အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း (၄၈၁) စည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ကျောင်းသားကောင်စီ
ချူးယွင်ဖန်းသည် ကိုယ်ကိုယ်ကို ဟန်ချက် ထိန်းနိုင်ရန် ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာခဲ့ရသည်။ ထို့နောက် သူသည် ရုတ်တရက် ရောက်ရှိလာသူကို ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်သည် ကျောင်းသားကောင်စီ၏ ဒုဥက္ကဌဝမ်ချီမှလွဲ၍ အခြားသူမဟုတ်ပေ။ ဝမ်ချီက ချူးယွင်ဖန်းကို တွေ့မြင်ဖူးရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်နိုင်သော်လည်း၊ ချူးယွင်ဖန်းက ဤဒုဥက္ကဌကိုတွေ့မြင်ရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်က မိမိက ဝမ်ချီကို တစ်ကြိမ် ကြားဖြတ်ခဲ့ဖူးသည်ကို ဝမ်ချီက မသိခဲ့ပေ။
'သူက တကယ်ကို သန်မာတာပဲ' ချူးယွင်ဖန်းက သဘောကျလျက်ရှိသည်။
ဝမ်ချီသည် သူ၏သာမန် လက်ဖဝါးချက်တစ်ချက်ဖြင့် ချူးယွင်ဖန်း ကိုင်ဆောင်ထားသော လှံတံကို တွန်းလှန်ခဲ့သည်။ ချူးယွင်ဖန်းသည် လှံတံကို လက်တစ်ဖက်တည်းသာ ဆုပ်ကိုင်ထား၍ သူ၏ ခွန်အားကို အပြည့်အဝအသုံးပြုခြင်း မရှိသော်လည်း ဝမ်ချီ၏ ခွန်အားအပေါ် သံသယဖြစ်ခြင်းမရှိပေ။
ဝမ်ချီသည် နည်းပြဆရာအချို့နှင့်ပင် ယှဉ်နိုင်သည်။
ချူးယွင်ဖန်းက ဝမ်ချီကို လျှို့ဝှက်စွာအကဲဖြတ်နေချိန်တွင် ဝမ်ချီသည်လည်း ချူးယွင်ဖန်းကို ထပ်တူထပ်မျှ ထိတ်လန့်နေမိသည်။ သူ၏ လက်ဖဝါးချက်သည် အလျင်စလို ရိုက်နှက်သည့်ပုံပေါက်သော်လည်း သူ၏ခွန်အားကို ထိန်းသိမ်းခဲ့ခြင်းမရှိသည်ကို မိမိကိုယ်တိုင်သာသိသည်။ သူသည် အလောတကြီး ထိုးနှက်ရာတွင် သူ၏အင်အား ၈၀% ခန့်ကို ထုတ်သုံးခဲ့သည်။ အကယ်၍ ဤနေရာမှာ သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ပါက၊ လက်ဖဝါးရိုက်ချက်တစ်ချက်သည် ၎င်းတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် သို့မဟုတ် ချက်ချင်းသတ်ဖြတ်ရန်ပင် လုံလောက်မည်ဖြစ်သည်။ သို့သော်၊ ချူးယွင်ဖန်းသည် ဝမ်ချီ၏ လက်ဖဝါးချက်ကို လုံးလုံးလျားလျား ချေဖျက်ရန် ခြေလှမ်းအနည်းငယ်မျှသာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ထို့အပြင် ချူးယွင်ဖန်းသည် ဒဏ်ရာအနည်းငယ်မျှ ရရှိခဲ့ပုံမပေါ်ပေ။ သူသည် ကိုယ်ကိုယ်ကို ဟန်ချက်ညီရန် အလွယ်တကူပြုလုပ်နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ရုပ်ပိုင်းဆိုင်ရာခွန်အား အလွန်အားကောင်းခြင်းကို ဝမ်ချီက တစ်ချက်ကြည့်ရုံဖြင့် တပ်အပ်ပြောနိုင်သည်။ ချူးယွင်ဖန်းသည် အလွန်သန်မာသူသည်ဟု ဆိုရပေလိမ့်မည်။
"မင်း နည်းနည်းလေး နောက်ကျသွားတယ်" ချူးယွင်ဖန်းက ဟန်ချက်ညီရန် ထိန်းသိမ်းပြီးနောက် လျစ်လျူရှုစွာ ပြောလိုက်သည်။
"ချူးယွင်ဖန်း မင်းကများ အတင့်ရဲလို့။ နေ့ခင်းကြောင်တောင်ကြီး ကျောင်းဝင်းပြင်ပေါ်မှာ အတန်းဖော်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်။ မင်းလိုလူက တက္ကသိုလ်ရဲ့ စုန်းပြူးပဲ။ ဒီနေ့ မင်းကို မှတ်လောက်သားလောက်အောင် ပညာပေးရမယ်" ဝမ်ချီက ဟစ်အော်လိုက်သည်။
“ငါတို့က ကတောက်ကဆတ်ဖြစ်သွားရုံပါ။ အိုး ဟုတ်သားပဲ။ မေ့တော့မလို့”
ချူးယွင်ဖန်းသည် သူ၏ကျောပိုးအိတ်ထဲမှ ယွမ်ငွေ ၁၀၀,၀၀၀ကို ထုတ်ယူကာ ကျန်းပိုင်ဖေးထံသို့ တစ်ဆင့်ပြီး တစ်ဆင့် ပစ်ချလိုက်သည်။
"ဒီ ယွမ် ၁၀၀,၀၀၀ က မင်းအတွက် လျော်ကြေးငွေ။ ယူပြီး ဖြည့်စွက်စာလေး ဘာလေး ဝယ်စားလိုက်"
သူ၏အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကျန်းပိုင်ဖေး၏ မျက်လုံးများ နီရဲလာသည်။ ဤသည်မှာ ယခင်အဖြစ်အပျက်အတိုင်း အတိအကျ ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်၊ သို့သော် ထိုအချိန်တွင် သူသည် ချူးယွင်ဖန်း၏နေရာတွင် ရပ်နေ၍ မြေပြင်ပေါ်တွင် ဆိုးရွားစွာ အော်ဟစ်နေသူမှာ ဂေါင်ဟုန်ချီဖြစ်သည်။
