← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃) ဆေးဘုရင်ဂိုဏ်းနှင့် စမ်းသပ်မှု

ချူးယွင်ဖန်းသည် အသံထွက်ပေါ်လာရာ မြို့လယ်ရင်ပြင်သို့ လူအုပ်နှင့်အတူ လိုက်သွားခဲ့သည်။ သူသည် အလယ်ဗဟိုတွင် အဖြူရောင် ၀တ်စုံဝတ်ဆင်ထားသော လူငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။

၎င်းတို့သည် ဆေးဘုရင်ဂိုဏ်း၏ တပည့်များဖြစ်ကြသည်။ ချူးယွင်ဖန်းသည် ဤဂိုဏ်းနှင့် ပတ်သက်၍ မှတ်တမ်းများကို စွယ်စုံကျမ်းတွင် မြင်ဖူးသည်။ ဆေးဘုရင်ဂိုဏ်းသည် ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများပေါ်တွင် တည်ထောင်ထားသည်။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များတွင် ဆေးဘုရင်ဂိုဏ်း၏ မှတ်တမ်းများလည်း ပါရှိသည်။ ထိုအချိန်က ဆေးဘုရင်ဂိုဏ်းသည် ကြီးမားသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယခုမူ၊ ဆေးဘုရင်ဂိုဏ်းသည် ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများပေါ်တွင် တည်ဆောက်ထားလျက်ရှိရာ၊ ယခင်ကနှင့် ယှဉ်လျှင် ကွာဟချက်မှာ အလွန်ကြီးမားသည်။

ဆေးဘုရင်ဂိုဏ်းတွင် ကိုယ်ပိုင်ဌာနချုပ်ရှိသည်။ ဆေးဘုရင်ဂိုဏ်းကို ရှေးဟောင်းလူသားများကာလမှ အမွေဆက်ခံခဲ့ခြင်းဖြစ်၍ ဆေးဘုရင်ဂိုဏ်းတွင်လည်း ၎င်း၏ကိုယ်ပိုင်တောင်တန်း အကာအရံရှိသည်။ မွန်းစတားတစ်ကောင်လျှင်ပင် ဤအကာအရံကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။ ဆေးဘုရင်ဂိုဏ်းသည် သီးခြားရပ်တည်နေသော အင်အားစုဖြစ်သည်။ ဂိုဏ်း၏ တပည့်လက်သားများမှ ဆေးလုံးများ ဖော်စပ်ပြီးနောက်၊ အဆိုပါဆေးလုံးများ၏ ထက်ဝက်ကျော်ကို ပြည်ထောင်စုအတွင်းရှိ မြောက်မြားစွာသော ဂိုဏ်းခွဲကြီးများထံ ရောင်းချလေ့ရှိသည်။ ဤသည်မှာ ၎င်းတို့ဂိုဏ်းကို ကြီးမားသော ကွန်ရက်တစ်ခု ဖြစ်စေသည်။ သာမာန်အားဖြင့် ဆေးဘုရင်ဂိုဏ်းကို မည်သူမှ ရန်စလိုစိတ်မရှိပေ။

ဆေးဘုရင်သည် ဆေးဘုရင်ဂိုဏ်း၏ လက်အောက်တွင် တစ်ချိန်က လေ့လာသင်ယူခဲ့ဖူးကြောင်း ကောလဟာလများပင် ရှိခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်း၏ သြဇာလွှမ်းမိုးမှု မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်သည်။ ဤဆေးဘုရင်ဂိုဏ်းရှိ တပည့်များ၏မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော မာနများရှိသည်။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများနှင့် နှိုင်းယှဉ်၍မရသော်လည်း ဤဝေးလံခေါင်သီ၍ တိတ်ဆိတ်ခြောက်ကပ်သော နေရာတွင် ဆေးဘုရင်ဂိုဏ်း၏ ခွန်အားနှင့် သြဇာအာဏာဟာ အသေးအဖွဲ့ဟု မဆိုနိုင်ပေ။

ထိုတပည့်များ၏အလယ်တွင် ရပ်နေသော အမျိုးသမီးသည် ၎င်းတို့၏ခေါင်းဆောင်ဖြစ်ဖြစ်ပေလိမ့်မည်။ သူမသည် အသက်နှစ်ဆယ်ခန့်ရှိ၍ ချောမောလှပသောမျက်နှာနှင့် သွယ်လျသောအသွင်အပြင်ရှိသည်။ သူမ၏အနောက်တွင် အသက်နှစ်ဆယ်ခန့်မျှရှိသော ဆေးဘုရင်ဂိုဏ်း၏ အခြားသောတပည့် သုံးယောက် မတ်တပ်ရပ်နေသည်။

ထိုတပည့်များအပြင် မြို့တော်၏ရင်ပြင်တွင် အယောက် ၄၀ မှ ၅၀ ခန့်ရှိသော ကြေးစားအဖွဲ့အစည်းတစ်ခုရှိသည်။ ထိုကြေးစားများသည် ယူနီဖောင်းများ ၀တ်ဆင်ထားကာ အတော်လေး ရဲစွမ်းသတ္တိရှိပုံပေါ်သည်။ ၎င်းတို့တစ်ဦးစီသည် အလွန်အင်အားကြီးသော အရောင်အဝါများရှိနေကြရာ၊ ၎င်းတို့သည် တူညီသောအဖွဲအစည်းတစ်ခုမှဖြစ်ကြသည်မှာ သိသာထင်ရှားသည်။

မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ လူအများက ချူးယွင်ဖန်း၏ စိတ်ရှုပ်ထွေးမှုများကို ဖြေရှင်းပေးခဲ့သည်။ ဤအဖွဲ့အစည်းသည် စစ်လေပြေဟုခေါ်သော ကြေးစားအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းသည် ဤဒေသတွင် အကြီးမားဆုံး ကြေးစားကုမ္ပဏီတစ်ခုဖြစ်သည်။ ဤကြေးစားအဖွဲ့ကို အသက်သုံးဆယ်နီးပါးရှိသော လူငယ်တစ်ဦးမှ ဦးဆောင်ခဲ့သည်။ ဤလူငယ်၏ မျက်နှာသည် မော်ကြွားသော အသွင်အပြင်ရှိသော်လည်း ၎င်းမှ ထုတ်လွှတ်နေသော အင်အားကြီး ကိုယ်ရောင်ကိုယ်ဝါသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို ဖိနှိပ်ထားနိုင်သည်။

