အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း(၄၉၆) ကြယ်တာရာကျွန်းစုနှင့် ရွေရောင်ဖိတ်ကြားလွှာ
“ဒါကဘာလဲ” ချူးယွင်ဖန်းက လက်စွပ်ဝတ်လျက် မေးလိုက်သည်။
ကျန်းယွမ်ပင်သည် သူ့တပည့်များကိုကြည့်ကာပြော၏။
“ဒါက အချက်ပြစနစ်တစ်ခုပါပဲ။ အဲ့နေရာက အရမ်းအန္တရာယ်များလို့ စောင့်ကြည့်မှုအောက်မှာမရှိတာကြောင့် ကြယ်တာရာကျွန်းပေါ်ရောက်ရင် မင်းတို့ အရမ်းအန္တရာယ်များလိမ့်မယ်။ ဒါ့ကြောင့် ဒါကို လိုလိမ့်မယ်”
လူသားမြို့တော်မှ ထွက်လာပြီးနောက် တောတွင်းအခြေအနေသည် မြို့တွင်းထက် အဆတစ်ရာကျော်မျှ ပိုဆိုးလာသည်။ ထိုနေရာတွင် ခြုံခိုတိုက်ခိုက်ခံရကာ သတ်ဖြတ်ခံရနိုင်ခြေလည်းရှိသည်။ အထူးသဖြင့် လူများစွာနှင့် ရန်ငြှိုးရှိခဲ့သော ချူးယွင်ဖန်းဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ့ကို သတ်မည့်လူများရှိလာနိုင်သည်။ ထိုအခါတွင် အချက်ပြစနစ်သည် အသုံးဝင်လာပေလိမ့်မည်ဖြစ်၏။
“လူတွေရဲ့အတွေးတွေကို အဆိုးဆုံးမမှန်းထားချင်ပေမယ့် ဒီလိုအခြေအနေမျိုးလည်း ဖြစ်သွားနိုင်တယ်။ လူတိုင်း ဂရုစိုက်ကြပါ။ အထူးသဖြင့် မင်းပဲ ချူးယွင်ဖန်း” ကျန်းယွမ်ပင်က ချူးယွင်ဖန်းကိုကြည့်၍ပြောလိုက်သည်။
“သဘောပေါက်ပါပြီ ဆရာ” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ပူခြင်းမရှိပေ။ သူ့ကို ဖမ်းချင်သူတိုင်းသည် ဤသို့လုပ်ရန် လုံလောက်သောခွန်အားများရှိပေလိမ့်မည်ဖြစ်သည်။
“ဒါပေမယ့် ကျွန်းပေါ်မှာ မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားတွေ ဒါမှမဟုတ် နိုင်ငံခြားက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေပါလာရင်ရော” ရှဖန်က စိုးရိမ်သောကများ ထင်ဟပ်လျက် မေးလိုက်သည်။ အကယ်၍ ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားများသာဖြစ်ပါက ၎င်းတု့ိအတွက်စိုးရိမ်စရာမရှိပေ။ အန္တရာယ်ရှိလှသော်လည်း ၎င်းတို့ကို လွယ်လင့်တကူဖြေရှင်းနိုင်သည်။ သို့သော် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ပေါ်လာပါက အရာအားလုံးသည် အပြည့်အဝ ကွဲပြားသွားပေလိမ့်မည်ဖြစ်သည်။
“စိတ်မပူပါနဲ့ ငါလိုက်မေးပြီးပါပြီ။ ကျွန်းပေါ်က မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတွေကို ကိုင်တွယ်ဖြေရှင်းပြီးသွားပြီ။ အစတည်းက သူတို့က များများစားစားရှိတာမဟုတ်ဘူး။ အဲ့အပြင် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတွေမရှိအောင်လို့ ကျွန်းတစ်ဝိုက်မှာ အတားအဆီးပြုလုပ်ထားပါလိမ့်မယ်။ ဒါ့ကြောင့် မင်းစိုးရိမ်နေဖို့ မလိုပါဘူး။ နက္ခတ်ဂိုဏ်းက ငါတို့ကို လှည့်စားဖို့ သတ္တိမရှိပါဘူး” ကျန်းယွမ်ပင်က ပြတ်သားစွာပြောလိုက်သည်။
ဤစကားကိုကြားသောအခါ လူတိုင်းစိတ်သက်သာရာရသွာားသည်။
“မင်းတို့အားလုံး ကြယ်တာရာကျွန်းစုမှာ တစ်လလောက်နေဖို့ လိုတာမို့လို့ စိတ်မပူပါနဲ့” ကျန်းယွမ်ပင်က ပြောလိုက်သည်။
ထို့နောက် ကျန်းယွမ်ပင်သည် ကြယ်တာရာကျွန်းပေါ်တွင် သတိထားသင့်သောအခြားအရာများအကြောင်း သူ၏တပည့်များကို ပြောပြခဲ့သည်။ သိမ်းငှက်နက်သည် နောက်ဆုံးတွင် လူသားနယ်မြေမှ တစ်နာရီကျော်ကြာ ပျံသန်းထွက်ခွာလာပြီးနောက် အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိခဲ့သည်။ ပြင်ပကင်မရာများမှတစ်ဆင့် လူတိုင်းသည် အပြာရောင်လှိုင်းလုံးများနှင့်အတူ တိမ်ကင်းစင်နေသော ကောင်းကင်ကြီးကို မြင်တွေ့နိုင်၏။
ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများနှင့် နှိုင်းယှဥ်ပါက အဆုံးမဲ့ပင်လယ်၏ လှိုင်းလုံးများသည် မြင့်မားလှ၏။ ၎င်းတို့သည် အမြင့်ပေတစ်ရာမြင့်သော လှိုင်းလုံးများကိုပင် လှမ်းမြင်နိုင်ကြသည်။ သိမ်းငှက်နက်သည် ကောင်းကင်ယံထက်သို့ ပျံတက်သွား၏။ ရေသည် အလွန်ငြိမ်သက်နေသည်ဟု ထင်ရသော်လည်း တစ်ချက်ချက်တွင် ကောင်းကင်ယံသို့ ရိုက်ခတ်သွားသည့် လှိုင်းလုံးများကို မကြာခဏတွေ့နိုင်သည်။
