နောက်ဆုံးတွင် သဲပင်လယ်ဓားပြများသည် ဆက်လက်၍ ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးချင်လာကြသည်။ သို့သော် ၎င်းတို့၏ အရေအတွက်သည် အလွန်နည်းပါးနေပြီဖြစ်သောကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ချူးယွင်ဖန်းက ၎င်းတို့ကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။

လူပေါင်း အယောက် ၂၀၀ ထက်မနည်း ဆိုးရွားစွာ သေဆုံးခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ရှဖန်နှင့် အခြားလူများသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ၎င်းတို့၏ခန္ဓာကိုယ်သည် သဲပင်လယ်ဓားပြများနှင့် ၎င်းတို့၏သွေးများဖြင့် လွှမ်းခြုံနေ၏။ အများစုမှာ သဲပင်လယ်ဓားပြများ၏ သွေးများဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ကို ချီစွမ်းအင်များဖြင့် လွှမ်းခြုံထားခဲ့သောကြောင့်၊ သူ၏အဝတ်အစားများသာ အသစ်များသကဲ့သို့ သန့်ရှင်းနေသေးသည်။ မည်သို့ဆိုသော် ၎င်းတို့၏ ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းကို အောင်ပွဲခံပြီးနောက် ချူးယွင်ဖန်းကို ပြန်လှည့်ကြည့်ခဲ့ကြသည်။ သူသည် ယခင်ကကဲ့သို့ သန့်ရှင်းမြဲ သန့်ရှင်းနေဆဲဖြစ်သည်။ ရှဖန်နှင့် ဟုရှန်းလင်တို့သည် နှိုင်းယှဥ်မနေတော့ဘဲ၊ ကျိန်ဆဲရုံသာ ကျိန်ဆဲနိုင်လိုက်၏။

အခြားလူနှင့် နှိုင်းယှဥ်ကြည့်ရခြင်းသည် စိတ်တိုစရာကောင်းလှသည်။

နှိုင်းယှဥ်ကြည့်၍ ရသည့် ကိစ္စများစွာရှိသော်လည်း မနှိုင်းယှဥ်ကြည့်ပါက၊ နာကျင်ရမည်မဟုတ်ပေ။ နှိုင်းယှဥ်ကြည့်မည့်ဆိုပါက၊ နာကျင်မှုသည် များစွာကြီးများပေလိမ့်မည်။

သို့သော် ၎င်းတို့တွင် ပြောစရာမရှိခဲ့ပေ။ အဆုံးတွင် ၎င်းတို့ကို ကယ်တင်ခဲ့သူမှာ ချူးယွင်ဖန်းသာဖြစ်သည်။ ချူးယွင်ဖန်းမှ ၎င်းတို့ကို မကယ်တင်ခဲ့ပါက၊ ဝန်းရံတိုက်ခိုက်ခြင်းမှ လွတ်မြောက်နိုင်ခဲ့လျှင်ပင် ၎င်းတို့ထဲမှ တချို့တစ်ဝက် သေဆုံးသွားမည်မှာ အသေအချာပင်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ သေဆုံးခဲ့ခြင်းမရှိခဲ့ခြင်းသည် မထင်မှတ်စရာကောင်းလှသည်။

၎င်းတို့၏ ဒဏ်ရာများတွေကို ကုသနေချိန်တွင် ၎င်းတို့၏ ချီစွမ်းအင်နှင့် သက်လုံကို ပြန်လည်ကောင်းမွန်လာသည့် အချိန်ကို အခွင်းကောင်းယူ၍ စောင့်နေခဲ့သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ကို ကာကွယ်ရန် ဘေးတွင်ရပ်နေခဲ့၏။ သူသည် သူ၏ ချီစွမ်းအင်နှင့် သက်လုံစွမ်းရည်ကို အနည်းငယ်မျှသာ အသုံးပြုရသေးသည်။ သူသည် ခဏလေးအတွင်းမှာပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဧကရာဇ်၏ ခန္ဓာကိုယ်နည်းစနစ် ကို ကျွမ်းကျင်တတ်မြောက်ပြီးနောက် ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ်၊ ချူးယွင်ဖန်းသည် သူ၏ဓားအသစ်နှင့်အတူ ဧကရာဇ်၏ ခန္ဓာကိုယ်နည်းစနစ် ကို ပထမဦးဆုံးအကြိမ် အပြည့်အဝ အသုံးချခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် အုပ်စုတိုက်ပွဲများကို မည်သည့်အချိန်ကမျှ မကြောက်ခဲ့ဖူးပေ။ ယခုမူကား အုပ်စုလိုက်တိုက်ပွဲများသည် သူ့အတွက် ရေသောက်နေရခြင်းနှင့် ဆင်တူသည်။ မိမိထက် နိမ့်သော ကျင့်ကြံခြင်းအဆင့်တွင်ရှိနေသော လူများကို ချေမှုန်းနိုင်မှာ သေချာပင်ဖြစ်သည်။ ဧကရာဇ်အဓိပတိသည် မြောက်မြားစွာသော ဧကရာဇ်များကို တစ်ယောက်တည်း တိုက်ခိုက်ရန် မည်သို့လုပ်ဆောင်ခဲ့သည်ကို နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ သူသည် ဧကရာဇ်မင်းများကြားတွင် အသန်စွမ်းဆုံး ဧကရာဇ်မင်း ဖြစ်ထိုက်သူဖြစ်သည်။