" မရီးဒျန်သန့်စင်ခြင်းအဆင့်် ကျွမ်းကျင်သူ"

ချူးယွင်ဖန်းက ချက်ချင်း ကောက်ချက်ချခဲ့သော်လည်း ၎င်းတို့ကြားရှိ အကွာအဝေး ကွာခြားမှုကြောင့် ခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်ကို တိတိကျကျ သန္နိဋ္ဌာန်ချရန် နည်းလမ်းမရှိပေ။ စစ်လေပြေအဖွဲ့အစည်းရှိ ကြေးစားများကို အထင်သေးလို့ မရပေ။ ၎င်းတို့အနက်မှ ခွန်အားအနည်းဆုံးမှာ စွမ်းအင်သန့်စင်မှုအဆင့်၏ သတ္တမအဆင့်တွင်ဖြစ်၍ အများစုမှာ စွမ်းအင်သန့်စင်မှုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများဖြစ်သည်။ ၎င်းတို့ကြားတွင် ပုန်းလျှိုး ကွယ်လျှိုးရှိနေသော မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူ အနည်းငယ်ပင် ရှိသေးသည်။

၎င်းတို့သည် ဤဒေသတွင် အကြီးမားဆုံး အကြေးစားအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ခြင်းမှာ အံ့ဩစရာမရှိပေ။ ၎င်းတို့သည် အမှန်တကယ် ထူးခြားသော နောက်ခံအသိုင်းအဝိုင်းရှိပုံရသည်။ ထင်ရှားစွာပင်၊ စစ်လေပြေအဖွဲ့အစည်းကို ဆေးဘုရင်ဂိုဏ်း၏ တပည့်များက ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ ဆေးဘုရင်ဂိုဏ်း၏ တပည့်များသည် အင်အားနှင့် အဆက်အသွယ်များစွာရှိသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လုံလောက်မှုမရှိပေ။ ကာကွယ်ရေးအတွက် ကြေးစားအဖွဲ့အစည်းတစ်ခုကို ငှားရမ်းခြင်းမှာ သာမာန်ဖြစ်စဉ်ဖြစ်သည်။

၎င်းတို့တွင် စစ်လေပြေအဖွဲ့ဝင်များရှိနေသော်လည်း ဆေးဘုရင်ဂိုဏ်း၏ တပည့်များက ကျေနပ်အားရပုံမပေါ်ဘဲ အစောင့်အရှောက်များ ထပ်မံ ငှားရမ်းချင်ကြသည်။ အဆုံးတွင်၊ နဂါးပျံတောင်တန်းများသည် အန္တရာယ်များ၍ ကြိုတင်မှန်းဆလို့မရနိုင်သော နေရာဖြစ်သည့်အလျှောက် လူအင်အားများပြားလေ လုံခြုံရေးမြင့်မားလေဖြစ်သည်။ လူများစွာသည်လည်း ဤသို့ တွေးထင်ကြသည်။ ၎င်းတို့အားလုံးသည် တောင်ပေါ်တက်ချင်ကြသော်လည်း တောင်ပေါ်သို့ တစ်ယောက်တည်းတက်သွားခြင်းသည် အလွန်အန္တရာယ်ကများလှသည်။ ၎င်းတို့သည်လည်း ဤအဖွဲ့အစည်းဖြင့် အတူသွားချင်ကြသည်။

လူစုဆောင်းရေးအတွက် တာဝန်ရှိသူမှာ စစ်လေပြေမှ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အစောပိုင်းက ကြေငြာချက် ထုတ်ပြန်ခဲ့သူလည်းဖြစ်သည်။ ထိုအချိန်တွင် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို လူတစ်စုက ဝိုင်းရံနေကြပြီဖြစ်သည်။

"စစ်လေပြေအဖွဲ့အစည်းကို ဆေးဘုရင်ဂိုဏ်းရဲ့ တပည့်တွေက ငှားရမ်းထားတယ်ဆိုပေမယ့် အားလုံးသိကြတဲ့အတိုင်း နဂါးပျံတောင်တန်းရဲ့ အန္တရာယ်က မှန်းဆလို့မရနိုင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က အကူအညီပေးမယ့်လူ နည်းနည်းပါးပါး ငှားရမ်းလိုတယ်။ ကျွန်တော်တို့ရဲ့ စုဆောင်းမှုစံနှုန်းကတော့ စွမ်းအင်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ဒါမှမဟုတ်ရင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကိုပဲ ခေါ်ယူမှာပါ။ စိတ်ပါဝင်စားသူများ လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်” အမျိုးသားက ပြောကြားခဲ့သည်။

“ပြီးတော့ ဒီခရီးစဉ်အတွက် ဆုကြေးက လူတစ်ဦးကို ယွမ် ၅၀၀,၀၀၀ ပါ”

“ဒါဆို ခရီးစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် ဘယ်လောက်ကောက်ခံမှာလဲ”

အင်အားနည်းသော ကြေးစားစစ်သားတချို့က မေးမြန်းလိုက်သည်။ ၎င်းတို့သည် စံနှုန်းနှင့် မကိုက်ညီမှန်းသိထားသော်လည်း ဆက်လက်၍ ပါဝင်ချင်သေးသည်။ ထို့ကြောင့် အဖွဲ့အစည်းနှင့် ပူးပေါင်းလိုလျှင် ထုံးစံအတိုင်း ဝင်ကြေးပေးအပ်ရမည်ဖြစ်သည်။

"ပါဝင်လိုတဲ့လူတွေကတော့ တစ်ယောက်ကို ယွမ်ငွေ ၁၀၀,၀၀၀ ပေးဆောင်ရပါမယ်။ အစားအသောက်နဲ့ နေရေးထိုင်ရေးကိုလည်း ကိုယ့်ဘာသာ ဂရုစိုက်ရမယ်” သတ်လတ်ပိုင်းအရွယ် အမျိုးသားက ဖြေကြားခဲ့သည်။

ချူးယွင်ဖန်းက ထိုစကားကိုကြားသည့်အခါ၊ ဤသည်မှာ စီးပွားရေးကောင်းတစ်ခုဟု တွေးထင်ခဲ့သည်။ ကျွမ်းကျင်သူများကို ငှားရမ်းသည့် စျေးနှုန်းသည် ချိုသာသည်ဟုမဆိုနိုင်သော်လည်း အခြားလူများမှ ဤအဖွဲ့အစည်းသို့ ပါဝင်လိုပါက တစ်ဦးလျှင် ၁၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် ဆုံးရှုံးမှု မရှိရုံသာမက ဆုံးရှုံးမှုများအတွက်ပါ ပြန်လည်ပေးချေနိုင်မည်ဖြစ်သည်။

