← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇) နတ်ဆိုးသွေးကန်၏ ရတနာ

၎င်းတို့နှစ်ဦးသည် အမြောက်ကျည်နှစ်ခုကဲ့သို့ ပြင်းအထန်တိုက်မိခဲ့ရာ ကြောက်မက်ဖွယ် ဒီရေလှိုင်းကြီးများ လှိမ့်တတ်လာတော့သည်။

အဆုံးသတ်၌ ထိုပုံရိပ် ရုပ်လုံးပေါ်လာသောအခါ၊၊ ထိုသူမှာ အသက်ငါးဆယ်ကျော်မျှရှိပုံရသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း မြင်လိုက်ကြရသည်။ ထိုလူ၏ဆံပင်သည် အနည်းငယ်မျှ မီးခိုးရောင်သန်းနေသော်လည်း သူသည် အလွန်ထွားကျိုင်း၍ ပြင်းထန်သော အရောင်အဝါရှိသည်။

ထိုလူသည် အသက်ငါးဆယ်ကျော်မျှသာရှိသေးသည်ဟု ထင်ရသော်လည်း ဤသည်မှာ အသက်တစ်ရာထက်မနည်းရှိသော သွေးနတ်ဆိုးများ၏ဂိုဏ်းချုပ်ဖြစ်ကြောင်းကို စွယ်စုံကျမ်းမှတစ်ဆင့် ချူးယွင်ဖန်းသိရှိထားသည်။ သူသည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက နာမည်တွင်ကျယ်သူတစ်ဦးဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်ကိုမူ တက်လှမ်းနိုင်ခြင်းမရှိသေးပေ။

"မင်းက ငါတို့ရဲ့ ဥက္ကဌကို တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား" ဝမ်ချီက ရယ်မောလိုက်သည်။ သူသည် ဤဂိုဏ်းချုပ်ကို အနည်းငယ်မျှပင် အထင်မကြီးပေ။

"မင်းကို ငါကိုယ်တိုင် ဖြေရှင်းလည်း ကိစ္စမရှိဘူး။ မင်းက အသက်တစ်ရာကျော်နေပြီဆိုပေမယ့် မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်သေးတာမှမဟုတ်တာ။ မင်းလိုလူမျိုးက ငါတို့ တက္ကသိုလ်မှာဆိုရင် အမှိုက်သာသာပဲရှိတာ၊ သေခြင်းတရားကို မြန်မြန် လက်ခံလိုက်တာမှ ကောင်းဦးမယ်"

ဂိုဏ်းချုပ်သည် အလွန်အမင်း ဒေါသထွက်သွား၍ ဝမ်ချီနှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ကျောင်းသားကောင်စီဝင်များနှင့် သွေးနတ်ဆိုးဂိုဏ်းသားများ တိုက်ခိုက်နေကြစဉ်တွင် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူနှစ်ဦးသည်လည်း ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ကျောင်းသား ကောင်စီ၏ တိုက်ခိုက်မှုဖွဲ့စည်းပုံကို လူအများမှ ရှင်းလင်းစွာမြင်နိုင်သည်။ ထိုအချိန်တွင် ပြည်ထောင်စုတက္ကသိုလ်ရှိ ကျောင်းသား အမြောက်အမြားသည် မြို့၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာခဲ့သည်။ ချူးယွင်ဖန်းမှ ဤဖြစ်စဉ်ကို မြင်သောအခါ၊ တခြားကျောင်းသားများ၏ ပံ့ပိုးမှုကို ကျောင်းသားကောင်စီက အဘယ်ကြောင့် လိုအပ်ခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်း သိရှိသွားသည်။ ကျောင်းသားကောင်စီ၏ ထင်ပေါ်ကျော်ကြားမှုကို မျက်မြင်တွေ့ရှိရန် အနီးနားရှိ ကျောင်းသားများကို ခေါ်ယူခဲ့ခြင်းဖြစ်ရာ၊ သွေးနတ်ဆိုးဂိုဏ်းသားအချို့ကိုလည်း ကူညီ၍ သုတ်သင်ရှင်းလင်းရန်လည်းဖြစ်သည်။

ချူးယွင်ဖန်း၏ ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ခုဝင်လာခဲ့သည်။ သွေးနတ်ဆိုးဂိုဏ်းကိုထူထောင်ခဲ့သည်မှာ ဆယ်စုနှစ်များကြာခဲ့ပြီ ဖြစ်ရာ၊ ဤသည်မှာ ကြာရှည်သော သက်တမ်းဟု ယူဆနိုင်၍ ၎င်းတို့တွင် မြောက်မြားစွာသော စည်းစိမ်ဥစ္စာများကို စုဆောင်းထားနိုင်ဖွယ်ရှိသည်။ ယခုအချိန်သည် ၎င်းကို ဝင်ကြည့်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်သောကြောင့် ထိုအခွင့်အရေးကို မိမိအတွက် မယူနိုင်ခဲ့လျှင်၊ အလဟသဖြစ်ပေလိမ့်မည်။ ကျောင်းသားကောင်စီ၏ လက်ထဲသို့ရောက်သွားခဲ့လျှင် ၎င်းတို့အတွက် အကျိုးရှိမည်ဖြစ်သလို ကျန်းလင်းရှောင်ကိုလည်း တစ်ဖက်လပ်ဖြင့် အကျိုးပြုစေမည်ဖြစ်သည်။

ဤသို့တွေးမိသော ချူးယွင်ဖန်းသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ မြို့လယ်ခေါင်သို့ အလျင်အမြန် ထွက်သွားခဲ့သည်။ သွေးနတ်ဆိုးဂိုဏ်းသားများ ကျောင်းသားကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေကြသောကြောင့် ချူးယွင်ဖန်းအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ခဲ့သည်။ ချူးယွင်ဖန်းသည် မြို့ထဲသို့ ပြေးဝင်သွားခဲ့သည်။

မြို့သည် အလွန်ခေတ်မီသော ပုံသဏ္ဌာန်ရှိရာ၊ နေရာတိုင်းတွင် အထပ်မြင့် အဆောက်အအုံများ ရှိခဲ့သည်။ တခြားမြို့များနှင့် ယှဉ်လျင် ကွာလှမည်မဟုတ်ပေ။ ယခုအခါ ဤနေရာသည် ကြီးမားသော စစ်မြေပြင်ဖြစ်လာသောကြောင့် လေထုထဲတွင် သွေးညှီနံ့များ ပျံ့နှံ့နေလျက်ရှိသည်။ စွယ်စုံကျမ်းပါ အချက်အလက်များအရ၊ ဤမြို့သည် လုပ်ငန်းစုတစ်ခုမှ အရပ်သား အမာခံနယ်မြေတစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်၍ သွေးနတ်ဆိုးများမှ အမှန်တကယ် တည်ဆောက်ခဲ့သည့် နေရာမဟုတ်ပေ။ နောက်ပိုင်းတွင်သွေးနတ်ဆိုးများက သိမ်းယူကာ ၎င်းတို့၏ ဌာနချုပ်အဖြစ် ထိုအချိန်မှ စ၍ အသုံးပြုခဲ့ကြသည်။