၎င်းတို့အားလုံး အပြည့်အဝနာလန်ပြန်မထနိုင်ခင်မှတွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် အဝေးမှ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏အနားသို့ လျင်မြန်စွာနီးကပ်လာခြင်းဖြစ်သည့်အပြင် ရန်လိုသော ကိုယ်ရောင်ကိုယ်ဝါကိုလည်း ၎င်းတို့မှ ခံစားနိုင်သည်။

“ သေစမ်း၊ နတ်ဆိုးဂိုဏ်း က စစ်ကူတွေ ဒီကို ရောက်လာပြီ။ သွားကြရအောင်"

ချူးယွင်ဖန်းက ဟိန်းဟောက်လိုက်သည်။ ဤအချိန်တွင် မြေပြင်ပေါ်က အလောင်းများကို ဂရုမစိုက်နိုင်တော့ပေ။ ၎င်းတို့အားလုံးတွင် ကိုယ်စီမှတ်တမ်းစနစ်များရှိနေသည်။ ထိုမှတ်တမ်းစနစ်များသည် ၎င်းတို့၏သတ်ဖြတ်မှု အရေအတွက်ကို တွက်ချက်၍ စနစ်ထဲသို့ မြှင်တင်ပေးမည်ဖြစ်သည်။ ထောက်ပံ့ကြေးများ ဆုံးရှုံးမည်ကို စိုးရိမ်စရာမလိုပေ။

အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် လျင်လျင်မြန်မြန် လှုပ်ရှားခဲ့သော်လည်း အချိန်တိုအတွင်မှာပင် ထိုပုံရိပ်သည် ၎င်းတို့ထံ ရောက်ရှိလာခဲ့သည်။ သွေးရောင်ကိုယ်ထည်ရှိ၍ ၎င်း၏ဦးခေါင်းသည် ရှည်လျားသော သွေးနီရောင်ဆံပင်များဖြင့် ပြည့်နှက်နေသည်။ ထိုလူသည် သွေးနီရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ၊ သူ၏လက်ထဲတွင် သွေးနီရောင်ဓားသွားကို ကိုင်ထားသည်။ သူ၏တစ်ကိုယ်လုံး ကြောက်မက်ဖွယ် သွေးရောင်အရှိန်အဝါများ ဖြာထွက်လျက်ရှိသည်။

သူသည် ချူးယွင်ဖန်းနှင့် သူ၏အဖွဲ့ဝင်များ အရှေ့တွင် လျှပ်စီးကြောင်းကဲ့သို့သော အရှိန်ဖြင့် ပေါ်ပေါက်လာသည်။

“မင်းတို့သွားနှင့်။ ငါသူ့ကို ထိန်းထားလိုက်မယ်" ချူးယွင်ဖန်းက အော်ပြောလိုက်သည်။

“မဖြစ်နိုင်တာ။ ငါတို့က မင်းကို ဒီနေရာမှာထားခဲ့မယ်လို့ ထင်နေတာလား“ ရှဖန်က ဟိန်းဟောက်လိုက်သည်။

အခန်း (၄၅၃) သွေးမင်းသား၏ ကမ်းလှမ်းချက်

ချူးယွင်ဖန်းသည် သွေးနီရောင်ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။

