အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း (၄၆၀) သွေးနတ်ဆိုး ဂိုဏ်းချုပ်ကို ခုတ်ပိုင်းခြင်း။
သွေးနတ်ဆိုး ဂိုဏ်းချုပ်သည် ဝမ်ချီ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ချူးယွင်ဖန်းမှ များများစားစား တွေးနေရန်မလိုအပ်ပေ။ သွေးနတ်ဆိုးဂိုဏ်းချုပ်နှင့် ဝမ်ချီတို့နှစ်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်များဖြစ်ကြသော်လည်း ဂိုဏ်းချုပ်သည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည်။ သူသည် အသက်တစ်ရာထက်မနည်း ရှိနေပြီဖြစ်ရာ၊ ခေတ်သစ်အတွေးအခေါ်ဖြင့် ကြည့်မည်ဆိုလျှင်ပင် အလွန်အိုမင်းနေသော အသက်အရွယ်ဟု ဆိုနိုင်သည်။
သွေးနတ်ဆိုး ဂိုဏ်းချုပ်မှ ယခုအချိန်ထိ လှုပ်ရှားနိုင်နေခြင်းသည် သူ၏ သိုင်းပညာမှာ နက်နဲလွန်းသောကြောင့်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ အထွတ်အထိပ်တစ်ဦးသည် လွန်ခဲ့သည့် နှစ်ရာကျော်ခန့်တွင် ကမ္ဘာကြီးကို လွှမ်းမိုးခြယ်လှယ်နိုင်လိမ့်မည်ဖြစ်၍၊ ယခုအချိန်တွင်ပင် ၎င်း၏ ခွန်အားကို အထင်သေး၍မရနိုင်ပေ။
သို့သော် ဂိုဏ်းချုပ်သည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ၊ အသက်အရွယ် အိုမင်းသူသည် အသက်ငယ်ရွယ်သူများကို ထိတ်လန့်ရသည်။ သူ၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များသည် ငယ်ရွယ်သည့် ပါရမီရှင်တစ်ဦးဖြစ်သော ဝမ်ချီနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ဝမ်ချီမှာ သူ့ဘဝ၏ အထွတ်အထိပ်သို့ မရောက်ရှိသေးချိန်တွင် ဂိုဏ်းချုပ်မှ ဆုတ်ယုတ်နေပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားမှ ကွာခြားချက်ကို ရှင်းပြရန်ပင် မလိုအပ်တော့ပေ။ ယခုကဲ့သို့ ကျင့်ကြံခြင်း ကွာဟချက်မရှိသည့် အခြေအနေတွင် အသတ်မခံရခဲ့ခြင်းသည်ပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။
ချူးယွင်ဖန်း မှန်းဆခဲ့သည့်အတိုင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသော်လည်း၊ ဂိုဏ်းချုပ်မှ ယခုကဲ့သို့ ဆိုးရွားသည့် အခြေအနေအထိ ဒဏ်ရာရရှိခဲ့ခြင်းမှာ ဝမ်ချီကြောင့်သာဖြစ်သည်။ အစဦးတွင်၊ ဂိုဏ်းချုပ်သည် ဝမ်ချီကိုတိုက်ခိုက်ရန် သူ၏ကျယ်ပြန့်သော သိုင်းပညာအတွေ့အကြုံကို အားကိုးနိုင်သေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းသော အခြေအနေသို့ ရောက်ရှိလာခဲ့ရာ၊ အချိန်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ဂိုဏ်းချုပ်သာ အချိန်ယူ၍ ထွက်ပြေးခဲ့ခြင်းမရှိလျှင် သူသည် ယခုအချိန်တွင် သေဆုံးသွားလောက်ပြီဖြစ်သည်။ ယခုလျှင်ပင် သူ၏ယုံကြည်ရသော လက်ထောက်များမှ ဝမ်ချီကို ရပ်တန့်ရန် အပြင်းအထန် ကြိုးစားနေကြသည်။ သို့သော်၊ ကဏ္ဍပေါင်းစုံတွင် အားနည်းချက်ရှိသည့် သွေးနတ်ဆိုးများက ယင်းကို ကြာရှည်စွာတောင့်ခံနိုင်မည်မဟုတ်ကြောင်း သူသိထားသည်။ သွေးနတ်ဆိုးများကို သုတ်သင်ရန် အချိန်တစ်ခုသာကြာမြင့်မည်ဖြစ်သည်။ ဂိုဏ်းချုပ်သည် ပြည်ထောင်စုကို ရန်စရန် ဆုံးဖြတ်လိုက်သည်နှင့် ဤသို့ရလဒ်မျိုးကို သုံးသပ်ထားပြီးသားဖြစ်သောကြောင့် နောင်တရခြင်းမရှိပေ။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အောင်မြင်စွာ တတ်မြောက်နိုင်သရွေ့ သူသည် နတ်ဆိုးရတနာကို သိမ်းပိုက်စိုးမိုးနိုင်လိမ့်မည်။ ထိုသို့ပြုလုပ်ပြီးနောက်၊ သူသည် နတ်စွမ်းအင် အဆင့်တွင်ရှိနေသူများနှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကို ရရှိလိမ့်မည်ဖြစ်သည်။
အာတိတ်သဲကန္တာရတွင်၊ နတ်စွမ်းအင် အဆင့်အထိ ကျင့်ကြံနိုင်သူများကို အင်အားကြီး ဖြစ်တည်ရှိမှုများဟု ယူဆကြသည်။ ထိုအချိန်သို့ကျရောက်လာလျှင်၊ သွေးနတ်ဆိုးများသည် ပြည်ထောင်စုလျှင်ပင် လျစ်လျူရှုထား၍မရနိုင်သော ထင်ရှားသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာလိမ့်မည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါသော အောင်မြင်မှုနှင့် နှိုင်းယှဉ်လျှင် တပည့်လက်သားအနည်းငယ်ကို ဆုံးရှုံးရခြင်းမှာ သာဓကသာဖြစ်သည်။ သို့သော် ပြည်ထောင်စု၏ လက်စားချေမှုသည် ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သဖြင့် သူသည်လည်း အဆင်သင့်ပြင်ထားခြင်း မရှိပေ။