ထို့ကြောင့်သာ ဤနေရာတွင် သောင်းနှင့်ချီသော သွေးနတ်ဆိုးဂိုဏ်းသားများကို ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းခိုးဝင်လာကြောင်း မည်သူမှ သတိမပြုမိကြပေ။ အချို့သော သွေးနတ်ဆိုးဂိုဏ်းသားများက သတိပြုမိသည်ရှိသော် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲတွင် ဝင်ရောက်ပုန်းအောင်းနေလိုက်သည်။ ထိုအခါ သွေးနတ်ဆိုးတပည့်များသည် အထင်အမြင်လွဲမှားခဲ့သည်ဟုသာ ထင်မှတ်၍ ထိုနေရာမှ အလျင်အမြန် ဖြတ်လျှောက်သွားတော့သည်။

ချူးယွင်ဖန်းသည် မြို့၏ အလယ်သို့ ရောက်ရှိလာသည်နှင့်အမျှ ပို၍ကြီးမားသော သွေးအိုင်တစ်ခုကို သတိပြုမိလိုက်သည်။ သွေးအိုင်သည် မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေသည်။ ဤလူများကို သီးသန့်ခန်းဖြင့် အချင်းချင်း ခွဲထုတ်ထားရာ၊ ၎င်းတို့သည် သွေးအိုင်ထဲတွင် မျောလွင့်နေခဲ့သည်။၎င်းတို့၏ ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများ အဆက်မပြတ် စီးကျနေသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့၏ ခန္ဓာကိုယ်သည် အာဟာရဓာတ်များပေးပို့သည့် ပြွန်များနှင့် ချိတ်ဆက်ခံထားရသည်။ ရှင်းလင်းစွာပင်၊ သီးသန့်ခန်းများ၏ ရည်ရွယ်ချက်သည် ထိုလူများ၏ ခန္ဓာကိုယ်မှ သွေးစိမ်းများကို ထုတ်ယူရန်ဖြစ်သည်။

ထိုလူများ၏ မျက်လုံးများသည် ငြိမ်သက်ကြောင်အန်းလျက်ရှိသည်။ ၎င်းတို့၏ အရှေ့ဘက် ဦးနှောက်အာရုံကြောများကို ဖယ်ရှားခဲ့သောကြောင့် ၎င်းတို့သည် ဟင်းသီးဟင်းရွက် အခြေအနေတွင်ရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပွားနေသည်ကို နည်းငယ်မျှ ရိပ်မိပုံမပေါ်ပေ။ ဤကြီးမားသော သွေးကန်ထဲတွင် အနည်းဆုံး လူအယောက်တစ်သောင်းမျှ နှစ်မြုပ်နေသည်ကို ချူးယွင်ဖန်းက တွေ့လိုက်ရသည်။ အဝေးတွင်လည်း များစွာသော လူများကို ထပ်မံ၍ မြင်တွေ့နေရသေးသည်။

"ချီးပဲ"

ချူးယွင်ဖန်းက ဆဲရေးတိုင်းထွာလိုက်သည်။ ဤသွေးနတ်ဆိုးများသည် တိရစ္ဆာန်အဆင့်မျှသာရှိကြရာ၊ တိရိစ္ဆာန်များလျှင်ပင် ၎င်းတို့ထက် သာလွန်ကောင်းမွန်ကြမည်ဖြစ်သည်။

နှစ်ပေါင်းများစွာတွင် သွေးနတ်ဆိုးများ၏ လက်ချက်ဖြင့် လူပေါင်းမည်မျှသေဆုံးခဲ့သည်ကို မည်သူသိနိုင်မည်နည်း။ ဤသွေးနတ်ဆိုးများ အားလုံးသည် ဤတစ်ချက်တည်းဖြင့်ပင် သေဆုံးရန်ထိုက်တန်ကြသည်။

၎င်းတို့ထဲတွင် အပြစ်မရှိသူ မည်သူတစ်ဦးတစ်ယောက်မျှ ရှိကြမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ထားသော အချက်အလက်အချို့ကို ပြန်သတိရခဲ့သည်။ ၎င်းတို့ကို သွေးနတ်ဆိုးများဟု ခေါ်ဆိုရခြင်းသည် ၎င်းတို့၏ ကျင့်ကြံခြင်းသိုင်းပညာနှင့် ဆက်နွယ်နေသည်။ ၎င်းသိုင်းပညာသည် ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများတွင် ရှာဖွေတွေ့ရှိခဲ့သော နတ်ဆိုးသိုင်းပညာတစ်ခုဖြစ်သည်။ ဤနတ်ဆိုးသိုင်းပညာကို ကျင့်ကြံခြင်းဖြင့်၊ လူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်သည် ကနဦးအဆင့်တွင် များစွာတိုးတက်နိုင်သော်လည်း ၎င်းတို့သည် သွေးဆာလောင်မှုကို အလွန်ခံစားရမည်ဖြစ်သည်။ နောက်ဆုံးတွင် အသက်ရှင်ရန် လူသားများ၏သွေးကို နေ့စဉ် သောက်သုံး၍ရမည်ဖြစ်သည်။ ၎င်းတို့သည် ဒဏ္ဍာရီထဲမှ သွေးစုပ်ဖုတ်ကောင်များနှင့် ဆင်တူသည်။

ချူးယွင်ဖန်းသည် သွေးကန်ထဲမှ ခွဲထွက်လာသော သွေးမြစ်တစ်ကြောင်းမှတစ်ဆင့် မြို့လယ်သို့သွားခဲ့သည်။ ဤသွေးမြစ်များသည် လတ်ဆတ်သောသွေးများကို မြို့ထဲသို့ သယ်ဆောင်သွားကြသည်ဖြစ်သဖြင့်၊ နောက်ဆုံးတွင် မြို့လယ်ခေါင်သို့ ချူးယွင်ဖန်း ရောက်ရှိခဲ့သည်။ မြို့တော်အလယ်တွင် ကြီးမား၍ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုရှိသည်။ နန်းတော်၏အပြင်ဘက်တွင် သွေးနတ်ဆိုး တပည့်အနည်းငယ်ရှိသော်လည်း ချူးယွင်ဖန်းကို မတားနိုင်ခဲ့ပေ။ ရိုက်ချက် တစ်ချက်တည်းဖြင့် ၎င်းတို့အားလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။