ချူးယွင်ဖန်းသည် ၎င်းတို့ အောက်ခြေရှိ ရေပြင်တွင်း၌ ကူးခတ်ခြင်း၊ အမဲလိုက်ခြင်းများလုပ်နေကြသော မွန်းစတားများကို ရံဖန်ရံခါတွေ့နိုင်ကြသည်။ ဤပင်လယ်မွန်းစတားများထဲမှ တစ်ကောင်သည် ကောင်းကင်ယံတွင် ပျံသန်းနေသော သိမ်းငှက်နက်ကို သားကောင်တစ်ကောင်အဖြစ်ဆက်ဆံလျက်ရှိရာ။ ထိုကြီးမားသော သားရဲကြီးသည် ပေငါးရာအမြင့်ကို ခုန်၍ သိမ်းငှက်နက်ကို စားပစ်ရန် ကြိုးစားခဲ့သည်။ ကံကောင်းစွာဖြင့် သိမ်းငှက်နက်သည် လျင်မြန်စွာဖြင့် အမြင့်သို့ အချိန်မီတက်နိုင်ခဲ့သောကြောင့် ဧရာမသားရဲကြီး၏ မြိုချခံရခြင်းကံကြမ္မာကိုရှောင်ရှားနိုင်ခဲ့သည်။
လူတိုင်းတုန်လှုပ်သွားကြသည်။ အဆိုပါ ဧရာမပင်လယ်သားရဲကြီးသည် အနည်းဆုံး ပေငါးရာခန့်ရှည်လျားကြီးမား၍ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိနေသည်မှာသေချာသည်။ ဧရာမပင်လယ်သားရဲကြီးနှင့် နှိုင်းယှဥ်ပါက လွန်ခဲ့သော လအနည်းငယ်ခန့်က ချူးယွင်ဖန်းကြုံတွေ့ခဲ့ရသည့် ရေနဂါးအဖြစ်ပြောင်းလဲသွားသော မြွေကြီးနှင့် နှိုင်းယှဥ်လျှင် အရောင်မှိန်ဖျော့သွားရပေလိမ့်မည်ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် နာရီအနည်းငယ်ကြာ ဖြတ်ကျော်ပျံသန်းပြီးနောက် နက္ခတ်ဂိုဏ်း၏ နယ်မြေကို နောက်ဆုံးတွင် မြင်တွေ့နိုင်ပြီဖြစ်ရာ ကြယ်တာရာကျွန်းသို့ရောက်ရှိခဲ့ကြသည်။
ကြယ်တာရာကျွန်းသည် ကျွန်းတစ်ခုဆိုသည်ထက် ကြီးမားသော တိုက်ကြီးတစ်ခုနှင့် ပို၍ဆင်တူသည်။ ကျင့်ကြံရေးစွယ်စုံကျမ်းမှ မှတ်တမ်းများအရ ကြယ်တာရာကျွန်းသည် အနည်းဆုံး စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာကျယ်ဝန်း၏။
အဝေးမှကြည့်လျှင် ကျွန်းသည် အဆုံးမဲ့ကျယ်ပြောလှသည်။ သို့သော် ၎င်းသည် လူသူကင်းမဲ့သော ကျွန်းတစ်ခုဖြစ်ရုံသာမက သက်ရှိများဖြင့် ပြည့်နှက်နေ၏။ ကြယ်တာရာကျွန်း၏ ထက်ဝက်ကျော်ခန့်သည် အလွန်သာယာဝပြောလှသော မြို့အသစ်တစ်ခုဖြစ်လာခဲ့ပြီးဖြစ်၏။
သိမ်းငှက်နက်သည် သတ်မှတ်ထားသော ဆင်းသက်ရာကွင်းပြင်သို့ဆင်းသတ်ပြီးနောက် အဖွဲ့သည် ၎င်းတို့အတွက် နက္ခတ်ဂိုဏ်းမှ စီစဥ်ပေးထားသော ကိုယ်စားလှယ်များနောက်သို့ လိုက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် နေရာပေါင်းစုံမှ အခြားသူများ တစ်ယောက်ပြီးတစ်ယောက်ကိုလည်း ခေါ်ယူလာသည်ကို တွေ့လိုက်ကြရ၏။ ပြည်ထောင်စုမြို့များနှင့် နှိုင်းယှဥ်ပါက ကြယ်တာရာကျွန်းသည် များများစားစား မကွာခြားလှပေ။ အရာအားလုံးသည် ပို၍ ကျယ်ပြောနေကာ ကျွန်းတွင်လည်း လူဦးရေကျဲပါး၏။ သို့သော် ကျွန်းပေါ်ရှိ အဆောက်အဦများသည်မူ အပြည့်အဝ မဖွံ့ဖြိုးမတိုးတက်သေးပေ။
ကားပျံစီးပြီးနောက်ဆုံးတွင် ကြယ်တာရာကျွန်းစု၏ ဧည့်ကြိုဧရိယာသို့ရောက်ရှိသွားသည်။ အရပ်ရပ်အဘက်ဘက်မှ ကျောင်းသား၊ တပည့်များနှင့်အတူ ပါလာသောဆရာသမားများအပါအဝင် လူတစ်သောင်းကျော်ခန့်သည် တစ်နေရာတည်းသို့ တစ်ချိန်တည်းရောက်ရှိလာကြသည်။ တက္ကသိုလ်အသီးသီးမှလူများအပါအဝင် စုစုပေါင်း လူထောင်ပေါင်းများစွာကျော်ရှိ၏။
ထို့ကြောင့် လူတစ်ဦးစီအတွက် ဗီလာတစ်ခုစီစီစဥ်ပေးရန် မဖြစ်နိုင်ပေ။ လူတိုင်းသည် အုပ်စုလိုက်တည်းခိုရမည့် အိမ်ကြီးများတွင် နေရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းမှာ ယာယီနေထိုင်ခြင်းမျှသာဖြစ်နေကြောင်း သူသိသောကြောင့် ကန့်ကွက်မှုတစ်စုံတစ်ရာမျှမရှိခဲ့ပေ။
သူရောက်ပြီးမကြာမီတွင် ကျန်းယွမ်ပင်ကို ပြည်ထောင်စုတက္ကသိုလ်ဝန်ထမ်းများက ခေါ်ယူသွားသဖြင့် ချူးယွင်ဖန်းနှင့် အခြားသူများကို ချန်ထားခဲ့ရသည်။ ချူးယွင်ဖန်းသည် ဝန်ထမ်းများနှင့် မည်သည့်ဆက်ဆံရေးမျှမရှိသဖြင့် ဤအချိန်ကာလကို အသုံးပြု၍ သူ၏ ကျင့်ကြံရေးအဆင့်ကို ပို၍ ခိုင်မာစေရန် လေ့ကျင့်လျက်ရှိသည်။ ကျန်းယွမ်ပင်သည် ၎င်းတို့ကို လေးနက်စွာဖြင့် အချက်ပြစနစ်တစ်ခုပေးခဲ့သည်။ ဤနေရာမှစ၍ မည်သည့်အခြေအနေမျိုးဖြစ်လာမည်ကို တွေးကြည့်နိုင်၏။ ချူးယွင်ဖန်းသည် လူ့သဘောသဘာဝဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှ လွန်ကဲစွာမတွက်ဆခဲ့ဖူးပေ။ တောထဲတွင် များစွာသော တိုက်ပွဲများကို တွေ့ခဲ့ရဖူးပြီးဖြစ်ကာ အများစုကို သူ့လက်နှစ်ဖက်ဖြင့် သတ်ပစ်ခဲ့သည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ကျင့်သားရနေပြီဖြစ်သည်။