"အဲ့ဒီလူက မွေးဖွားခြင်းနယ်မြေအဆင့်မှာ ရှိလောက်တယ်။ မင်းတို့ဒီမှာရှိနေရင် သူ့ရဲ့တိုက်ခိုက်မှုကို တစ်ချက်မှ ခုခံနိုင်မှာမဟုတ်ဘူး။ မင်းတို့ငါ့ကိုပဲ ဝန်ပိမှာ။ ငါမှာ ဒီကနေ ဘာဒဏ်ရာမှမရဘဲ လွတ်မြောက်နိုင်တဲ့ နည်းလမ်းရှိတယ်။ မင်းတို့ဒီမှာ နေမယ်ဆိုရင်တော့ ငါတို့အကုန်လုံး သေရလိမ့်မယ်"

ချူးယွင်ဖန်းသည် ယခင်က ကျန်းလင်းရှောင် နှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကောင်းစွာသိသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါကို အကဲဖြတ်ကြည့်လျှင် ဤသွေးနီရောင်ပုံရိပ်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သေချာ၏။ နတ်ဆိုးဂိုဏ်းတွင် ကျွမ်းကျင်သူ အများအပြားရှိသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် အလွန် ရှားပါးသည်။ ထို့ကြောင့်၊ ဤလူသည် ထိပ်တန်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

ရှယင်းယင်းနှင့် အခြားလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းတို့သာ ဤနေရာတွင် ဆက်ရှိနေလျှင် အသက်ဆုံးရှုံးရမှာသေချာသည်။

"သတိထားပါ" ရှယင်းယင်းကပြောလိုက်သည်။

"မင်းကို ငါ့အသက် အကြွေးတင်ထားတယ်" လောင်ဖန်းမှ ပြောခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် လောင်ဖန်းသည် ချူးယွင်ဖန်းကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်မရှိတော့ပေ။ လူသားများ၏ စိတ်နှလုံးသည် အလွန်ကူးပြောင်းလွယ်သော အရာဖြစ်သည်။

"ခေါင်းဆောင်ချူး၊ သတိထားပါ" ရှဖန်က ပြောလိုက်သည်။

၎င်းတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အဝေးသို့ ချက်ချင်း၊ ရှိသမျှခွန်အားကို အသုံးချ၍ ပြေးခဲ့ရာ၊ ခေတ္တမျှပင် မရပ်တန့်ဝံ့ပေ။

ခဏအကြာတွင် ထိုသွေးနီရောင်ပုံရိပ်သည် ချူးယွင်ဖန်း၏ အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ အကန့်အသတ်မဲ့သော သွေးနီရောင် အရောင်အဝါသည် ချူးယွင်ဖန်းကို လွှမ်းခြုံလိုက်သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အရောင်အဝါများသည် ချူးယွင်ဖန်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထား၏။ ၎င်းသည် လူတစ်ဦး၏စိတ်ကို ထိခိုက်စေ၍ ၎င်းတို့ကို ဤအကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်ထဲတွင် နစ်မြုပ်စေခဲ့သည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် သွေးနီရောင်ပုံရိပ်ကို သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက်ဆိုသလိုပင်၊ ချူးယွင်ဖန်း၏ စိတ်ထဲတွင်ရှိနေသော နတ်ဘုရားစိတ်ဝိဉာဉ်သည် ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။ ချူးယွင်ဖန်းသည် အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်မှ ချက်ချင်း လွတ်မြောက်သွား၍ သူ၏ ကြည်လင်ပြတ်သားမှုကို ပြန်လည်ရရှိခဲ့သည်။

"နောက်တန်းမှာ ကျန်နေရဲတဲ့ သတ္တိရှိတယ်ပေါ့လေ" အနောက်တွင် ကျန်ရစ်ခဲ့သည့် ချူးယွင်ဖန်းကို တွေ့သောအခါ သွေးနီရောင်ပုံရိပ်က မေးလိုက်သည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဤသွေးနီရောင်ပုံရိပ်၏ မျက်နှာကို ပြတ်ပြတ်သားသားမြင်လိုက်ရသည်။ ၎င်းသည် အသက်နှစ်ဆယ်ကျော်ခန့်ရှိသော ချောမောသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သွေးနီရောင် ဝတ်ရုံရှည်ကြီးဖြင့် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထား၍ ငရဲမှ တွားသွားလာခဲ့သည့်ဟန် ထင်ရ၏။

