အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း(၄၉၃) လူအုပ်၏ ထိတ်လန့်မှု
ယေဘုယျအသိပညာအရ ဒုတိယနှစ်ကျောင်းသား၏ ထက်ဝက်ခန့်မျှသာ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။ အငယ်တန်းကျောင်းသားများအားလုံးပင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့မရောက်ရှိကြသေးပေ။ ချူးယွင်ဖန်းသည် ယခုအခါ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများကို ကလေးများနှယ်ရိုက်နှက်ပစ်လိုက်ခြင်းဖြစ်၏။ ၎င်းတို့၏ အမြင်တွင် သူသည် နတ်ဘုရားတစ်ပါးနှင့်တူသည်။
ထို့အပြင် ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို ယခင်က အနိုင်ယူခဲ့ဖူးသည်။ ဤအချိန်တွင် ချူးယွင်ဖန်းးသည် ၎င်းတို့၏ စိတ်ထဲတွင် နတ်ဘုရားတစ်ဖြစ်လဲ နတ်ဆိုးတစ်ပါးနှင့်တူ၏။
“ငါ့ကို တားချင်တဲ့လူရှိသေးလား” ချူးယွင်ဖန်းက ဖြည်းညှင်းစွာပြောသည်။ သူ၏ အကြည့်များသည် လူအုပ်ကြီးတစ်ခုလုံးကို လွှမ်းမိုးသွာသည်။ သူ၏ မျက်လုံးများသည် အလွန်အေးစက်လျက် သနားညှာတာမှုကင်းမဲ့နေသောကြောင့် လူတိုင်း၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည့်နှယ်ခံစားလိုက်ရသည်။
“မရှိဘူးမလား။ ဒါဆို ငါအခု သွားတော့မယ်” ချူးယွင်ဖန်းက ရှန်းကွမ်ရှန်ယုနှင့် မြေပြင်ပေါ်သို့ လဲကျသွားသော အခြားသူများကိုပင် မကြည့်နေတော့ဘဲ အေးစက်စွာပြောလိုက်သည်။
ချူးယွင်ဖန်း ဗီလာထဲသို့ ဝင်သွားသည်ကို လူတိုင်းက ငေးကြည့်နေကြသည်။ ၎င်းတို့ထဲမှအများစုသည် ချူးယွင်ဖန်းကို ကြားဖြတ်ဟန့်တားရန် အမိန့်များ ရရှိထားခဲ့ကြပြီးဖြစ်ကာာ ၎င်းတို့ ရောက်လာမည့်အချိန်ကိူ စောင့်ဆိုင်းခဲ့ကြသော်လည်း ယခုအချိန်တွင် မည်သည်က ချူးယွင်ဖန်းကို တားဝံ့သနည်း။ ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ သိုင်းကွက်တစ်ကွက်ခန့်ကိုပင် တားဆီးနိုင်လိမ့်မည်ကိုပင် စိုးရိမ်နေရသည်။
ဤကိစ္စနှင့် ပတ်သက်၍ ၎င်းတို့အားလုံး အလွန်နည်း ပါးလှသောအကျိုးအမြတ်များရရှိမည်ဖြစ်သည်။ ထိုသို့သော အကျိုးအမြတ်အနည်းငယ်ခန့်ကြောင့် မိမိကိုယ်မိမိ ဆေးရုံသို့ရောက်စေရန် မလိုအပ်ပေ။ ထို့အပြင် ၎င်းတို့က ချူးယွင်ဖန်းကို တားဆီးချင်သည်ဆိုလျှင်ပင် မတတ်နိုင်ကြပေ။ ချူးယွင်ဖန်း၏ ခွန်အားကိုကြည့်လျှင် ၎င်းတို့နောက်မှ ကျွမ်းကျင်သူများက အလွန်စွမ်းအားကြီးနေစေကာမူ ၎င်းတို့အားလုံးအရှုံးပေးရပေလိမ့်မည်ဖြစ်သည်။
လူအုပ်သည် ချူးယွင်ဖန်းက သူ့အိမ်ထဲကို ဝင်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေနိုင်ခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်အတွင်းရှိ အိမ်ကြီးများ၏ လုံခြုံရေးအဆင့်အရ အိမ်ပိုင်ရှင်ကိုယ်တိုင်ထွက်မလာသရွေ့ မည်သူမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
သိပ်မကြာခင်၌ပင် လူများစွာရောက်ရှိလာသည်။ ရှန်းကွမ်ရှန်ယုနှင့် အခြားသူများသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် နာကျင်မှုကြောင့် အဆက်မပြတ် ညည်းတွားနေကြသည်။ ၎င်းတို့၏ အမူအရာများသည် အနှိုင်းမဲ့ ရှုပ်ထွေးနေသည်။ ၎င်းတို့ထဲမှ အများစုသည် ရှန်းကွမ်ရှန်ယုနှင့် တူညီသော ခွန်အားများရှိကြသော်လည်း ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင် ပဥ္စမအဆင့်၌သာရှိနေကြသေးသည်။ ချူးယွင်ဖန်းက ဤလူများ၏ ခွန်အားကို မည်သို့ အနိုင်ယူခဲ့ပုံကို ကြည့်လျှင် ၎င်းတို့အားလုံး ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ကြောင်း သိသာလှသည်။
၎င်းတို့က ခပ်စောစောရောက်ရှိလာကြလျှင်ပင် နောက်ဆုံးရလဒ်သည် ကွာခြားလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည်လည်း မြေပြင်ပေါ်တွင် လဲလျောင်းလျက် ပို၍များပြားသော အလောင်းများပြန့်ကျဲနေလိမ့်မည်ဖြစ်သည်။ အခြား မည်သို့မျှ သိသိသာသာပြောင်းလဲလိမ့်မည်မဟုတ်ပေ။
“သူဘယ်လိုလေ့ကျင့်ထားတာလဲ။ အချိန်တိုလေးအတွင်းမှာ ဘာလို့ ဒီလောက် သန်မာလာတာလဲ”