သို့သော် ချူးယွင်ဖန်းက သူ၏ သီးသန့်လေ့ကျင့်မှုကို ဆက်လက်ပြုလုပ်တော့မည့်အခိုက်အတန့်တွင် ဧည့်ကြိုဧရိယာရှိ စားသောက်ဆိုင်တစ်ခုသို့ ဖိတ်ကြားသော ရွှေရောင်ဖိတ်စာတစ်ခုရရှိခဲ့သည်။ ပေးပို့သူ၏အမည်မှာ တန်ဝမ်ရှန်းဖြစ်သည်။
“တန်မိသားစုက လူတစ်ယောက်လား” ချူးယွင်ဖန်းက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဤသည်က မည်သူမည်ဝါဖြစ်ကြောင်း သူမသိပေ။ အပြာရောင်စာလုံးများဖြင့်ရေးသားထားသော “ထန်”ဟူသည့် မျိုးရိုးအမည်ဖြင့် ဖိတ်စာတစ်စောင်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ဤပုဂ္ဂိုလ်၏ အထောက်အထားသည် သိသာထင်ရှားလှသည်။ ထန်စီယု၏ တန်မိသားစုထဲမှ မိသားစုဝင်တစ်ယောက်ဖြစ်နိုင်၏။
‘ကောင်းပြီ မင်းတို့ ဘာတွေကြံစည်နေကြလဲဆိုတာ ငါလာကြည့်မယ်’ ချူးယွင်ဖန်းက စိတ်ပိုင်းဖြတ်လိုက်၏။
ရှဖန်နှင့်အခြားသူများကို နှုတ်ဆက်ပြီးနောက် ချူးယွင်ဖန်း ထွက်လာခဲ့သည်။
ဧည့်ကြိုဧရိယာတွင် ကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူများသာမက ဂိုဏ်းပေါင်းစုံမှ ကျောင်းသားများကိုလည်း နေရာတိုင်းတွင် မြင်တွေ့နိုင်၏။ ၎င်းတို့အားလုံးသည် အသက်ဆယ့်ရှစ် သို့မဟုတ် ဆယ့်ကိုးဝန်းကျင်ကျောင်းသားများဖြစ်ကာ အားမန်အပြည့်နှင့် တက်ကြွနေပုံပေါ်သည်။ သို့သော် ၎င်းတု့ိအားလုံးသည် ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြ၏။
၎င်းတို့သည် သာမန်ရက်များတွင် တွေ့ရခဲသော ပါရမီရှင်များဖြစ်ကြသည်။ သို့သော် ယခုနေရာတွင်မူ ဤသည်က သာမန်မြင်ကွင်းတစ်ခုသာဖြစ်၏။
ထန်ဝမ်ရှန်၏ ဖိတ်ကြားချက်တွင် ဖော်ပြထားသည့်အချိန်သို့ရောက်ရန် နှစ်နာရီခန့်လိုသေးသဖြင့် ချူးယွင်ဖန်းသည် အလျင်လိုခြင်းမရှိဘဲ ဧည့်ကြိုဧရိယာတစ်ဝိုက်သို့ လမ်းလျှောက်လာသည်။
ချူးယွင်ဖန်း စိတ်အေးလက်အေးနေလာခဲ့သည်မှာ အချိန်များစွာကြာခဲ့ပြီဖြစ်သည်။ ယခုအချိန်မှစ၍ လူဆိတ်ညံနေသော ကျွန်းတစ်ခွင့်လုံးတွင် တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်သည်။ ချူးယွင်ဖန်းအတွက် ဤအချိန်သည် ရှားပါးသော အားလပ်ချိန်ဖြစ်သည်။
ရုတ်တရက် သူ့ရှေ့တွင် အော်သံတစ်ခုပေါ်လာရာ၊ လူများစွာက သူ့ရှေ့တည့်တည့်ရှိနေရာတစ်ခုသို့ စုဝေးလာကြသည်။ ချူးယွင်ဖန်းက လူအုပ်ဆီသို့လျှောက်သွားသောအခါ လူအုပ်ကြီးစုဝေးနေသော နေရာ၏ ဗဟိုတည့်တည့်တွင် ပေ၆၀၀ ခန့်ရှည်သော အနက်ရောင်အပြားကြီးတစ်ပြားကို တွေ့လိုက်ရသည်။
အခန်း(၄၉၇) အိုး ဘုရားရေ သူတကယ်ဖြတ်လျှောက်နိုင်ခဲ့တယ်
အနက်ရောင်အပြားကြီးထက်ရှိ နေရာအနှံ့တွင် လူငယ်အမျိုးသား အမျိုးသမီး အများအပြား ရပ်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ မျက်နှာများသည် တဖြည်းဖြည်းနှင့် နီရဲလာ၏။
ခဏအကြာတွင် ၎င်းတို့အားလုံး ဆက်လက်မတောင့်ခံနိုင်တော့ဘဲ အသက်ပြင်းထန်စွာရှုရှိုက်သံများထွက်ပေါ်လာသည်။ ထို့နောက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားကြကာ ၎င်းတို့ထဲမှအချို့သည်မူ ထိုအနက်ရောင်အပြားပေါ်မှ ဆင်းပင်ဆင်းကုန်ကြ၏။
“ဆွဲငင်အားအပြားကို ဘယ်သူမှ မဖြတ်ကျော်နိုင်ဘူးနဲ့တူတယ်”
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ စတင်ဆွေးနွေးလာကြသည်။ အစပိုင်းတွင် လူများစွာက ကြိုးစားလိုစိတ်ပြင်းပျနေခဲ့ကြသော်လည်း အခြားသူများ၏ စွမ်းဆောင်ရည်ကို မြင်သောအခါ အကုန်လုံး တုံ့ဆိုင်းသွားကြသည်။
သူ့ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများမှတစ်ဆင့် ချူးယွင်ဖန်းသည် အနက်ရောင်အပြားမှာ ဆွဲငင်အား အပြားတစ်ခုဖြစ်ကြောင်း သိလာခဲ့သည်။ ထိုအပြား၏ အတွင်းသို့လျှောက်သွားလေလေ ဆွဲငင်အားက ပို၍ကြီးလာလေလေဖြစ်သည်။
