အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
အခန်း(၅၀၅) ဝိဉာဥ်ရေးရာ ကူးပြောင်းမှု။ ဤနေရာမှစ၍ ချောမွေ့စွာ ရွက်လွှင့်ခြင်း
“အဲ့လိုဆိုမှတော့ ငါ့မှာ ဘာမှပြောစရာတော့မရှိပါဘူး။ မင်းကို ငါအများကြီး မျှော်လင့်ထားတယ်” တန်ဝမ်ရှန်ကပြောသည်။
“မင်းမှာ အလားအလာကောင်းတွေရှိတယ်။ နှစ်နည်းနည်းကြာရင် ကျန်းလင်းရှောင်နဲ့ ပခုံးချင်းယှဥ်ရပ်နိုင်မှာပါ”
“တန်မိသားစုက ကျုပ်ကို မကျေနပ်ကြဘူးထင်နေတာ” ချူးယွင်ဖန်းက ပြောသည်။
တန်ဝမ်ရှန်သည် ချူးယွင်ဖန်း၏ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်၏။
“အဲ့လိုတော့လည်း မဟုတ်ပါဘူး။ တန်မိသားစုက မိသားစုကြီးဆိုတော့ နေရာတိုင်းမှာ ငါတို့ မစည်းလုံးနေနိုင်တာ သဘာဝပါပဲ။ အမှန်တိုင်းပြောရရင် တန်စီယုနဲ့ကျန်းလင်းရှောင်တို့ မင်္ဂလာဆောင်က မျိုးနွယ်စုခေါင်းဆောင်ရဲ့ အကြံပါပဲ။ မိသားစုထဲက အများစုက ဒီကိစ္စကို ဆန့်ကျင်ကြတယ်။ ကျန်းမိသားစုက အရင်နှစ်အနည်းငယ်လောက်အတွင်းမှာ ထွန်းကားလာခဲ့ပေမယ့် တန်မိသားစုက ငါတို့ရဲ့ ငါတို့ရဲ့ နေရာကိုကာကွယ်ဖို့အတွက်နဲ့တော့ လက်ထပ်တဲ့ကိစ္စအထိရောက်မှာမဟုတ်ဘူး”
“အဲ့အပြင် ကျန်းလင်းရှောင်က ရက်စက်ပြီး အညှာအတာကင်းတယ်။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးက အရမ်းထူးဆန်းတဲ့အခြေအနေအောက်မှာ သေဆုံးသွားရတယ်။ ဒါက ကျန်းလင်းရှောင်နဲ့ တစ်ခုခုသက်ဆိုင်နေမှာပဲ။ အဲ့အပြင် သူက တန်စီယုနဲ့ လက်ထပ်ဖို့ မဟာမိတ်ဖွဲ့ဖို့ တောင်းဆိုခဲ့သေးတယ်။ အဲ့တာက ပိုတောင်ထူးဆန်းသေးတယ်။ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါတို့လည်း မသိဘူး”
ချူးယွင်ဖန်းက ဤစကားကိုကြားသောအခါ တန်မိသားစုကြားမှ ပဋိပက္ခများကို နားလည်သဘောပေါက်သွားသည်။ တန်ဝမ်ရှန်၏ ရှင်းလင်းချက်အရ တန်မိသားစုသည် များစွာသော ပြဿနာများကို ကြုံတွေ့နေခဲ့ရကာ သံသယများစွာရှိနေသည့်တိုင် ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် ကျန်းမိသားစုနှင့် အိပ်ထောင်ရေးမဟာမိတ်ဖွဲ့ရန် စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့် အသံကျယ်ကျယ်ပြောရန် ၎င်းတို့အတွက် အဆင်မပြေသော အကြောင်းအရင်းတချို့ ရှိကောင်းရှိနေနိုင်သည်။
နိုင်ငံရေးလောကတွင်ဖြစ်စေ၊ စစ်ရေးလောကတွင်ဖြစ်စေ၊ စီးပွားရေးလောကတွင်ပင်ဖြစ်နေစေကာမူ တန်မိသားစုသည် အဘက်ဘက်တွင် အားကောင်းသော မိသားစုဖြစ်သည်။ ၎င်းတို့သည် ကျန်းမိသားစုတမျှ အင်အားကောင်းလှသည်ဖြစ်ကာ မိသားစုကြီးရှစ်စုလုံးသည် အလွန်သြဇာအာဏာကြီးမားလှသည်။ ယခုမူ တန်မိသားစုသည် အကြောင်းတစ်စုံတစ်ရာကြောင့် ၎င်းတို့၏ မာန်ကို ချိုးနှိမ်ထားခဲ့ရပြီဖြစ်သည်။ မည်သူမျှ မသိသော ကိစ္စတစ်ခု ဖြစ်ကြောင်းဖြစ်နိုင်သည်။