ကံကောင်းထောက်မစွာပင် သူသည် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို တတ်မြောက်နေပြီဖြစ်သည်။ မိမိ နန်းတော်သို့ ပြန်ရောက်သည့်အချိန်တွင် ပန်းချီကားကို ယူဆောင်၍ လျှို့ဝှက်နေရာတစ်ခုခုသို့ ဒဏ်ရာ ကုသရန် ထွက်ပြေးတိမ်းရှောင်မည်ဖြစ်သည်။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည့်အခါ၊ မိမိမှ အမြဲတစေ မက်မောခဲ့ရသော မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်ရန် ထိုပန်းချီကားကို အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနှင့် ဂိုဏ်းချုပ်၏ခွန်အားဖြင့်၊ ဆယ်ဆပို၍ ကြီးမားသော ဂိုဏ်းတစ်ခုကို တည်ထောင်ရန် လွယ်ကူသွားမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ၏ဘဝသည် အလွန် သာယာချောမွေ့နေမည်ဖြစ်သည်။ ပြည်ထောင်စုသည်ပင် နတ်စွမ်းအင်အဆင့်သို့ ကျင့်ကြံထားနိုင်သည့် ဖြစ်တည်မှုမျိုးကို စော်ကားလိုစိတ် ရှိကြမည်မဟုတ်ပေ။ ထို့ကြောင့် ဤဆုံးရှုံးမှုအားလုံးသည် ထိုက်တန်၏။ သို့သော် သွေးနတ်ဆိုး ဂိုဏ်းချုပ်မှ စိတ်လှုပ်ရှားမှုများစွာဖြင့် နန်းတော်သို့ပြန်ရောက်လာသောအခါ သူ၏ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဂိုဏ်းချုပ်သည် လုံးဝမယုံမကြည်နိုင်ဖြစ်လျက်ရှိသည်။
“နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားက ဘယ်ရောက်သွားတာလဲ။ ဘယ်သူယူသွားတာလဲ။ ဘယ်သူလဲ " ဂိုဏ်းချုပ်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
မိမိပြန်ရောက်ချိန်တွင် ဤသို့မြင်ကွင်းမျိုးနှင့် ကြုံတွေ့ရမည်ဟု တစ်ခါမှ မျှော်လင့်ထားခြင်းမရှိပေ။ သူ၏ မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသကဲ့သို့ အသက်လေးဆယ်၊ ငါးဆယ်ခန့် သာမန်လူတစ်ဦးဟု ထင်ရသော ဂိုဏ်းချုပ်သည် မျက်စိတစ်မှိတ်အတွင်း အသက်သုံးဆယ်မျှ အိုမင်းသွား၍ သူ၏ ခေါင်းတွင်လည်း ဆံပင်ဖြူများဖြင့် ပြည့်နှက်လာသည်။ အဆုံးတွင်၊ သူသည် ခေတ်သစ်လူသားများ၏ သက်တမ်းအရ၊ သူ့ဘဝ၏ အဆုံးသတ်သို့ ရောက်နေပြီဖြစ်သည်။
ဂိုဏ်းချုပ်မှ မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်နိုင်ခြင်းမရှိလျှင် သူ၏သက်တမ်းကို အနှစ် ၂၀၀ အထိသာ ဆွဲဆန့်ထားနိုင်မည်ဖြစ်သည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားတွင် သူ၏မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားသည်။ ရှင်းလင်းစွာပင်၊ ပန်းချီကားပျောက်ကွယ်သွားမှုသည် သူ့အတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်က လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ ဤအချိန်သည် ခန့်မှန်းမှုပြုလုပ်နေရမည့် အချိန်မဟုတ်ပေ။ အနီးနားတွင် အခြားမည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက်တွင် ပန်းချီကားကို စွန့်လွှတ်ရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။ ဝမ်ချီက အချိန်မရွေး ရောက်လာနိုငိသောကြောင့် မိမိအတွက် အချိန်သိပ်မကျန်ရှိတော့ပေ။
ဂိုဏ်းချုပ်က နံရံကို သူ၏လက်ဖဝါးဖြင့် အလျင်အမြန် ဖိလိုက်ရာ၊ သွေးနီရောင်သစ်ပင်တစ်ပင်သည် သွေးကန်ထဲမှ ရုတ်တရက် ဖြည်းညင်းစွာ နိုးထလာသည်။ ဤအပင်သည် လူတစ်ဦး၏ အရပ်အမြင့်ခန့် ရှည်လျား၍ အကိုင်းအခက်များပေါ်တွင် သွေးနီရောင် အသီးငါးလုံးရှိသည်။ ဤအသီးများသည် သွေးနီရောင်များဖြင့် ကြည်လင်ပြတ်သားနေသည်။ ၎င်းတို့သည် သစ်ပင်ပေါက်ရောက်ရာ သွေးအိုင်နှင့် ဝေးကွာနေသော်လည်း ၎င်းတို့မှထူးခြားသော ရနံ့ကိုခံစားမိသည်။
၎င်းသည် မူလသွေးသစ်သီးဟုခေါ်သော ကောင်းကင်ဘုံမှ ထူးခြားသော ရတနာတစ်ခု ဖြစ်ကြောင်းကို ချူးယွင်ဖန်းက ချက်ချင်း သတိထားမိလိုက်သည်။ အထူးဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ ဤ ကောင်းကင်ဘုံ ရတနာ ကြီးထွားပေါက်ရောက်လာရန် ထူးကဲသောအခြေအနေများ လိုအပ်သောကြောင့် ဖြစ်သည်။ ၎င်းသည် အကန့်အသတ်မဲ့သော သွေးပင်လယ်ထဲတွင်သာ ပေါက်နိုင်မည့် အသီးတစ်မျိုးဖြစ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဤ မူလသွေးသစ်သီး၏ မှတ်တမ်းများစွာရှိနေသည်။ ယေဘူယျအားဖြင့်ပြောရလျှင်၊ မရေမတွက်နိုင်သောတိုက်ပွဲများဖြစ်ပွားရာ ရှေးခေတ်စစ်မြေပြင်များတွင် ဤအသီးများကို မကြာခဏတွေ့ရလေ့ရှိသည်။ အချိန်မီ ရှင်းလင်းနိုင်ခြင်းမရှိလျှင် တားမြစ်နယ်မြေ တစ်ခုဖြစ်သွားနိုင်သဖြင့်၊ သက်ရှိများ ဝင်ရောက်ခွင့်ရှိတော့မည်မဟုတ်ပေ။