ခွန်အားကွာခြားမှုအရ လမ်းလျှောက်နိုင်သည့်အကွာအဝေးသည်လည်း ကွဲပြားသည်။ ပေ ခြောက်ရာရှည်လျားသော အပြားတစ်ခုပေါ်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမး်ကငျ်သူအချို့သည် ပေအနည်းငယ်ခန့်သာလျှောက်လှမ်းပြီးနောက် ၎င်းတို့၏ ကန့်သတ်ချက်သို့ရောက်ကုန်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးသာလျှင် ထိုအပြားတစ်ပြားလုံးကို ဖြတ်သွားနိုင်မည်ဖြစ်၏။ နောက်သို့ပိုလျှောက်လေလေ ခန္ဓာကိုယ်၏ တတ်နိုင်သောအတိုင်းအတာက ပို၍ကြီးမားလာလေလေဖြစ်သည်။
ချူးယွင်ဖန်းက ဤအချက်သည် အလေးစီးဝတ်စုံများနှင့်တူညီကြောင်း ချက်ချင်းနားလည်သဘောပေါက်လိုက်သည်။
“ဒါက ဝူဝေ့စီစဥ်ထားတဲ့စမ်းသပ်မှုပဲ။ ဆွဲငင်အားဓာတ်ပြားကို ဖြတ်သွားနိုင်သူတိုင်းက ငွေသားဆုငွေ ယွမ်တစ်သန်းကျော် ရလိမ့်မယ်”
“တစ်သန်းကျော်လား” ကျောင်းသားများစွာသည် အံ့သြတကြီးဖြစ်ကုန်ကြ၏။
“ဝူဝေ့က ပြည်ထောင်စုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဘဏ္ဍာရေးအုပ်စုသုံးစုထဲက တစ်ဖွဲ့ဖြစ်ထိုက်ပါတယ်။ ဒီငွေကြေးအင်အားက တကယ့်ကို အထင်ကြီးစရာပဲ”
“ဒါက ငါတို့အတွက် အရမ်းများတဲ့ ငွေပမာဏဖြစ်လိမ့်မယ်။ ဒါပေမယ့် ဝူဝေ့လိုမျိုး အကောင်ကြီးတစ်ကောင်အတွက်တော့ ဒီပမာဏက ဘာမှမဟုတ်ပါဘူး”
ချူးယွင်ဖန်းသည် ကျင့်ကြံရေးစွယ်စုံကျမ်းမှ ဝူဝေ့စီးပွားရေးအခန်း၏ မိတ်ဆက်စာများကို ပြန်လည်သတိရသွားသည်။ “ဝူဝေ့”ဟူသော အမည်သည့် ဘာမှမလုပ်ခြင်းဟူသော အဓိပ္ပါယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ လူသည် တိုက်ခိုက်ရန်အလို့ငှာ မတိုက်ခိုက်တတ်ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ ဤသည်မှာ ကုမ္ပဏီ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မည်သည့်အချိန်တုန်းကမှ စီးပွားရေးကို အပြင်းအထန်မလုပ်ခဲ့ပေ။ လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် သူ၏အဆက်အသွယ်များထားရှိထားသည်ဖြစ်ရာ ကုမ္ပဏီက အပြင်းအထန် မတိုက်ခိုက်သော်လည်း ဝူဝေ့ကို မည်သူမျှ အထင်မသေးဝံ့ကြပေ။
ဤခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းတွင် ငွေကြေးအုပ်စုများစွာရှိသော်လည်း အများစုသည် သိုင်းပညာသို့မဟုတ်ယင်းနှင့်ပတ်သက်သောအရာများမှ တစ်ဆင့် ၎င်းတု့ိ၏ အခြေခံအုတ်မြတ်စကို တည်ထောင်ခဲ့ကြသည်။ ဥပမာအားဖြင့် ပိုင်ဟုန့်သည် သူ၏အမည်အောက်တွင် ပိုင်ငွေကြေးလုပ်ငန်းဟူ၍ရှိကာ ၎င်းကို သူနှင့် သူ၏ ကိုယ်ပိုင်ဆေးပညာဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပိုင်ဟုန့်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းနိုင်ခဲ့သော ထိပ်တန်းကျွမ်းကျင်သူဖြစ်၏။
၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးလုပ်ငန်းရှိသော ချူးမိသားစုလည်းရှိသည်။ အခြားမိသားစုကြီးများသည်လည်း အတူတူပင်ဖြစ်ကာ ဝူဝေ့စီးပွားရေးလုပ်ငန်းသည် မိသားစုတစ်ခု၏ အုပ်ချုပ်မှုအောက်တွင် လည်ပတ်နေခြင်းမဟုတ်ပေ။ ၎င်းသည် မိသားစုများစွာစုစည်း၍ အုပ်ချုပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခုပင်ဖြစ်သည်။ ပြည်ထောင်စုရှိ ၎င်း၏ အာဏာသက်ရောက်မှုကို ပြောရမည်ဆိုလျှင် ၎င်းသည် ချူးမိသားစု၊ ကျန်းမိသားစု သို့မဟုတ် တန်မိသားစုထက်ပင် ပို၍ အာဏာကြီးကာ ငွေကြေးအားဖြင့်ဆိုလျှင်လည်း ငွေကြေးအဖွဲ့ကြီးများအနက် ပထမဆုံးအဆင့်တွင်ရှိနေသည်။
ဝူဝေ့သည် မိသားစုကြီးများ၏ ငွေကြေးအဖွဲ့များနှင့်မတူပေ။ ရိုးရှင်းစွာပြောရလျှင် ဤမိသားစုအမျိုးအစား ငွေကြေးအဖွဲ့များသည် မိသားစု၏ မျိုးဆက်များကို ထောက်ပံ့ရန်အတွက် ဝင်ငွေရှာသည့် နည်းလမ်းတစ်ခုမျှသာဖြစ်သည်။ ၎င်းတို့တွင် တိကျသော ရည်ရွယ်ချက်ရှိသည်။ တစ်ဖက်တွင်မူ ဝူဝေ့သည် ငွေကြေးအုပ်စုတစ်ခုသီးသန့်သာဖြစ်၍ ဝင်ငွေရှာသည့်စီးပွားရေးသာလုပ်ခဲ့သည်။ ၎င်းတို့နှစ်မျိုးကြားတွင် ကွာဟချက်ကြီးမားလှသည်။
သို့သော် ဝူဝေ့သည် ပါရမီရှင်များကို ၎င်းတို့အဆင့်အလျောက် ကြိုးကိုင်ရန်နှစ်သက်သည်ဟု ဆိုကြသည်။ အထူးသဖြင့် ပါရမီရှင် လူငယ်များအတွက် ဤသည်ကအလွန်ကောင်းသည်။ ၎င်းတို့သည် ငယ်ရွယ်ကြသေးသဖြင့် ပိုက်ဆံအများအပြားမရှိကြပေ။ ဝူဝေ့သည် ဤပါရမီရှင်များနှင့် မိတ်ဖွဲ့ရန် ငွေပမာဏအနည်းအကျဥ်းကို ခွဲထုတ်ပေးရန်ဆန္ဒရှိကြသည်။