အချိန်တိုလေးအတွင်းမှာပင် ဤအဖွဲ့အစည်းသို့ ဝင်ရောက်လိုသူပေါင်း အယောက်တစ်ရာကျော်ရခန့် ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်သန့်စင်ခြင်း အထွတ်အထိပ်တွင်ရှိနေသည့် ကျွမ်းကျင်သူ အများအပြားသည်လည်း အလုပ်လက်ခံရန် အရှေ့သို့ ရောက်ရှိလာကြသည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှ စဉ်းစားပြီးနောက် ရှေ့သို့ထွက်လာခဲ့သည်။

"အလုပ်လက်ခံမယ့် စာရင်းထဲကို ကျွန်တော့်ကိုလည်း ထည့်ပေးပါ"

ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသော်လည်း ထင်ရှားပေါ်လွင်စွာပြုမူရဲသည့် ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ ကြေးစားများ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"ဘာတွေလုပ်နေတာလဲ။ အခုခေတ်ကလေးတွေများ ရူးကုန်ကြပြီလား မသိဘူး"

"ဟို ကောင်လေး မင်းက တခြားမြို့က လာခဲ့တာ မဟုတ်လား။ နဂါးပျံတောင်တန်းတွေက ဘယ်လောက် အန္တရာယ်များလဲ မသိဘူးမလား။ လူကြည့်တော့ နို့နံ့တောင် မစင်သေးဘူး။ ပြန်သွားပြီး နို့သောက်နေလိုက်ဦး။ ဟားဟားဟား"

"ဒီလိုပုံစံနဲ့ ပိုက်ဆံရှာနိုင်မယ်ထင်နေလား။ လိုအပ်ချက်က အနည်းဆုံး စွမ်းအင်သန့်စင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာရှိနေဖို့ လိုအပ်တယ်လို့ ပြောနေတာကို မမြင်ဘူးလား" ထိုကြေးစားများက ရယ်မောလိုက်ကြသည်။

ချူးယွင်ဖန်းက သရော်၍ ပြောလိုက်သည်။

"ဒါဆို ကျွန်တော်က အဲ့လောက်သန်မာတယ်ဆိုတာကို ဘယ်လိုသက်သေပြရမလဲ"

"ကောင်လေး ဒီလိုလုပ်ကြည့်ပါလား။ ရိုးရိုးရှင်းရှင်းပဲ။ ငါက စွမ်းအင် သန့်စင်ခြင်း အထွတ်အထိပ်မှာ ရှိတာ။ မင်းငါ့ဆီက လက်သီးသုံးချက်လောက်ကို ခုခံနိုင်သရွေ့ ငါတို့ မင်းကိုပူးပေါင်းခွင့်ပေးမယ်။ ဘယ်လိုလဲ" သက်လတ်ပိုင်း စုဆောင်းရေး တာဝန်ခံက ပြောလိုက်သည်။

"ကောင်းပြီလေ၊ ကိစ္စမရှိပါဘူး" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သက်လတ်ပိုင်းအရွယ် အမျိုးသားက လှုပ်ရှားလိုက်သည်။ သူ၏လက်သီးများကို ခါးဆီပြန်ဆုတ်လိုက်ပြီးနောက် ပြင်းထန်စွာ ဆန့်ထုတ်ခဲ့သည်။

ဤလက်သီးချက်သည် အလွန်ကျယ်လောင်စွာ မြည်ဟည်းသွား၏။ ၎င်းသည် မိုးကြိုးလက်သီးဟုခေါ်သော လက်သီးသိုင်းပညာတစ်ခုဖြစ်သည်။ ဤလက်သီးသိုင်းပညာသည် အလွန် စွမ်းအားပြင်းထန်ကာ လျင်မြန်လှသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်ရှိ သိုင်းပညာရှင်တစ်ဦးလျှင်ပင် လက်သီးချက်ကို ခုခံနိုင်ရန် ခက်ခဲမည်ဖြစ်သည်။

သို့သော် သက်လတ်ပိုင်းအရွယ် အမျိုးသားမှ သူ၏ လက်သီးကို ဆန့်ထုတ်လိုက်ချိန်တွင် ချူးယွင်ဖန်းက သူ၏လက်ကို မြှောက်လိုက်သည်။ မိုးကြိုးလက်သီးသည် ချူးယွင်ဖန်း၏လက်ကို ထိမှန်ခဲ့သော်လည်း ချူးယွင်ဖန်းသည် တစ်လက်မမျှ မလှုပ်ရွေ့ခဲ့ပေ။

အခန်း (၄၆၄) သုံးရက်ကြာ၊ နဂါးပျံတောင်တန်းများ၏ နက်နဲသော အပိုင်းသို့ ဦးတည်ခြင်း။

ဤအရာအားလုံးသည် စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်စလုံးက အပြန်အလှန် ထိုးနှက်ကြပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရလဒ်တစ်ခုထွက်ပေါ်လာပြီဖြစ်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏တိုက်ခိုက်မှုများကို ရပ်စဲ၍၊ လေးနက်သောအမူအရာဖြင့် ပြန်လည်ရုတ်သိမ်းခဲ့သည်။

ချူးယွင်ဖန်းက ပြောလိုက်သည်။

“ဒါက ပထမ လှုပ်ရှားမှုပဲ ရှိသေးတယ်လေ။ ဆက်မတိုက်တော့ဘူးလား"

“မဟုတ်ပါဘူး၊ ကျုပ်က ရေနစ်သူဝါးကူထိုးဖို့လာတဲ့ လူတွေရှိနေမှာ စိုးရိမ်လို့လုပ်ရတာပါ။ ဒီလက်သီးချက်နဲ့ မင်းက စွမ်းအင်သန့်စင်ခြင်းအဆင့်ရဲ့အထွတ်အထိပ်မှာရှိနေတယ်ဆိုတာကို သိနိုင်ပါတယ် လူငယ်လေး။ နောက်ထပ် ထပ်ပြီး စမ်းသပ်ဖို့ မလိုတော့ပါဘူး”