“ကျွန်တော့်ကို ရှေ့ထွက်ပြီး ကလေးကို တားစေချင်တာလား” ချူးယွင်ဖန်းက မေးသည်။
“အဲ့လိုမဟုတ်ဘူး။ ငါတို့ ဘယ်လောက်ကြည့်ကြည့် မင်းက ကျန်းလင်းရှောင်ကို အနိုင်ယူနိုင်မဲ့ရာခိုင်နှုန်းအရမ်းနည်းတယ်။ ဒါပေမယ့် လူတိုင်းက ပါရမီရှင်တွေကို ကြိုက်ကြတယ်။ အထူးသဖြင့် မင်းလိုမျိုး ပျိုးပင်ကောင်းမျိုးပေါ့။ ကျန်းလင်းရှောင်ရဲ့လက်ထဲမှာ မင်းဒီလို ရှုံးစရာမလိုပါဘူး။ မိန်းမတစ်ယောက်အတွက်နဲ့ မတန်ပါဘူး” တန်ဝမ်ရှန်က တည်ငြိမ်စွာပြောလိုက်သည်။
“မင်းဘာဖြစ်သွားလဲ ငါသိလိုက်ရပြီးတော့ မင်းကို စသဘောကျလာတာပဲ။ မင်းသာဆန္ဒရှိရင် ငါ ကျန်းမိသားစုကို သွားပြီး တိုက်ခိုက်နိုင်တယ်”
ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။
“ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာ တန်။ ခင်ဗျား ကောင်းစေချင်တာသိပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့အတွေးနဲ့ ကျွန်တော့်အတွေးတွေက မတူပါဘူး။ တန်မိသားစုမှာရှိတဲ့ မိန်းကလေးတွေ အများကြီးထဲက တစ်ယောက်ဖြစ်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ ဒါက လုံးဝမတူပါဘူး။ ကျွန်တော့်မှာ ဒီတိုက်ပွဲကို တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး”
“ဒီလိုဆိုမှတော့ ဒီတစ်လမ်းပဲရှိတော့တာပေါ” တန်ဝမ်ရှန်သည် နှမျောတသဖြစ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“မစ္စတာတန် အခြားကိစ္စမရှိတော့ဘူးဆိုရင်တော့ ကျွန်တ်ော အရင်သွားတော့မယ်နော်။ မနက်ဖြန်ညီလာခံအတွက်ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်” ချူးယွင်ဖန်းက ပြောသည်။
“အင်းအင်း မင်းသွားပါ” တန်ဝမ်ရှန်က ခေါင်းညိတ်လိုက်သည်။
အင်မော်တယ်အမူးသမားအိမ်မှ ထွက်လာပြီးနောက် ချူးယွင်ဖန်းက နောက်သို့ပြန်လှည့်ကြည့်ကာ ဖော်မပြနိုင်ဖွယ်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ လွန်ခဲ့သော တစ်နှစ်ခန့်ကသာဖြစ်မည်ဆိုပါက တန်ဝမ်ရှန်၏ ထည့်သွင်းစဥ်းစားမှုကို ခံရရန်အရည်အချင်းပြည့်မီပေလိမ့်မည်မဟုတ်ပေ။ ယခုမူ တန်ဝမ်ရှန်က ခေါ်ယူလိုသော အရည်အချင်းရှိသူတစ်ဦးဖြစ်လာခဲ့၏။