ပြည်ထောင်စုတွင် အရေးပါသော ပုဂ္ဂိုလ်အများအပြားသည် ၎င်းတို့ငယ်စဥ်တည်းက ဝူဝေ့ထံမှ အကျိုးအမြတ်များရရှိခဲ့ကြဟုပြောကြသည်။ ၎င်းသည် ဝူဝေ့၏ ထက်မြတ်မှု၏ တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။ ကျယ်ပြန့်သော ပိုက်ကွန်ကိုချခဲ့ကြသော်လည်း ဤလူတစ်ရာတွင် တစ်ဦးတည်းကသာ နောက်ဆုံးတွင် အံ့ဖွယ်ရလဒ်များကို ရနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ဤတစ်ခုတည်းကပင် ကုန်ကျစရိတ်အားလုံးကို ကာမိရန် လုံလောက်၏။
လူငယ်ဘဝတွ၍်သာ ဤသို့သော ပါရမီရှင်များကို ယွမ်သန်းနှင့်ချီပေး၍ ဖျားယောင်းနိုင်မည်ဖြစ်သည်။ နာမည်ကြီးနှင့်ပြီးသော ကျန်းယွမ်ပင်ကဲ့သို့ တစ်စုံတစ်ယောက်သာဖြစ်ပါက ထို ငွေပမာဏမျှကို တစ်ချက်ပင်ထပ်ကြည့်လိမ့်မည်မဟုတ်ပေ။ ပမာဏကိုတွေး၍ ချူးယွင်ဖန်းသည် အနည်းငယ်စိတ်ဝင်စားလာသည်။ ယွမ်တစ်သန်းဟူသည် သူ့အတွက် များပြားသောပမာဏမဟုတ်သော်လည်း ၎င်းကို လက်လွှတ်လိုက်လိမ့်မည်တော့မဟုတ်ပေ။ လွန်ခဲ့သော တစ်နှစ်ခန့်က ယွမ်တစ်သန်းဟူသည် သူ့အတွက် အလွန်များပြားသော ပမာဏဖြစ်သည်။ အရေးအကြီးဆုံးမှာ သူ ဤဆွဲငင်အားဓာတ်ပြားကို ဖြတ်ကျော်နိုင်၏ မနိုင်၏ကို သူသိချင်ခြင်းဖြစ်သည်။
“ဟေး သတိထား ဒါ ဂိမ်းတွေနဲ့ ပျော်စရာတွေချည်းပဲမဟုတ်ဘူး” ယခုလေးတင် ပွဲကို အရှုံးပေးလိုက်သည့် လူငယ်တစ်ဦးက လှမ်းပြောလိုက်သည်။ ထိုသူသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိကာ မျက်နှာသည်လည်း နီရဲနေ၏။ စိန်ခေါ်မှုသည် သူ့ကို သိသိသာသာထိခိုက်စေခဲ့သည်။
“စိတ်မပူပါနဲ့ ကျွန်တော်က စမ်းကြည့်ချင်ရုံပါပဲ” ချူးယွင်ဖန်းက ပြုံး၍ပြောလိုက်သည်။
ချူးယွင်ဖန်း၏ ဂရုမစိုက်သောအကြည့်ကို မြင်လိုက်ရသဖြင့် လူငယ်က မည့်သည့်စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ ချူးယွင်ဖန်းသည် မိမိအတွက် အကောင်းအဆိုးကို မသိသဖြင့် သူအနည်းငယ် ဒေါသထွက်မိသွားသေးသည်။ ချူးယွင်ဖန်းကိုလည်း အနည်းငယ်ခံစားစေကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမားမှုကို သိစေရမည်ဟု သူခံစားမိသည်။
“အဲ့တာ နောက်ထပ် စိန်ခေါ်သူပဲ။ ဟားဟား ဒီကောင်က ငယ်ဦးမယ့်ပုံပဲ။ ကျောင်းသားသစ်ထင်တယ်”
“ပွဲကြီးပွဲကောင်းတစ်ပွဲကြည့်ရတော့မယ့်ပုံပဲ။ ပေတစ်ရာတောင်မလျှောက်နိုင်လောက်ဘူးထင်ပါတယ်။ အရင်စိန်ခေါ်သူတွေအများစုက ဂိုဏ်းပေါင်းစုံနဲ့ မိသားစုကြီးတွေရဲ့ အကြီးတန်းတပည့်တွေ၊ ဒုတိယနှစ်ကျောင်းသားတွေပဲ။ ဘယ်သူမှ ကျော်ဖြတ်လို့မရခဲ့ဘူး”
“သူတို့ အလွယ်တကူသာဖြတ်လို့ရရင် ငါတို့အကုန်ဖြတ်ကျော်ပြီးတာ ကြာနှင့်ပြီပေါ့”
“ဒီလူငယ်တွေက ဝေ့ဝူရဲ့နည်းလမ်းတွေကို မမြင်ဖူးကြသေးဘူး။ သူတို့က အချိတ်အဆက်ကောင်းတွေကြောင့် နာမည်ကြီးပေမယ့် လူတိုင်းက သူတို့ကို သိနိုင်တဲ့အရည်အချင်းမရှိကြဘူး”
သို့သော် ဆွေးနွေးသံများလျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ပေတစ်ရာကို လွယ်ကူစွာဖြတ်လျှောက်နိုင်ခဲ့၏။ တချို့လူများမှန်းဆထားသကဲ့သို့မဟုတ်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းသည် အလွန်လျင်မြန်စွာလှုပ်ရှားလျက်ရှိ၍ သူ၏အမူအရာသည်လည်း သဘာဝအတိုင်းရှိနေသည်။
“ပေတစ်ရာ… ပေနှစ်ရာ… ဘုရားသ်ခင် သူပေသုံးရာအထိလျှောက်နိုင်တော့မှာမဟုတ်ဘူးလား” အဲ့တာ စံနှုန်းပဲ။ မရီးဒျန်သန့်စင်ခြင်းအဆင့်ကလူတွေပဲ အဲ့အထိရောက်နိုင်ကြတယ်”
လူအုပ်ထဲမှ အချို့သည် အံကြိတ်လျက် အော်ဟစ်ပြောဆိုနေကြသည်။ မရီးဒျန်အဆင့်သည် ၎င်းတို့အတွက် ဒဏ္ဍာရီပုံပြင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကျောင်းတိုင်းသည် ကျွမ်းကျင်သူအများအပြားရှိနေသည့် ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့မဟုတ်ပေ။