သက်လတ်ပိုင်းအရွယ် အမျိုးသားက အပြုံးလေးဖြင့် ပြောသည်။ လူအုပ်ကြီးက စတင်တုံ့ပြန်လာတော့သည်။ ချူးယွင်ဖန်းသည် ယခုမတိုင်ပင် အလွန်တည်ငြိမ်နေခဲ့ရာ၊ စွမ်းအင်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုကို တစ်လက်မမလှုပ်ရှားဘဲ တားဆီးခဲ့သည်။ သူသည် အမှန်တကယ် အင်အားကြီးခြင်းဖြစ်ရာ၊ ချူးယွင်ဖန်းသည် အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ် အရွယ်သာရှိသေးပုံရသော်လည်း သူ့တွင် ကြောက်မက်ဖွယ် အစွမ်းသတ္တိရှိနေသည်။

"ဒီကောင်လေးက ထိပ်တန်း တက္ကသိုလ်ဆယ်ခုထဲက ကျောင်းသားတစ်ယောက်များ ဖြစ်နေမလား"

“ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ သူက မင်းမျိုးမင်းနွယ်က ဆင်းသက်လာတဲ့ မျိုးဆက်တစ်ယောက်လည်း ဖြစ်နိုင်တာပဲ"

“ဟာ၊ လူတွေကို လိုက်ပြီး နှိုင်းယှဥ်ကြည့်ရတာ တကယ်ကို စိတ်တိုဖို့ကောင်းတယ်။ သူက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းအင် သန့်စင်ခြင်း အဆင့်ကို ရောက်နေပြီ။ အဲ့ဒါဆိုရင် သူက မရီးဒျန်သန့်စင်ခြင်း အဆင့််ကိုရောက်ဖို့ သိပ်မကြာတော့ဘူးလို့ ဆိုလိုချင်တာမလား"

လူများစွာသည် ဤစကားကိုကြားသောအခါ အလွန်အမင်း စိတ်ဓာတ်ကျသွားကြရသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာကြာအောင် ၎င်းတို့၏ အသက်ကို စွန့်စားခဲ့ကြရာ စွမ်းအင် သန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသည်။ ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာ ရှိသော်လည်း ပါရမီရှင်တစ်ဦးဖြင့် ဤသို့တွေ့ဆုံရခြင်းသည် ၎င်းတို့ကို အလွန်ညှိုးငယ်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။

ချူးယွင်ဖန်းသည် စမ်းသပ်မှုအောင်မြင်ပြီးနောက် ယာယီအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ရာ၊ လူတိုင်းက အသင့်အနေအထားရှိနေကြသည်။

ချူးယွင်ဖန်းသည် သူ၏ဧကရာဇ်ကျင့်စဉ်ကို လည်ပတ်စေကာ နံရံထောင့်တစ်ဘက်သို့ မှီ၍ လူအုပ်ကို တိတ်တဆိတ်လှည့်ပတ်ကြည့်ရှု့နေသည်။ သူသည် မိနစ်တိုင်းနှင့် စက္ကန့်တိုင်းကို ကျင့်ကြံရန် အသုံးပြုနေခဲ့ရာ၊ ကမ္ဘာ့ဆွဲငင်အားလေးဆကိုလည်း သယ်ဆောင်ထားဆဲဖြစ်သည်။ ပြီးနောက် အာတိတ်သဲကန္တာရထဲတွင် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ချီစွမ်းအင်များကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။

ထို့ကြောင့် ချူးယွင်ဖန်း၏ ချီစွမ်းအင် သုံးစွဲမှုသည် သိသာထင်ရှားမှုမရှိသော်လည်း အလွန်ပြင်းထန်သည်။ ထူးကဲသော ပြန်လည်ကုသနိုင်စွမ်းရှိသော ဧကရာဇ်ကိုယ်ခန္ဓာနည်းစနစ်ကို မကျင့်ကြံခဲ့လျှင် ဤအခြေအနေမျိုးကို ထိန်းထားနိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ရှိလူများကို စူးစိုက်၍ကြည့်နေခဲ့သည်။ နဂါးပျံတောင်တန်းထဲကို ဝင်ချင်ကြသူများမှာ အယောက်၂၀၀ နီးပါးရှိသည်။ ဤလူများအနက် လက်ရွေးစင်များလျှင်ပင် စစ်လေပြေအဖွဲ့အစည်းဆီမှ လမ်းညွှန်ချက်ရယူရန် လိုအပ်သည်။ ဤနေရာရှိလူတိုင်းသည် စနစ်ကျကျ လေ့ကျင့်ထားသူများဖြစ်ကြသော်လည်း ၎င်းတို့သည် ပရမ်းပတာများဖြစ်နေကြသည်။

ဤလူများမှလွဲ၍ ဆေးဘုရင်ဂိုဏ်း၏ တပည့်များသည်လည်း ထင်ပေါ်လျက်ရှိသည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ထံမှ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဦးဆောင်နေသော အမျိုးသမီးတပည့်မှလွဲ၍ အခြားလူများမှာ အလွန်ထူးဆန်းလှသည်။

ချူးယွင်ဖန်းသည် သူ၏ပတ်ဝန်းကျင်က စကားပြောဆိုသံများကို နားထောင်လျက် အမျိုးသမီးတပည့်၏ အမည်မှာ ရှန်မြောင်မြောင်ဟု သိလိုက်ရသည်။ အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း ၎င်းသည် သူနှင့် သက်ဆိုင်မှုမရှိပေ။ သူ၏ တောင်တန်းသို့ ဝင်ရောက်ရသော အဓိက ရည်ရွယ်ချက်မှာ ကောင်းကင်သန့်စင်မြက်ပင် ရှာဖွေ၍ သွေးဇစ်မြစ်ဆေးလုံးကို ဖော်စပ်ရန်ဖြစ်သည်။ ပြီးနောက် သူ၏ ခွန်အားကို ထပ်မံ၍ အဆင့်ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