“သူကံကောင်းလာတာဖြစ်မယ်။ လွန်ခဲ့တဲ့ ခြောက်လကျော်ရဲ့တစ်ဝက်လောက်ကို တက္ကသိုလ်အပြင်မှာနေခဲ့တယ်လို့ ငါကြားတယ်။ အပြင်မှာ ကောင်းတဲ့ကံကြမ္မာတစ်ခုခုနဲ့ကြုံကြိုက်ပြီး ကျင့်ကြံရေးအဆင့် ခုံပျံကျော်လွှားပြီးတိုးတက်လာတာထင်တယ်”
“သူကအရမ်းသန်မာတယ်။ ကျန်းပိုင်ဖေးက နာမည်နဲ့ လိုက်ရောညီထွေအောင်မနေခဲ့လို့ ရှုံးသွားတာလို့ငါထင်ထားခဲ့တာ။ ကျန်းပိုင်ဖေးရဲ့ ကျင့်ကြံရေးအဆင့် ကျသွားတယ်လို့ ထင်နေတာ။ အခုတော့ အဲ့လိုမဟုတ်လောက်ဘူးထင်တယ်။ ချူးယွင်ဖန်းက တကယ်သန်မာတာပဲ”
“၎င်းတို့အားလုံးသည် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ကြသည်။ ၎င်းတို့အားလုံးကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ရာ တစ်ယောက်ပြီးတစ်ယောက် ချက်ချင်းရှုံးနိမ့်သွားခဲ့ကြသည်။ ၎င်းတို့ အတူပူးတွဲတိုက်ခိုက်ခဲ့ကြသည့်တိုင်း ထိုသူတို့သည် ချူးယွင်ဖန်းကို မယှဥ်နိုင်ကြသေးပေ။
လူအများ၏ မျက်လုံးထဲတွင် ဤကိစ္စသည် မီးကဲ့သို့ တောက်လောင်နေသည်။ ဤအခြေအနေမှတစ်ဆင့် ဤနေရာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည်။ အခင်းဖြစ်ပွားရာနေရာရှိ လူအုပ်ထံမှ သတင်းအချက်အလက်အချို့ရရှိပြီးနောက် အခြေအနေကို အလုံးစုံသိမြင်လာကြကာ လူတိုင်း မျက်နှာလွှဲသွားကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကာ ပို၍ စွမ်းအားကြီးသည်။ ဤသည်က တက္ကသိုလ်၏အဆင့်များကို ပြောင်းပြန်လှန်နိုင်မည်ဟုထင်နေကြသော ကျောင်းသားများအားလုံးကို အံ့သြထိတ်လန့်ကုန်စေသည်။ အဆုံးသတ်တွင် အဆင့်သတ်မှတ်ချက်ကို ပြောင်းပြန်လှန်နိုင်သည့်သူမှာ ချူးယွင်ဖန်းသာလျှင်ဖြစ်သည်။
တစ်ချိန်တည်း၌ပင် ကျန်းပိုင်ဖေးကို ရင်ဆိုင်ရလျှင် ၎င်းတို့ကြုံတွေ့ရမည့် အန္တရာယ်အဆင့်သည် များစွာမြင့်တက်လာသည်။ ကျန်းပိုင်ဖေးသည် အင်အားကြီးလှကာ အနည်းဆုံးအနေဖြင့် ၎င်းတို့ထက် ပို၍သန်မာသည်။ သူသည် ထိုသို့သော သိုင်းကွက်မျိုးဖြင့် တစ်ကြိမ်တစ်ခါမျှမရှုံးခဲ့ဖူးပေ။
ရုတ်တရက် အခြေအနေသည် ပို၍ ပြင်းထန်လာသည်။ လူတစ်ယောက်သည် လူအုပ်ကြားထဲမှ လမ်းလျှောက်၍ ဖြည်းညှင်းစွာထွက်လာသည်။
“အဲ့တာသုန်ဖန်ဟောက်ပဲ သူလည်းဒီရောက်နေတယ်။ ချူးယွင်ဖန်း သီးသန့်လေ့ကျင့်မှုကထွက်လာပြီဆိုတဲ့သတင်းတွေကြောင့်များ ရောက်လာတာလား” လူတစ်ယောက်က ဤလူသည် ထိပ်တန်းအမှတ်အများဆုံးသူတစ်ဦးဖြစ်သည့် သုန်ဖန်ဟောက်မှတပါးအခြားသူမဟုတ်ကြောင်း သိရှိသွားသည်။
သုန်ဖန်ဟောက်သည် ဒုတိယအကောင်းဆုံးဖြစ်၍ နံပါတ်တစ်မဟုတ်သော်လည်း သာမန်ကျောင်းသားများအတွက်မူ သူသည် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သိသာထင်ရှား၏။
“အဲ့တာ သုန်ဖန်ဟောက်ပဲ သူလည်းဒီရောက်နေတယ်”
“ချူးယွင်ဖန်း စောထွက်သွားတာနှမျောစရာပဲ။ မဟုတ်ရင် ငါတို့ ချူးယွင်ဖန်းနဲ့ သုန်ဖန်ဟောက်တို့ကြား တိုက်ပွဲကို ကြည့်ရဦးမှာ”
ချူးယွင်ဖန်းက ရှန်းကွမ်ရှန်ယုကို အလွယ်တကူအနိုင်ယူခဲ့ပြီးသည့်နောက် လူတိုင်းသည် သူနှင့် သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်တို့၏ တိုက်ပွဲကို ပို၍ စိတ်ဝင်စားလာကြသည်။ လူအုပ်က ၎င်းတို့မည်မျှစွမ်းအားကြီးလှလေလေ တိုက်ပွဲက ပို၍ စိတ်လှုပ်ရှားဖွယ်ဖြစ်လေလေဖြစ်လိမ့်မည်ကို သိထားကြသည်။
ဗီလာထဲသို့ ချူးယွင်ဖန်းဝင်သွားသည်မှာ အလွန်နှမျောဖွယ်ကောင်းလှသည်။ သူသည် စိန်ခေါ်မှုကို လုံးဝ လက်မခံချင်သည့်နှယ်ပင်ဖြစ်၏။ ယခင်ကသာဆိုပါက ချူးယွင်ဖန်းသည် လုံလောက်သော အင်အားမမမရှိခြင်းကြောင့် စိန်ခေါ်မှုကို လက်မခံဝံ့ခြင်းဟု ထင်ကာ လှောင်ပြောင်ကြလိမ့်မည်ဖြစ်သည်။ ယခုမူကား ဤကဲ့သို့ မဟုတ်ဟုထင်ရသည်။ စိန်ခေါ်မှုကို အဘယ်ကြောင့် လက်မခံချင်သနည်း။ ရှန်းကွမ်ရှန်ယုကဲ့သို့သော လက်ရွေးစင်ကျောင်းသားများကိုပင် ပေါ့ပါးစွာကိုင်တွယ်နိုင်ခဲ့သည်။
သုန်ဖန်ဟောက်၏နောက်တွင် နောက်ထပ်လူတစ်ယောက်ပေါ်လာသည်။ ချူးယွင်ဖန်းကို မတွေ့ခဲ့သည်မှာ တစ်နှစ်ခွဲကျော်ခန့်ရှိပြီဖြစ်သည့် ချူးယွင်ရှင်းမှတပါးအခြားသူမဟုတ်ပေ။