ချူးယွင်ဖန်းသည် နန်းတော်ထဲသို့ လှမ်းကြည့်လိုက်ရာ အလယ်ဗဟိုတွင် ကြီးမားသော သွေးကန်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသွေးကန်ကို ရေချိုးကန်တစ်ခုမှ နမူနာယူထားခြင်းဖြစ်သည်။ သွေးနတ်ဆိုး ဂိုဏ်း၏ ဂိုဏ်းချုပ် နေ့စဉ် ရေစိမ်သည့် နေရာဖြစ်သည်။ ဤကျင့်ကြံခြင်း လမ်းစဉ်သည် ရက်စက်လွန်းလှသော ကျင့်စဉ်ဖြစ်သည်။ အပိုင်းပိုင်း ပြတ်နေသော ခြေလက်များ သွေးကန်ထဲတွင် အဆက်မပြတ် မြင့်ချည် နိမ့်ချည်ဖြစ်နေကာ၊ ဗလုံစီသောလှိုင်းများ အပြင်းအထန်လှုပ်ရှားနေသည်ကိုပင် တွေ့မြင်နိုင်သည်။ သွေးများကို ကျိုချက်နေသည်နှင့်ပင် ဆင်တူသည်။ ထူထဲသော သွေးနံ့သည် လေထဲတွင် ပျံ့နှံ့နေကာ၊ အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည်။

သွေးကန်၏အထက်တွင် နှိုင်းယှဉ်၍ မရအောင် ကြီးမားသည့် စာလိပ်တစ်ခုရှိသည်။ ထိုစာလိပ်သည် လေထုထဲတွင် လှိုင်းပမာ မို့မောက်နိမ့်ဝှမ်းနေခဲ့ရာ၊ ၎င်းကို မမြင်နိုင်သည့် တွန်းအားတစ်ခုသည် အောက်မှ ပင့်တင်ပေးနေပုံရသည်။

"ဒါ... ဒါက မှော်ရတနာပဲ"

ချူးယွင်ဖန်း ချက်ချင်း နားလည်သဘောပေါက်သွားသည်။ ဂိုဏ်းချုပ်ကို ကျင့်ကြံခွင့်ပြုခြင်းအပြင်၊ ဤသွေးကန်၏ အရေးကြီးဆုံးလုပ်ဆောင်ချက်မှာ ဤစာလိပ်ကို စင်ကြယ်ရန်ဖြစ်သည်။ ဤစာလိပ်သည် အလွန်ကြီးမား၍ စာရွက်၏မျက်နှာပြင်သည် သွေးနီရောင်ဖြစ်နေသည်။ ၎င်းအပေါ်သို့ သွေးအိုင်၏အရောင်များ စွဲထင်နေခြင်းနှင့်ပင် ဆင်တူသည်။ ထို့အပြင် ဤစာလိပ်၏ အပေါ်တွင် ကြင်နာတတ်သော အဘိုးအို၏ ပုံရိပ်တစ်ခုနေသင့်သော်လည်း ယခင်အချိန်တွင် ကြင်နာတတ်သော အဘိုးအိုသည် နတ်ဆိုးပုံရိပ်အသွင် ဖြစ်နေခဲ့သည်။ အဘိုးအို၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်၍ အစိမ်းရောင်မျက်နှာနှင့် အစွယ်များသည် ၎င်းကို ဒဏ္ဍာရီထဲမှ နတ်ဆိုးအသွင်နှင့် တူလှသည်ဖြစ်ရာ၊ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ချူးယွင်ဖန်းချက်ခြင်းနားလည်သွားခဲ့သည်။

ဤစာလိပ်သည် မှော်ရတနာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ ခန့်မှန်းချက်မှန်ကန်ခဲ့မည်ဆိုလျှင်၊ စာစောင်ကို အရေးကြီး ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်ရေးအမှတ်အသားဖြင့် ဖုံးအုပ်ထားသင့်သည်။ ၎င်းကို အသက်သွင်းလိုက်ချိန်တွင် စာလိပ်အတွင်းမှ ဝိညာဉ်ကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ သာမန်မှော်ရတနာတစ်ခုဖြစ်သည်။ အရေးပါသော ပုဂ္ဂိုလ်များသည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ဤသို့သော မှော်ရတနာအမျိုးအစားကို ငယ်ရွယ်သူများထံ သာမန်ကာလျှံကာ ပေးအပ်နေကြမြဲဖြစ်သည်။ ဤသို့သော အဖြစ်အပျက်များသည် ပုံမှန်ဖြစ်စဉ်များဖြစ်ကြသည်။ ဆေးဧကရာဇ်၏မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့ မှော်ရတနာပေါင်းများစွာရှိသည်။

အခန်း (၄၅၈) အဆင့်ဖြတ်ကျော်ခြင်း၊ မရီးဒျန်သန့်စင်ခြင်း တတိယမြောက်အဆင့်

ဤကဲ့သို့မှော်ရတနာများ များစွာရှိခဲ့သော ရှေးဟောင်း လူသားများကာလအတွင်းတွင်၊ ထိုသို့သော အရာများသည် တွေ့ကြုံနေကျကိစ္စများဖြစ်သည်။ ကံမကောင်းစွာပင်၊ ယနေ့ခေတ်ကာလတွင် ရှားပါးနေမှုကြောင့် မှော်ရတနာတစ်ခုခုကို ရှာဖွေတွေ့ရှိခြင်းသည် ပြည်ထောင်စုတစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေနိုင်သည်။ ထိုမှော်ရတနာများသည် ရှေးဟောင်း လူသားများကာလ၏ အရေးပါသော ပုဂ္ဂိုလ်များ၏ အံ့ဖွယ်အတွေးအခေါ်များပါ၀င်သည်။ ၎င်းသည် တစ်နည်းတစ်ဖုံအားဖြင့် သွေးနတ်ဆိုးများ ဂိုဏ်းချုပ်၏ လက်ထဲသို့ ကျရောက်ခဲ့သည်။ ၎င်းကျင့်ကြံနေသော နတ်ဆိုးသိုင်းပညာများသည် ဤမှော်ရတနာနှင့် ဆန့်ကျင်နေသောကြောင့် ရတနာကို အသက်သွင်းရန် နည်းလမ်းမရှိပေ။