နဂါးပျံတောင်တန်းများသည် အလွန်အန္တရာယ်များသည်။ စွယ်စုံကျမ်းပါ အကြံဉာဏ်များအရ မရီးဒျန်သန့်စင်ခြင်းအဆင့််အောက် ကျင့်ကြံသူများမှ ဝင်ရောက်ရန်မသင့်တော်ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့်် ကျွမ်းကျင်သူဖြစ်လျှင်ပင် အလွန်မြင့်မားသော အန္တရာယ်အဆင့်ကြောင့် တစ်ဦးတည်း ဝင်ရောက်ရန် သင့်တော်မည်မဟုတ်ပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် ဤအဖွဲ့အစည်းနှင့်အတူ တောင်တန်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော်လည်း တောင်တန်းသို့ အသင်းအဖွဲ့ဖြင့် ဝင်ရောက်ပါက အန္တရာယ်နည်းပါးမည်ဖြစ်သည်။ မကြာမီတွင် အဖွဲ့သားများသည် နဂါးပျံတောင်တန်းသို့ ထွက်ခွာခဲ့ကြသည်။ လူတိုင်းသည် တောင်တန်းသို့ရောက်ပြီးနောက် စကားစဲသွားကြ၍ အားလုံး သတိဝီရိယ ပိုလာကြသည်။ တောင်တန်းသည် ပြည်ထောင်စု၏ ပိုင်နက်အတွင်းတွင် မဟုတ်ပေ၊ တစ်နည်းဆိုရလျှင် ၎င်းကို ကျယ်ပြန့်စွာ မချဲ့ထွင်ရသေးသောကြောင့် တောင်တန်းထဲတွင် အင်အားကြီး မွန်းစတားများစွာ ပုန်းအောင်းနေလျက်ရှိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများလျှင်ပင် လှည့်ပတ်သွားလာနေခဲ့ရာ၊ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

တောင်တန်းသို့ ဝင်ရောက်ပြီးနောက် ဆေးဘုရင်ဂိုဏ်း၏ တပည့်များနှင့် ၎င်းတို့ကို အမှီပြုကြသော လူအများသည် ဆေးဖက်ဝင်အပင်များကို စတင်ရှာဖွေကြတော့သည်။ စစ်လေပြေအဖွဲ့နှင့် ချူးယွင်ဖန်းကဲ့သို့သော ကူညီရန် ငှားရမ်းထားသူများနှင့် စစ်လေပြေအဖွဲ့သည် အင်အားကြီး မွန်းစတားများ၏ ခြုံခိုတိုက်ခိုက်မှုများမှ ကာကွယ်ရန် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သည်။

ချူးယွင်ဖန်းက အသွားအပြန် ကင်းလှည့်နေချိန်အတွင်းမှာပင် ကောင်းကင်သန့်စင်မြက်ပင်ကိုလည်း စောင့်ကြည့်နေခဲ့သည်။ အဖွဲ့သည် နဂါးပျံတောင်တန်းများ၏ နက်နဲရာအရပ်သို့ ဦးတည်သွားခဲ့သည်။ အကွာအဝေးတစ်ခုသို့ ခရီးနှင်လာခဲ့ပြီးသည်နှင့် ဆေးဘုရင်ဂိုဏ်း၏ တပည့်များက ဆေးဖက်ဝင်အပင်များ ခူးဆွတ်နိုင်စေရန် အနည်းငယ် ရပ်တန့်ပေးကြသည်။

ထိုအချိန်တွင်၊ ချူးယွင်ဖန်းသည် ရှာဖွေမှုနယ်ပယ်ချဲ့ထွင်ရန် အဖွဲ့၏အပြင်ဘက် အစွန်းတွင် လှည့်လည်နေခဲ့သည်။ အဖွဲ့၏ အစွန်အဖျားတွင် တစ်စုံတစ်ယောက်က စောင့်ကြပ်နေခြင်းသည် ကောင်းမွန်သော ကိစ္စဖြစ်ရာ၊ စစ်လေပြေအဖွဲ့က ဤလုပ်ရပ်ကို ကန့်ကွက်ခြင်းမရှိပေ။ တောင်တန်း၏ နက်နဲရာအရပ်သို့ ရောက်လာခဲ့သည်နှင့် ပြဿအစစ်အမှန်များ ရောက်ရှိလာတော့သည်။ ၎င်းတို့သည် ကြီးမားသောအဖွဲ့အစည်းတစ်ခုဖြစ်၍ စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် အထက်ရှိသော လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားခဲ့ရာ၊ သာမန်မွန်းစတားများက ချဉ်းကပ်ဝံ့မည်မဟုတ်သော်လည်း အုပ်စုလိုက် တိုက်ခိုက်သော မွန်းစတားများ ရှိနေသေးသည်။

အဖွဲ့သည် နာရီအနည်းငယ်အတွင်းမှာပင် တိုက်ခိုက်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ အချို့သော မွန်းစတားများသည် ဂူအတွင်း၌ ပုန်းအောင်းနေကြ၍ အချို့မှာ မြေအောက်၌ ပုန်းအောင်းနေကြသည်။ သစ်ပင်များပေါ်တွင် တွယ်ကပ်နေသည့် မွန်းစတားများလည်းရှိနေသောကြောင့် ၎င်းတို့ကို ရှာဖွေရသည်မှာ အလွန်ခက်ခဲသည်။

နာရီအနည်းငယ်အတွင်းမှာပင် အသေအပျောက် အနည်းငယ်ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည်လည်း မွန်းစတားတစ်ကောင်၏ လျှပ်တစ်ပြက် တိုက်ခိုက်ခြင်းဖြင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် သူသည် ထိုမွန်းစတားကို ထိတ်လန့်ခြင်းမရှိဘဲ လျင်မြန်စွာသုတ်သင်ခဲ့သည်။

ဤသို့ဖြင့် ကြေးစားများက ချူးယွင်ဖန်းအပေါ် အမြင်ပြောင်းစေခဲ့သည်။ ၎င်းတို့သည် နာမည်ကြီးမိသားစုများ၏ တပည့်များကို မတွေ့ဖူးခဲ့ခြင်း မဟုတ်သော်လည်း ထိုလူများသည် အများအားဖြင့် ပြရုပ်သက်သက်သာဖြစ်သည်။ ၎င်းတို့ဟာ အစွမ်းထက်ကြသော်လည်း ၎င်းတို့၏ တိုက်ပွဲအတွေ့အကြုံသည် အလွန်ညံ့ဖျင်းလွန်းသည်။ ဤသူများသာ မမျှော်လင့်ထားသော အခြေအနေများဖြင့် ကြုံကြိုက်ရပါက၊ ၎င်းတို့ အလွန်ပျာယာခတ်၍ သေပင်သေဆုံးသွားနိုင်သည်။