ကျန်းပိုင်ဖေးသည် တစ်နေ့နေ့တွင် ဤအခြေအနေနှင့် တွေ့ကြုံရမည်ဟု စိတ်ကူးမကြည့်ခဲ့ဖူးပေ။ ချူးယွင်ဖန်းသည် မိမိကို အရှက်ခွဲရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသို့ စဉ်းစားမိ၍ အလွန်အမင်း ဒေါသထွက်သွားသော ကျန်းပိုင်ဖေးသည် ဒေါသကြောင့် သွေးများ အန်ထွက်ကာ သတိလစ်သွားတော့သည်။ ချူးယွင်ဖန်းအပေါ်ထားရှိသော လူအများ၏ အကြည့်သည် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ ချူးယွင်ဖန်း၏နည်းလမ်းများသည် အကြင်နာကင်းမဲ့လွန်းလှသည်။ တစ်စုံတစ်ယောက်၏ ခြေထောက်ကို ရိုက်ချိုးပြီးနောက်၊ မည်သည်မျှ မဖြစ်ပွားခဲ့သည့်အတိုင်း လျော်ကြေးငွေအနည်းငယ်မျှ ပေးအပ်သည့် အပြုအမူသည် အထက်တန်းလွှာ တစ်ဦး၏ လုပ်ရပ်နှင့်ပင် ဆင်တူသည်။
ချူးယွင်ဖန်းသည် မျက်နှာပြင်တွင် နူးညံ့သိမ်မွေ့၍ သန့်စင်ပုံပေါ်သည်။ သို့သော် သူသည် လက်တွေ့တွင် အကြင်နာကင်း၍ ရက်စက်သည်။ သူ၏အထက်တွင် မည်သူကိုမှ ထားရှိပုံမပေါ်ပေ။ ကျန်းပိုင်ဖေးသာ ဤသို့ ဆင်ခြင်တွေးတောခဲ့မည်ဆိုလျှင် ဤအခြေအနေသို့ ရောက်ရှိခဲ့မည် မဟုတ်ပေ။ သူ၏လုပ်ရပ်သည် ချူးယွင်ဖန်းကို မမျှော်လင့်ထားသည့် အတိုင်းအတာတစ်ခုအထိ ဒေါသထွက်စေခဲ့သည်။
"မင်းက သတ္တိရှိတယ်ပေါ့လေ။ မင်း ငါ့ရှေ့မှာတောင် ဒီလောက် မောက်မာရဲတယ်။ မင်းရဲ့ ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပြီး ကျောင်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီကို ပို့ပြီး စီရင်ခိုင်းပစ်မယ်" ချူးယွင်ဖန်း၏စကားသည် ဝမ်ချီကို အလွန် ဒေါသထွက်စေခဲ့သည်။
ဝမ်ချီ၏အရှေ့တွင် ချူးယွင်ဖန်း၏ အလွန် မောက်မာဝံ့ကြွားနေဆဲ အပြုအမူသည် မိမိကို လုံးလုံးလျားလျား အလေးအနက်မထားခြင်းဟု ဆိုနိုင်သည်။
"ဝမ်ချီ၊ မင်းက ဘယ်တုန်းကတည်းက ရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းသားတွေကို ကိုင်တွယ် ဖြေရှင်းပိုင်ခွင့်ရှိသွားရတာလဲ။ ငါတောင် မသိလိုက်ပါလား"
ထိုအချိန်တွင် ပျင်းရိငြီးငွေ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ပြေလျော့လျော့ အင်္ကျီဖြင့် ချောမောသည့် လူငယ်တစ်ဦးသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
"ချူးကျိမင်၊ မင်းက မင်းရဲ့ မိသားစုဝင် တစ်ယောက်ကို ဖုံးကွယ်ဖို့ကြိုးစားနေတာလား"
ထိုလူငယ်ကိုတွေ့သောအခါ ဝမ်ချီက ချက်ချင်း ဟစ်အော်လိုက်သည်။
ဝမ်ချီ၏စကားကိုကြားသော ချူးယွင်ဖန်းသည် လူငယ်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ချူးကျိမင်သည်လည်း ချူးမိသားစုဝင်တစ်ဦး ဖြစ်နေလေမလား။
ချူးယွင်ဖန်းက စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ကြားဖူးသည်။ ကျောင်းသားကောင်စီသည် ကျောင်းသားများကြား ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသည့် ဌာနဖြစ်၍ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ကျောင်းသားအချင်းချင်းအကြား ပဋိပက္ခများအပြင် စည်းကမ်းဖောက်ဖျက်မှုနှင့် အခြားကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် ဌာနဖြစ်သည်။
"ဖုံးကွယ်တယ်တဲ့လား။ ဒါက ဖုံးကွယ်တယ်လို့ ဘယ်လိုလုပ် ယူဆလို့ရမှာလဲ။ မင်းပဲ သူ့ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ပို့ချင်တယ်ဆို၊ ငါကလည်း အခု ဒီကိုရောက်နေတာဆိုတော့ မင်းဘက်ကအချိန် ဖြုန်းစရာမလိုတော့ဘူးပေါ့” လူငယ်က အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
"ဟား၊ ဒါက မင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ပါဘူး" ဝမ်ချီက ချူးကျိမင်ကိုကြည့်ရင်း အေးစက်စွာပြောသည်။
“ငါက စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဒုဥက္ကဋ္ဌလေ။ ငါဝင်ပါလို့ မရတဲ့ကိစ္စ ဘာများ ရှိလို့လဲ"
"မင်းက ငါတို့ဥက္ကဌကို ရန်စချင်တာတော့ မဟုတ်ပါဘူးနော်။ ဒါပေမယ့် မင်း အဆင့်လောက်နဲ့တော့ ရမယ် မထင်ဘူး။ မင်း အဲ့လိုလုပ်မယ်ဆိုရင်တော့ ကျန်းလင်းရှောင်ကို လိုအပ်မယ်။ ကျောင်းသားသစ်တွေ အချင်းချင်း ရန်ဖြစ်ကြတာ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး”
"ကိစ္စကြီးကြီးမားမား မဟုတ်ဘူးပေါ့လေ။ ချူးယွင်ဖန်းက သူ့ကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့တယ်ဆိုတာ မင်း မမြင်ဘူးလား။ ကျန်းပိုင်ဖေးက တက္ကသိုလ်ကျောင်းသား အားလုံးထဲမှာ တတိယအဆင့်မှာရှိနေတာ။ သူသာ ဒီလိုပြင်းပြင်းထန်ထန် အရိုက်ခံရတာကို လူတွေသိသွားရင် ဘယ်လောက်ဆိုးလိုက်မလဲ” သတိလစ်နေသော ကျန်းပိုင်ဖေးကို ညွှန်ပြလျက် ဝမ်ချီက ပြောလိုက်သည်။