မူလသွေးသစ်ပင်သည် ထိုကဲ့သို့နေရာမျိုးတွင်သာ ပေါက်ရောက်နိုင်၍ အခြေအနေအပေါ်မူတည်၍ မူလသွေးသစ်သီး အရေအတွက် အနည်းအများကို ထုတ်လုပ်ပေးသည်။ ဤသစ်သီးများသည် လူတစ်ဦး၏ ခွန်အားကို တိုးပွားစေ၍၊ ဆေးဝါးအများအပြား၏ ထိရောက်မှုကို မြှင့်တင်ပေးရန်အတွက်လည်း ထိုသစ်သီးကို ပေါင်းစပ်၍ အသုံးပြုနိုင်သည်။
စိမ်းလန်းမြို့တော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ တစ်စိတ်တစ်ပိုင်းကို နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို နတ်ဆိုးရတနာအဖြစ်သို့ ပြောင်းလဲရန်အသုံးပြုခဲ့၍။ အခြားအပိုင်းကို မူလသွေးသစ်ပင်ကို ပြုစုပျိုးထောင်ရန် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ မူလသွေးသစ်ပင်သည် အမြစ်စွဲရန် မလွယ်ကူခဲ့သဖြင့်၊ များသောအားဖြင့် အသီးဖြစ်တည်ရန် အချိန်အတော်အတန် ကြာမြင့်သည်အထိ ကြီးထွားပေါက်ရောက်ရသည်။ သစ်ပင်ကို ထောင်ပေါင်းများစွာသောလူများ၏ သွေးများဖြင့် သွန်းလောင်းရမည်ဖြစ်သည်။
တစ်နည်းဆိုရသော်၊ ဤမူလသွေးသစ်ပင်ကို ဖန်တီးရန် ဂိုဏ်းချုပ်က လူပေါင်းမည်မျှကို သတ်ဖြတ်ခဲ့ကြောင်း ချူးယွင်ဖန်း မသိပေ။ ယခုအချိန်တွင် အပင်သည် အမြစ်စွဲနေပြီဖြစ်သောကြောင့် မူလသွေးသစ်သီးများ အဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ဂိုဏ်းချုပ်၏ ခွန်အားသည် အဆက်မပြတ် တိုးပွားလာမည်ဖြစ်သည်။
"သေစမ်း" ချူးယွင်ဖန်းသည် အံကြိတ်၍ ပြောလိုက်သည်။
ဤသို့သော လူမျိုးသည် သေခြင်းတရာနှင့် ထိုက်တန်၏။ ဂိုဏ်းချုပ်သည် မူလသွေးသစ်ပင်ကို ခုတ်လှဲပြီးနောက် ရင့်မှည့်နေသော အသီးများကို ခူးယူ၍ ထွက်ပြေးရန် ပြင်ဆင်ခဲ့သည်။ သူသည် ဤအပင်ကို ဝမ်ချီအတွက် ထားခဲ့ရန် ရည်ရွယ်ချက် မရှိပေ။ ယခုအချိန်တွင် သူသည် ဆုတ်ခွာရန်သာ တတ်နိုင်သည်။ သူသည် ဤမူလသွေးသစ်သီးများ၏ အကူအညီဖြင့် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ဂိုဏ်းချုပ်သည် သူ၏ ကြီးကျယ်ခမ်းနားသော အစီအစဥ်အတွက် မျှော်လင့်ချက်မရှိတော့ပေ။ မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်ခြင်းသည် တစ်ခုတည်းသော လက်တွေ့ကျသည့် အစီအစဉ်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေသို့ မဖြတ်ကျော်နိုင်လျှင် သူ၏သက်တမ်းသည် မကြာမီ ကုန်ဆုံးရပေလိမ့်မည်။
ဂိုဏ်းချုပ်က လွတ်မြောက်ခါနီးအချိန်တွင် ကောင်းကင်မှ ဧရာမဓားကြီးတစ်စင်း ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ၊ ချက်ချင်းဆိုသလိုပင် သူ့ထံသို့သက်ဆင်လာသဖြင့် ဤဓားချက်သည် သူ့ကို သတိလက်လွတ်ဖြစ်စေခဲ့သည်။
သန်မာခဲ့သော်လည်း ဒဏ်ရာ အပြင်းအထန်ရရှိထားသော ဂိုဏ်းချုပ်သည် လုံးလုံးလျားလျား အငိုက်မိခဲ့သဖြင့်၊ သူ၏ ဦးခေါင်းသည် ချူးယွင်ဖန်း၏ ခုတ်ပိုင်းမှုကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။
အခန်း (၄၆၁) သွေးနတ်ဆိုးများ၏ အဆုံးသတ်
ချူးယွင်ဖန်းသည် သွေးနတ်ဆိုး ဂိုဏ်းချုပ်ကို ခုတ်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ဂိုဏ်းချုပ်၏ မျက်နှာသည် သေဆုံးပြီးသည့်တိုင်အောင် ယုံကြည်မှုကင်းမဲ့သော အကြည့်များဖြင့် ပြည့်နှက်နေသေးသည်။ ဤနည်းဖြင့် သူအသတ်ခံခဲ့ရခြင်းကို မယုံသင်္ကာဖြစ်နေပုံပေါ်သည်။ လျှပ်တပြက်တိုက်ခိုက်မှုသည် မြန်ဆန်လွန်းလှသဖြင့်၊ ဂိုဏ်းချုပ်သည် အေးစက်သော အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီးနောက် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့ရသည်။
ချူးယွင်ဖန်း ထွက်လာသည့်အချိန်မှသာ ဂိုဏ်းချုပ်သည် မိမိကို သတ်ဖြတ်ခဲ့သူမှာ ပြည်ထောင်စုတက္ကသိုလ်မှ လူငယ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ထိုလူငယ်သည် လေထုထဲမှ မည်သို့ ပေါ်ထွက်လာခဲ့သနည်း။ သို့သော်လည်း သူသည် ဤအရာများကို စဉ်းစားရန် အချိန်မရှိတော့ပေ။ ခေါင်းနှင့် ခန္ဓာကွဲကွာသွားပြီးနောက် သူ၏အသိအာရုံများ မြန်ဆန်စွာ ပျောက်ကွယ်သွားတော့သည်။