သို့သော် ချူးယွင်ဖန်းသည် ရာနှင့်ချီသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသူ သကဲ့သို့ ပြုမူခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်မှ ရုတ်တရက် ခုန်ထွက်၍ တိုက်ခိုက်လာသော မွန်းစတားတစ်ကောင်ကို သုတ်သင်လိုက်သည်။

“နာမည်ကြီးဂိုဏ်းက တပည့်တစ်ယောက်ဆိုတဲ့ အတိုင်း တော်တော် တော်တာပဲ"

ချူးယွင်ဖန်းသည် ရယ်စရာကောင်းသည်ဟု ထင်မိသည်။ ဤလူများသည် နာမည်ကြီးဂိုဏ်းများ၏ တပည့်များကို နှိမ့်ချကြသော်လည်း၊ လူတစ်ဦးတစ်ယောက်က ကောင်းမွန်စွာလုပ်ဆောင်ခဲ့လျှင် ၎င်းကို ကျော်ကြားသောဂိုဏ်း၏ တပည့်အဖြစ် သတ်မှတ်လေ့ရှိကြသည်။ သို့သော် သူသည် စကားစမြည်ပြောရန်ပင် အာရုံမရှိသောကြောင့် အသင်း၏အနောက်သို့သာ လိုက်၍ အရှေ့သို့ ခရီးဆက်နေခဲ့သည်။

၎င်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ ဆေးဖက်ဝင်အပင်များ ပိုမိုရရှိလာကြသည်။ လမ်းတစ်လျှောက်ရှိ မွန်းစတားများစွာကိုလည်း သုတ်သင်ခဲ့ရာ၊ ထိုမွန်းစတားများ၏ အလောင်းများကို စစ်လေပြေအဖွဲ့အစည်းမှ သိမ်းယူသွားခဲ့သည်။ သဘောတူညီချက်အရ လမ်းတစ်လျှောက်တွင် သုတ်သင်ခဲ့သော မွန်းစတားများသည် ၎င်းတို့၏ အကျိုးအမြတ်များဖြစ်သည်။

နောက်ဆုံးတွင်၊ စစ်လေပြေအဖွဲ့သည် အကျိုးကျေးဇူးများစွာ ရရှိနိုင်သောကြောင့် ဤနေရာတွင် အစောင့်များအဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်ကြာမြင့်သွားပြီဖြစ်သည်။

အခန်း(၄၆၅) ကောင်းကင်စုစည်းခြင်းမြက်ပင်နှင့် ရုတ်တရက် အပြောင်းအလဲများ

သုံးရက်အကြာတွင် အဖွဲ့သည် နဂါးပျံတောင်တန်းများ၏ နက်ရှိုင်းသော နေရာများဆီသို့ ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့အခြေအနေသည် ဝင်စကကဲ့သို့ မလွယ်ကူလှတော့ပေ။ အစပိုင်းတွင် အဖွဲ့သည် ၎င်းတို့ကို တိုက်ခိုက်လာသည့် မွန်းစတားများကို လွယ်ကူစွာ ချေမှုန်းသုတ်သင်နိုင်ခဲ့ကြသော်လည်း၊ တောနက်ထဲသို့ရောက်သောအခါ၊ မွန်းစတားများသည် ပို၍ များပျားစွာ ပေါ်ပေါက်လာ၍ ပို၍ စွမ်းအားကြီးလာသည်။ မွန်းစတားအုပ်စုများ ပေါ်လာသောအခါ၊ အဖွဲ့အတွင်းတွင် အသေအပျောက်များ များပြားလာသည်။ သုံးရက်ခန့်အကြာတွင် တစ်ဒါဇင်ပမာဏခန့် အသတ်ဖြတ်ခံခဲ့ရ၏။ ၎င်းတို့အားလုံးသည် မိမိတို့ရပ်နေကြသော နေရာများတွင်ပင် သေဆုံးသွားကြကာ၊ ၎င်းတို့၏အလောင်းများကို စစ်လေပြေဂိုဏ်းက ငှားရမ်းထားသော ရဟတ်ယာဥ်များဖြင့်၊ နဂါးပျံတောင်အောက်သို့ သယ်ယူသွားမည်ဖြစ်သည်။

မည်သူကမျှ စကားစမြည်ပြောရန် စိတ်မကူးကြပေ။ မိမိအလုပ်များကို ငြိမ်သက်စွာလုပ်ကိုင်လျက်ရှိကြသည်။ ၎င်းတို့သည် မွန်းစတားများကို သတ်လျှင်သတ်၊ မသတ်လျှင် ဆေးဘက်ဝင်အပင်များ စုဆောင်းကြသည်။ သို့သော် နဂါးပျံတောင်၏ အတွင်းပိုင်းသို့ သွားလေလေ၊ ပို၍တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်များကို တွေ့ကြရလေလေဖြစ်၏။ အများစုသည် ယွမ် တစ်သိန်းကျော်တန်ကြေးရှိသည်။ ပြင်ပကမ္ဘာတွင် ဆေးဘက်ဝင်ပစ္စည်းများ စျေးတက်ရခြင်းသည် အကြောင်းပြချက်မရှိဘဲမဟုတ်ပေ။ သို့သော် ကနဦးသဘောတူညီချက်အရ၊ ဆေးဖက်ဝင်အပင်များသည် ဆေးဘုရင်ဂိုဏ်းနှင့်သက်ဆိုင်၍ တိရစ္ဆာန်အသေကောင်များသည် စစ်လေပြေဂိုဏ်းနှင့် သက်ဆိုင်သည်။

ချူးယွင်ဖန်းကဲ့သို့သော လက်လီရင်းနှီးမြှုပ်နှံသူများသည် ဤကိစ္စများတွင် ပါဝင်ခြင်းမရှိပေ။ ၎င်းတို့အပေါ်တွင် အားကိုးနေသော သူများသည် ဆေးဖက်ဝင်ပစ္စည်းအချို့ကို ရွေးချယ်နိုင်သည်။ သို့သော် ဆေးဘုရင်ဂိုဏ်း၏ ဂိုဏ်းသားများက ရွေးချယ်ပြီးသည်ကို စောင့်ဆိုင်းပြီးမှသာလျှင်၊ ရွေးချယ်ခွင့်ရသည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် ၎င်းတို့၏ တပည့်များကို မှီခိုအားထားသော လူများသာဖြစ်ကြသည်။