သာမန်အထူးတက္ကသိုလ်များကိုမဆိုနှင့် ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်ဆယ်ခုနောက်မှ အခြားတက္ကသိုလ်ကိုးခု၏ အရည်အချင်းသည်ပင် ပြည်ထောင်စုတက္ကသိုလ်နှင့် နှိုင်းယှဥ်၍မရပေ။ ကျောင်းသားသစ်များကြားတွင် မရီးဒျန်အဆင့်ကျွမ်းကျင်သူတစ်ဦး ပေါ်ပေါက်လာခြင်းသည် စွဲမက်ဖွယ်စွမ်းဆောင်မှုတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် တည်ငြိမ်သောအမူအရာဖြင့် ပေ၃၀၀ကို ကျော်ဖြတ်ခဲ့သည်။ ဤအခိုက်အတန့်တွင် လူအားလုံး၏ မျက်လုံးများသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြကာ ပေခြောက်ရာရှည်လျားသော ဓာတ်ပြားကို ကျော်လွန်သွားနိုင်လိမ့်မည်ကိုလည်း စောင့်ကြည့်နေကြသည်။ ချူးယွင်ဖန်း လမ်းလျှောက်ရင်းဖြင့် ဆွဲငင်အားပြောင်းလဲမှုကို ခံစားလိုက်ရသည်။ ယခင်ပြောင်းလဲမှုများသည် လေပြေလေညှင်းကဲ့သို့ဖြစ်ကာ သူ့ကို များများစားစား မထိခိုက်စေနိုင်ခဲ့ပေ။ သို့သော် ပေသုံးရာစည်းကို ကျော်လာပြီးသည်နှင့် ဆွဲငင်အားသည် ရုတ်တရက် နှစ်ဆပိုများလာသည်။ ဤအဆင့်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများသာ ခံနိုင်ရည်ရှိသောအဆင့်ဖြစ်သည်။
ချူးယွင်ဖန်းလမ်းလျှောက်လေလေ ဆွဲငင်အား၏ မထင်ရှားသောပြောင်းလဲမှုကို ပို၍ခံစားရလေလေဖြစ်သည်။ ချက်ချင်းပြောင်းလဲသွားသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလေးစီးဝတ်စုံနှင့်မတူသည်မှာ ဤဆွဲငင်အားဓာတ်ပြား၏ ပြောင်းလဲမှုများသည် တဖြည်းဖြည်းဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကျန်သော ပေသုံးရာ၏ အခက်ခဲသည် ယခင်ကနှင့်မတူတော့ပေ။ ယခင်က ပေသုံးရာအတားအဆီးကြောင့် အများစုကျရှုံးခဲ့ရသော်လည်း ချူးယွင်ဖန်းသည် ယခုအချိန်ထိ အေးဆေးသက်သာစွာရှိနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ပန်းခြံတစ်ခုအတွင်း၌ လမ်းလျှောက်နေသကဲ့သို့ ပေ၆၀၀ ဆွဲငင်အားဓာတ်ပြားကို ဖြတ်လျှောက်သွားသည်။
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
“ဘုရားရေ သူတကယ်ဖြတ်လျှောက်နိုင်ခဲ့တယ်”
အခန်း(၄၉၈) ချူးယွင်ဖန်းလား သူက လူပြက်တစ်ယောက်ထက် မပိုပါဘူး
လူအားလုံ အံ့သြလျက်ရှိကြရာ အထူးသဖြင့် အစောက ချူးယွင်ဖန်းကို သတိပေးခဲ့သည့် လူငယ်ဖြစ်ရာ ယခုအချိန်တွင် သူသည် အလွန်အရှက်ရနေသကဲ့သို့ ခံစားနေရ၏။ ချူးယွ၍်ဖန်းသည် သာမန်ကျောင်းသားတစ်ယောက်သာဖြစ်ကာ သူ့တွင် လေးနက်သော ကျင့်ကြံရေးရှိပုံမရဟု သူထင်ထားခဲ့သည်။
လူငယ်သည် ချူးယွင်ဖန်းကို အနည်းငယ်မျှ ခံစားစေလိုခဲ့သည်။ လူငယ်သည် ချူးယွင်ဖန်းကို အနည်းငယ် ဒုက္ခရောက်စေချင်ခဲ့သည်။ သို့သော် ဤအဖြစ်အပျက်ကို သက်သေခံပြီးသည့်နောက်တွင် ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်၏ အဓိပ္ပါယ်ကို သူနားလည်သဘောပေါက်က်သွားခဲ့သည်။
ဆွဲငင်အားဓာတ်ပြားကို ဖြတ်သွားပြီးနောက် ချူးယွင်ဖန်းသည် ဓာတ်ပြား၏ စွမ်းအားမှာ အကြမ်းဖျင်းအားဖြင့် နှစ်ဆတိုးလာသည်ဟု ခန့်မှန်းခဲ့သည်။ ကျင့်ကြံရေးအခြေခံ အနည်းငယ်အားနည်းသူများသည် ယင်းကို ခံနိုင်ရည်ရှိကြလိမ့်မည်မဟုတ်ပေ။ ရှဖန်နှင့် အခြားသူများပင်လျှင် အဆုံးထိရောက်နိုင်ရန် ခက်ခဲပေလိမ့်မည်ဖြစ်ရာ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်ကျင့်ကြံရေးအခြေခံရှိမှသာ ၎င်းတို့သည် ဆွဲငင်အားနှစ်ဆကို ခံနိုင်ရည်ရှိရန် ဖြစ်နိုင်လိမ့်မည်ဖြစ်သ်ည။
သို့သော် ချူးယွင်ဖန်းအတွက်မူ ၎င်းသည် ခက်ခဲသော ကိစ္စတစ်ခုမဟုတ်ပေ။ ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ထားသောလူတစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာ၏။ ထိုသူက လေးစားစွာဖြင့် ပြောလိုက်သည်။
“ဆရာ ဆရာက ဝူဝေ့ရဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပြီးပါပြီ။ ဆရာ့ရဲ့အကောင့်ကို ကျွန်တော်တို့ကိုပေးပါ ဆုငွေတစ်သန်းအခုပဲလွှဲပေးပါ့မယ်”
ချူးယွင်ဖန်းသည် လူငယ်တစ်ယောက်သာဖြစ်သော်လည်း ထိုသူသည် အနည်းငယ်မျှပင် မလေးမစားမဆက်ဆံဝံ့ပေ။ ချူးယွင်ဖန်းက ဆွဲငင်အားစမ်းသပ်မှုကို လွယ်လင့်တကူဖြတ်ကျော်နိုင်ခဲ့သည်ကို မြင်ခဲ့စဥ်တည်းက မည်သို့ဆိုလိုခြင်းဖြစ်ကြောင်း သူသိလိုက်သည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ အသက်အရွယ်အရ သူ၏အနာဂတ်သည် ပို၍ပင် အလားအလာကောင်းနိုင်၏။ ထို့ကြောင့် ထိုသူသည် သူ့ကို စော်ကားရန် အနည်းငယ်မျှပင် သတ္တိမရှိတော့ပေ။