“ဒါဆိုရင် ဒီနှစ်ရဲ့ ထိပ်တန်း တက္ကသိုလ် ကျောင်းသားတွေရဲ့ အရည်အသွေးက စိုးရိမ်စရာကောင်းနေပြီလို့ ဆိုရမယ်။ တတိယအဆင့်ရဲ့ ခွန်အားက ဒါပဲတဲ့လား" ချူးကျိမင်က ပခုံးတွန့်၍ ပြောလိုက်သည်။ "ငါတို့အားလုံး မြင်ပြီးပြီမို့လို့ လျစ်လျူရှုလို့ မရတော့ဘူးလေ။ ချူးယွင်ဖန်း၊ ငါ မင်းကို သီးခြား အချုပ်ခန်းမှာ တစ်ရက် ချုပ်ထားမယ်၊ မင်းလက်ခံလား" ချူးယွင်ဖန်းက ထိုစကားကိုကြားသောအခါ၊ ချူးကျိမင်သည် မိမိကို သိသာထင်ရှားစွာ မျက်နှာသာပေးနေခြင်းဖြစ်သည်ကို မည်သို့မျှ မကြားနိုင်မည်နည်း။
ဝမ်ချီက ကြားသောအခါ ချက်ချင်း ဒေါသထွက်သွားသည်။
"ကောင်းပြီ ချူးကျိမင်။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကို ဒီလိုအခြေအနေအထိ ရိုက်နှက်ခဲ့တာတောင် တစ်ရက်တည်း ချုပ်နှောင်ထားရုံနဲ့ လုံလောက်တယ်လို့ မင်းက ဆုံးဖြတ်တယ်ပေါ့လေ။ ငါ ဒီကိစ္စကို အထက်ကိုတင်ပြမယ်။ မင်းလိုလူက ကျောင်းစည်းကမ်းကို ထိန်းသိမ်းဖို့ မထိုက်တန်တဲ့ လူမဟုတ်ဘူး”
"ငါက မထိုက်တန်ဘူးဆိုရင် မင်းက ထိုက်တန်တယ်ပေါ့။ မင်းတို့ ကျောင်းသားကောင်စီက လွန်ခဲ့တဲ့နှစ်တွေမှာ လိုတာထပ် ပိုပိုပြီး လက်လှမ်းဖို့ လုပ်ရုံတင်မက၊ မင်းတို့က စည်းကမ်းထိန်းသိမ်း ရေးကော်မတီကိုတောင် ဆန့်ကျင်ဖို့ ကြိုးစားနေကြတယ်။ ကျန်လင်းရှောင်က စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ကျောင်းသားကောင်စီရဲ့ စီရင်ပိုင်ခွင့်အောက်မှာထားရှိဖို့ တက္ကသိုလ်ရေးရာအစည်းအဝေးမှာ အဆိုပြုခဲ့တယ်ဆိုတာ ငါကြားပြီးပြီ"
ချူးကျိမင်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
“မင်းတို့တွေ ကယောင်ချောက်ချားဖြစ်နေပြီ ထင်တယ်။ အရင်တစ်ခေါက်တုန်းက မင်းတို့ ကျန်းပိုင်ဖေးကို အကာအကွယ်ပေးတုန်းက ရလဒ်ကလည်း လျော်ကြေး ယွမ် ၁၀၀,၀၀၀ နဲ့ တစ်ရက်တာ ချုပ်နှောင်ခြင်းပဲ မဟုတ်ဘူးလား။ လိုက်နာဖို့ စံနမူနာ ရှိပြီးပြီဆိုတော့၊ ငါတို့လည်း အဲ့ဒီ့အတိုင်းပဲ စီရင်ဆုံးဖြတ်လိုက်တာပေါ့။ မကျေနပ်ရင် အဓိပတိဆီသွားပြီး ငါ့ကို တိုင်းကြားလို့ရတယ်။ အဘိုးကြီး မင်းကို ဂရုစိုက်မစိုက် ကြည့်ကြသေးတာပေါ့"
"ချူးကျိမင်၊ မင်းရဲ့ ချူးမိသားစုက ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်မယ်လို့ ထင်မနေနဲ့။ မင်း စောင့်ကြည့်နေလိုက်” ဝမ်ချီက သူ၏ဒေါသကို ထိန်းချုပ်ရင်း အေးစက်စွာပြောလိုက်သည်။
ချူးကျိမင်က သူ၏နားရွက်များကို ပွတ်သပ်၍ ချူးယွင်ဖန်းကို ပြောလိုက်သည်။
"သွားရအောင်။ ငါ့ နောက်ကိုလိုက်ခဲ့။ ငါ မင်းကို သီးခြားအချုပ်ခန်းကို လိုက်ပို့မယ်"
ချူးယွင်ဖန်းသည် ချူးကျိမင်၏အနောက်သို့လိုက်ပါ၍ လူအုပ်ထဲမှထွက်သွားခဲ့သည်။ လူအုပ်ကြီးက အိုးတစ်လုံး ပေါက်ကွဲခဲ့သကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကျောင်းသားကောင်စီနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကဲ့သို့သော ကြီးမားသည့်အဖွဲ့အစည်းနှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်မှုများသည် လူအများကို ဆူပွက်စေခဲ့သည်။
အခန်း (၄၈၂) တက္ကသိုလ်တစ်ခုလုံးကို တုန်လှုပ်စေခြင်း။
လူအများက ရုတ်ရုတ်သဲသဲဖြစ်နေကြသော်လည်း ကျောင်းသားသစ်များက ပို၍ပင် အထူးတလည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ၎င်းတို့အတွက်၊ ကျောင်းသားကောင်စီနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့သည် မြင့်မား၍ အင်အားကြီးသော အဖွဲ့အစည်းများဖြစ်ကြသည်။
ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်၍ မည်သည်ဆက်နွယ်မှုမှ မရှိပေ။ ၎င်းတို့က ဤအဖွဲ့အစည်းများထဲသို့ ရောက်ရှိသွားလျှင်ပင် သာမန်အဖွဲ့ဝင်များသာ ဖြစ်နိုင်၍၊ အရာရှိတစ်ဦးဖြစ်လာရန် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ ဒုဥက္ကဋ္ဌကဲ့သို့သော ပုဂ္ဂိုလ်ထူး ရာထူးဖြစ်လာရန်မှာ သေရေး၊ ရှင်ရေးနှင့်ပင် သက်ဆိုင်ရာ၊ ကြိုးစားအားထုတ်ခြင်းဖြင့် အောင်မြင်နိုင်မည့် အရာမဟုတ်ပေ။ တစ်ဦးတစ်ယောက်က အလုပ်ကြိုးစားနေချိန်တွင် တခြားလူတစ်ဦးတစ်ယောက်သည်လည်း အလုပ်ကြိုးစားနေကြမည်ဖြစ်သည်။ အကြောက်ရဆုံးအရာမှာ အရည်အချင်းရှိသူများမဟုတ်ဘဲ ဆယ်ဆပို၍အလုပ်ကြိုးစားသူများသာဖြစ်သည်။