သို့သော် ချူးယွင်ဖန်းသည် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။ သူဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်စုစည်းခြင်းမြက်ပင်သဖြစ်သည်။

ထိုညတွင် ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ရှိသစ်တောတွင် မြက်ပင်များကို စတင်ရှာဖွေခဲ့ရာ၊ အင်တာနက်မှရရှိခဲ့သော လိပ်စာနှင့်အလွန် နီးကပ်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကကဲ့သို့ နှုတ်ယူရန် ခပ်များများမရှိဟု တွေးလျက်၊ ရှာဖွေနေစဥ်တွင် သစ်ပင်ကြီးတစ်ပင်အောက်မှ အစိမ်းပုတ်ရောင် ဆေးဖက်ဝင်အပင်တစ်ပင်ကို ရုတ်တရက်တွေ့လိုက်ရသည်။ ချူးယွင်ဖန်း၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။

“နောက်ဆုံးတော့ ငါရှာတွေ့ပြီ”

ချူးယွင်ဖန်းက ဝမ်းသာသွားကာ၊ အစိမ်းပုတ်ရောင် အပင်ကို အမြန်နှုတ်ယူ၍ တောင်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းခဲ့သည်။ နောက်ဆုံးတွင် ဤခရီးစဥ်အတွက် သူ၏ပန်းတိုင်သို့ရောက်ရှိနိုင်ခဲ့ပြီဖြစ်သည်။ နောက်နေ့မနက်အစောပိုင်းတွင် သူထွက်သွားနိုင်လိမ့်မည်ဖြစ်ရာ၊ အစောင့်အကြပ်များအတွက်အခကြေးငွေကို သူဂရုမစိုက်ပေ။

ချူးယွင်ဖန်းသည် အဖွဲ့ထဲသို့ တိတ်တဆိတ်ပြန်လာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ညသန်းခေါင်တွင်သာ ပေါ်လာတတ်သော ချူးယွင်ဖန်းကို လူတိုင်းလိုလိုသိလာကြသည်။ လူတိုင်းတွင် လျှို့ဝှက်ချက်များရှိကြသည်။ ချူးယွင်ဖန်းသည် အစောင့်အဖြစ်နေ၍ မိမိတာဝန်ကိုပြီးဆုံးအောင်လုပ်ပေးသဖြင့်၊ မည်သူကမျှ မေးခွန်းမထုတ်ကြပေ။

ချူးယွင်ဖန်းက မျက်လုံးများကို မှိတ်လျက်အိပ်ချင်ယောင်ဆောင်၍ ဤနေရာမှ ထွက်ခွာရန် နေထွက်ချိန်ကိုစောင့်ဆိုင်းနေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် လေထုထဲမှ ချိုမြိန်သော မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့ရာ၊ ချူးယွင်ဖန်းက သူ၏မျက်လုံးများကို လျင်မြန်စွာ ဖွင့်ကြည့်လိုက်သည်။ ‘အဆိပ်ပဲ' ချူးယွင်ဖန်းက ငြိမ်သက်စွာ တွေးတောနေခဲ့သည်။ ဤအဆင့်ရှိ အဆိပ်သည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ် ပထမအဆင့်အထိ ကျင့်ကြံသူကို မည်သို့မျှ သက်ရောက်နိုင်မည်မဟုတ်ပေ။ မိမိ ရှူရှိုက်မိသော အဆိပ်အတောက်များကို အရေပြားမှတဆင့် ချက်ချင်း စွန့်ထုတ်ပစ်စေလိမ့်မည်။

သိပ်မကြာမီတွင် အုပ်စုတစ်ခုလုံးသည်လည်း တစ်စုံတစ်ခု မှားယွင်းနေခြင်းကို သတိထားမိသွားသည်။ သို့သော် ၎င်းတို့မှ မလှုပ်ရှားနိုင်တော့ပေ။ ၎င်းတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုများဆုတ်ယုတ်သွားသကဲ့သို့ ဖြစ်လာခဲ့သည်။

"ဘယ်-ဘယ်သူက ငါတို့ကို အဆိပ်ခတ်လိုက်တာလဲ"

လူတိုင်းသည် ၎င်းတို့၏ ခွန်အားများ ခန်းခြောက်သွားသလို ခံစားလိုက်ရသည်။ ထိုသို့သော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို ခံစားရသောအခါ အဖွဲ့သားများမှ စတင် ဆဲဆိုလာကြသည်။ စစ်လေပြေဂိုဏ်းသားများကမူ တယောက်ပြီးတယောက် မတ်တပ်ရပ်လာကြသည်ဖြစ်ရာ ၎င်းအဖွဲ့ဝင်များသည် အဆိပ်ဒဏ် သက်ရောက်ခြင်းမရှိခဲ့ပေ။ ထိုအခါမှ၊ ၎င်းတို့ကို အဆိပ်ခတ်ခဲ့သူများမှာ စစ်လေပြေဂိုဏ်းသာဖြစ်သည်ကို လူတိုင်းက နားလည်ခဲ့ကြသည်။

စစ်လေပြေအဖွဲ့က အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသည်ကို လူတိုင်းက နားမလည်နိုင်ကြ၍၊ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

"လီရို့ဖုန်း မင်းဒီလိုလုပ်ပြီးရင် ငါတို့ဂိုဏ်းက မင်းကို လက်စားချေမှာကို စောင့်နေလိုက်" ဆေးဘုရင်ဂိုဏ်း၏ တပည့်တစ်ဦးက သူ၏ရင်ဘတ်ကိုဖိ၍ အားနည်းစွာပြောလိုက်သည်။

လီရို့ဖုန်းသည် စစ်လေပြေအဖွဲ့ကို ဦးဆောင်နေသော လူငယ်ဖြစ်သည်။

"ဒီကနေ မင်းတို့အသက်ရှင်လျက် လွတ်မြောက်နိုင်မှ ဆက်ဆွေးနွေးကြတာပေါ့"

"ငါ့ ကောင်တွေ၊ သူတို့ကို သယ်သွားလိုက်။ ငါတို့ မြန်မြန်လုပ်မှရမယ်။ လပြည့်နေ့က အဲ့ဒီ့သားရဲအသွင်ပြောင်းဖို့ နောက်ဆုံးအခွင့်အရေးပဲ။ အသွင်မပြောင်းခင် သူ့ကို မျှားမခေါ်နိုင်ရင် နောက်ထပ် အခွင့်အရေးရတော့မှာ မဟုတ်ဘူး”