ဘိ(ပ်)
ချူးယွင်ဖန်းသည် သူ၏ လက်ကောက်ဝတ်ပေါ်ရှိ မှတ်တမ်းကိုကည့်ရန် လက်ဆန့်ထုတ်လိုက်သည်။ စကန်ဖတ်ပြီးမကြာမီ၌ပင် ယင်းတွင် မက်ဆေ့ချ်တစ်ခုပေါ်လာသည်။ ပြည်ထောင်စုတက္ကသိုလ်ဒင်္ဂါးတစ်သန်းကို ချူးယွင်ဖန်း၏အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
ဝူဝေ့၏ ဤကဲ့သို့ ဖြောင့်မတ်သော အပြုအမူကြောင့် ချူးယွင်ဖန်း အံ့အားသင့်သွားသည်။ အနည်းငယ်မျှပင် ကောက်ကျစ်ခြင်းမရှိပေ။ ၎င်းသည် ပြည်ထောင်စုထဲတွင် အကြီးဆုံးဘဏ္ဍာရေးကုမ္ပဏီသုံးခုအနက်မှ တစ်ခုဖြစ်သည့် ၎င်း၏ဂုဏ်သတင်းနှင့် ထိုက်တန်သည်။
ငွေကို လက်ခံရရှိပြီးနောက် ချူးယွင်ဖန်းက ထွက်သွားတော့မည့်ဆဲဆဲတွင် အနက်ရောင်ဝတ်ထားသော သူက စကားဆက်ပြောလာသည်။
“ဆရာ ကျွန်တော်တို့ သခင်လေးက ဆရာ့နဲ့စကားပြောဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
“ခင်ဗျားရဲ့သခင်လေးဟုတ်လား” ချူးယွင်ဖန်းသည် ဝူဝေ့မှာ ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ကြောင်းသိသည်။ မျိုးဆက်တိုင်းတွင် သခင်လေးများစွာရှိသဖြင့် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်ယှဥ်ပြိုင်နေကြသည်။ ၎င်းတို့ထဲမှ အာဏာအရှိဆုံးသူသည် ဝူဝေ့၏ နောက်ထပ်ဥက္ကဌဖြစ်လာ၍ အခြားသူများသည်မူ စစ်မှန်သောအာဏာနှင့် သြဇာလွှမ်းမိုးမှုရှိသော ဝူဝေ့၏ အကြီးအကဲများဖြစ်လာပေလိမ့်မည်ဖြစ်သည်။
ဤနည်းလမ်းကို အဖွဲ့အစည်းကြီးအသီးသီးတွင်အသုံးပြုကြသည်။ ဥပမာအားဖြင့် ချူးမိသားစု၏နောက်ထပ်တက်မည့်ခေါင်းဆောင်မှာ ချူးဟောက်ယွဲ့ဖြစ်သည်။ ဤသည်မှာ ခိုင်မာသော အချက်တစ်ချက်မဟုတ်သော်လည်း ကြီးမားသောဖြစ်ရပ်တစ်ခုမရှိသရွေ့ သွေဖည်သွားလိမ့်မည်မဟုတ်ပေ။ ချူးဟောက်ယွဲ့သည် ချူးမိသားစု၏ လက်ရှိမျိုးဆက်တွင် အင်အားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ယခုအချိန်တွင် သူ့ထပ်သာလွန်သောသူမရှိသေးပေ။
ထိုအချိန်က ချူးဟောက်ယွဲ့သည် အခြားပြိုင်ဘက်များစွာနှင့် ယှဥ်ပြိုင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ထင်ရှားသိသာ ပေါ်လွင့်လာခဲ့သဖြင့် ရလဒသည် အမြောက်အမြားကွာခြားမှုမရှိသင့်ပေ။
“သူတို့က ငါ့ကိုပဲဖိတ်တာလား ဒါမှမဟုတ် ဆွဲငင်အားဓာတ်ပြားကို ဖြတ်တဲ့လူတိုင်းကို ဖိတ်တာလား” ချူးယွင်ဖန်းက မေးသည်။
“ဆွဲငင်အားဓာတ်ပြားကို ဖြတ်တဲ့လူတိုင်းကို ဖိတ်ထားထာပါ။ ကျွန်တော်တို့ သခင်လေးက အမြဲကြီးမြတ်ပြီး ကမ္ဘာပေါ်က လူတိုင်းနဲ့ မိတ်ဆွေဖွဲ့ချင်စိတ်ရှိပါတယ်။ ဆရာ့ဖြစ်တည်မှုကို ကျွန်တော်တို့ ဂုဏ်ပြုပေးလို့ရအောင် အချိန်လေးများ နည်းနည်းပေးလို့ရမလား။” အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားက ပြန်ဖြေလိုက်သည်။
ချူးယွင်ဖန်းသည် ခဏတာမျှ တုံ့ဆိုင်းနေမိသည်။ တန်ဝမ်ရှန်းနှင့် ချိန်းထားသောအချိန်သည် အချိန်အနည်းငယ်လိုသေးသည်ဖြစ်သဖြင့် ဝူဝေ့၏ သခင်လေးကို အခုချက်ချင်းသွားတွေ့လျှင် သူ့အတွက် ကောင်းပေလိမ့်မည်။ သခင်လေးတွင် မကောင်းသောအကြံအစည်များမရှိသောကြောင့် ချူးယွင်ဖန်းသာ အဆက်အသွယ်များရလျှင် ချူးယွင်ဖန်းအတွက်ကောင်းပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းကို အနက်ရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသားက ဧည့်ကြိုဧရိယာ၏အလယ်ဗဟိုရှိ ကိုယ်ပိုင်ကလပ်တစ်ခုသို့ လိုက်ပို့ပေးခဲ့သည်။ ကလပ်သည် အလွန်အမင်းလျှို့ဝှက်ထားသည့်ပုံပေါ်၍ ပတ်ဝန်းကျင်တွင် လျှို့ဝှက်ပုံစံများပင်ရှိနေသည်။ လမ်းကို ဦးဆောင်သူတစ်ယောက်သာမပါပါက သာမန်လူများသည် ဤနေရာကို ရှာတွေ့နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။