လွန်ခဲ့သောတစ်နှစ်ခွဲနှင့် နှိုင်းယှဥ်ပါက ချူးယွင်ရှင်း၏ အခြေအနေသည် ယခု အခြေခံအားဖြင့် ကွာခြားသွားပြီဖြစ်သည်။ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ ရှန်းကွမ်ရှန်ယုနှင့်အခြားသူများထက်ပင် ပို၍သန်မာကာ၊ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ချူးယွင်ရှင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့်အခိုက်အတန့်၌ပင် ရှန်းကွမ်ရှန်ယုနှင့် အခြားသူများရှုံးနိမ့်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ သူ့မျက်နှာထက်၌ လေးနက်သော အမူအရာတစ်ခုပေါ်လာသည်။ ချူးယွင်ရှင်းသည် ရှန်းကွမ်ရှန်ယုနှင့် အခြားသူများကို အနိုင်ယူရန် ယုံကြည်မှုရှိသော်လည်း သူကို ဝိုင်းထားပါက ချက်ချင်းသတ်ပစ်ရန်မဆိုနှင့် အနိုင်ယူရန်ပင် လုံးဝမဖြစ်နိုင်ပေ။
‘ချူးယွင်ဖန်းက အရင်နှစ်ဝက်ကထက် ပိုပြီးသန်မာလာတာပဲ’ အတွေးတစ်ခုက ချူးယွင်ရှင်း၏ ခေါင်းထဲတွင် ဖြတ်သန်းသွားသည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချူးယွင်ရှင်း ၏လက်ထဲတွင် ချူးယွင်ဖန်းရှုံးနိမ့်ခဲ့သော်လည်း ချူးယွင်ဖန်းက ထိုသို့သော ဝှက်ဖဲမျိုးရှိနေခဲ့လိမ့်မည်မထင်ခဲ့သောကြောင့်သာဖြစ်သည်။ သူသတိမထားမိခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုတိုက်ခိုက်မည်ဆိုပါက ချူးယွင်ရှင်းသည် သူရှုံးနိမ့်ရမည်ဟု ပြင်းထန်သော ကြိုတင်သတိပေးချက်တစ်ခုရှိနေသည်။ သူ့တွင် ထိုသို့သောအတွေးမျိုးရှိနေသော်လည်း ချူးယွင်ရှင်းသည် အရှုံးပေးလိုစိတ်အနည်းငယ်မျှမရှိပေ။ ချူးယွင်ဖန်းကို ကျော်တက်ရမည့် တိုက်ခိုက်ရေးစိတ်ဓာတ်သည် သူ့စိတ်ထဲတွင် ပို၍ တောက်လောင်လာ၏။
ဤအခိုက်အတန့်တွင် ချူးယွင်ရှင်းသည် လွန်ခဲ့သောဆယ်နှစ်အတွင်း၌ ချူးယွင်ဖန်းက သူ့ကို မည်သို့ မြင်ခဲ့သည်ကို နားလည်သွားသည်။
“ချူးယွင်ဖန်းက မင်းအစ်ကိုဝမ်းကွဲမလား။ သူတကယ်သန်မာတာပဲ”
“ဒါပေမယ့် သူက ငါနဲ့ မယှဥ်နိုင်သေးပါဘူး။ နည်းနည်းလိုနေသေးတယ်”
သုန်ဖန်ဟောက်က ဤအချက်ကို စိတ်ချလက်ချပြောလိုက်သည်။ သူသည် ထိုတိုက်ပွဲမှတစ်ဆင့် ချူးယွင်ဖန်း၏ ခွန်အားကို ခန့်မှန်းလိုက်ပုံပေါ်၏။
“မြန်မြန်လုပ် သူတို့ကို ဆေးကုခန်းထဲပို့လိုက်တော့။ ဒီမှာဆက်ရှိနေရင် ပိုပြီးရှက်ရလိမ့်မယ်”
သုန်ဖန်ဟောက်က ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ ထိုမှသာ လူတိုင်းက ရှန်းကွမ်ရှန်ယုနှင့် အခြားသူများကို ဆေးကုသရန် ချက်ချင်း အလျင်အမြန်သယ်ဆောင်သွားကြ၏။
အခန်း(၄၉၄) မရီးဒျန်သန့်စင်ခြင်းပဥ္စမအဆင့်ကို ဖြတ်ကျော်ခြင်း
ဗီဒီယိုများ အင်တာနက်တစ်ခွင်ပျံ့နှံ့လာသည်နှင့်အမျှ တိုက်ပွဲသတင်းသည် လူတိုင်းထံသို့ရောက်ရှိသွားသည်။ ဤတိုက်ပွဲက ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို ပို၍ ခိုင်မာလာစေသည်။
အများအတွက် ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုနှင့် အခြားသူများကို အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ခြင်းမှာ အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်မှာ သေချာလှ၏။ ချူးယွင်ဖန်းက ယခင်က ကောလဟာလများကို တုံ့ပြန်ခြင်းမပြုခဲ့သော်လည်း ဤလုပ်ရပ်သည် ကြွေကျနေသော သစ်ရွက်ခြောက်များကို ဖယ်ရှားပစ်လိုက်သည့် ဆောင်းဦးလေပြေနှင့်တူသည်။ ကောလဟာလများကို တုံ့ပြန်ရန် သူ၏ လုပ်ရပ်များဖြင့် လက်တွေ့ပြသခဲ့သည်။
မတိုက်ခံ့ဝံ့ခြင်းကြောင့်ဟု မည်သူမျှ ဆက်မပြောရဲကြတော့ပေ။ နောက်ဆုံးတွင်မူ အမှန်တရားများသည် သူတို့၏ မျက်စိရှေ့တွင်သာဖြစ်သည်။ ချူးယွင်ဖန်းကို အသုံးပြု၍ ကျောင်းအဆင့်သတ်မှတ်ချက်ကို ပြောင်းလဲလိုသူများအားလုံးသည်လည်း လက်လျှော့လိုက်ကြသည်။ တိုက်ပွဲတစ်ခုသာ ပြီးဆုံးသွားခြင်းဖြစ်သော်လည်း မည်သူက သန်မာ၍ မည်သူက ပို၍ အင်အားနည်းပါးလှသည်ကို သူတို့သိကြသည်။
သုန်ဖန်ဟောက်က ပြောခဲ့သည့် ချူးယွင်ဖန်းသည် သူနှင့်မယှဥ်နိုင်သေးဟူသော စကားများသည် လူအများထံသို့ ပျံ့နှံ့သွားသည်။ ဤစကားသည် နောက်ဆုံးနိဂုံးတစ်ခုကဲ့သို့ပင်ဖြစ်၍ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားသစ်များ၏ စိတ်ထဲတွင် အဆင့်သတ်မှတ်ချက်များကို ထပ်မံဆုံးဖြတ်ပေးလိုက်ပြန်သည်။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကို အနိုင်ယူပြီးသည့်နောက်တွင် အလိုအလျောက်ပင် တတိယအဆင့်ဖြစ်လာခဲ့သော်လည်း သူနှင့် ထိပ်တန်းနှစ်ယောက်ဖြစ်သည့် သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့၏အကြားတွင် ကွာဟချက်ရှိနေသေးသင့်သည်။