ယခုအချိန်တွင် ၎င်းတို့၏မျက်စိရှေ့မှောက်တွင် ကျောင်းသားကောင်စီနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကဲ့သို့သော အဖွဲ့အစည်းနှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်မှုကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ ထိုကဲ့သို့သော သာဓကမျိုးကို လူအများက ကြားဖူးရုံမျှသာရှိသည်။ မည်သို့ဆိုသော် ၎င်းတို့နှစ်ဖက်စလုံးသည် အင်အား ညီမျှ၍ ကဏ္ဍများစွာတွင် ထပ်တူကြနေသော အဖွဲ့အစည်းများဖြစ်ကြသည်။ အထူးသဖြင့် ကျန်းလင်းရှောင်က ကျောင်းသားကောင်စီကို လွှဲပြောင်းယူပြီးနောက်တွင် သူသည် ပို၍ပင် အင်အားကြီးမားလာကာ ကျောင်းသားကောင်စီနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအကြား ဆက်ဆံရေးသည်လည်း ပို၍ပင် ဆိုးရွားလာခဲ့သည်။
ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့သော ချူးယွင်ဖန်း၏ သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့က အာရုံစိုက်ခဲ့ရသော ဤတိုက်ပွဲသည် မမျှော်လင့်ဘဲ ကျန်းပိုင်ဖေး၏ရှုံးနိမ့်မှုဖြင့် ပြီးဆုံးခဲ့ရသည်။ ထို့အပြင် လူအများက တိုက်ပွဲကို ဗီဒီယိုရိုက်ကူး၍ မှတ်တမ်းတင်ခဲ့သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုပင် ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ၏အရှေ့တွင် ထိုကဲ့သို့ အရှက်ရစရာ ရှုံးနိမ့်မှုကို ကြုံတွေ့ရခြင်းသည် ကျန်းပိုင်ဖေးကို အလွန် အရှက်ရစေသည်။
တစ်ချိန်တည်းမှာပင်၊ ဤအရာသည် ချူးယွင်ဖန်းအပေါ်ထားရှိသည့် လူအများ၏ အထင်နှင့် အမြင်များကို အလွန်ပြောင်းလဲစေခဲ့သည်။ ယခင်က ကျန်းပိုင်ဖေးကို ချူးယွင်ဖန်း စိန်ခေါ်ခဲ့ချိန်တွင်၊ လူအများက သူသည် သင်တုန်းဓားဆီ လျှောက်လှမ်းနေသော သေလူတစ်ယောက်ဟု ခံယူထားကြသည်။
သို့သော် ယခုအရာအားလုံး ဖြစ်ပျက်သွားပြီးနောက်တွင် ချူးယွင်ဖန်းက သာမန်လူမဟုတ်ကြောင်း ၎င်းတို့က သိရှိလိုက်ရသည်။ အနည်းဆုံးအနေဖြင့်၊ လူအများက သူ့တွင်တကယ်တမ်း အနိုင်ရနိုင်ခြေရှိသည်၊ သို့မဟုတ် အနိုင်ရနိုင်ခြေအနည်းငယ်ရှိသည်ဟု ယခုထင့်မြင်ယူဆလာကြသည်။
"မင်းက တော်တော် ရဲတင်းတာပဲ"
ထောင့်ချိုးတစ်ခုကို ကွေ့ခဲ့ပြီးနောက် ချူးကျိမင်က ရှင်းပြ၍မရနိုင်သော အပြုံးဖြင့် ချူးယွင်ဖန်းကို ကြည့်သည်။
"ဘာကိုဆိုလိုတာလဲ" ချူးယွင်ဖန်းက ခေတ္တရပ်ပြီးနောက် ပြောလိုက်သည်။
"ကျန်းလင်းရှောင် ကိုစိန်ခေါ်နိုင်ရဲတဲ့အကြောင်း ကို ပြောနေတာလေ။ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ မင်းလောက် ရဲတင်းတဲ့ ကျောင်းသားသစ်မျိုး မတွေ့ရတာတောင် တော်တော်ကြာပြီ။ ကျန်းလင်းရှောင်က ဘယ်လိုနေရာမျိုးကို ပိုင်ဆိုင်ထားလဲ မင်းသိလား"
"ကျွန်တော် သိတာပေါ့"
"သိတာတောင်၊ မင်းက သူ့ကိုစိန်ခေါ်ရဲသေးတယ်လား။ ပြီးတော့ အဲ့ဒါကလည်း မရဏတိုက်ပွဲမျိုးနဲ့”
“ပုံမှန်တိုက်ပွဲမျိုးမှာ ငါတို့ဘက်က ဝင်ရောက်စွက်ဖက်လို့ရပေမယ့် ဒီလို မရဏတိုက်ပွဲမျိုးမှာဆိုရင်တော့ ဝင်စွက်ဖက်လို့ ရမှာမဟုတ်ဘူး”
“တချို့ကိစ္စတွေက လုပ်ကို လုပ်ရမယ့် အရာတွေပဲ။ အဲ့ဒီ့တော့ အကျိုးဆက်ကို ဘာမှစိုးရိမ်နေစရာ မလိုပါဘူး”
"မင်းက သူ့ကိုသတ်ချင်နေတာလား" ချူးကျိမင်သည် ချူးယွင်ဖန်းကို မေးနေပုံရသော်လည်း အဖြေကို မစောင့်ဘဲ ဆက်ပြောခဲ့သည်။
"ဖြစ်ချင်တော့ သူကလည်း မင်းကို သတ်ချင်နေတော့ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘက်ညီသွားတာပေါ့"
“ဒီနေ့ မင်းရဲ့ခွန်အားကို ငါတွေ့ရသလောက်တော့ မင်းက အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် မင်း သူ့ကို အနိုင်ယူနိုင်ဖို့တော့ ဖြစ်နိုင်လောက်မယ် မထင်ဘူး" ချူးယွင်ဖန်းက ခေါင်းခါ၍ ဖြေလိုက်သည်။
"တစ်နှစ်အတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မလဲ"
"မင်းရဲ့အချက်အလက်တွေကို ရှာကြည့်ထားလို့ မင်းရဲ့တိုးတက်မှုနှုန်းကို ငါသိထားတယ်။ ငါ့အမြင်အရဆိုရင် ဒီလိုအချိန်မှာ မင်းသူ့ကို စိန်ခေါ်ဖို့ မလိုအပ်ဘူး။ နောက်နှစ်အနည်းငယ်ကြာရင် မင်းသူ့ကို သေချာပေါက် ကျော်သွားမှာပဲလေ” ချူးကျိမင်က ချူးယွင်ဖန်းကို စိုက်ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“မစောင့်နိုင်တော့လို့ စိန်ခေါ်လိုက်တာလို့သာ မှတ်ယူထားလိုက်ပါ။ ပြီးတော့ အနိုင်ရဖို့ လုံးဝ အလားအလာမရှိတာမှ မဟုတ်တာ”