ချူးယွင်ဖန်းသည် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်၍ လှောင်ပြောင်ရယ်မောလိုက်ကာ အလောင်းကို သွေးအိုင်ထဲသို့ ကန်ချလိုက်သည်။ ဂိုဏ်းချုပ်က မရေတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း အဆုံးတွင် သူသည် ဤသတ်ဖြတ်ခံခဲ့ရသောလူများနှင့်အတူ ကြီးမားသော သွေးအိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ အချိန်ခဏလေးအတွင်းမှာပင် အလောင်းသည် သွေးအိုင်ထဲသို့ နစ်မြုပ်သွာရ၏။
မူလသွေးသစ်သီး ငါးလုံးသည် ချူးယွင်ဖန်း ၏လက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ အသီးများသည် လူတစ်ဦးတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်နိုင်သည့် ထူးဆန်းသောရနံ့ကို ထုတ်လွှတ်ပေးနေသည်။ ဂိုဏ်းချုပ်သည် ဤမူလသွေးသစ်သီးများကို အသုံးပြု၍ မွေးဖွားခြင်းနယ်မြေသို့ အဆင့် ဖြတ်ကျော်ချင်ခဲ့သည်။ ချူးယွင်ဖန်းသည် ဤကိစ္စကို ဆက်လက်၍ မတွေးတောမီ၊ အပြင်မှ အလောတကြီး လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသဖြင့် တောင်မြစ်ပန်းချီကားထဲသို့ လျင်မြန်စွာ ခုန်ဝင်လိုက်သည်။ မကြာမီမှာပင် ကျောင်းသားကောင်စီ အရာရှိတစ်စုကိုဦးဆောင်၍ နန်းတော်ထဲသို့ ဝင်ရောက်လာသော ဝမ်ချီကို တွေ့လိုက်ရသည်။
“သေစမ်း၊ ဒါတောင် ဟို အဖိုးကြီး လွတ်သွားသေးတယ်။ ချီးပဲ။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားနဲ့ မူလသွေးသစ်သီးတွေကိုပါ ယူသွားတယ်”
ဝမ်ချီသည် မှိုင်တွေညှိုးငယ်သော မျက်နှာဖြင့် ပြောနေခဲ့သည်။ ဖျက်ဆီးခံထားရသော မူလသွေးသစ်ပင်ကို မြင်လိုက်ရသောအခါ၊ သစ်ပင်ကို ကယ်တင်နိုင်တော့မည်မဟုတ်ကြောင်း သူ သိလိုက်သည်။
ချူးယွင်ဖန်းက အနည်းငယ် အံ့သြသွားသည်။ ဂိုဏ်းချုပ်က နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားနှင့် မူလသွေးသစ်ပင်တို့ကို ပိုင်ဆိုင်ထားကြောင်း ဝမ်ချီ သိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော် ဂိုဏ်းချုပ်သည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်းကိုမူ ဝမ်ချီက မသိခဲ့ပေ။ ချူးယွင်ဖန်းသည် အလောင်းကို သွေးအိုင်ထဲသို့ ကန်ထုတ်ခဲ့သဖြင့် ၎င်းသည်လည်း သွေးအိုင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့လေ၏။
အခြေအနေကို ကြည့်လျှင် ဂိုဏ်းချုပ်သည် နန်းတော်သို့ ပြန်လာ၍ ပစ္စည်းများကို ယူသွားသည်ဟု ထင်ရသည်။ ထို့ကြောင့် မူလသွေးသစ်သီးများနှင့် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားတို့ကို ပျောက်ကွယ်သွားရခြင်းမှာ ဂိုဏ်းချုပ်၏ လက်ချက်ဟု ဝမ်ချိီက ထင်မှတ်နေသည်။ သူသည် အခြားဖြစ်နိုင်ချေများကိုပင် တွေးတောခြင်းမရှိခဲ့ပေ။
"ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကို တင်ပြပြီး ဖမ်းဝရမ်းထုတ်ခိုင်းလိုက်ရမလားဗျ"
ကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ဦးက မေးမြန်းလိုက်သည်။
“ပြည်ထောင်စုကို တင်ပြလိုက်ရင် အကုန်လုံးသိကုန်လိမ့်မယ်။ ဥက္ကဋ္ဌက ငါတို့ကို ဒီနေရာထိ ကိုယ်တိုင်လာပြီး သွေးနတ်ဆိုးတွေကို သုတ်သင်ခိုင်းတာက အစိုးရရဲ့ အမိန့်တစ်ခုတည်းကြောင့်မဟုတ်ဘဲ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနဲ့ မူလသွေးသစ်သီးတွေကြောင့်လည်းပါတယ်။ ဒီပစ္စည်းတွေအကြောင်း လူတွေသိသွားရင် လူတိုင်း လိုချင်ကြမှာသေချာတယ်။ ကျောင်းသားကောင်စီက ပြည်ထောင်စုတက္ကသိုလ်မှာ အာဏာရှိတယ်ဆိုပေမယ့် ကမ္ဘာပေါ်မှာ ငါတို့ထက် အင်အားကြီးတဲ့လူတွေက မရေမတွက်နိုင် များပြားတယ်”
“အဲ့ဒီ့ ဂိုဏ်းချုပ်က သူဘာတွေလုပ်နေတယ်ဆိုတာ ဘယ်သူမှ မသိဘူးလို့ ထင်နေတာ။ အမှန်က ငါတို့ ဥက္ကဋ္ဌက နက္ခတ်ဂိုဏ်း ဆီက အရင်တည်းက သတင်းရထားပြီးသား။ ဥက္ကဋ္ဌက ဒီနေရာကိုမလာခင် ဝန်းရံမှုနည်းဗျူဟာကို အပြည့်အဝစီစဉ်နေတဲ့အချိန်မှာ ဒီဂိုဏ်းချုပ်က ဘယ်လိုလုပ် လွတ်မြောက်အောင် ထွက်ပြေးနိုင်ရတာလဲ။ သူ ဝေးဝေးတော့ ပြေးနိုင်မှာ မဟုတ်လောက်ဘူး။ မြို့ပြင်တောင် ရောက်ဦးမှာမဟုတ်ဘူး။ သွား၊ လမ်းတစ်လျှောက်က ဂြိုလ်တုစောင့်ကြပ်မှုတွေ ချက်ချင်း တောင်းဆိုလာခဲ့၊ ငါတို့ သူ့ကို လွတ်သွားလို့မဖြစ်ဘူး"