ဤအချိန်တွင် လူအများသည် ယခင်အဆင့်သတ်မှတ်ချက်များအတွက် အကြောင်းပြချက်ရှိကြောင်းသိလာသည်။ ၎င်းတို့ကို ကျော်လွန်နိုင်ရန် မလွယ်ကူလှပေ။ လူတစ်ယောက် တိုးတက်နေပါက ကျန်တစ်ယောက်သည်လည်း တိုးတက်နေပေလိမ့်မည်ဖြစ်သည်။
အချိန်တစ်ခုကြာသည်အထိ ဤကိစ္စသည် ဆက်လက်၍ကြီးထွားလာသော်လည်း မကြာမီ၌ပင် လူတိုင်း၏ အာရုံသည် အခြားကိစ္စတစ်ခုသို့ ရောက်ရှိသွားကြသည်။ မှန်သည်။ လာမည့် တစ်လခွဲအတွင်း ကျင်းပတော့မည့် တာအိုညီလာခံအကြောင်းပင်ဖြစ်ကာ ဤညီလာခံသည် ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။ လွန်ခဲ့သောနှစ်က ကျောင်းသားသစ်များသည် ယခုအချိန်တွင် ဒုတိယနှစ်ကျောင်းသားများဖြစ်လာခဲ့ရာ ၎င်းတို့သည် ယမန်နှစ်ညီလာခံ၌ နက္ခတ်ဂိုဏ်း၏ တပည့်များထံတွင် ရှုံးနိမ့်ခဲ့ရသည်။ ဤသို့သောအဖြစ်အပျက်မျိုးကြုံဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဤသို့အဖြစ်အပျက်မျိုး အများအပြားမရှိခဲ့ပေ။ ပြည်ထောင်စုတစ်ခုလုံးတွင် အရင်းအနှီးအများဆုံးရှိသည့် ပြည်ထောင်စုတက္ကသိုလ်အတွက် ဤသည်မှာ ကြီးစွာသောအရှက်ကွဲမှုတစ်ခုဖြစ်ကာ မျက်နှာသို့ ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်ကြောင်း သံသယဖြစ်နေရန်မလိုပေ။
ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည် ပြည်ထောင်စုတစ်ခုလုံးမှ ရွေးချယ်ခြင်းခံထားရသော လက်ရွေးစင်များဖြစ်ကာ ပြည်ထောင်စု၏အရင်းအမြစ်များနှင့်အတူ ၎င်းတို့သည် ပထမနေရာကို အခိုင်အမာယူနိုင်သင့်သည်။
၎င်းတို့၏ ယခင်ရှုံးနိမ့်မှုကြောင့် ယခုနှစ်ကျောင်းသားသစ်များကို ပို၍ ကြီးမားကာ အရေးကြီးမစ်ရှင်တစ်ခုအဖြစ် အပ်နှင်းထားကြသည်။ ဤတာအိုညီလာခံတွင် ရလဒ်ကောင်းများရရှိရန် ကြိုးပမ်းမှုအတွက် ထိပ်တန်းရောက်နေသောကျောင်းသားများသည် နောက်ဆုံးပြင်ဆင်မှုအဆင့်သို့ ဝင်ရောက်လာကြသည်။ ချူးယွင်ဖန်းနှင့် ပတ်သက်သောကောလဟာလများနှင့်သတင်းများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။
ချူးယွင်ဖန်းသည် သူ၏ ဗီလာအပြင်ဘက်၌ ဖြစ်ပျက်နေသော အပြောင်းအလဲများကို မသိခဲ့ပေ။ သူ့အတွက် ယခုအရေးအကြီးဆုံးကိစ္စမှာ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်ကို ကျော်ဖြတ်ရန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့် အထွဋ်အထိပ်၌ ရှိနေပြီဖြစ်ကာ မကြာသေးမီကမှ ဤအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယမန်လက သူရရှိခဲ့သော အောင်မြင်မှုများသည် အလွန်ကြီးမားလှ၏။
လူများစွာသည် ဤသို့ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်ကို ဖြတ်သန်းရန် အချိန်တစ်လခန့်လိုအပ်လိမ့်မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် အချိန်အမြောက်အမြားမရှိပေ။ ထို့ကြောင့် ရှေ့တို့ အမြန်တက်လှမ်းရန် အကောင်းဆုံး နည်းလမ်းမှာ သွေးမူလဆေးများကို သောက်သုံးခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းတွင် မူလက သွေးမူလဆေး ငါးလုံးရှိခဲ့သော်လည်း ယခုမူ လေးလုံးသာကျန်ရှိတော့သည်။ သို့သော်လည်း ယင်းသည် လုံလောက်သေး၏။
သွေးမူလဆေးများသည် အတိုင်းအဆမဲ့အစွမ်းထက်နေခြင်းမျိုးမဟုတ်သဖြင့် လူတစ်ယောက်က မည်သည့်ကြိုးစားအားထုတ်မှုမျှမပါဘဲ ယင်းဆေးများကိုသာ သောက်သုံးခြင်းဖြင့် အဆင့်ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် အောင်မြင်မှုတစ်ခုရရှိရန် ဆေးလုံးများကို အတင်းမြိုချလိုက်ပါက ဆေးဧကရာဇ် ယခင်က လျှောက်လှမ်းခဲ့သော လမ်းကြောင်းနှင့် ကွာခြားတော့မည်မဟုတ်ပေ။
လက်ရှိချူးယွင်ဖန်းအတွက်မူ သူသည် အရာရာကို ဝီရိယစိုက်ထုတ်ခဲ့သဖြင့် ဆေးလုံးများသည် အဆင့်ကျော်ဖြတ်နိုင်ရန် ကူညီပေးမည့် ကိရိယာတစ်ခုမျှသာဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏အိမ်ကြီးအတွင်းရှိ ထိုင်ဖုံတွင် တင်ပျဥ်ခွေထိုင်လျက်ရှိနေသည်။