စစ်လေပြေအဖွဲ့သည် လူတိုင်းကို စတင်ပြောင်းရွှေ့လိုက်သည်။ ချူးယွင်ဖန်းက တိတ်ဆိတ်နေကာ စစ်လေပြေအဖွဲ့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့သည်။ မကြာခင်မှာပင် ၎င်းတို့အဖွဲ့ကို ရေကန်ကြီးတစ်ခုဆီ ရွှေ့ပြောင်းခဲ့သည်။ ဤရေကန်သည် အနည်းဆုံးလျှင် မိုင် ၃၀ ခန့် ကျယ်ပြန့်ရာ၊ ၎င်း၏မျက်နှာပြင်သည် လရောင်အောက်တွင် လင်းလက်စွာ တောက်ပနေသည်။ လှပသောရှုခင်းသည် ခြောက်ခြားမှုကိုပေးစွမ်းကာ လူတိုင်းကို ချွေးစေးချွေးပေါက်များဖြင့် အေးစက်စေသည်။

“သူတို့အားလုံးကို သတ်ပစ်လိုက်၊ သူတို့ဆီက သွေးတွေထုတ်ပြီး ဟိုအကောင်ကို မျှားခေါ်ရမယ်”လီရို့ဖုန်းက အမိန့်ပေးလိုက်သည်။

"သွားသေလိုက်၊ လီရို့ဖုန်း မင်း အသေဆိုးနဲ့ သေစေရမယ်”

"မင်းတို့ စစ်လေပြေ ပျက်စီးပါစေ"

"မင်းတို့ ဘိုးဘေးတွေကို ချီးပဲ"

ထိုစကားများကိုကြားရသော စစ်လေပြေအဖွဲ့က အလွန် ဒေါသထွက်သွားကြသည်။

ဘန်း

လီရို့ဖုန်းသည် သူ၏ပစ္စတိုသေနတ်ကို ထုတ်ယူကာ အသံအကျယ်ဆုံးလူ၏ ပါးစပ်ကို ပစ်ခတ်ခဲ့သည်။

"ချီးပဲ"

"သူတို့ကို မြန်မြန်ခေါ်ထုတ်သွားကြ"

လီရို့ဖုန်း၏ ဟိန်းဟောက်မှုသည်၊ စစ်လေပြေအဖွဲ့သားများကို စတင်လှုပ်ရှားစေသည်။

ထိုအချိန်တွင် ဆေးဘုရင်ဂိုဏ်း၏ တပည့်များသည် ရုတ်တရက်ဆိုသလိုပင် စတင်တိုက်ခိုက်လာကြသည်။ အချိန်ခဏလေးအတွင်းမှာပင် စစ်လေပြေအဖွဲ့ဝင် အနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ရေကန်ဆီ ထွက်ပြေးသွားတော့သည်။

“ချီးပဲ၊ သူတို့ကိုသတ်လိုက်စမ်း”လီရို့ဖုန်းက အမိန့်ပေးလိုက်သည်။

စစ်လေပြေဂိုဏ်းသားများသည် ၎င်းတို့၏လက်နက်များကို ဆွဲထုတ်လိုက်သည်။ ကြေးစားအဖွဲ့အစည်းတစ်ခုဆိုသည့်အတိုင်း၊ ၎င်းတို့ တစ်ဦးချင်းစီသည် စက်လက်နက်တစ်ခုစီကို ကိုင်ဆောင်ထားကြသည်။ သတ္တုရောင် ကျည်ဆန်မိုးများသည် ဆေးဘုရင်ဂိုဏ်း၏ တပည့်များဆီသို့ မုန်တိုင်းတစ်ခုကဲ့သို့ လွင့်စင်သွားတော့သည်။

ထိုအချိန်တွင် ကျန်ရှိနေသော ဆေးဘုရင်ဂိုဏ်း၏ တပည့်များသည် ရှန်မြောင်မြောင်ကို အကာအကွယ်ပေးရန် ၎င်းတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သတ္တုရောင် ကျည်ဆန်မိုးများကို တားဆီးခဲ့သည်။ ချက်ချင်းဆိုသလိုပင် ၎င်းတို့၏အဝတ်အစားများ ကွဲအက်သွားကာ ၎င်းတို့၏သတ္တုကိုယ်ထည်များကို ထုတ်ဖော်ပြသစေခဲ့သည်။

"သေစမ်း၊ ရုပ်သေးရုပ်တွေ" လီရို့ဖုန်းက တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူနောက်ဆုံးသဘောပေါက်သွား၍ ဟစ်အော်လိုက်သည်။

"သူတို့အနောက်ကို လိုက်ကြစမ်း" ဤအခိုက်အတန့်တွင် စစ်လေပြေအဖွဲ့သားများကြားမှ ကျွမ်းကျင်သူများစွာ ပြေးထွက်လာကာ၊ ၎င်းတို့အနောက်သို့ လိုက်သွားကြသည်။

ချူးယွင်ဖန်းသည် ထိုမြင်ကွင်းကို ဘေးမှကြည့်နေခဲ့သည်။ ထိုဆေးဘုရင်ဂိုဏ်း၏တပည့်များသည် အဘယ်ကြောင့် ဤမျှထူးဆန်းနေသည်ကို သူနောက်ဆုံးနားလည်သွားခဲ့သည်။ ၎င်းတို့သည် လူသားများမဟုတ်ဘဲ စက်ရုပ် ရုပ်သေးရုပ်များသာဖြစ်သည်။ ရှန်မြောင်မြောင်သည် သာမန်လူမဟုတ်ပေ။ သူမသည် လက်တွေ့တွင် တစ်ဦးတည်းသာဖြစ်သော်လည်း ရုပ်သေးရုပ်များကို သူမ၏ အဖော်အပေါင်းများအဖြစ် ဖုံးကွယ်ထားခဲ့သည်။

သို့သော် ချူးယွင်ဖန်းသည် တွေးတောနေရန် အချိန်မရှိပေ။ သူသည် ကျု့ချွဲ့ကိုဆွဲထုတ်၍ တိုက်ခိုက်လိုက်သည်။

စစ်လေပြေအဖွဲ့ဝင်တစ်ဦးက ချူးယွင်ဖန်းကို စတင်တိုက်ခိုက်တော့မည့်အချိန်၌ သူ၏ဦးခေါင်းသည် ဓားဖြင့်ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။

All Chapters