ဤကဲ့သို့သောနည်းလမ်းမျိုးကို သွေးနတ်ဆိုး ဂိုဏ်းချုပ်မှ မည်သည့်နေရာမှ ရရှိလာသည်ကို ချူးယွင်ဖန်းက မသိပေ။ ဂိုဏ်းချုပ်သည် မရေတွက်နိုင်သော လူများ၏ သွေးများ၊ အငြိုးအတေးများဖြင့် မှော်ရတနာကို ညစ်ညမ်းစေခဲ့သည်။ ဤရတနာကို နတ်ဆိုးရတနာအဖြစ်သို့ ပြောင်းလဲပြီးနောက်၊ သူသည် ၎င်း၏စွမ်းအားများကို ခြယ်လှယ်နိုင်မည်ဖြစ်သည်။

အကျိုးဆက်ဖြစ်ပေါ်လာမည့် ပြစ်ဒဏ်ချမှတ်ခြင်းကိုသိကြသည့်တိုင်၊ သွေးနတ်ဆိုးများမှပြည်ထောင်စုကို အဘယ်ကြောင့် ရန်စခဲ့သည်ကို ချူးယွင်ဖန်းက နားလည်သွားသည်။ ထိုမှော်ရတနာကို နတ်ဆိုးရတနာအဖြစ်သို့ ပြောင်းလဲခြင်းသည် မရေမတွက်နိုင်သော လူများ၏ သွေးများလိုအပ်သဖြင့် သာမာန်အခြေအနေအရ၊ ဖြစ်နိုင်သည့်အရာမဟုတ်ပေ။ အာတိတ်သဲကန္တာရ တစ်လျှောက်တွင် လူများစွာရှိသော်လည်း ၎င်းတို့အားလုံးသည် အက်ကွဲရန် ခက်ခဲသော အခွံမာသီးများကဲ့သို့ အင်အားကြီးမားသည်။ ဤလူများသည် သာမန်လူများမဟုတ်ကြသောကြောင့် ၎င်းတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် မဖြစ်နိုင်သလို သွေးအလုံအလောက်ရရှိရန်လည်း ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုအတွက်ကြောင့် သွေးနတ်ဆိုးများ၏ ဂိုဏ်းချုပ်သည် နတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်း၍ စိမ်းလန်းမြို့တော်ကို တိုက်ခိုက်ရန် စွန့်စားခဲ့ခြင်း ဖြစ်သည်။

ဤနတ်ဆိုးရတနာကို သန့်စင်ရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံကို ကြည့်ခြင်းအားဖြင့် အနည်းဆုံးလျှင် လူပေါင်း တစ်သိန်းကိုစတေးခဲ့ပုံပေါ်သည်။ လူပေါင်း တစ်သိန်းကို ထိုကဲ့သို့ အစုလိုက်ပြုံလိုက် သတ်ဖြတ်ခဲ့သည့် သွေးနတ်ဆိုးများသည် စိတ်ကူးကြည့်၍မရအောင်ပင် ရက်စက်ကြမ်းကြုတ်ကြသည်။ ဤစာလိပ်တွင် ရေးဆွဲထားသော ပန်းချီသည် လူ့ကမ္ဘာကို အုပ်စိုးနေသော နတ်ဆိုးတစ်ကောင်၏ ပုံဖြစ်သည်။ ဤရွံရှာဖွယ်ကောင်းသော နတ်ဆိုးကို လူသားများ၏ကမ္ဘာကို ၎င်းတို့၏သုခဘုံအဖြစ်သို့ ပြောင်းလဲလိုသော ကြီးမြတ်သည့်နတ်ဘုရားအဖြစ် ပုံဖော်ထားသည်။ ဤသုခဘုံသည် ကြောက်မက်ဖွယ်ကောင်း၍ ဆိုးသွမ်းသော သွေးပင်လယ်ကြီးတစ်ခုသာဖြစ်သည်။

အကယ်၍ သွေးနတ်ဆိုး ဂိုဏ်းချုပ်၏ လက်ထဲတွင် ဤနတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသာ ဆက်လက် ကျန်ရှိနေမည်ဆိုပါက အနာဂါတ်တွင် လူပေါင်းမည်မျှ ဒုက္ခရောက်မည်ကို မည်သူမျှသိနိုင်မည်မဟုတ်ပေ။ ပုံသဏ္ဍာန်အားဖြင့် ဤပန်းချီသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ကြင်နာတတ်သော အဘိုးအို၏ ပုံရိပ်သည် တစွန်းတစမျှသာ ကျန်ရစ်တော့သည်။ ချူးယွင်ဖန်းသည် အဘိုးအို၏မျက်ဝန်းထဲရှိ မျက်ရည်များကိုပင် မြင်တွေ့နေရ၏။ ပန်းချီကားသည် နေကို ချေဖျက်၍ ကောင်းကင်သို့ ပျံသန်းသွားတော့မည့် သွေးစွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

"ဒီစွမ်းအင်က မွေးဖွားခြင်းနယ်မြေအဆင့်ကိုတောင် ကျော်လုနီးပါးဖြစ်နေပြီ"

ချူးယွင်ဖန်း၏ မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် လုံးဝန်းသွားတော့သည်။ ဤစွမ်းအင်၏အဆင့်အရ၊ ဤပန်းချီကားသည် နတ်စွမ်းအင်အဆင့်သို့ ဧကန်မုချရောက်ရှိသွားနိုင်၏။

"မဖြစ်ဘူး၊ ဒါကို တားရမယ်"

ချူးယွင်ဖန်းသည် ချက်ခြင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ဤ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသာ ကမ္ဘာပေါ်သို့ ရောက်ရှိခဲ့မည်ဆိုလျှင် အကျိုးဆက်ကို မှန်းဆ၍ရနိုင်မည်မဟုတ်ပေ။ လူသားပေါင်း သန်းပေါင်းများစွာကိုပင် ဝါးမျိုသွားနိုင်သည်။ ထိုအချိန်တွင်၊ ၎င်းသည် နတ်ဆိုးတစ်ကောင်၏ စိတ်စွမ်းအား ဖြစ်ရုံသာမကဘဲ ကမ္ဘာသို့ဆင်းသက်လာသည့် နတ်ဆိုး အစစ်အမှန်သာဖြစ်သွားမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ပန်းချီကားကို ဆုပ်ကိုင်၍ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ မှော်ရတနာများကို သန့်စင်သည့်နည်းလမ်းအတိုင်း သန့်စင်လိုက်သည်။