သူ၏ခွန်အားကို လည်ပတ်စေခဲ့ရ စွမ်းအင်လည်ပတ်မှုအကြိမ်အရေအတွက် များလေလေ ချူးယွင်ဖန်း၏ ကျင့်ကြံမှု ခွန်အားများပို၍ တိုးတက်လာလေဖြစ်ကာ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်ကို စတင် ချိုးဖောက် ဖြတ်ကျော်လေလေဖြစ်၏။
သို့သော် ချူးယွင်ဖန်းက မည်မျှပင် ကြိုးစားနေစေကာမူ အတားအဆီးသည် အလွန်ခိုင်မာလှလွန်းသည်။ ဧကရာဇ်ကိုယ်ခန္ဓာစနစ်ကို ကျင့်ကြံပြီးနောက် သူအဆင့်တစ်ဆင့် တက်လာတိုင်းတွင် သူ၏ ခွန်အားသည် သာမန်လူတစ်ဦးထက်ပို၍ သာလွန်လာသည်။ တစ်ဖက်တွင်မူ ဤအရာသည် အဆင့်ဖြတ်ကျော်ရာ၌ ပို၍ ခက်ခဲစေ၏။ အထူးသဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ မရီးဒျန်များအားလုံး ပို၍ ခိုင်မာလာသည့်အခါတွင်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏ မရီးဒျန်များကို ချဲ့ထွင်ရန် သွေးမူလဆေးလုံးများ၏ စွမ်းအားကို အသုံးပြုရန်မှတပါးအခြားရွေးချယ်ရန်လမ်းမရှိတော့ပေ။ မဟုတ်ပါက ဖြတ်ကျော်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။
နောက်ဆုံးတွင် အချိန်အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားပြီးနောက် ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာရှိ စစ်မှန်သော စွမ်းအင်များသည် ကန့်သတ်ချက်သို့ရောက်ရှိသွားသည်။ တည်ငြိမ်သော ဆိုက်ကုလန်းမုန်တိုင်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ စတင်ဖြစ်ပေါ်လာကာ အဆက်မပြတ်လည်ပတ်လာသည်။
‘အချိန်ကျပြီ’ ချူးယွင်ဖန်းက စိတ်ထဲတွင် တွေးလိုက်၏။ တစ်ချိန်တည်း၌ပင် သူသည် တောင်မြစ်ပန်းချီကားထဲမှ သွေးမူလဆေးလုံးကို ထုတ်၍မျိုချလိုက်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ချီစွမ်းအင်များစုစည်းထားသော ဆိုင်ကလုန်းမုန်တိုင်းသည် ချက်ချင်းပင် ပို၍ ကြီးမားလာကာ လျင်မြန်စွာဖြင့် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ဤမုန်တိုင်းသည် ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်ကို ဗဟိုပြုထားကာ တစ်လက်မမျှပင် မရွေ့သွားပေ။ သူ၏ ချီစွမ်းအင်များကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်၏။
ဤသည်မှာ လွန်ခဲ့သောလက ချူးယွင်ဖန်းရရှိခဲ့သောအရာဖြစ်သည်။ သူ၏ ခွန်အားတိုင်းကို အပြည့်အဝထိန်းချုပ်နိုင်၏။ ချီစွမ်းအင်များသည် ချူးယွင်ဖန်း၏ မရီးဒျန်များတစ်လျှောက်၌ ဆက်လက်ပျံ့နှံံနေသည်။ မကြာခင်၌ပင် ဤစွမ်းအင်စီးကြောင်းများစီးဆင်းလာကာ ဤစွမ်းအင်များသည် မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်၏ အတားအဆီးကို စတင်တိုက်ခိုက်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်းသည် အတားအဆီးကို တစ်ဆင့်ချင်း တိုက်ခိုက်ခဲ့ရာ တစ်ဆင့်ပြီးတစ်ဆင့်၌ မရီးဒျန်များ တဖြည်းဖြည်း ပွင့်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ မရီးဒျန်များ ပွင့်လာပြီးနောက် သူ၏ ခွန်အားများလည်း ပို၍ တိုးများလာသည်။
သုံးရက်တိတိကြာပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် အတားအဆီးကိုဖြတ်ကျော်နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ အလွန်ပြင်းထန်သော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ချက်ချင်းဆိုသကဲ့သို့ ပေါက်ကွဲသွား၍ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ဤပြင်းထန်သော စွမ်းအင်များအားလုံးသည် စတင်၍ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွား၏။
‘ငါနောက်ဆုံးတော့ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်ကို ရောက်ပြီ။ နောက်ထပ် ဆယ်ရက် ထပ်ယူပြီး အဲ့တာကို ခိုင်မာအောင်လုပ်ရမယ်’ ချူးယွင်ဖန်းက တွေးသည်။ သူ၏ စုစည်းမှုသည် နက်နဲလွန်းလှသည်။ သွေးမလူဆေး၏ အာနိသင်များနှင့် ပေါင်းစပ်၍ သူ၏ ကျင့်ကြံရေးသည် အပြည့်အဝ တည်ငြိမ်နေပြီဖြစ်ကာ တိုက်ခိုက်ရေးစွမ်းအားသည်လည်း ယခုအခါတွင် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်နှင့် နှိုင်းယှဥ်နိုင်ပြီဖြစ်သည်။