ဝမ်ချီ၏ ပတ်ပတ်လည်ရှိ ကျောင်းသားကောင်စီ အရာရှိများသည် လျင်မြန်စွာ လူစုခွဲ၍ လေးဖက်လေးတန်တွင် ဂိုဏ်းချုပ်ကို လိုက်လံရှာဖွေကြတော့သည်။ ၎င်းတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးသာဖြစ်သည်ကို ၎င်းတို့မသိခဲ့ကြပေ။ ချူးယွင်ဖန်းသည် ၎င်းတို့၏ စကားလုံးတိုင်းကို တောင်မြစ်ပန်းချီကားအတွင်းမှ ကြားနေရသည်။ ဂိုဏ်းချုပ်သည် သူ၏လုပ်ရပ်များကို လျှို့ဝှက်ချက်တစ်ခုဟု ထင်ခဲ့ရာ၊ ကျန်းလင်းရှောင်က ၎င်းကို ဖမ်းမိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သွေးနတ်ဆိုးများတွင် သောင်းချီသော နောက်လိုက်များရှိကြသည်။ ၎င်းတို့သည် အင်အားကြီးမား၍ အာတိတ်သဲကန္တာရကို ကြီးစိုးနိုင်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ပြည်ထောင်စုကဲ့သို့ အမှန်တကယ် အရေးပါလှသော အဖွဲ့အစည်းများ၏အာရုံတွင် ၎င်းတို့သည် အချိန်မရွေး သတ်ပစ်နိုင်သည့် ပိုးကောင်တစ်ကောင်မျှသာဖြစ်သည်။ ကျန်းလင်းရှောင်လျှင်ပင် ၎င်းတို့ကို အလွယ်တကူ နှိမ်နင်းနိုင်သည်။
"ယောကျာ်းဆိုတာ ဒီလိုပဲ ဖြစ်နေရမှာ"
ချူးယွင်ဖန်းက ထိုသို့ ပြောဆိုခဲ့သည်။ သို့သော်လည်း သူသည် ကျန်းလင်းရှောင်၏ လုပ်ရပ်များကို အလွန်စက်ဆုပ်မိသည်။ ကျန်းလင်းရှောင်က ဤကိစ္စများကို သိရှိထားလျှင် ဦးစွာ လှုပ်ရှားသင့်သည်ဖြစ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ကျန်းလင်းရှောင်သည် ဤနတ်ဆိုးရတနာကို ပြုစုပျိုးထောင်ရန် ဂိုဏ်းချုပ်၏လက်ကို အသုံးချခဲ့သည်။
တစ်ချိန်က သွေးနတ်ဆိုးများ သိမ်းပိုက်ခဲ့သည့် သွေးသောက်မြို့ကို ကျောင်းသားများက သုံးရက်တိုင်အောင် သုတ်သင်ရှင်းလင်းခဲ့သည်။ ဆယ်စုနှစ်များအတွင်း သွေးနတ်ဆိုးများစုဆောင်းထားသည့် ချမ်းသာကြွယ်ဝမှုကို ကျောင်းသားကောင်စီက သိမ်းယူခဲ့သည်။ ဤဖြစ်စဉ်သည် ကျောင်းသားကောင်စီ၏ ဘဏ္ဍာတိုက်ကို လွန်စွာ အားကောင်းစေခဲ့သည်။
ဤသည်မှာ ကျောင်းသားကောင်စီအတွက် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ တစ်ကိုယ်ရေ ကျင့်ကြံခြင်းအတွက်လည်းကောင်း မိမိတို့၏ခွန်အားကိုတိုးတက်စေခြင်းအတွက်လည်းကောင်း၊ တစ်ခုနှင့်တစ်ခုသည် ခွဲခြားထား၍ရနိုင်မည်မဟုတ်ပေ။ ငွေကြေးအရင်းအမြစ်များ၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသားကောင်စီသည် လက်ရှိအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၎င်းတို့သည် ထိုကဲ့သို့သော ချမ်းသာကြွယ်ဝမှု၏ ပံ့ပိုးကူညီမှုမရှိဘဲ မည်သည့်အကြောင်းကိစ္စမှ ပြုလုပ်နိုင်မည်မဟုတ်ပေ။
သို့သော် ဤစီးနင်းမှုကို ဦးဆောင်ခဲ့သော ဝမ်ချီအတွက်မူကား ဤကိစ္စသည် ပြီးပြည့်စုံသည်ဟု မယူဆနိုင်ပေ။ သူသည် ဂိုဏ်းချုပ်ကို ထွက်ပြေးလွတ်မြောက်စေခဲ့သောကြောင့် သူ၏ အရေးအကြီးဆုံး အကျိုးအမြတ်နှစ်ခုဖြစ်သည့် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားနဲ့ မူလသွေးသစ်သီးများ ဆုံးရှုံးခဲ့ရသည်။ ကျောင်းသားကောင်စီသည် သာမန်ဘဏ္ဍာများ မချို့တဲ့နေ့သဖြင့် ဤအရာများသည် အရေးကြီးဆုံး ပစ္စည်းနှစ်ခုဖြစ်သည်။
သွေးသောက်မြို့ကို ချေမှုန်း၍ မည်သည့်အရာမှ ပြုလုပ်ရန် မကျန်ရှိတော့ကြောင်း အတည်ပြုပြီးနောက် မြို့ကြီးတစ်ခုလုံးကို မီးရှို့ခဲ့ကြသည်။ အဝေးမှကြည့်လျှင်ပင်၊ မီတာများစွာမြင့်သော မီးတောက်သည် မြို့တော်ရှိ အရာအားလုံးကို ပြာကျစေခဲ့သည်။ မရေမတွက်နိုင်သော လူများ၏ အရိုးများအပြင် သွေးနတ်ဆိုးများ၏ တစ်ချိန်က ဂုဏ်သိက္ခာ ထိုနေရာတွင် မြှုပ်နှံထားခဲ့သည်။ မည်မျှ ဂုဏ်မောက်နေစေကာမူ အဆုံးတွင် ၎င်းတို့၏ ကျဆုံးမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် တောင်ကုန်းတစ်ခုပေါ်မှနေ၍ ဤမြင်ကွင်းကို ကြည့်လျက်ရှိရာ အချိန်အတော်အတန်ကြာပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သူ၏လက်ထဲတွင် မူလသွေးသစ်သီးများကို ကိုင်ထားသော်လည်း ထိုအသီးများသည် ဂိုဏ်းချုပ်၏ တွန်းအားပေးမှုဖြင့် ရင့်မှည့်နေပြီဖြစ်သည်။ သာမာန်အားဖြင့်၊ စစ်မြေပြင်တွင်ပေါက်ရောက်သော မူလသွေးသစ်သီးများသည် ရင့်မှည့်ရန် အနည်းဆုံးနှစ်တစ်ရာခန့် အချိန်ယူရ၍ ယခု သူ၏လက်ထဲတွင်ရှိနေသော သစ်သီးများသည် ရင့်မှည့်ရန် အသက်မပြည့်သေးသည်မှာ သိသားထင်ရှားသည်။