"မင်းဒီကိုရောက်နေတယ်ဆိုတာ သိပြီးကတည်းက ငါတို့မိသားစုဝင်တွေကို နှုတ်ဆက်ဖို့ လာမယ့်အချိန်ကို ငါတို့ကစောင့်နေကြတာ၊ ဒါပေမယ့် မင်းက စကားတစ်ခွန်းတောင် မပြောခဲ့ဘူး။ ကျန်းလင်းရှောင်နဲ့ ပတ်သက်ပြီး ခေါင်းငုံ့မခံနိုင်တဲ့ ကိစ္စရော၊ မင်းက ငါတို့မိသားစုတွေကို အဲ့ဒီ့လောက်တောင် မကြိုဆိုချင်တာလား"
“ကျွန်တော်က တစ်ယောက်တည်းနေရတာ နေသားကျနေလို့ပါ။ သိကျွမ်းဝင်တဲ့လူ ပိုများလေလေ၊ အနာဂတ်မှာ ပြန်ပေးဆပ်ရမယ့် ကျေးဇူးအကြွေးကလည်း ပိုများလေလေပဲဖြစ်မှာ။ စစချင်းတည်းက အဲ့ဒီ့ပတ်ဝန်းကျင်နဲ့ မဆက်နွယ်ခဲ့တော့ အခုလည်းမဆက်နွယ်ချင်တော့ပါဘူး”
ချူးယွင်ဖန်းက ဖြေလိုက်သည်။ သူ၏စကားများသည် စစ်မှန်သောစကားများဖြစ်သည်။ ချူးမိသားစုကို မှီခိုအားထားခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း သူသည် ၎င်းတို့နှင့် အရောတဝင် ပတ်သက်ချင်စိတ်မရှိပေ။
"ဒါလည်း မှန်တာပဲ ဟားဟားဟား။ တကယ်လို့မင်းသာ မိသားစုက တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး အခုလို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ကျန်းလင်းရှောင်ကိုစိန်ခေါ်တာသာ သူတို့သိသွားရင်၊ မင်းကိုသေအောင် ရိုက်နှက်ကြမှာ သေချာတယ်"
ချူးကျိမင်က ရယ်မောလိုက်သည်။
"ဒါပေမယ့်၊ အဲ့လိုဆိုရင်တောင် ငါတို့ဘက်က မင်းကို တချို့ကိစ္စတွေမှာ ကူညီပေးနိုင်ပါသေးတယ်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆိုတာ ချူးမိသားစုရဲ့ အခြေခံအုတ်မြစ်တစ်ခုပဲလေ။ ငါတို့ရဲ့ ခေါင်းဆောင်လေး ချူးဟောက်ယွဲ့ကို မင်း တွေ့ဖူးတယ်မဟုတ်လား။ သူက စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဥက္ကဌဟောင်းလေ”
ချူးယွင်ဖန်း ချက်ချင်း သဘောပေါက်သွားသည်။ ကျန်းမိသားစုက ပြည်ထောင်စု တက္ကသိုလ်တွင် သြဇာကြီးမားသကဲ့သို့ ချူးမိသားစုကဲ့သို့သော မိသားစုကြီးများသည်လည်း ပြည်ထောင်စု တက္ကသိုလ်တွင် သြဇာလွှမ်းမိုးကြသည်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ပြည်ထောင်စုတက္ကသိုလ်ရှိ ချူးမိသားစု၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည်။
"မင်းကကြည့်တော့သာ နူးညံ့မယ့်ပုံနဲ့၊ တိုက်ခိုက်တဲ့နေရာမှာတော ရက်စက်တာ နှစ်ယောက်မရှိဘူးပဲ"
"ကျန်းမိသားစုတွေက ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး။ ကျန်းပိုင်ဖေးက ကျန်းလင်းရှောင်နဲ့ ယှဥ်ရင် ဘာမှမပြောပါ့လောက်ပေမယ့် သူက ဒီနှစ်တွေအတွင်းမှာ ကျန်းမိသားစုက မွေးထုတ်ပေးခဲ့တဲ့ ရှားပါး အရည်အချင်းရှိသူတွေက တစ်ယောက်ဖြစ်နေတုန်းပဲ။ မင်းရဲ့ပြဿနာတွေက အစပဲရှိသေးတယ်"
“အဲ့လိုဆိုရင် အရာအားလုံးအတူတူပါပဲ။ ကျွန်တော်နဲ့ ကျန်းလင်းရှောင်တို့ကြားက မရဏတိုက်ပွဲက နှစ်ဝက်ကျော်လောက်လိုသေးတယ်။ ကျွန်တော် သေသည်ဖြစ်စေ၊ သူသေသည်ဖြစ်စေ။ ကျွန်တော်သေသွားရင် ဘာပြဿနာမရှိပေမယ့်၊ ကျွန်တော်က သူ့ကိုသတ်နိုင်ခဲ့ရင် ပြဿနာရှိလာနိုင်လား” ချူးယွင်ဖန်းက မေးလိုက်သည်။
"မင်းသာ သူ့ကို တကယ်သတ်နိုင်ရင် ငါတို့မိသားစုက မင်းကို အသက်စွန့်ပြီး ကာကွယ်ကြမယ်ဆိုတာ ငါရဲရဲကြီး အာမခံရဲတယ်"
"ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စကို မင်းကိုယ်တိုင် ကိုင်တွယ်နိုင်မှဖြစ်မှာ။ ငါ ဒီနေ့ ဒီကို လာခဲ့တာ မင်းနဲ့ ရင်းနှီးဖို့ပဲ။ အဲ့ဒါကြောင့် တက္ကသိုလ်မှာ ငါတို့မိသားစုဝင် တစ်ယောက်မှ မရှိတဲ့ပုံစံနဲ့ လျှောက်ပြောမနေနဲ့"
"ကျွန်တော်နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”
"စိတ်ပူမနေနဲ့။ ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီနဲ့ ကျောင်းသားကောင်စီကြားက သဘောထားကွဲလွဲမှုလို့ပဲ မှတ်ယူထားလိုက်။ မင်းနဲ့ ကျန်းပိုင်ဖေးက ဥပမာတွေအများကြီးထဲက တစ်ခုသာသာပဲ ရှိတယ်”