ကျန်ဆယ်ရက်သည် သွေးမူလဆေးလုံး၏ အာနိသင်များကို အပြည့်အဝစုပ်ယူရန် ချူးယွင်ဖန်းအတွက် လုံလောက်၏။ သူ၏ကျင့်ကြံရေးသည် ဤထက်ပို၍တိုးမြင့်လာပေလိမ့်မည်။
ချူးယွင်ဖန်းသည် ယခုနှစ်တာအိုညီလာခံ၏ ချန်ပီယံဖြစ်လာတော့မည်ဖြစ်သည်။ မဟုတ်လျှင် သူအလွန် ဒုက္ခရောက်ရပေလိမ့်မည်။ အကြီးမားဆုံးပြဿနာမှာ ဒုအဓိပတိဖြစ်သည်။ ချူးယွင်ဖန်းသည် ယခုအချိန်မှ လာမည့် ခြောက်လအကြာတွင် မရဏတိုက်ပွဲ၌ ကျန်းလင်းရှောင်ကို သတ်ချင်ပါက ပြည်ထောင်စုတက္ကသိုလ်တွင် အကြီးကျယ်ဆုံးကျောင်းသားတစ်ဦးဖြစ်လာရန် လိုအပ်သည်မှာ သေချာ၏။
ဤအဆင့် အထောက်အထားသည် အကြီးမားဆုံးသော အကာအကွယ်ဖြစ်သ်ည။ ဤအတွေးက သူ့စိတ်ထဲသို့ဝင်လာသည်နှင့် ချူးယွင်ဖန်းသည် တုံ့ဆိုင်းမနေတော့ဘဲ စတင်၍ ပြန်လည်ကျင့်ကြံခဲ့သည်။
အချိန်များကုန်ဆုံးကာ ဆယ်ရက်တာကြာသွားသည်။
တာအိုညီလာခံသည် နောက်ဆုံးတွင် စတင်တော့မည်ဖြစ်၏။
အခန်း(၄၉၅) တာအိုညီလာခံ ရောက်ရှိလာခြင်း
ဆယ်ရက်ကြာပြီးနောက် နံနက်အစောတွင် ချူးယွင်ဖန်းသည် နောက်ဆုံး၌ သီးသန့်လေ့ကျင့်ရာမှ ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် တံခါးအပြင်ဘက်၌ မည်သူမျှ ရပ်စောင့်မနေကြပေ။ အစောပိုင်းက မုန်တိုင်းသည် ငြိမ်သက်သွားခဲ့ပြီဖြစ်သဖြင့် လူတိုင်း၏ အာရုံသည် ညီလာခံသို့ ရောက်သွား၏။
ချူးယွင်ဖန်းသည် သီးသန့်လေ့ကျင့်ရာမှထွက်လာပြီးနောက် ရှဖန်နှင့်အခြားသူများနှင့်တွေ့ဆုံရန်သွားခဲ့သည်။ သူ့အပြင် သူ၏အဖွဲ့သားများသည်လည်း ညီလာခံတွင်ပါဝင်ရန်အရည်အချင်းပြည့်မီနေကြပြီဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့သော ကျောင်းသားများအားလုံး တာအိုညီလာခံတွင် ပါဝင်နိုင်၏။ ထို့အပြင် စွမ်းအင်သန့်စင်ခြင်းအဆင့်အထွဋ်အထိပ်သို့ရောက်နေသည့် ပါဝင်နိုင်သော ကျောင်းသားအချို့လည်းရှိသေးသည်။
ပြည်ထောင်စုတက္ကသိုလ်တစ်ခုတည်းမှ ကျောင်းသားသုံးထောင်ကျော်ပါဝင်တက်ရောက်ခဲ့ကြသော်လည်း ပြည်ထောင်စုတက္ကသိုလ် သိုင်းပညာဌာနတွင်တက်ရောက်နေသည့် ကျောင်းသား သောင်းချီနှင့် နှိုင်းယှဥ်ပါက ဆယ်ဦးတွင် တစ်ဦးသာ ပါဝင်နိုင်သည့်သဘောပင်ဖြစ်သည်။
ယင်းတို့စုစည်းလာသောအခါ အခြားသော ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားများ၊ ပင်ပအဖွဲ့အစည်းများ၊ သီးသန့်မိသားစုကြီးများနှင့် သီးသန့်ဂိုဏ်းခွဲများ အစရှိသည့်အဖွဲ့အစည်းအားလုံးမှလည်း ကိုယ်စားလှယ်အများအပြားစေလွှတ်ခဲ့ကြသည်။
စုစုပေါင်းတာအိုညီလာခံတွင် လူပေါင်း တစ်သောင်းကျော်ပါဝင်သည်။ ဤတစ်သောင်းကျော်သည် သက်တူရွယ်တူများဖြစ်ကြရာ လက်ရွေးစင်များအနက် လက်ရွေးစင်များဖြစ်ကြသည်။ ယခင်နှစ်များနှင့်မတူသည်မှာ ပြည်ထောင်စုတက္ကသိုလ်က ယမန်နှစ်တွင် ချန်ပီယံဘွဲ့ကို ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုတက္ကသိုလ်တွင် ညီလာခံကျင်းပရမည့်အစား အဆုံးမဲ့ပင်လယ်အနီးရှိ နက္ခတ်ဂိုဏ်း၏အခြေစိုက်စခန်းတွင် ကျင်းပရမည်ဖြစ်သည်။
ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းနှင့် သူ၏အဖွဲ့သားများကို နက္ခတ်ဂိုဏ်းသို့ပို့ဆောင်ရန် တာဝန်ရှိသည်။ ချူးယွင်ဖန်းသည် ရှဖန်နှင့်အခြားသူများဆီသို့ သွားရောက်တွေ့ဆုံခဲ့သည်။
ချူးယွင်ဖန်းကို တွေ့လိုက်ရသောအခါ ၎င်းတို့၏ မျက်နှာများထက်တွင် စိတ်ရှုပ်ထွေးသွားသောအမူအရာများထင်ဟပ်လာသည်။ တစ်ချိန်က ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို အထူးပြင်းထန်သော လေ့ကျင့်မှုသင်တန်းတစ်ခု ပို့ချပေးခဲ့ရာ ၎င်းတို့အားလုံးမကျေမနပ်ဖြစ်ကာ ပါဝင်ချင်ခဲ့ကြသည်။ ၎င်းတို့၏ ဆရာသည် ဘက်လိုက်နေခြင်းဖြစ်ကြောင်း ၎င်းတို့အားလုံး သိကြသည်။ သို့သော် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းအထူးလေ့ကျင့်ရေးဆင်းနေသည့် ဗီဒီယိုကို ပြသခဲ့သောအခါ သူတို့အားလုံး ပါဝင်ခွင့်ရရန် ဆက်လက်မတောင်းဆိုတော့ပေ။ ၎င်းတို့၏ အတိုင်းအတာများကို သိသည်။ အကယ်၍ ၎င်းတို့သည်သာ သူ့နေရာတွင်ဖြစ်လျှင် ထိုကဲ့သို့ ပြင်းထန်သော လေ့ကျင့်မှု၏ ပထမတစ်ရက်တည်းကိုပင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ ခံနိုင်ရည်ရှိရန်မဆိုနှင့် စစ်မြေပြင်တွင်သေဆုံးသွားသကဲ့သို့ပင် သေသွားပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းကို တစ်လကျော်ကြာမတွေ့ခဲ့ကြရပြီးနောက် သူ့ပြောင်းလဲမှုများသည် နေ့တစ်နေ့ကဲ့သို့ ရှင်းလင်းနေသည်။ သူ၏ စိတ်နေစိတ်ထားအပါအဝင် အရာအားလုံး ပြောင်းသွား၏။ ချူးယွင်ဖန်းကို ဝန်းရံနေသော ကိုယ်ရောင်ကိုယ်ဝါသည် ဖော်ထုတ်ရန် မဖြစ်နိုင်သလောက်သည့်အတိုင်းအတာအထိ ပြင်းထန်မြင့်မားနေသည်။ ၎င်းတို့အားလုံးသည် သိုင်းပညာရှင်များဖြစ်ကြသောကြောင့် ဤပြောင်းလဲမှုကို အလိုအလျောက်ပင် နားလည်ခဲ့ကြသည်။ ချူးယွင်ဖန်းနှင့် တူညီသော ကျင့်ကြံရေးအဆင့်တွင် ရှိနေသော်လည်း သူသည် ၎င်းတို့ထက် ပို၍ သန်မာကာ ကြောက်မက်ဖွယ်ကောင်းသည်။
ချူးယွင်ဖန်း၏ အဖွဲ့သားများသည် လွန်ခဲ့သော နှစ်ဝက်ခန့်၊ ၎င်းတို့ စတင်တွေ့ဆုံခဲ့စဥ်က ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် ၎င်းတို့ထက် နိမ့်ကျနေသေးသည်ကို မှတ်မိနေသေး၏။ သူသည် စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်၌ပင် မရှိနေခဲ့ပေ။ ယခုမူ ချူးယွင်ဖန်းသည် ၎င်းတို့ကို အဝေးတွင် ချန်ရစ်ထားခဲ့၏။
ချူးယွင်ဖန်း၏ အဖွဲ့သားများအနက် ရှဖန်၏ ကျင့်ကြံရေးအဆင့်သည် အလျင်မြန်ဆုံးတိုးတက်လာခဲ့သည်။ သူသည် မရီးဒျန်သန့်စင်ခြင်းတတိယအဆင့်သို့တက်လှမ်းနိုင်ခဲ့ကာ ကျန်သူများသည်မူ ဒုတိယအဆင့်၌သာရှိနေကြသေး၏။ ချူးယွင်ဖန်း၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားသည် နားလည်၍မရနိုင်ရုံသာမက သူ၏ ကျင့်ကြံရေးအဆင့်သည်လည်း ၎င်းတို့အားလုံးထက် သာလွန်သော မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူသည် ၎င်းတို့ထက်သာလွန်သည်ဟု တစ်ချိန်ကထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့က နောက်ကောက်ကျန်နေခဲ့ခြင်းဖြစ်ကြောင်း အချိန်က သက်သေပြခဲ့သည်။ ယခုအချိန်တွင် ၎င်းတို့သည် ဤသတ်မှတ်ချက်ကို လက်ခံထားကြပြီးဖြစ်သည်။ တူညီသော အဖွဲ့တွင် ရှိနေခြင်းကြောင့် ချူးယွင်ဖန်း ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် အလွန်ဝမ်းသာပေးနေကြသည်။ နောင်တွင် ၎င်းတို့အားလုံးပူးတွဲဆောင်ရွက်ရသည့် ကိစ္စမျိုးရှိလာပါက ချူးယွင်ဖန်း၏ အစွမ်းအစကို မှီခို၍ မိမိတို့လည်း တောက်ပလာနိုင်သည်။
“ခေါင်းဆောင်ချူး မင်း ညီလာခံချန်ပီယံဖြစ်လာဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ” ရှဖန်က မေးသည်။
“ငါအကောင်းဆုံးလုပ်ပါ့မယ် ဒါပေမဘ့် ကျန်းပိုင်ဖေးနဲ့ သုန်ဖန်ဟောက်နဲ့အခြားလူတွေကိုသာ ငါ့ခွန်အားကို တိုင်းတာဖို့သုံးနိုင်မယ်ဆိုရင် ငါအနိုင်ရမယ်လို့ ယုံကြည်ချက်ရှိပါတယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ကြွားဝါခြင်းအလျင်းမရှိပေ။ လွန်ခဲ့သော နှစ်ရက်အတွင်းက သုန်ဖန်ဟောက်၏ သူ့အပေါ်အကဲဖြတ်မှအကြောင်းကို သိရှိခဲ့ရသည်။ ချူးယွင်ဖန်းသည် သန်မာသော်လည်း သူ့အတွက် ပြိုင်ဘက်မဟုတ်သေးကြောင်း သုန်ဖန်ဟောက်က အခိုင်အမာပြောဆိုခဲ့သည်။
သို့သော် ၎င်းမှာ လွန်ခဲ့သော တစ်လခွဲခန့်က အဆင့်မကျော်ဖြတ်နိုင်သေးသော ချူးယွင်ဖန်းဖြစ်သည်။ ယခုအချိန်တွင် မည်သူက အနိုင်ရ၍ မည်သူက ရှုံးမိမ့်မည်ကို ပြောရခက်ခဲသည်။ ချူးယွင်ဖန်းသည် သုန်ဖန်ဟောက်ကို ပထမဆုံးသူတွေ့ခဲ့စဥ်က သူခံစားရသည့် ထိတ်လန့်မှုကို ယောင်ဝါးဝါးသတိရမိနေသေးသည်။ ထိုအချိန်က သူသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရုံမျှသာ ရှိသေးသော်လည်း သုန်ဖန်ဟောက်သည်မူ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်က ကျင့်ကြံရေးအရ သုန်ဖန်ဟောက်သည် အနည်းဆုံး စတုတ္ထအဆင့် သို့မဟုတ် ယင်းအထက်တွင်ရှိနေသည်။
သို့ထိတိုင် သုန်ဖန်ဟောက်သည် မေ့ဟိုက်ယွင်ကို ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ခါတိုင်းနှစ်များနှင့်ယှဥ်ပါက ယခုနှစ်သည် ပါရမီရှင်များဖြင့်ပြည့်နေသော နှစ်တစ်နှစ်ဖြစ်သည်။
ရုတ်တရက် ချူးယွင်ဖန်းနှင့် သူ၏ အဖွဲ့သားများစုဝေးနေသည့်နေရာသို့ သိမ်းငှက်နက်ဂျက်လေယာဥ်တစ်စင်း ဆင်းသက်လာသည်။ ထို့နောက် ဂျက်လေယာဥ်ပေါ်မှ လှေကားကို ပစ်ချလိုက်ရာ လှေကားမှတစ်ဆင့် လူတိုင်းသည် ထိုကြီးမားလှသော ယာဥ်ပေါ်သို့ အလွယ်တကူရောက်သွား၏။