ဘုံး

ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ် သွေးစွမ်းအင်လှိုင်းလုံးကြီးကို သူ၏စိတ်ထဲတွင် ခံစားမိပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ သွေးပင်လယ်ထဲသို့ ရောက်ရှိသွားခဲ့ပုံပေါ်သည်။ ဧရာမနတ်ဆိုးကြီးတစ်ကောင်သည် သွေးပင်လယ်၏ အနက်ပိုင်းမှ ဖြေးညှင်းစွာ ထွက်ပေါ်လာ၍ ချူးယွင်ဖန်းကို ကြည့်ကာ ရက်စက်ကြမ်းကြုတ်စွာ ရယ်မောနေခဲ့သည်။

ထို့နောက် ၎င်းသည် အရှေ့သို့တစ်လှမ်းတိုး၍ ချူးယွင်ဖန်းကို ခုတ်ထစ်ရန် ၎င်း၏ကြီးမားသော လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ ဤလှုပ်ရှားမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ရုတ်တရက်ဆိုသလိုပင်၊ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ပုံရိပ်ယောင်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့ရာ၊ ၎င်းသည် စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်သည့် ပုံရိပ်ဖြစ်သည်။ ၎င်းသည် လောကကို အုပ်စိုးသူဟုထင်ရသော်လည်း၊ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် ၎င်းသည် ကမ္ဘာပေါ်ရှိ အခမ်းနားဆုံးသော ရုပ်ရည်အသွင်ပြင်ဖြစ်သည်မှာ သိသာထင်ရှားသည်။

ချူးယွင်ဖန်း၏ခန္ဓာကိုယ်မှ အလင်းရောင်များ ရုတ်တရက် ပွင့်လန်းလာကာ၊ ထောင်ပေါင်းများစွာသော ချွန်ထက်သည့်မြှားများကဲ့သို့ ဧရာမနတ်ဆိုးကြီးကို ထိုးစိုက်လိုက်သည်။ ထိုနတ်ဆိုးသည် ဆိုးရွားစွာ အော်ဟစ်ခဲ့ပြီးနောက် ချက်ချင်း သေဆုံးသွားခဲ့သည်။ ၎င်းကို သန့်စင်ပြီးနောက် အသန့်စင်ဆုံးသော၊ သွေးနီရောင် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသွေးနီရောင်စွမ်းအင်၏ အစိတ်အပိုင်းတစ်ခုသည် ပုံရိပ်ယောင်၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားစဉ်တွင် သေးငယ်သော အစိတ်အပိုင်းသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့သည်။

ဘုံး

ချူးယွင်ဖန်းသည် သတိပြန်ဝင်လာပြီးနောက်၊ အနည်းငယ် ငေးငိုင်နေခဲ့သည်။ ယခင်က အကန့်အသတ်မဲ့သော သွေးပင်လယ်သည် သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူ၏စိတ်အာရုံသည် အကန့်အသတ်မဲ့သော သွေးနီရောင်စွမ်းအင်ဖြင့် သက်ရောက်ခံခဲ့ရသည်။ သူသည် နတ်ဆိုးတစ်ကောင်၏ စိတ်စွမ်းအား၏ အကျိုးသက်ရောက်မှုကို ခံခဲ့ရသည်။

ယခုပေါ်ထွက်လာခဲ့သည့် ထည်ဝါသော ပုံရိပ်ကြောင့်၊ ချူးယွင်ဖန်း အကျိုးအမြတ်များစွာရရှိသွားခဲ့သည်။ ယင်းမှာ နတ်ဘုရား အသွင်အပြင်မဟုတ်၊ ၎င်း၏သခင်ကို ကာကွယ်ပေးခဲ့သော နတ်ဘုရားစိတ်ဝိဉာဉ်ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအချိန်တိုအတွင်း၌ပင် ယင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များစွာ သိရှိခဲ့ရ၏။

ထိုနတ်ဘုရားသည် နှစ်ပေါင်းများစွာကြာမျှ ကျရှုံးခဲ့သည်ဖြစ်သဖြင့်၊၊ ယခုကဲ့သို့ ခြောက်ကပ်နေသည့် နတ်ဘုရားစိတ်ဝိဉာဉ်သာ ကျန်ရှိတော့သည်။ အတိအကျပြောမည်ဆိုလျှင်၊ ဤနတ်ဘုရားစိတ်ဝိဉာဉ်သည် ရှေးဟောင်းနတ်ဘုရား စွမ်းအင်၏ တစ်ရာပုံ တစ်ပုံသာဖြစ်သည်။ ၎င်းသည် ချူးယွင်ဖန်း၏ အသိဉာဏ်ပင်လယ်ကို အကာအကွယ်ပြုရုံမျှသာ ပြုလုပ်ဖြစ်နိုင်သည်။ နတ်ဆိုးတစ်ကောင်၏ စိတ်စွမ်းအားကြောင့်မဟုတ်ခဲ့လျှင် ၎င်းသည် လုံးလုံးလျားလျား ပေါ်ထွက်လာလိမ့်မည်မဟုတ်ပေ။

အစောင့်အရှောက်နတ်ဘုရားမှ မြင့်မြတ်သော ပုံရိပ် အဖြစ်သို့ ပေါ်ပေါက်လာစေခြင်းသည် ချူးယွင်ဖန်း၏ စွမ်းအင်များ၏ ထက်ဝက်ကျော်ကို ကုန်ဆုံးစေခဲ့သည်။ ထို့အပြင် နတ်ဆိုး၏ နတ်စွမ်းအင်ဖြစ်သော သွေးနီရောင်စွမ်းအင်၏ ထက်ဝက်ကျော်ကို နတ်ဘုရားစိတ်ဝိဉာဉ်မှ စုပ်ယူခဲ့သည်။

ကျန်သောအပိုင်းကိုမူ ချူးယွင်ဖန်းမှ စုပ်ယူထားသည်။ စုပ်ယူခဲ့ခြင်းမှာ အပိုင်းအနည်းငယ်မျှသာဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံခြင်းအဆင့် အရူးအမူး တိုးတတ်လာသည်ဟု ခံစားလိုက်ရသည်။ ထိုသွေးနီရောင်စွမ်းအင်ကို ဖန်တီးရန် သွေးမည်မျှစုပ်ယူခဲ့သည်ကို မသိနိုင်သော်လည်း ၎င်းသည် ယခုအချိန်တွင် ကြောက်မက်ဖွယ်စွမ်းအင်အဖြစ် ပြောင်းလဲ၍ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဘုံး

ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်များကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့်၊ အဆင့်ဖြတ်ကျော်တော့မည်ကို သူသိနေသည်။ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲသို့ ဝင်သွားပြီးသည်နှင့် နှောင့်နှေးခြင်းမရှိဘဲ နတ်ဘုရားကျင့်စဥ်ကို အစွမ်းကုန်သုံး၍ လည်ပတ်စေခဲ့သည်။ သူသည် ဤသွေးနီရောင်စွမ်းအင်ကို ဖမ်းယူ၍ သန့်စင်သောစွမ်းအင်အဖြစ် ပြောင်းလဲခဲ့ရာ၊၊ သူ၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်း၏ ဒုတိယမြောက် ကနဦးအဆင့်မှ အထွတ်အထိပ်သို့ အဆက်မပြတ် အဆင့်ဖြတ်ကျော်သွားခဲ့သည်။ တစ်စိတ်တစ်ပိုင်းကို သူ၏ကိုယ်ခန္ဓာဖြင့် ပေါင်းစပ်စေခဲ့ခြင်းသည် သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို ပို၍ပင် အားကောင်းလာစေသည်။

မူလက အလွန်ဆိုးရွားသော စွမ်းအင်ဖြစ်ခဲ့သော်လည်း နတ်ဘုရားစိတ်ဝိဉာဉ်၏ သန့်စင်မူကြောင့် ၎င်းသည် ကမ္ဘာပေါ်တွင် အသန့်စင်ဆုံး စွမ်းအင်ပုံစံ ဖြစ်လာခဲ့သည်။

ခဏအကြာတွင်၊ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း ဒုတိယမြောက် အထွတ်အထိပ်သို့ အဆင့်ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသည်။ ထို့အပြင်၊ သူ၏ကျင့်ကြံမှုအခြေခံသည် အပတ်တကုတ် ကျင့်ကြံမှုများထက် နက်ရှိုင်း၍ အားကောင်းနေခဲ့သည်။ သို့သော် သွေးနီရောင်စွမ်းအင်သည် လုံးလုံးလျားလျား မကုန်ဆုံးသေး၍၊ ၎င်းသည် ချူးယွင်ဖန်းကို မရီးဒျန်သန့်စင်ခြင်း တတိယမြောက်အဆင့်သို့ ပို့ဆောင်ခဲ့သည်။

ချူးယွင်ဖန်းသည် မရေမတွက်နိုင်သော တိုက်ခိုက်မှုများစွာကြာပြီးနောက် မရီးဒျန်သန့်စင်ခြင်း တတိယမြောက်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

မရီးဒျန်သန့်စင်ခြင်း တတိယမြောက်အဆင့်။

အခန်း (၄၅၉) မကြုံစဖူးထူးခြားသော ဝှက်ဖဲ

ဘုံး

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ အရောင်အဝါများ ထွက်ပေါ်လာခဲ့ရာ၊ သူ၏ စွမ်းအင်များလည်း ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။

မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်။

ဤသည်မှာ အသစ်စက်စက် ကျင့်ကြံခြင်းအဆင့်ဖြစ်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံခြင်းနှင့်အတူ သူ၏ခွန်အားသည်လည်း အနည်းဆုံးလျှင် ၅၀% ခန့် မြင့်မားလာခဲ့သည်။ အဆင့်ဖြတ်ကျော်ခဲ့ရုံသာရှိသေးသော်ကြောင့် ၎င်းကိုခိုင်မာတောင့်တင်းသည် အထိ ကျင့်ကြံခဲ့မည်ဆိုပါက သူ၏ အဆင့်မှာ ပိုမို၍ တိုးမြင့်လာမည်ဖြစ်သည်။

မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်သို့ တတ်လှမ်းခဲ့သည်နှင့် ချူးယွင်ဖန်း၏ စုပ်ယူခြင်းကိုခံခဲ့ရသော ခန္ဓာကိုယ်အတွင်းရှိ သွေးနီရောင် စွမ်းအင်များသည် ဗလာနတ္ထိအဖြစ်သို့ပျောက်ကွယ်သွားခဲ့သည်။ အစိတ်အပိုင်းအနည်းငယ်ကိုသာ စုပ်ယူခဲ့ခြင်းဖြစ်သော်လည်း ၎င်းသည် ချူးယွင်ဖန်းကို အဆင့်ဖြတ်ကျော်ရန် အထောက်အကူပြုခဲ့သည်။ ချူးယွင်ဖန်းသာ ထိုစွမ်းအင်များအားလုံးကို စုပ်ယူနိုင်ခဲ့လျှင် သူ၏ ခွန်အား မည်မျှ တိုးပွားလာမည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် နောင်တရခြင်းမရှိပေ။ ကျင့်ကြံခြင်းအဆင့်နှင့် နားလည်နိုင်စွမ်းကို အမီလိုက်နိုင်ခြင်းမရှိဘဲ သူ၏ကျင့်ကြံခြင်း နယ်ပယ်များကို အပြင်းအထန် တိုးမြှင့်နေခြင်းသည် သူ၏ ခွန်အားကြီးထွားမှုနှုန်းကို နှေးကွေးစေမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ယခုမှစ၍ တစ်နှစ်ပြည့်လျှင် ကျင်းပမည့် မရဏသတ်ကွင်းအတွက် လိုအပ်သည့် ကျင့်ကြံခြင်းအဆင့်ကို နီးကပ်နေပြီဖြစ်သော်လည်း လုံလောက်မှုမရှိသေးပေ။ ယခုအချိန်တွင် ချူးယွင်ဖန်း၏ အရှေ့ရှိ နတ်ဆိုးသက်ဆင်းခြင်း ပန်းချီကားသည် ယခင်ကဲ့သို့ ကြောက်မက်ဖွယ်မကောင်းတော့ပေ။ အဝေးမှကြည့်ခဲ့မည်ဆိုလျှင် သာမန်ပန်းချီကားတစ်ချပ်ဟုသာ ထင်ရပေလိမ့်မည်။

"နှမြောစရာပဲ။ ပန်းချီကားထဲက အနတ္တဘုန်းတန်ခိုး အံ့ဖွယ်အတွေးအခေါ်တွေနဲ့ စိတ်စွမ်းအင်တွေ အကုန်လုံး ခန်းခြောက်ကုန်ပြီ။ အနတ္တဘုန်းတန်ခိုး စွမ်းအင်တွေမရှိရင် ဒီပန်းချီကားက သာမန်ပန်းချီကားတစ်ခုပဲဖြစ်သွားမှာ" ချူးယွင်ဖန်းက နှမြောတသဖြစ်စွာ ညည်းတွားလိုက်သည်။