ဂိုဏ်းချုပ်က မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်စေဖို့ရန် ဤမူလသွေးသစ်သီး ငါးလုံးကို ရင့်မှည့်စေရန် လိုအပ်သည်။ မဟုတ်လျှင် သူသည် အသီးများကို စားသုံး၍ မွေးဖွားခြင်းနယ်မြေသို့ အဆင့်ဖြတ်ကျော်သွားမည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထိုအချိန်တွင် ဤတိုက်ပွဲသည် ယခုရလဒ်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေမည်ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်က အဆင့်ဖြတ်ကျော်နိုင်ခဲ့လျှင် ကျန်းလင်းရှောင်က ၎င်းကို ကိုယ်တိုင်လာရောက်၍ အဆုံးသတ်လိမ့်မည်ဖြစ်သည်။ အဆုံးသတ်သည် ကွာခြားသောရလဒ်ဖြစ်မည် မဟုတ်ပေ။ သွေးနတ်ဆိုးများ၏ ဂိုဏ်းချုပ်သည် ကနဦးကတည်းက အခြားသူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ရုပ်သေးတစ်ရုပ်သာ ဖြစ်ခဲ့သည်။
ချူးယွင်ဖန်းသည် မူလသွေးသစ်သီးများ၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေရန် ၎င်းတို့ကို သွေးဇစ်မြစ်ဆေးအဖြစ် ပြန်လည်ပြုပြင်ရန် စီစဉ်ခဲ့သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များတွင်၊ မူလသွေးသစ်သီးများအတွက် အထူးပြုလုပ်ထားသည့် ဆေးလုံးဖော်မြူလာတစ်ခုရှိရာ၊ ၎င်းသည် မူလသွေးသစ်သီးများ၏အာနိသင်ကို များစွာမြှင့်တင်ပေးနိုင်သည်။
မူလသွေးသစ်သီးများသည် ဤဆေးလုံးကိုဖန်တီးရန် အဓိကပါဝင်ပစ္စည်းများထဲမှ တစ်ခုသာဖြစ်သည်။ အသီးများကို မဖော်စပ်မီ အခြား ပေါင်းစပ်ထည့်သွင်းရန် များစွာသော ဖြည့်စွက်ပစ္စည်းများ လိုအပ်သည်။ နောက်ရက်အနည်းငယ်အတွင်း ချူးယွင်ဖန် သည် စွယ်စုံကျမ်းကို စူးစမ်းလေ့လာနေခဲ့သည်။ ဖြည့်စွက်ပါဝင်ပစ္စည်းများ အများစုကို အင်တာနက်ပေါ်တွင် မှာယူနိုင်သည်။ သို့သော် အွန်လိုင်းတွင် ဝယ်ယူ၍မရနိုင်သော အရေးကြီးသောပါဝင်ပစ္စည်းတစ်ခုရှိနေသည်။
အခန်း (၄၆၂) တစ်လကြာပြီးနောက်၊ နဂါးပျံတောင်၏ တောင်ခြေရင်း
ချူးယွင်ဖန်းသည် ကောင်းကင်သန့်စင်မြက်ပင်ဟုခေါ်သော ဆေးဖက်ဝင်ဓာတ်ကူတစ်ခု လိုအပ်သည်။ ရှားပါးသောပါဝင်ပစ္စည်းဖြစ်သဖြင့် ၎င်းထွက်ပေါ်လာသည်နှင့် လူတိုင်းမှ အလျင်စလို ဝယ်ယူကြသည်။ ကောင်းကင်သန့်စင်မြက်ပင်ကို ကျယ်ပြန့်သောပမာဏဖြင့် စိုက်ပျိုးရန်မဆိုနှင့် ရံဖန်ရံခါတွေ့ရှိရန်ပင် ခက်ခဲသည်။ ထို့အပြင်၊ လူအများစုသည် ကောင်းကင်သန့်စင်မြက်ပင်ကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးချနိုင်သည်ကို မသိကြသောကြောင့် ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့ခြင်း မရှိခဲ့ပေ။
ခေတ်မီလူ့အဖွဲ့အစည်းအတွက် ပြုလုပ်ရန်အလွန်လွယ်ကူသည့် အရာများဖြစ်သော်ငြားလည်း မလွယ်ကူသည့် အရာအချို့လည်းရှိနေသည်။ အကယ်၍ ရှေးဟောင်းလူသားများကာလသို့ ပြန်လည်ရောက်ရှိခဲ့မည်ဆိုလျှင် ဤပါဝင်ပစ္စည်းများကို စုဆောင်းရန် အချိန်များစွာ ကြာမြင့်မည်ဖြစ်ပါသည်။ ချူးယွင်ဖန်းသည် ကောင်းကင်သန့်စင်မြက်ပင်ကိုရရှိရန် အခြားနည်းလမ်းမရှိသဖြင့် လုချင်းရွှမ်ကို စောင့်ကြည့်ပေးရန် တောင်းဆိုနေစဉ်၊ ပိုင်ဟုန့် ထံသို့လည်း စာတိုပေးပို့၍ စောင့်ကြည့်ပေးရန် အကူအညီတောင်းဆိုခဲ့သည်။
ချူးယွင်ဖန်းသည် အင်တာနက်ပေါ်တွင် ကောင်းကင်သန့်စင်မြက်ပင်ကို မြင့်မားသောစျေးနှုန်း ပေးဆောင်၍ ဝယ်ယူလိုကြောင်း ကြော်ငြာတစ်ခုတင်ခဲ့သည်။ မြက်ပင်နှင့်ပတ်သက်၍ သတင်းအချက်အလက် ပေးပို့နိုင်သူတိုင်းကိုလည်း ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်မည်ဖြစ်သည်။
ကောင်းကင်သန့်စင်မြက်ပင်သည် ရှားပါးသော်လည်း ဒုတိယပါဝင်ပစ္စည်းတစ်ခုသာဖြစ်သည်။ ၎င်းသည် သွေးမူလသစ်သီးများကဲ့သို့ အဓိကပါဝင်ပစ္စည်းမဟုတ်သောကြောင့် ချူးယွင်ဖန်းသည် မြင့်မားသောစျေးနှုန်းဖြင့် ပေးဆောင်လျှင်ပင် တတ်နိုင်သေးသည်။ ချူးယွင်ဖန်းသည် ဤငွေပမာဏကို သုံးစွဲရာတွင် နှမြောတသဖြစ်မိခြင်းမရှိပေ။ မိမိမှ အသုံးမပြုခဲ့လျှင် ကိန်းဂဏန်းများသာ ဖြစ်နေမည်ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ခွန်အားကို မြှင့်တင်ရန်သာ အရေးအကြီးဆုံးဖြစ်သည်။
ယခုအချိန်တွင် သူ့တွင်ငွေကြေးမည်မျှရှိနေပါစေ၊ ချူးယွင်ဖန်းသာ ယခုမှစ၍ လာမည့်တစ်နှစ်တွင် ကျန်းလင်းရှောင်၏ လက်ထဲတွင်သေဆုံးခဲ့ပါက အရာအားလုံးသည် အလဟဿသွားမည်ဖြစ်သည်။ သို့သော် သူသာ ကျန်းလင်းရှောင်ကိုသတ်နိုင်မည်ဆိုလျှင် ထိုငွေကြေးများကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။ ထိုသို့စိတ်ပိုင်းဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် ကောင်းကင်သန့်စင်မြက်ပင်၏ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူသည် ရည်ရွယ်ချက်မဲ့စွာ ထိုင်နေခြင်းဖြင့် အချိန်ဖြုန်းတီးရန် အစီအစဉ်မရှိသဖြင့် အာတိတ်သဲကန္တာရတွင် အပြင်းအထန် စတင်ကျင့်ကြံတော့သည်။