လောကတွင် တိုက်ဆိုင်မှုဟူသော အရာမရှိပေ။ ဝမ်ချီက အပြေးအလွှားလာခဲ့ချိန်တွင် ချူးကျိမင်သည် တစ်ချိန်တည်းမှာ ပေါ်ပေါက်လာခဲ့သည်။ ဤအရာအားလုံးများသည် ကြိုတင်ပြင်ဆင်ထားခြင်းများဖြစ်၍၊ ချူးယွင်ဖန်းနှင့် ကျန်းပိုင်ဖေးတို့သည်လည်း တိုက်ဆိုင်စွာပင် မတူညီသော အင်အားစုနှစ်ခု၏ စစ်တုရင်အပိုင်းအစများ ဖြစ်သွားခဲ့ကြသည်။
သို့သော် ချူးယွင်ဖန်းက ထိုသို့သော စစ်တုရင် အပိုင်းအစတစ်ခုဖြစ်ရခြင်းကို မနှစ်သက်ပေ။
တစ်နေ့ဟာ တိုတောင်းသည်ဟု မဆိုနိုင်သလို ရှည်လျားသည်ဟုလည်း မဆိုနိုင်ပေ။ ချူးယွင်ဖန်းကို သီးခြား တိုက်ပိတ်ထားသောနေ့တွင် ပြင်ပကမ္ဘာသည် ဇောက်ထိုးမိုးမျှော် ဖြစ်နေသည်။ ယခုသည် ကျန်းပိုင်ဖေးက ဂေါင်ဟုန်ချီကို ရိုက်နှက်ခဲ့ချိန်ကနှင့် မတူညီပေ။ ပြတ်သားစွာပြောရမည်ဆိုလျှင် ဂေါင်ဟုန်ချီဟာ ထောင်သောင်းချီသော ကျောင်းသားများထဲက ကျောင်းသား တစ်ဦးဖြစ်သော်လည်း ကျန်းပိုင်ဖေးကဲ့သို့သော တက္ကသိုလ်တစ်ခုလုံးက အာရုံစိုက်နေသည့် ပါရမီရှင်တစ်ဦးနှင့် လွန်စွာခြားနားသည်။ ရိုက်နှက်ခံရပြီးနောက် သူ၏ ခြေသလုံးများ ကျိုးကြေသွားခဲ့သည်။
ထိုကဲ့သို့ ဆိုးရွားသော အဖြစ်အပျက်သည် တက္ကသိုလ်၏ အထက်တန်းအဆင့် ပုဂ္ဂိုလ်များကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။
အခန်း (၄၈၃) ချူးယွင်ဖန်းက အပြစ်ပေးခံရတော့မှာလား
ဤဆိုးရွားသော အဖြစ်အပျက်သည် တက္ကသိုလ်၏ အထက်တန်းအဆင့် ပုဂ္ဂိုလ်များအားလုံးကိုပင် ထိတ်လန့်စေသည်။
လက်ရှိတွင် ရာကျော်ခန့်ရှိသော တက္ကသိုလ်၏ အထက်တန်းအဆင့် ခေါင်းဆောင်များသည် ကြီးမားသော အစည်းအဝေးခန်းမ တစ်ခုအတွင်းတွင် ထိုင်နေကြသည်။ ပညာရေးဆိုင်ရာ ဒါရိုက်တာ ကျူးပုမီမှလွဲ၍ အခြားသော ပညာရေးဆိုင်ရာ ဌာနမှူးများ၊ ဌာနအသီးသီးမှ အကြီးအကဲများ အစရှိသရွေ့ ရောက်ရှိနေကြသည်။ ၎င်းတို့အားလုံးသည် တက္ကသိုလ်အတွင်းတွင်သာမက ပြည်ထောင်စုအတွင်း၌ပင် ထင်ရှားကျော်ကြားသူများဖြစ်ကြသည်။ ထိုခေါင်းဆောင်များအပြင် ထိပ်တန်းနည်းပြဆရာအချို့လည်း ရှိသေးသည်။ ၎င်းတို့သည် ခေါင်းဆောင်များ မဟုတ်ကြသော်လည်း ၎င်းတို့၏အဆင့်အတန်းဖြင့်သာဆိုလျှင်၊ အဓိပတိနှင့် အခြားလူနည်းစုများမှလွဲ၍ ယခုရောက်ရှိနေသော ပုဂ္ဂိုလ်များနှင့် တန်းတူညီမျှ ရပ်တည်နိုင်ကြသူများဖြစ်ကြသည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အချို့ခေါင်းဆောင်များထက်ပင် ပို၍အားကောင်းကြသည်။
ဤအရေးကြီး ပုဂ္ဂိုလ်များသည် တွေ့ရခဲသူများဖြစ်ကြသော်လည်း ယနေ့တွင်မူ တက္ကသိုလ်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေသည့် ဆိုးရွားသော အဖြစ်အပျက်ကြောင့် ၎င်းတို့အားလုံး စုစည်းမိသွားခဲ့ကြသည်။ သို့သော် လူနည်းစုကသာ ၎င်းတို့၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ရောက်လာကြ၍ အများစုမှာ ဟိုလိုဂရမ်ပုံစံဖြစ်သာ ရောက်ရှိနေကြသည်။
"ကျူးပုမီ၊ ကျုပ်က မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ အထွတ်အထိပ်ကို အဆင့်ဖြတ်ကျော်ဖို့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်နေတာတောင်၊ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားကို အပြစ်ပေးဖို့ ဒီကိုခေါ်လိုက်တယ်ဆိုတော့ ခင်ဗျားအခု ကျုပ်ကို လာနောက်နေတာလား"
တစ်နှစ်ပတ်လုံး သီးခြား ကျင့်ကြံနေခဲ့သော နည်းပြဆရာတစ်ဦးသည် မလွန်မကျေမနပ်ဖြစ်နေသောပုံဖြင့် ပြောလာသည်။
နည်းပြဆရာဖြစ်ဖြစ်၊ တက္ကသိုလ်ခေါင်းဆောင်ဖြစ်ဖြစ်၊ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် တစ်ဆို့နေခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သည်။ ၎င်းတို့အတွက် အဆင့်ဖြတ်ကျော်ရန် အခွင့်အရေးမှာ ရှားပါးသည့်အလျှောက် ၎င်းတို့က ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။ ယခုလည်း ကျူးပုမီက ၎င်းတို့ကို ဟိုလိုဂရမ်ပုံစံဖြင့်သာ ခေါ်ခဲ့ပါသော်လည်း၊ နည်းပြဆရာများက အလွန် မကျေမချမ်းဖြစ်နေကြသည်။
အထွတ်အထိပ်အဆင့်သည် မွေးဖွားခြင်းနယ်မြေအတွက် အဓိက သော့ချက်ဖြစ်သည်။ တက္ကသိုလ်တွင် ခေါင်းဆောင်များစွာရှိသော်လည်း ၎င်းတို့အနက်မှ တစ်ပိုင်းတစ်စကသာ ဤအခြေအနေသို့ ဝင်ရောက်ခဲ့ကြရာ၊ ၎င်းတို့၏ စွမ်းရည်များကို ထပ်မံတိုးတက်အောင် လုပ်ဆောင်နိုင်သူများမှာ ပို၍ပင် ရှားပါးသည်။