ကလပ်ထဲသို့ရောက်သောအခါ ချူးယွင်ဖန်းသည် ခမ်းနားသော အပြင်အဆင်များဖြင့်ပြည့်နေသော အလွန်ခေတ်မှီသည့် သီးသန့်ကလပ်တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယင်းသည် ခန်းမကြီးတစ်ခုဖြစ်၍ အတွင်းပိုင်းအလှဆင်မှုများသည်လည်း ခမ်းနားလှသည်။ အထဲတွင် အစားသောက်မျိုးစုံကို တည်ခင်းထားသည်။ ယင်းတို့တွင် ရှေးဟောင်းအစားအစာရှစ်မျိုးမှ အနောက်တိုင်း အစားအစာများနှင့် ဂျပန်အစားအစာများအထိပါဝင်သည်။
ယခုအချိန်တွင် ကလပ်ထဲ၌ လူတစ်ဒါဇင်ကျော်ခန့် စုဝေးနေကြပြီဖြစ်ကာ ၎င်းတို့အားလုံးသည် စကားစမြည်ပြော၍ ရယ်မောလျက် စိတ်အေးလက်အေးဖြစ်နေကြသည်။ ဤလူများအားလုံးသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိကြမည်ထင်ရ၏။ ၎င်းတို့အားလုံးသည် ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ ချူးယွင်ဖန်း ဝင်လာသည်ကို မြင်သောအခါ သူ့ကို အကြိမ်အနည်းငယ်ခန့်စိုက်ကြည့်ပြီးနောက် ဆက်လက်၍ စကားစမြည်ပြောနေကြသည်။
ချူးယွင်ဖန်းသည် မူလက ဤလူများ၏အနားသို့သွားရန် ရည်ရွယ်ချက်မရှိသော်လည်း ၎င်းတို့၏ စကားများက သူ၏အာရုံကို ဖမ်းစားခဲ့သည်။
“ကျန်းယွင်ဖေး တစ်နှစ်ကျော်ပြီးတော့ ဒီလောက်တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းက ဒုတိယနှစ်ပဲရှိသေးတာကို မရီးဒျန်သန့်စင်ခြင်းပဥ္စမအဆင့်ကိုတောင် ရောက်နေပြီပေါ့” လူတစ်ယောက်က ပြောလိုက်သည်။
လူအားလုံးသည် လူတစ်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။ လူတိုင်း၏အကြည့်များ သူ့ဘက်သို့လှည့်လာကြသည်ကို မြင်လိုက်ရသောအခါ လူငယ်၏မျက်နှာသည် ဂုဏ်ယူသော အမူအရာမျိုးဖြင့် ပြန်ဖြေလိုက်၏။
“မင်းက ငါ့ကို မြှောက်ပင့်လွန်းနေပါပြီ”
“ဒီတိုးတက်မှုနှုန်းက တော်တော့်ကို အထင်ကြီးစရာပဲ။ ဒီနှုန်းနဲ့ဆိုရင် နောင်ဆယ်နှစ်အတွင်းမှာ မွေးဖွားခြင်းနယ်မြေအဆင့်ကိုရောက်သွားမှာအသေအချာပဲ” အဆိုပါပုဂ္ဂိုလ်က ဆက်လက်၍ပြောသည်။
“နင်တို့ မိသားစုကကျန်းပိုင်ဖေကလည်း တာအိုညီလာခံအတွက် လာခဲ့တယ်လို့ကြားတယ်။ အဲ့တာတကယ်လား” မိန်းမလှလေးတစ်ယောက်ကမေးလိုက်သည်။ သူမ၏ စကားလုံးများသည် အခြားအမျိုးသမီးများအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။ ကျန်းပိုင်ဖေးဆိုသည့်အမည်သည် ၎င်းတို့ကို အလွန်ဆွဲဆောင်နိုင်သည်မှာ ထင်ရှား၏။
“တကယ်တော့ သူက ဒီနှစ်ရဲ့ ကျောင်းသားသစ်တွေကြားထဲမှာ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ။ ဆိုတော့ သူက တာအိုညီလာခံရဲ့ ချန်ပီယံဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားတယ်”
ရုတ်တရက် ဆယ့်ရှစ်နှစ်အရွယ်ခန့်ရှိမည်ထင်ရသော လူတစ်ယောက်က ပြောလိုက်သည်။
“ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတစ်ယောက်က ကျန်းပိုင်ဖေးကို လုပ်ကြံတယ်လို့ ပြောသံကြားတယ်။ အဲ့လူနာမည်က ချူးယွင်ဖန်းလို့ခေါ်တယ်ဆို ဟုတ်လား”
ဤအမည်ထွက်လာသည်နှင့် ကျန်းယွင်ဖေး၏ မျက်နှာထက်သည် မှုန်သုန်သွား၏။
“အဲ့တာက မတော်တဆပါပဲ။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေးရဲ့မပြင်ဆင်ရသေးတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို အနိုင်ယူသွားတာ။ ဒီတစ်ခါတော့ သူသိပ်ကံကောင်းမှာမဟုတ်ဘူး။ ကျန်းပိုင်ဖေးက ဒီချူးယွင်ဖန်းကိုရှာပြီး အရင်က အရှက်ကွဲခဲ့ရတဲ့အတွက် လက်စားပြန်ချေလိမ့်မယ်။ သူ့ကို သတ်ရင်တောင်သတ်ပစ်လိမ့်မယ်”
ကျန်းယွင်ဖေးသည် မိမိ၏ စကားလုံးများကို သတိထားခြင်းအလျင်းမရှိပေ။
“ချူးယွင်ဖန်းက အရေးမပါတဲ့ လူပြက်တစ်ယောက်ထက် မပိုပါဘူး။ သူအခု ကောင်းကောင်းမွန်မွန်နေနေရတဲ့အတွက် ငါတို့ အငယ်တန်းမိသားစုခေါင်းဆောင် ကျန်းလင်းရှောင်ကို ကျေးဇူးတင်သင့်တယ်။ ကျန်းလင်းရှောင်နဲ့ တစ်နှစ်စာချုပ်ဆိုတဲ့အရာကြောင့်သာမဟုတ်ရင် သူလူသေတစ်ယောက်ဖြစ်နေတာ ကြာပြီပေါ့” ကျန်းယွင်ဖေးကပြောသည်။
“အဲ့ကောင်လေးက မာန်တက်နေတာ။ သူဘယ်မှာလဲဆိုတာသာ ငါသိရင် သူ့ကို ကျန်းလင်းရှောင်အစား သင်ခန်းစာပေးလိုက်ချင်သေးတယ်။ ကျန်းလင်းရှောင်က အားနည်းတဲ့လူကို အနိုင်မကျင့်ချင်ပေမယ့် ငါကတော့ အဲ့လိုကိစ္စတွေကို ခေါင်းထဲထည့်မနေပါဘူး”