သူသည် ငရဲပြည်မှ နတ်ဆိုးတစ်ကောင်နှင့်ပင် ဆင်တူသည်။ ဤလူသည် မှော်နက်သိုင်းပညာတစ်ခုခုကို ကျင့်ကြံထားမည်ကို ချူးယွင်ဖန်းက သိထားသည်။ သိုင်းပညာအချို့သည် လူတစ်ဦး၏အသွင်အပြင်ကို ပြောင်းလဲနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာသည် ကျင့်ကြံသူကို ထိခိုက်စေ၍ ထူးဆန်းသောလက္ခဏာများ ပြသလာမည်ဖြစ်သည်။

"ဟုတ်တယ်၊ အဲ့တော့ဘာဖြစ်လဲ" ချူးယွင်ဖန်းက စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။

"မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား။ ငါမင်းကို အရင်သတ်ပြီးမှ သူတို့ကို သတ်လို့ရတယ်"

သွေးနီရောင်ပုံရိပ်သည် ချူးယွင်ဖန်းကို အေးစက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူ့အတွက်မူ၊ ချူးယွင်ဖန်းသည် အလွယ်တကူ ကန်ထုတ်၍ရနိုင်သည့် သေးငယ်သော အဟန့်အတား တစ်ခုမျှသာဖြစ်သည်။

“အဲ့ဒီသွေးနီရောင်ဝတ်ရုံတွေ… ခင်ဗျားက နတ်ဆိုးဂိုဏ်းရဲ့ သွေးမင်းသားလား"

ချူးယွင်ဖန်းသည် ကျင့်ကြံခြင်း စွယ်စုံကျမ်းအတွင်းရှိ ဂိုဏ်းများ၏ မှတ်တမ်းများစွာကိုပြန်လည်းတွေးမိသည်။ ၎င်းတွင် ဂိုဏ်းများမှ ထင်ရှားသည့် ကျွမ်းကျင်သူများ၏ မှတ်တမ်းများ ပါရှိသည်ဖြစ်ရာ၊ ၎င်းထဲတွင် သူ့အရှေ့ရှိလူနှင့် အလွန်ဆင်တူသော အချက်အလက်များရှိသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်သည်။

ဤလူကို နတ်ဆိုးဂိုဏ်း၏ မင်းသား လေးယောက်ထဲမှ တစ်ယောက်ဟု လူသိများကြသည်။ ဤမင်းသား လေးပါးသည် ဂိုဏ်း၏ လက်ရှိမျိုးဆက်တွင် အကောင်းဆုံး မင်းသားများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်ချင်းစီသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။၎င်းတို့သည် ပြည်ထောင်စုအတွက် ကိုင်တွယ်ရခက်ခဲသော ပြိုင်ဘက်များကြသည်။ နတ်ဆိုးဂိုဏ်း၏ မင်းသား လေးဦးအနက်မှ တစ်ဦးကို အနိုင်ယူခြင်းအတွက် ချီးမြှင့်ထားသော ဆုကြေးငွေသည် ပြည်ထောင်စုမှပေးအပ်သော အကောင်းဆုံးဆုများထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် သွေးမင်းသားအတွက် ပေးအပ်ထားသော ဆုကြေးငွေသည် အကောင်းဆုံးဖြစ်သည်။ သွေးမင်းသားကို သတ်ဖြတ်နိုင်ခြင်းအတွက် ပြည်ထောင်စုမှ ကမ်းလှမ်းထားသည့် ဆုကြေးငွေမှာ ယွမ်ငါးဘီလီယံဖြစ်သည်။ ပြည်ထောင်စုမှတစ်ပါး၊ အခြား အဓိကအဖွဲ့ခွဲများစွာမှ ပေးအပ်ထားသော ဆုကြေးငွေ အမျိုးမျိုးလည်း ရှိသေးသည်။ ဆုကြေးများသည် ဆယ်ဘီလီယံထက်ပင် ကျော်လွန်နေမည်ဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်သည် နတ်ဆိုးဂိုဏ်းအတွင်း ထိပ်တန်းများထဲမှ တစ်ယောက်ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဤကဲ့သို့သော အသွင်အပြင်မျိုးသည့် လူနှင့် တွေ့လိမ့်မည်ဟု အမှန်တကယ်မထင်ထားခဲ့ပေ။