ကျန်းလင်းရှောင်နှင့် မရဏတိုက်ပွဲ မစတင်မီ အချိန်ရှိနေသေးသော်လည်း တာအိုညီလာခံ စတင်ရန် လအနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုအချိန်ရောက်သည့်အခါ၊ သူသည် ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဘက်ကင်းသော ပါရမီရှင်များကို ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။ မိမိမှ ဤအဆင့်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် သလိုအလျောက်ပင် ပျက်ကွက်ချင်စိတ်မရှိပေ။ အာတိတ်သဲကန္တာရ၏ ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းခဲ့ရာ၊ အအေးဒဏ်ကို တွန်းလှန်ရန် ချူးယွင်ဖန်းသည် သူ၏ချီစွမ်းအင်များကို အမြဲမပြတ် အသုံးပြုနေခဲ့သည်။ ဤအချက်သည် သူ့ကို အချိန်တိုင်း ကျင့်ကြံခြင်းပြုလုပ်ခိုင်းနေခြင်းနှင့်ပင် ညီမျှသည်။ ဤကဲ့သို့ တိုးတက်မှုမျိုးသည် ထင်းခနဲမြင်သာခြင်းမရှိသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ပြုလုပ်ပြီးနောက် အလွန်အထင်ကြီးဖွယ်ကောင်းလှ၏။
အာတိတ်သဲကန္တာရ၏ ပတ်ဝန်းကျင်သည် ကြမ်းတမ်းရုံသာမက အင်အားကြီး မွန်းစတားများစွာ ခိုနားရာနေရာလည်းဖြစ်သည်။ ၎င်းတို့အနက်မှ အချို့သည် မွေးဖွားခြင်းနယ်မြေ အဆင့်များ သို့မဟုတ် ပို၍ကြောက်စရာကောင်းသော မွန်းစတားများ ဖြစ်ကြသည်။
ထို့အပြင်၊ အာတိတ်သဲကန္တာရတွင် ထိန်းမနိုင်သိမ်းမရပြုမူနေကြသော လူမျိုးများလည်း ရှိကြသည်။ ခွန်အားအနည်းဆုံးမှာ စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်၍ ၎င်းတို့အနက် မရီးဒျန်သန့်စင်ခြင်းအဆင့်် ကျွမ်းကျင်သူများလည်း ပါဝင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း အတွက် အခက်ခဲဆုံးအချိန်ဖြစ်ခဲ့သည်မှာ အသေအချာပင်ဖြစ်၏။ သူသည် တစ်နေ့တာ၏ မိနစ်တိုင်းနှင့် စက္ကန့်တိုင်းတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရသည်။ နတ်ဘုရားကျင့်စဉ်ကဲ့သို့သော ထိပ်တန်း သိုင်းပညာကို ကျင့်ကြံထားသော်လည်း လွတ်မြောက်ရုံတမယ်ဖြစ်ခဲ့ရသော အခြေအနေများကို ကြုံတွေ့နေရဆဲ ဖြစ်သည်။
လွန်ခဲ့သည့်လတွင် ချူးယွင်ဖန်းသည် အာတိတ်သဲကန္တာရရှိ ကျွမ်းကျင်သူများကို လိုက်လံသုတ်သင်ခဲ့သည်။ ၎င်းတို့သည် နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများသာမက အာတိတ် သဲကန္တာရတွင် ထိန်းမနိုင်သိမ်းမရပြုမူနေကြသည့် အခြားသော ကျွမ်းကျင်သူများလည်း ရှိနေကြသည်။ အများစုသည် ရာဇ၀တ်မှုကျူးလွန်ပြီးနောက် ဤနေရာသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် ထိုလူများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ရာ၊ ထိုသို့အပြင်းအထန် သတ်ဖြတ်ခြင်းသည် ချူးယွင်ဖန်းကို အာတိတ် သဲကန္တာရတွင် တဖြည်းဖြည်းချင်း နာမည်တွင်စေခဲ့သည်။ ထိုလူများထဲမှ တစ်ဦးချင်းစီသည် ဥပဒေမဲ့ အရူးများဖြစ်ကြရာ၊ ထိုကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုမျိုးကို ၎င်းတို့က မည်သို့မျှ ခံနိုင်ရည်ရှိမည်နည်း။
ထို့ကြောင့် တန်ပြန်တိုက်စစ်အနည်းငယ်ကို စုစည်းကာ ချူးယွင်ဖန်းကို အကြိမ်ကြိမ် ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့ တိုက်ခိုက်မှုတိုင်းတွင် အသက်လု၍ထွက်ပြေးခဲ့ရသော အခြေအနေမျိုးဖြင့် အချိန်တိုင်း ကြုံတွေ့ခဲ့ရသည်။ အကယ်၍ သူသာ တောင်မြစ်ပန်းချီကားကို ပိုင်ဆိုင်ခဲ့ခြင်းမရှိလျှင် လုံးလုံးလျားလျား လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကား၏ ဖြစ်တည်မှုကြောင့် ဤသို့သော ဝိုင်းရံမှုများကို ကြောက်ရွံ့ခြင်းမရှိပေ။ ဤအရာများသည် မိမိကိုယ်မိမိ လေ့ကျင့်ပေးရန် အကောင်းဆုံး နည်းလမ်းများကြဖြစ်သည်။ သူ၏ ပြိုင်ဘက်အစစ်အမှန်သည် ကျန်းလင်းရှောင်ဖြစ်သည်။
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းထက် နှစ်အနည်းငယ်ခန့် ဦးစွာ ကျင့်ကြံခဲ့သူဖြစ်သည့်အပြင် ကမ္ဘာကျော် ပါရမီရှင်တစ်ဦးလည်းဖြစ်သည်။ ချူးယွင်ဖန်းက ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော နည်းလမ်းများကို အသုံးမပြုလျှင် ကျန်းလင်းရှောင်ကို မည်မျှကျော်လွှားနိုင်မည်နည်း။ ချူးယွင်ဖန်းသည် တစ်လကျော်လေးအတွင်းမှာပင် အနည်းဆုံးလျှင် ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ခန့် ဆိုးရွားသော အခြေအနေမျိုးဖြင့် ကြုံတွေ့ခဲ့ရသည်။ သူ၏ဒဏ်ရာများ သက်သာသွားချိန်တွင် အမဲလိုက်ခြင်းကို နောက်တစ်ကြိမ် ထပ်မံ၍ စတင်စေခဲ့သည်။