“ဟုတ်တယ်၊ ကျုပ်လည်း လောလောဆယ်မှာ အချိန်မရွေး တိုက်ပွဲအသစ် ပြန်စရနိုင်တဲ့ လူသား-မွန်းစတားတိုက်ပွဲမှာ ရောက်နေတာ။ ကျုပ်ကိုဘာလို့ခေါ်လိုက်တာလဲ" ရှင်းလင်းစွာပင်၊ အခြားနည်းပြဆရာသည်လည်း မကျေမနပ်ဖြစ်နေသည်။
“ပြောစရာရှိရင် မြန်မြန်ပြော။ ကျုပ်က လောလောဆယ် သီးသန့်လေ့ကျင့်ရေး ဝင်နေတာမို့လို့ ကျုပ်မှာ အချိန်သိပ်မရှိဘူး” နည်းပြဆရာများနှင့် တက္ကသိုလ် ခေါင်းဆောင်များက စိတ်ရှည်ကြသူများ မဟုတ်ကြပေ။
ကျူးပူမီက ၎င်းတို့ကို သေရေး၊ ရှင်ရေးကိစ္စကြောင့် ခေါ်ဆိုခဲ့မည်ဆိုလျှင် ၎င်းတို့က ခွင့်လွှတ်နိုင်သေးသည်။ သို့သော် ယခုကဲ့သို့ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားကို အပြစ်ပေးရန် ခေါ်ဆိုခဲ့ခြင်းသည် အဓိပ္ပာယ်မဲ့လှသည်။
"ကျုပ်က အဓိပ္ပာယ်မရှိဘဲ ခေါ်ခဲ့တာ မဟုတ်ဘူး။ ဒီကိစ္စက အရမ်း ဆိုးရွားလွန်းလို့သာ ခင်ဗျားတို့ အားလုံးကို ခေါ်ခဲ့ရတာ။ ပြည်ထောင်စု တက္ကသိုလ်ကို ဘာကြောင့် တည်ထောင်ပြီး ကျုပ်တို့က ဘာကြောင့် ဒီမှာ နည်းပြဆရာတွေ ဖြစ်နေကြတာလဲ။ ဒါတွေက ကျုပ်တို့အတွက်လား" ကျူးပုမီက အခန်းထဲတွင် ထိုင်နေသော လူတိုင်း၏ မျက်နှာကို စေ့စေ့ကြည့်၍ပြောလိုက်သည်။
"ပြည်ထောင်စုမှာရှိနေတဲ့ လူသားမျိုးနွယ်တွေအတွက် တိုက်ပွဲဝင်နိုင်တဲ့ အရည်အချင်းရှိလူတွေကို ပြုစုပျိုးထောင်ဖို့ ကျုပ်တို့က ဒီကို ရောက်လာကြတာ။ ဒါပေမယ့် အခုလောလောဆယ် ကျောင်းကွင်းပြင်မှာ တိုက်ရန်ဖြစ်ပွားတဲ့အပြင် တစ်ဖက်ကကျောင်းသားရဲ့ ခြေထောက်တွေကိုပါ ချိုးပစ်တဲ့အထိ ရဲတင်းလွန်းတဲ့ ကျောင်းသားတွေရှိနေတယ်"
"ဒါဆိုရင် ဆိုလိုရင်းကဘာလဲ။ ဆိုလိုရင်းက ပြည်ထောင်စု တက္ကသိုလ်ရဲ့ သင်ကြားပို့ချရေး နည်းစနစ်က ဟိုးအောက်ကို ကျနေပြီဆိုတာပဲ။ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုကို အားကောင်းအောင် မပြုလုပ်ဘူးဆိုရင် ရေရှည်မှာ ကျောင်းသားတွေက ကျုပ်တို့နဲ့ လက်တွဲတဲ့အခါ၊ လူသားမျိုးနွယ်က အားကိုးအားထားပြုနိုင်တဲ့ မဏ္ဍိုင်တွေဖြစ်မယ့်အစား လူဖျင်း လူညံ့တွေကိုသာ ပြုစုပျိုးထောင်ပေးမိသလို ဖြစ်ကုန်မှာ”
"ကျူးပုမီ၊ အဲ့ဒီလို ကိစ္စမျိုးက ကျုပ်တို့ကို ဒီကိုခေါ်ရတဲ့အထိ လိုအပ်လို့လား။ နှစ်အနည်းငယ်ကြာတိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြပဲ မဟုတ်ဘူးလား” ဌာနခေါင်းဆောင်တစ်ဦးက ပဟေဠိဖြစ်စွာ မေးလိုက်သည်။
"မှန်တယ်။ ကျုပ်တို့ တက္ကသိုလ်က ကျောင်းသားတွေ အားလုံးက လက်ရွေးစင်တွေပဲ။ ဒီလိုလက်ရွေးစင်တွေက သေချာပေါက် မာနထောင်လွှားတာတော့ ရှိမှာပဲ။ နေ့စဉ်နဲ့အမျှ ဒီလိုပဋိပက္ခတွေ ရှိနေတာက ထုံးစံပဲလေ။ ကျုပ်တို့အားလုံးကလည်း အဲ့ဒီ့လိုအဆင့်ကို တစ်ကြိမ်တော့ ကျော်ဖြတ်ခဲ့ဖူးတာပဲကို ဘာတွေများ ပဟေဠိဖြစ်စရာလိုလို့လဲ။ ခြေထောက်ကျိုးတာကို ကုသရတာက လွယ်လွယ်လေးပါ၊ ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီလိုစုဝေးဖို့ မလိုအပ်လို့လား။ လူသေသွားတာ မဟုတ်ရင် ဘာမှမဖြစ်ပါဘူး"
နည်းပြဆရာတစ်ဦးက အမှုမဲ့အမှတ်မဲ့ ပြောခဲ့သည်။ ဤကျောင်းသားများကို သူကောင်းကောင်းသိသည်။ ၎င်းတို့သည်လည်း တစ်ချိန်က ပြည်ထောင်စု တက္ကသိုလ်၏ ကျောင်းသားများ မဟုတ်ကြသလော။ ထိုအချိန်က ၎င်းတို့သည်လည်း အလွန်မောက်မာသော အကျင့်စရိုက်များရှိခဲ့သောကြောင့် ဤကိစ္စသည် ၎င်းတို့၏ အမြင်တွင် သာမန်မျှသာဖြစ်သည်။ ထို့အပြင် လုတစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းမှလွဲ၍ ကျန်အရာအားလုံးသည် ဖွံ့ဖြိုးတိုးတက်လာသော ခေတ်မီဆေးပညာနှင့်အတူ ကိစ္စ အသေးအမွှားလေးများသာဖြစ်သည်။ ထိုကိစ္စရပ်များတွင် နည်းပြဆရာအများစုက မျက်လုံးမှိတ်ထားကြ၍ ပါဝင်ပတ်သက်ကြခြင်းမရှိပေ။ အဆုံးတွင် ဤကျောင်းသားများ အနက် မည်သူ၏ နောက်ကျောတွင် နည်းပြဆရာ မရှိကြသနည်း။ ကျောင်းသားများအကြားက သဘောထားကွဲလွဲမှုသည် အသေးအမွှားကိစ္စသာဖြစ်ရာ၊ နည်းပြဆရာများက ပါဝင်ပတ်သက်ခဲ့သည်နှင့် ဤကိစ္စဟာ ကြီးမားသော ကိစ္စဖြစ်လာပေလိမ့်မည်။
"ဒါဆိုရင် ခြေထောက်ကျိုးသွားတဲ့ ကျောင်းသားက ဒီနှစ်ရဲ့ ထိပ်တန်း တတိယအဆင့်မှာ ရှိနေတာဆိုရင် ဘယ်လိုလုပ်မလဲ" ကျူးပုမီက နည်းပြဆရာများကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"တတိယနေရာလား။ အဲဒီကျောင်းသားကို နည်းနည်းတော့ သိသလိုပဲ။ သူ့နာမည်က ကျန်းပိုင်ဖေး မဟုတ်လား။ သူက ကျန်းမိသားစုဝင် တစ်ယောက်လေ"