“မင်းငါ့ကို သိတယ်ဆိုတော့ ဘယ်ဆိုးလို့လဲ ဗဟုသုတကြွယ်သားပဲ” သွေးမင်းသားသည် ချူးယွင်ဖန်းကိုကြည့်၍ သရော်လိုက်သည်။

"ခဏနေပါဦး။ မင်းက ကျန်းလင်းရှောင်ကို စစ်တိုက်ဖို့ စိန်ခေါ်ခဲ့တဲ့ ချူးယွင်ဖန်း မဟုတ်လား"

"ကျွန်တော်က အဲ့လောက်တောင် နာမည်ကြီးနေပြီလား" ချူးယွင်ဖန်းသည် အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်ရန် အသင့်အနေအထားတွင်ရှိနေသည်။

"မင်က နာမည်မကြီးပါဘူး။ မင်းက အရေးမပါတဲ့လူ သာသာပဲရှိတာ။ ဒါပေမယ့် ကျန်းလင်းရှောင်ကတော့ နာမည်ကြီးတယ်။ ငါတောင် သူနဲ့ ယှဉ်နိုင်ယုံပဲရှိတာကို မင်းက သူ့ကို စိန်ခေါ်ရဲတော့၊ မကြားဖူးဘဲနေမလား" သွေးမင်းသားသည် ရက်စက်မှုအရိပ်အမြွက်များပါဝင်သော အပြုံးဖြင့် ပြုံးလိုက်သည်။

ယခုမှ ချူးယွင်ဖန်းက နားလည်သွားခဲ့သည်။ ထင်ပေါ်ကျော်ကြားနေသူမှာ မိမိမဟုတ်ဘဲ ကျန်းလင်းရှောင်သာဖြစ်သည်။ ကျန်းလင်းရှောင်နှင့် ပတ်သက်သည့် သေးငယ်သော ကိစ္စများပင်လျှင် လူအများ၏ ဒက်စတော့များပေါ်မှ အချက်အလက်များ ဖြစ်လာနိုင်သည်။ လူအများ၏အမြင်တွင် ချူးယွင်ဖန်းသည် သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီး၍ ကျန်းလင်းရှောင်ကို ရန်စရန်ကြိုးစားနေသော ခွေးလှေးသန်းတစ်ကောင်သာဖြစ်သည်။

"မင်း ကုလန် ကိုသတ်လိုက်တာလား။" သွေးမင်းသားက အေးစက်စွာပြောလိုက်သည်။

“သူက ငါလေ့ကျင့်ပေးထားတဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ။ မင်းက သူ့ကိုသတ်လိုက်တယ်ဆိုတော့ ငါ့ရဲ့လက်ထောက်တစ်ယောက်ကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။ အစက မင်းကိုသတ်ဖို့ လုပ်ထားတာ ဒါပေမယ့် အခုတော့ ပြန်စဉ်းစားမှရတော့မယ်။ ကုလန်ကိုမေ့လိုက်ရင် ပိုကောင်းမယ်။ သူ့ထက်စာရင် မင်းက ငါ့လက်အောက်ခံဖြစ်ဖို့ ပိုပြီးသင့်တော်မယ်ထင်တယ်။ မင်း ကျန်းလင်းရှောင်ကို မသတ်ချင်ဘူးလား။ မင်းငါနဲ့ပူးပေါင်းမယ်ဆိုရင် သူ့ကိုသတ်နိုင်ဖို့ အခွင့်အရေးပေးမယ်။"

"ကုလန်လည်း ခုနက ဒီအတိုင်းပဲပြောတာပဲ။ အခုတော့ သေသွားပြီ။ မင်းကိုယ်တိုင်တောင် ကျန်းလင်းရှောင်ကို မထိနိုင်ရင် မင်းနဲ့ပူးပေါင်းတော့ရော ဘာအသုံးဝင်မှာလဲ" ချူးယွင်ဖန်းက စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်ကာ၊ ကျူးချွဲ့ကို သူ၏လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

သွေးမင်းသားက ချူးယွင်ဖန်း၏ လက်ထဲမှ ဧရာမဓားကြီးကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