ချူးယွင်ဖန်း အသုံးပြုခဲ့သော ဤပြင်းထန်သော ကျင့်ကြံမှုကြောင့် သူသည် တစ်လတိုလေးအတွင်းမှာပင်၊ နတ်ဆိုးထံမှ စုပ်ယူခဲ့သော စွမ်းအင်ကို အပြည့်အဝ တည်ငြိမ်စေရုံသာမက မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်၏ အထွတ်အထိပ်သို့လည်း ရောက်ရှိခဲ့သည်။ သူ၏ တိုက်ပွဲစွမ်းရည်များ ခုန်ပျံကျော်လွှား၍ တိုးတတ်လာခဲ့ရာ၊ မရီးဒျန်သန့်စင်ခြင်း ဆဠမမြောက်အဆင့် ကျွမ်းကျင်သူနှင့် ကြုံတွေ့ရလျှင်ပင် မိမိကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။
သာမန် မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအနည်းငယ်ကိုပင် တားဆီးနိုင်မည်မဟုတ်ပေ။ သူ၏ တိုက်ပွဲစွမ်းရည်သည် နှစ်ဆကျော်မျှ တိုးတက်လာခဲ့သည်။
…
အာတိတ်သဲကန္တာရ၏ အနီးအနား တောင်တန်းကြီးတစ်ခု၏ တောင်ခြေရှိ မြို့ငယ်လေးတွင် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ်ရှိ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦး မတ်တပ်ရပ်လျက်ရှိသည်။ လူငယ်၏နောက်ကျောတွင် ဓားရှည်ကြီးတစ်ချောင်းရှိသည်။ ဤဓားကြီးကို သူ၏နောက်ကျောတွင် ပခုံးသိုင်းကာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော မြို့ငယ်လေးတွင် ဖြတ်လျှောက်နေခဲ့သည်။
ဤလူသည် တစ်လကြာမျှ အပတ်တကုတ် ကျင့်ကြံနေခဲ့သော ချူးယွင်ဖန်းမှတစ်ပါး အခြားမဟုတ်ပေ။ လွန်ခဲ့သောတစ်လနှင့် နှိုင်းယှဉ်ပါက သူ၏ စိတ်နေစိတ်ထားမှာ အနည်းငယ် ပြောင်းလဲသွား၍ ပိုမိုတည်ငြိမ်လာခဲ့သည်။ သေလုနီးပါးဖြစ်ခဲ့သော အတွေ့အကြုံများစွာသည် သူ၏ ခွန်အားကို တိုးတက်စေရုံသာမက သူ၏ စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲစေသည်။
ဤတောင်တန်းကို နဂါးပျံတောင်ဟုခေါ်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဤတောင်တန်းများထဲမှ နဂါးတစ်ကောင် ပျံသန်းသွားသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လာခြင်းမှ ယင်းအမည်တွင်ခဲ့ခြင်းဖြစ်သည်။
ဤတောင်တန်းသည် ချူးယွင်ဖန်း ဦးတည်ရာအရပ်ဖြစ်သည်။ တစ်လလုံး အဆက်မပြတ် ကျင့်ကြံပြီးနောက် သူသည် အဆုံးတွင် ကောင်းကင်သန့်စင်မြက်ပင်၏ သတင်းကို ရရှိခဲ့သည်။ တစ်စုံတစ်ယောက်က နဂါးပျံတောင်တန်းများ၏ နက်နဲသောအပိုင်းတွင် မြက်ပင်ကို မြင်တွေ့မိသည်ဟုပြောဆိုကာ နေရာ အကြမ်းပြင်းကိုပင် စာတိုတစ်စောင် ပေးပို့ခဲ့သည်။
ချူးယွင်ဖန်းသည် သတင်းရရှိပြီးသည်နှင့် မြန်နိုင်သမျှ မြန်မြန်ထွက်လာခဲ့သည်။ ဤမြို့ငယ်လေးသည် နဂါးပျံတောင်တန်း၏ တစ်ခုတည်းသော အနီးဆုံး အခြေချရာနေရာဖြစ်၍ မြို့သည် တောင်စဉ်တောင်တန်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြည်ထောင်စုနှင့် ဝေးကွာသော ဤအရပ်တွင်၊ ငွေနှင့်လဲလှယ်ရန် ထူးခြားသော မွန်းစတားများကို အမဲလိုက်၍ လှည့်လည်သွားလာနေသော ကြေးစားအဖွဲ့စည်းများနှင့် ရှေ့ဆောင်အဖွဲ့များစွာရှိသည်။
လူငယ်၏ ဆိုက်ရောက်မှုသည် လူတော်တော်များများ၏ အာရုံကိုဆွဲဆောင်ခဲ့သည်။ ဤသို့သောအန္တရာယ်များသည့် နေရာမျိုးကို ငယ်ငယ်ရွယ်ရွယ်ဖြင့် စွန့်စားရဲခြင်းသည် အရာတော်တော်များများကို သက်သေပြနေသည်။
“ လူသစ်တွေ ခေါ်နေပါတယ်၊ လူသစ်တွေ ခေါ်နေပါတယ်။ ဆေးဘုရင်ဂိုဏ်းက တပည့်တွေ အစောင့်စုဆောင်းဖို့ နဂါးပျံတောင်ကို သွားနေကြပါတယ်။ နေရာလွတ်တွေ မပြည့်ခင်အထိ စိတ်ပါဝင်စားသူတွေ လာရောက်လျှောက်ထားနိုင်ပါတယ်။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်အထက်ရှိ စစ်သည်တော်များကိုသာ လက်ခံပါမယ်။ နေရာအားလုံး မပြည့်မချင်း ရက်ရက်ရောရော ဆုချပါမယ်"
မြို့ငယ်လေးထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ချူးယွင်ဖန်းသည် လူသစ်စုဆောင်းရေး ကြေညာချက်ကို ကြားလိုက်ရသည်။ ၎င်းသည် သူ၏ အာရုံကို ချက်ချင်းပင် စွဲဆောင်သွားသည်။ တစ်ချိန်တည်းမှာပင် အဆိုပါ ကြေညာချက်ကို ကြားသိရသော မြို့အတွင်းရှိ သိုင်းပညာရှင် အများအပြားသည်လည်း စိတ်အားထက်သန်စွာ စတင်လှုပ်ရှားတော့သည်။ ၎င်းတို့အားလုံးသည် အသံထွက်ပေါ်လာရာသို့ အပြေးနှင်နေကြသည်။