"မှန်တယ်။ ကျန်းမိသားစုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရည်အချင်းရှိသူတွေအများကြီးကို မွေးထုတ်ပေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကျန်းလင်းရှောင်ရှိပြီး။ ဒီနှစ်မှာတော့ ကျန်းပိုင်ဖေးပဲ"
“သူက တတိယနေရာမှာဆိုရင် သူ့ကို ခြေထောက်ကျိုးအောင်လုပ်တာက ဘယ်သူလဲ။ မေ့ဟိုက်ယွင်လား၊ ဒါမှမဟုတ်ရင် သုန်ဖန်ဟောက်လား"
အခြားနည်းပြဆရာသည် လူတော်တော်များများက သိချင်နေသော မေးခွန်းကို မေးလိုက်သည်။ တတိယနေရာမှာ ရှိနေသော ကျန်းပိုင်ဖေးသည် ပြည်ထောင်စု၏ မဏ္ဍိုင်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။ အကယ်၍ သူသည် တက္ကသိုလ်တွင် ဆက်ရှိနေလျှင်၊ နောင်တွင် အဓိပတိ ကျန်းဝူကျီက အငြိမ်းစားယူပြီးနောက်တွင် အဓိပတိရာထူးကို ဆက်ခံရန် သူ့တွင် အခွင့်အရေးရှိနိုင်မည်ဖြစ်သည်။
ဤနေရာ၌ စုဝေးနေကြသောလူများသည် သက်ဆိုင်ရာ နှစ်အသီးသီး၏ ထိပ်တန်း ၁၀၀ အဆင့် အတွင်းရှိခဲ့ကြသူများဖြစ်သည်။ အကယ်၍ ၎င်းတို့သာ ကျန်းပိုင်ဖေးနှင့် တစ်နှစ်တည်းတွင် တတ်ရောက်နေသူများဖြစ်ပါက၊ ကျန်းပိုင်ဖေး၏ ရိုက်နှက်ခြင်းကို ခံကြရမည်မှာ အသေအချာပင်ဖြစ်သည်။ ပြည်ထောင်စု၏ မျိုးဆက်တစ်ခုစီသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို အားကောင်းလာခဲ့ခြင်းမှာ အမှန်တရားသာဖြစ်သည်။ ယခုမူကား၊ ဤကဲ့သို့ကြီးမြတ်၍ အစွမ်းထက်သော ပုဂ္ဂိုလ်သည် တစ်စုံတစ်ယောက်၏ လက်ချက်ကြောင့် သူ၏ခြေထောက်များ ကျိုးကြေသွားခဲ့သည်။
ဤအခိုက်အတန့်မှသာ ကျူးပုမီက အဘယ်ကြောင့် အသေးအမွှားကိစ္စရပ်အတွက် ၎င်းတို့ကို ဆင့်ခေါ်ခဲ့သည်ကို အနည်းငယ် နားလည်သွားပုံရသည်။
“သူတို့နှစ်ယောက်လုံး မဟုတ်ဘူး။ ချူးယွင်ဖန်းဆိုတဲ့ သာမန်ကျောင်းသားတစ်ဦးပဲ။ ဒီကလေးက မာနကြီးပြီး ဘဝင်မြင့်လွန်းတယ်။ သူ့နာမည်ကို ခင်ဗျားတို့ထဲက တချို့လည်း ကြားဖူးပြီးသားဖြစ်မှာပါ၊ သူက ကျုပ်တပည့် ကျန်းလင်းရှောင်ကို ရန်စခဲ့သူဖြစ်ပြီး၊ အခုကနေ နောက်လာမယ့် တစ်နှစ်မှာ သူနဲ့ မရဏတိုက်ပွဲကို ယှဉ်ပြိုင်လိုတဲ့ ကျောင်းသားပဲ”
"ဒါဆို သူပေါ့။ ကျုပ် မှတ်မိပြီ။ လူတစ်ယောက်က ကျန်းလင်းရှောင်ကို စိန်ခေါ်ရဲတယ်ဆိုပြီး၊ ဟိုးတစ်လောက အုပ်အုပ်ကြွကြွ ဖြစ်သွားဖူးတယ်လေ။ သာမာန် နည်းပြတစ်ဦးတောင် ကျန်းလင်းရှောင်ရဲ့ လှုပ်ရှားမှုသုံးကွက်ကို ခံနိုင်ရည်ရှိမှာမဟုတ်တာကို”
နည်းပြဆရာတစ်ဦးက ပြောကြားခဲ့သည်။
ဤလူများသည် အသေးအမွှားကိစ္စများကို မှတ်မိရန် စိတ်မ၀င်စားကြသော်လည်း ယင်းကိစ္စက ကွဲပြားခြားနားသည်။ ဤသည်မှာ ကျန်းလင်းရှောင်နှင့် သက်ဆိုင်နေသော ကိစ္စဖြစ်ရာ၊ ပြည်ထောင်စု တက္ကသိုလ်၏ ကျောင်းသားများကြားတွင် ကျန်းလင်းရှောင်၏ ပြိုင်ဘက်ကိုရှာတွေ့ရန်မှာ ခက်ခဲလွန်းသည်။ ဤနေရာတွင် ရှိနေသောလူများမှလွဲလျှင်၊ တခြားနည်းပြဆရာများက လက်ရှိ ကျန်းလင်းရှောင်ကို နှိမ်နင်းနိုင်မည်ဟု ရဲရဲဝံ့ဝံ့ပြောရဲမည် မဟုတ်ပေ။
ခန့်မှန်းချက်များအရ လာမည့်နှစ်အနည်းငယ်အတွင်း၊ ကျန်လင်းရှောင်က အသက်သုံးဆယ် မပြည့်မီအချိန်တွင်ပင် ၎င်းတို့နှင့် တန်းတူရပ်တည်နိုင်မည်ဖြစ်သည်။ ယခုခေတ် ကျောင်းသားများ သန်မာသည်ထက် သန်မာလာကြသည်ဟု လူအများစုက ညည်းတွားကြသော်လည်း ဤကဲ့သို့သော သတင်းစကားများကို အာရုံမစိုက်ဘဲ မနေနိုင်ကြပေ။
"ဟုတ်သားပဲ၊ အခုမှပဲ သတိရတော့တယ်။ ပြီးတော့ အဲ့ဒါကလည်း မရဏတိုက်ပွဲမျိုး။ ကျုပ်က တစ်ချို့ ကျောင်းသားတွေ အထက်တန်းကျောင်းမှာ မောက်မာတာများပြီး ရူးသွားကြပြီ ထင်ပြီး ဒီကိစ္စကို သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် သူက ကျန်းပိုင်ဖေးကို အခုလို အနိုင်ယူနိုင်လိမ့်မယ်လို့တော့ မထင်ထားဘူး"
"ကျူးပုမီ ခင်ဗျားပြောတဲ့ အတိုင်းသာဆိုရင်၊ ဒါက သာမန် ကျောင်းသားမဟုတ်လောက်ဘူး။ ကျန်းပိုင်ဖေးကိုတောင် အနိုင်ယူနိုင်တယ်ဆိုရင်၊ နိုင်ငံရပ်ခြားက ဂိုဏ်းခွဲတွေကို ထည်ပြီးရေတွက်ရင် ဒီကျောင်းသားက ထိပ်တန်း အယောက်နှစ်ဆယ်ထဲမှာ ပါဝင်မှာ သေချာတယ်"