သို့သော်လည်း ချူးယွင်ဖန်းသည် အနန္တတန်ခိုး၏ အံ့ဖွယ်အတွေးအခေါ်များ အားလုံးကို ကုန်ဆုံးသွားခဲ့ခြင်းမဟုတ်ကြောင်းကို လျင်မြန်စွာ သတိထားမိခဲ့သည်။ ပန်းချီကား၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အံ့ဖွယ်အတွေးအခေါ် အပိုင်းအစများ ရှိနေသေးသည်။

တစ်နည်းဆိုရသော် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် လုံးလုံးလျားလျား ပျက်စီးသွားခြင်းမဟုတ်သဖြင့် ပြန်လည်မွမ်းမံနိုင်သေးသည်။ အကယ်၍ ထိုပျက်စီးသွားသော အံ့ဖွယ်အတွေးအခေါ်များကို ပြန်လည်ရရှိနိုင်ပါက၊ ယခင်ပြသခဲ့သော စွမ်းအင်များကို ကြည့်ခြင်းအားဖြင့် ၎င်းသည် မွေးဖွားခြင်းနယ်မြေ၏ စွမ်းအားကို ကျော်လွန်နိုင်မည်ဖြစ်သည်။

ဤသည်မှာ ချူးယွင်ဖန်းအတွက် မကြုံစဖူးထူးခြားသော ဝှက်ဖဲတစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်၊ သို့သော် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ပြန်လည်မွန်းမံရန် မလွယ်ကူလှပေ။ ချူးယွင်ဖန်းသည် ဤနတ်ဆိုးရတနာကို သန့်စင်ရန်အလို့ငှာ သွေးနတ်ဆိုး ဂိုဏ်းချုပ်ကဲ့သို့ သိန်းပေါင်းများစွာသော သက်ရှိသတ္တဝါများကို သတ်ဖြတ်မည်မဟုတ်ပေ။ ချူးယွင်ဖန်း တစ်ဦးတည်းသာဆိုလျှင်၊ ထိုရတနာကို ပြန်လည်မွမ်းမံနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေ၍ ထိုမှတ်ဉာဏ်များထဲအနက် ကောင်းကင်မရီးဒျန်သန့်စင်ခြင်း နည်းလမ်းများအားလုံးဟူသော သိုင်းပညာတစ်ခုရှိသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးရတနာ၏ အန္တရာယ်ပြုခြင်းမခံရဘဲ ၎င်းသိုင်းပညာကို အသုံးပြုခြင်းဖြင့် ဤပန်းချီကားချပ်ကို ပြန်လည်ပြုပြင်နိုင်မည်ဖြစ်သည်။ ထို့နောက် ဤပန်းချီကားချပ်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် ဤလုပ်ငန်းစဉ်သည် အချိန်အနည်းငယ်မျှ ကြာမြင့်မည်ဖြစ်၏။

နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားအတွင်းမှ စွမ်းအင်အားလုံးကို ချူးယွင်ဖန်းနှင့် နတ်ဘုရားစိတ်ဝိဉာဉ်တို့က စုပ်ယူထားခဲ့သည်။ ဤပန်းချီကားချပ်ကို ပြန်လည်အသက်သွင်းလိုလျှင် ၎င်းကို စွမ်းအင်ဖြင့် ဖြည့်စည်းပေးရမည်ဖြစ်သည်။ အကယ်၍၊ သူသည် အခြားသော စွမ်းအင်အရင်းအမြစ်ကို ရှာတွေ့ခဲ့ခြင်းမရှိလျှင် ပန်းချီကားသည် ချူးယွင်ဖန်းကို ခန်းခြောက်သည်အထိ စုပ်ယူသွားမည်မှာ အသေအချာပင်ဖြစ်သည်။

ဤနတ်ဆိုးရတနာသည် အားသာချက်နှင့် အားနည်းချက် နှစ်မျိုးလုံးရှိနေသည်။ ချူးယွင်ဖန်းသည် သိန်းပေါင်းများစွာသော သက်ရှိများဖြင့် ဖန်တီးထားသော ဤနတ်ဆိုးရတနာကို စွန့်ပစ်ရလောက်အောင် မိုက်မဲမည်မဟုတ်ပေ။ ပန်းချီကားသည် နတ်ဆိုးရတနာတစ်ခုဖြစ်သော်ငြားလည်း ၎င်း၏အာဏာကို ကိုင်စွဲသူအတွက် အရေးပါနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ဤရတနာကို သူ၏လက်ထဲတွင် မှန်ကန်စွာအသုံးပြုနိုင်မည်ဟု ယုံကြည်သည်။

သို့သော် ချူးယွင်ဖန်းမှ ဤနတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို အသုံးပြုလိုလျှင် သာမန်စွမ်းအင်များဖြင့် အသုံးပြုရန် လုံလောက်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ရတနာကိုအသက်သွင်းရန် ခွန်းလွန်နယ်မြေတွင်ဖွဲ့စည်းထားသည့် ဝိညာဥ်ကျောက်တုံးများကို အသုံးပြုရမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ ခန့်မှန်းချက်အရ ပန်းချီကား၏ ကနဦးအသက်သွင်းမှုတွင်ပင် အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး အလုံးတစ်ရာခန့် လိုအပ်မည်ဖြစ်သည်။ သူသည် ပန်းချီကားကို ၎င်း၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မွန်းမံလိုလျှင်၊ ၎င်းအရေအတွက်ထက် အနည်းဆုံး ဆယ်ဆ မျှလိုအပ်မည်ဖြစ်သည်။

တစ်နည်းဆိုရသော် ချူးယွင်ဖန်းသည် ပန်းချီကားကိုအသုံးမပြုမီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို ပြင်ဆင်ရန်လိုအပ်သည်။ ဝိညာဉ်ကျောက်တုံးများ၏ လက်ရှိပေါက်ဈေးအရ ချူးယွင်ဖန်းသည် ပန်းချီကားကို ပြန်လည် မွန်းမံရန် ရန်ပုံငွေ ဘီလီယံနှင့်ချီ၍ အသုံးပြုရမည် ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို မဟာဗျူဟာမြောက် ဝှက်ဖဲအဖြစ်သာ မှတ်ယူရမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းများနှင့် ရင်ဆိုင်ရခြင်းမဟုတ်လျှင် ၎င်းကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။ မည်သို့ဆိုသော် ပန်းချီကား၏ အသုံးပြုမှုသည် ကန့်သတ်ထားသောကြောင့်ဖြစ်သည်။

နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားသည် ၎င်း၏စွမ်းအင် အပြည့်အစုံကိုသာ ထုတ်လွှတ်လိုက်မည်ဆိုလျှင်၊ နတ်စွမ်းအင်ရရှိထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြင့်ပင် ယှဉ်နိုင်မည်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် စစ်သည်တော်ကို ငှားရမ်းရန်ပင် သန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။

"ဟားဟားဟား"ချူးယွင်ဖန်းက ရယ်လိုက်၏။

ယခုအချိန်တွင် သူ့အတွက် မည်မျှပေးဆပ်ရမည်မှာ အရေးမကြီးပေ။ သူ၏လက်ထဲတွင် ဝှက်ဖဲတစ်ချပ် အမှန်တကယ်ရှိနေခြင်းကသာ အရေးကြီးဆုံးအချက်ဖြစ်သည်။

'အခုအချိန်မှာ အရေးကြီးဆုံးက ဝိညာဉ်ကျောက်တုံးတွေကို စုဆောင်းဖို့ပဲ'

သာမာန်လူတစ်ဦးအတွက် ဝိညာဉ်ကျောက်တုံးများရရှိရန်မှာ လွယ်ကူမည်မဟုတ်သော်လည်း သူသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးဖြစ်သည့်အလျှောက် ထောင်ပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးများ ရရှိရန် ခက်ခဲမည်မဟုတ်ပေ။ သူသည် ၎င်းတို့ကိုတတ်နိုင်ရန်သာ လိုအပ်သည်။ ဝိညာဉ်ကျောက်တုံး ဘီလီယံပေါင်းများစွာသည် သူ့အတွက် အလွန်များပြားသည့် ငွေကြေးပမာဏတစ်ခု ဖြစ်နေဆဲဖြစ်သည်။

“တခြားနည်းလမ်းရှာမရရင်၊ အခြေခံ ဖော်မြူလာကိုပဲ ရောင်းရမှာပေါ့။ ပိုင်ဟုန့် အကဲဖြတ်တာနောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ။ ပိုင်ဟုန့်သာ ဖော်မြူလာရဲ့ နောက်ဆုံးအဆင့်ကို လိုချင်တယ်ဆိုရင် ဘယ်လောက်ပဲတောင်းတောင်း ပေးမှာ သေချာတယ်"

"ဒါပေမယ့်၊ နောက်ဆုံးအဆင့်ကို ဝယ်ချင်တဲ့လူတွေက အများကြီးဆိုတော့ ပိုင်ဟုန့်ကိုပဲ အားကိုးနေစရာတော့ မလိုပါဘူး”

ချူးယွင်ဖန်းကမိမိအတွေးများကို သဘောကျလျက်ရှိသည်။ ဖော်မြူလာကို ထိန်းသိမ်းထားမည်ဆိုလျှင်ပင် ကိုယ့်အတွက် အလွန်အသုံးဝင်လှမည်မဟုတ်ပေ။

၎င်းကို ပေးအပ်လိုက်လျှင် လူသားကမ္ဘာ၏ ဆေးပညာအဆင့် မြင့်မားလာမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ဆေးဖော်မြူလာတစ်ခု သို့မဟုတ် နှစ်ခုကို လွှဲပြောင်းပေးခြင်းဖြင့် ဖြစ်လာမည့်အရာမဟုတ်ပေ။ လူသားမျိုးနွယ်၏ ခွန်အား အရှိန်အဟုန်ဖြင့် တိုးမြင့်လာခြင်းသည် နောက်ဆက်တွဲဖြစ်ရပ်သာဖြစ်သည်။ ပြတ်သားစွာပြောရမည်ဆိုလျှင် ချူးယွင်ဖန်းက အခြေခံဖော်မြူလာကို ပေးအပ်လိုက်သည်နှင့် လူသားများခွန်အားသည် အနှစ်နှစ်ဆယ်အတွင်း နှစ်ဆမျှတိုးပွားရန် လွယ်ကူသွားမည်ဖြစ်သည်။ လူသားမျိုးနွယ်ဝင် တစ်ဦးဖြစ်သော ချူးယွင်ဖန်းမှ ထိုဖြစ်စဉ်ကို ကန့်ကွက်ခြင်းမရှိပေ။ သို့သော် သူသည် ၎င်းကို မည်သည့်အချိန်တွင် မည်သို့လွှဲပြောင်းပေးရမည်ကို အာရုံစိုက်ထားရမည်ဖြစ်သည်။ ဖော်မြူလာကို ပေးအပ်ခြင်းမှ နောက်ဆက်တွဲဖြစ်လာမည့် ဧရာမမုန်တိုင်းကို ခံနိုင်ရည်ရှိမရှိ သေချာစဉ်းစားရန် လိုအပ်သည်။

အဆုံးတွင် ချူးယွင်ဖန်းသည် အလွန်အင်အားနည်းနေသေးသဖြင့်၊ ယခုထက် အနည်းငယ်မျှသာ အင်အားကြီး၍ ဆေးဘုရင်၏ ဂုဏ်သတင်း သို့မဟုတ် ပိုင်ဟုန့်၏ဂုဏ်သတင်းနှင့် မိသားစု အဆင့်အတန်းမျိုးသာ ရှိခဲ့မည်ဆိုလျှင်၊ မိမိမှ အခြေခံဖော်မြူလာ ထုတ်လုပ်နိုင်ခြင်းသည် အံ့သြစရာကိစ္စ ဖြစ်မည်မဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းသည် ဤကိစ္စကို စဉ်းစားရန် အချိန်မရှိပေ။ ချူးယွင်ဖန်းမှ ဤကိစ္စများကို တွေးတောနေစဉ် နန်းတော်ထဲသို့ ပုံရိပ်တစ်ခု ဝင်လာခဲ့သည်။ ၎င်းမှာ သွေးနတ်ဆိုးများ၏ ဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။ သို့သော် သူ၏ယခင် စိတ်အားထက်သန်သော အမူအရာနှင့် နှိုင်းယှဥ်ကြည့်လျှင် ဂိုဏ်းချုပ်သည် လက်ရှိအချိန်တွင် အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ သူ၏ရင်ဘတ်သည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုကြောင့် စုတ်ပြဲလျက်ရှိ၍ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲလုနီးပါးဖြစ်ကာ၊ သွေးများ စီးကျလျက်ရှိသည်။

ဤလူသည် သွေးနတ်ဆိုးများ၏ ကြီးကျယ်ခမ်းနားသော ဂိုဏ်းချုပ် မည်သို့ဖြစ်နိုင်မည်နည်း။

All Chapters