"လှုပ်ရှားဖို့ စဉ်းစားနေတာလား။ မင်းက တော်တော်လေး ထက်သားပဲ။ ချက်ချင်းမတိုက်ခိုက်ဘူးဆိုတော့ အသိတရားတော့ ရှိသေးပုံပဲ။ မဟုတ်ရင် ဒီလိုချစ်စရာကောင်းတဲ့ စကားစမြည်ပြောတာကို လုပ်လို့ရမှာမဟုတ်ဘူး။ ငါက မင်းကို အထင်ကြီးလို့ အခွင့်အရေးပေးနေတာပါ။ နတ်ဆိုးဂိုဏ်းက ကျန်းလင်းရှောင်ကို တကယ် မသတ်နိုင်ဘူးလို့ ထင်နေတာလား။ ဒါဆိုရင်တော့ မင်း ငါတို့ကို လျှော့တွက်လိုက်တာပဲ။ အမှန်တော့ ဂိုဏ်းက ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုကို စီစဉ်နေတာ။ အချိန်ကျလာရင် ပြည်ထောင်စုတစ်ခုလုံး ပြာကျသွားနိုင်တယ်။ ကျန်းလင်းရှောင်ဆိုတာ ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ပိုးကောင်သာသာပဲရှိတယ်။ အဲဒီအချိန်ရောက်ရင် သူ့ကို သတ်ပစ်ဖို့က အလွယ်လေးပါ"

ထိုစကားကိုကြားလိုက်သောအခါ ချူးယွင်ဖန်း၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။ ပြည်ထောင်စုကို ပြာပုံအဖြစ်သို့ ပြုလုပ်နိုင်မည်တဲ့လား၊ မည်သို့ဖြစ်နိုင်မည်နည်း။ ၎င်းကို ကြံ့ခိုင်မှုအရကြည့်လျှင် ပြည်ထောင်စုသည် ကြီးမားသော သတ္တဝါကြီးဟု ဆိုနိုင်သည်။ သမိုင်းတွင် ပြည်ထောင်စုနှင့် ယှဉ်နိုင်သည့် အင်အားရှိ နိုင်ငံဟူ၍ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ နတ်ဆိုးဂိုဏ်းသည် ပြည်ထောင်စုနှင့် နှိုင်းယှဥ်လျှင် ရေဒါပေါ်တွင်ရှိနေသည့် အလင်းရောင်လေးမျှသာဖြစ်သည်။ ထို့အပြင် နတ်ဆိုးဂိုဏ်းသည် ပြည်ထောင်စုကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်မယ်ဟု ကြွေးကြော်နေခဲ့သေးသည်။

မည်သို့ကြည့်စေကာမူ၊ ဤအရာသည် ကြီးမားသည် ပူးပေါင်းကြံစည်မှုတစ်ခုနှင့်ပင် ဆင်တူသည်။ သို့သော် မည်ကဲ့သို့ကြည့်နေပါစေ၊ ဤကဲ့သို့ အဆုံးသတ်ကိုရရှိနိုင်ရန် ၎င်းတို့မှ မည်သို့ပြုလုပ်မည်ကို ချူးယွင်ဖန်းမှ စဉ်းစားစား၍ မရပေ။

"မင်းငါ့ကိုဒီလိုအရေးကြီးတဲ့အချက်အလက်တွေပြောပြနေတာ။ ပေါက်ကြားသွားမှာကို မစိုးရိမ်ဘူးလား" ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို စူးစိုက်၍ ပြောလိုက်သည်။

"ဟားဟား၊ မင်းက အဲ့ဒီ့သတင်းကို ဖြန့်ဖို့ ဒီကနေလွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။ ပြီးတော့ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ။ မုန်တိုင်းက အစပျိုးနေပြီ။ ဒါက မုန်တိုင်းမတိုက်ခင်ဖြစ်တဲ့ ငြိမ်သက်မှုပဲ။ တော်တော်များများက သိထားပြီးသား အောက်ခြေကလူတွေကသာ မသိကြတာ။ ဘယ်လိုလဲ။ ငါမင်းကိုနောက်ထပ်အခွင့်အရေးပေးမယ်။ မင်း ငါတို့နဲ့ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းကို ပြုစုပျိုးထောင်ဖို့ ငါအစွမ်းကုန်ကြိုးစားမယ်။ မဟုတ်ရင် မင်းဒီမှာပဲသေရမယ်"

သွေးမင်းသားက ခပ်ဖျော့ဖျော့ ပြုံးနေသော်လည်း သူ၏ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်၍ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။

All Chapters