မှန်သည် ၎င်းတို့၏ ဆရာဖြစ်သူ ကျန်းယွမ်ပင်သည်လည်း ထိုအပေါ်တွင်ရှိနေသည်။
ကျန်းယွမ်ပင်၏ အကြည့်များသည် လူတိုင်းကို လွှမ်းခြုံသွားသည်။ ရှဖန်၊ ခယ့်ယွေ့၊ ကျီရှိချင်းနှင့် လွမ်ရင်းယွီတို့သည် ကောင်းမွန်စွာတိုးတက်လာခဲ့ကြသည်။ ခုန်ပျံကျော်လွှား၍ တိုးတက်လာသည်ဟု မပြောနိုင်သော်လည်း ၎င်းသည် လက်ခံနိုင်သော အတိုင်းအတာအတွင်းတွင်ရှိနေသေး၏။ ၎င်းတို့၏ တိုးတက်မှုသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျန်သူများနှင့်ယှဥ်ပါက အလွန်လျင်မြန်၏။
ထို့နောက်မှသာ ကျန်းယွမ်ပင်၏အကြည့်သည် ချူးယွင်ဖန်းထံသို့ ရောက်ရှိသွားသည်။ ဤသည်မှာ သူဂုဏ်အယူရဆုံး တပည့်ဖြစ်သည်။ တစ်နှစ်ခွဲအတွင်းတွင် ချူးယွင်ဖန်းသည် ခုန်ပျံကျော်လွှားတိုးတက်လာရုံသာမက ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေခဲ့သည်။ လွန်ခဲ့သည် တစ်နှစ်ခွဲခန့်မှ ချူးယွင်ဖန်း၏ အင်အားသည် မဆိုးလှသော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ မတက်လှမ်းနိုင်ခဲ့သေးပေ။
သို့သော် ယခုမူ ချူးယွင်ဖန်းသည် ပြည်ထောင်စုတစ်ခုလုံးရှိ အမျိုးမျိုးသော ပါရမီရှင်များကို တွန်းလှန်ရန် လုံလောက်သည့် ခွန်အားရှိနေပြီဖြစ်သည်။ ကျန်းယွမ်ပင်သည် ထိုအချိန်က ချူးယွင်ဖန်းအပေါ် ကြီးကြီးမားမား မျှော်လင့်ချက်မရှိခဲ့သော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းသည် သူ၏ မျှော်မှန်းချက်ထက် များစွာကျော်လွန်သွားပြီဖြစ်သည်။
ချူးယွင်ဖန်းသည် သူ့ခြေဖဝါးအောက်ခြေရှိ ကြမ်းပြင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းသည် သိမ်းငှက်နက်ကို စတင်လည်ပတ်စေခြင်းဖြစ်ကာ တက္ကသိုလ်မြို့တော်မှ အဆုံးမဲ့ပင်လယ်ဆီသို့ ဦးတည်ပျံသန်းသွား၏။
“ငါတို့ အခုသတင်းရထားတယ်။ အချိန်တိုင်း သတိထားပါ။ ဒီနှစ် ညီလာခံက ပြည်ထောင်စုတက္ကသိုလ်မှာ ကျင်းပတာမဟုတ်တဲ့အတွက်ကြောင့် ပုံစံက ခါတိုင်းနဲ့တူမှာမဟုတ်ဘူး” ကျန်းယွမ်ပင်က သူ့တပည့်များကိုကြည့်၍ပြောလိုက်သည်။
“ဒီနှစ်ပုံစံက ဘယ်လိုလဲ” ချူးယွင်ဖန်းက မေးလိုက်သည်။
“အရင်တုန်းက ပွဲအများစုကို အဖွဲ့လိုက်တိုက်ပွဲပုံစံကျင်းပခဲ့တာ။ နောက်ပြီးရင် ဖယ်ထုတ်ပစ်တဲ့ပွဲတွေလာမယ်။ နက္ခတ်ဂိုဏ်းက ကျယ်တာရာကျွန်းလို့ခေါ်တဲ့ ကျွန်းအသစ်မှာ ညီလာခံကျင်းပဖို့ စီစဥ်ပေးထားတယ်။ အဲ့ကျွန်းမှာ မွန်းစတားတွေအများကြီးရှိတယ်။ မင်းတို့အားလုံးက မွန်းစတားတွေကို လိုက်ရှာပြီးသတ်ပစ်ရမယ်။ မင်းတို့ သတ်လိုက်တဲ့ မွန်းစတားအဆင့်နဲ့ ကိုက်ညီတဲ့အမှတ်တွေရကြလိမ့်မယ်။ အမှတ်အများဆုံးရတဲ့လူက နောက်ဆုံး ချန်ပီယံဖြစ်လာမှာပဲ” ကျန်းယွမ်ပင်က ပြောလိုက်သည်။
“ဒီပုံစံက တော်တော် ဆန်းသစ်တယ်။ ထင်ရတာတော့ ငါတို့က သူတို့ တောတွင်း လေ့လာရှာဖွေဖို့ကို ကူညီပေးနေသလိုပဲ” ရှဖန်က ရေရွတ်လိုက်သည်။
ဤသည်မှာ ပြည်ထောင်စုတက္ကိသိုလ်စူးစမ်းရေးအဖွဲ့များက လုပ်ရမည့်အရာအတိအကျပင်ဖြစ်သည်။ အများအားဖြင့် ဤအဖွဲ့များသည် တောထဲတွ၍် စူးစမ်းလေ့လာသည့်အခါ ဒေသခံမွန်းစတားများကို ဦးစွာရှင်းပစ်ရမည်ဖြစ်သည်။ မွန်းစတားများကို ရှင်းထုတ်ပြီးမှသာ ၎င်းတို့သည် ၎င်းတို့၏ စူးစမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်၍ ဤသို့ဖြင့် ထိုနေရာကိုပိုမိုတိုးတက်လာစေနိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည်လည်း ထိုသို့ခံစားမိခဲ့သည်။ နိုင်ငံရပ်ခြားမှ ဂိုဏ်းခွဲများစွာတို့သည် ကျွန်းစုများကို တစ်ခုပြီးတစ်ခု စူးစမ်းလေ့လာခဲ့ကြရာ၊ ဤကျွန်းစုများကို လူသားများနေထိုင်ရန် သင့်တော်သောနေရာများအဖြစ် ပြောင်းလဲခြင်းဖြင့်သာ ၎င်းတို့၏ ဂိုဏ်းများကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။
“သူတို့ရဲ့အစီအစဥ်က ဘယ်လိုပဲဖြစ်ဖြစ် တောထဲမှာရှိနေတာဆိုတော့ သတိတော့ထားရမယ်။ ဒီမှာ၊ ဒါကို ယူသွားပြီး ကိုယ်နဲ့မခွာဘဲ ဆောင်ထားလိုက်ပါ” ကျန်းယွမ်ပင်သည် လက်စွပ်နှင့်တူသောအရာများကို တစ်ယောက်တစ်ခုစီပေး၍ ပြောလိုက်သည်။