ဤအတောအတွင်းတွင် ချူးယွင်ဖန်းသည် မိမိကိုယ်မိမိ အလွန်တင်းကြပ်ထားကာ ခေတ္တမျှပင် စိတ်လက်သက်သာမနေနိုင်ခဲ့ပေ။ သို့သော် ယခု ပြန်တွေးကြည့်သောအခါ သူသည် ယခင်ကနှင့် လုံးလုံးလျားလျားကွာခြားသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ တန်ဝမ်ရှန်ဖြစ်စေ ရှု့ပိုင်ဝမ်ဖြစ်စေ ၎င်းတို့အားလုံးသည် ရာထူးကြီးပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ ချူးယွင်ဖန်းသည် ယခင်က ထိုသို့သောပုဂ္ဂိုလ်ကြီးများ၏ အိမ်တွင်းရေးကိစ္စများတွင် ပါဝင်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင်မူ လူအားလုံးက သူ့ကို ခေါ်ယူရန်တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
မည်သည့်အချိန်မှစ၍ ပြောင်းလဲသွားသည်ကို မသိသော်လည်း ချူးယွင်ဖန်းသည် ယခင်ကကဲ့သို့ လူမသိသူမသိမဟုတ်တော့ပေ။ ဤသည်က မာန်တက်ခြင်းမဟုတ်သော်လည်း မိမိကိုယ်မိမိ လေးနက်စွာနားလည်သွားခြင်းဖြစ်သည်။ ကျင့်ကြံသူများကျင့်ကြံသောအခါတွင် ၎င်းတို့သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အထူးအလေးထားကြသည်။ လုကျူ၏ ဓားချက်များစာအုပ်တွင် ဆိုရိုးတစ်ခုပါရှိသည်။ “ကျင့်ကြံရေးလောကရဲ့ အကြီးဆုံးပြဿနာက လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကိုမဟုတ်ဘဲ သဘာဝကိုပဲကျင့်ကြံနေကြတာပဲ” ရုပ်ခန္ဓာလေ့ကျင့်ခြင်းအပြင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ပူးတွဲကျင့်ကြံခြင်းဟုခေါ်သောအရာသည် လူတစ်ဦး၏ စိတ်ကို ကျင့်ကြံခြင်းထက် ပို၍ အရေးကြီးလှသည်။
ရုပ်ခန္ဓာကိုယ်သည် မြင့်မားသောအဆင့်သို့ အဆက်မပြတ်တိုးတက်ပြောင်းလဲနေမည်ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် မယုံနိုင်စဖွယ် စွမ်းရည်များတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စိတ်ကိုလည်း ကျင့်ကြံရန်လိုအပ်သည်။ စိတ်ကိုလေ့ကျင့်ခြင်းသည် လူတစ်ယောက်၏ မိမိကိုယ်မိမိ နားလည်မှုကို ပို၍ နက်ရှိုင်းလာစေနိုင်ရာ၊ ၎င်းသည်သာ စစ်မှန်သော လောကကိုနားလည်ခြင်းပင်ဖြစ်သည်။ ဤသည်ကား လောကနိယာမတရားများကို နားလည်ခြင်းဟုခေါ်သောအရာလည်းဖြစ်၏။
ဤအောင်မြင်မှုသည် ချူးယွင်ဖန်းကို ပို၍သန်မာသည်ဟုခံစားလာရစေသည်။ မကြာသေးမီကမှ မရီးဒျန်သန့်စင်ခြင်းပဥ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ရုတ်တရက် ဆဌမအဆင့်သို့ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤခံစားချက်ကို အဓိပ္ပါယ်ဖွဲ့၍ပင် မရနိုင်ပေ။
ချူးယွင်ဖန်းသည် ကျင့်ကြံရေး၏ စစ်မှန်သော ပျော်ရွှင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
‘နှစ်လ သုံးလအတွင်းမှာ နောက်ထပ် အဆင့်တစ်ဆင့်ထပ်တက်ဖို့တော့ လိုနေပြီထင်ခဲ့တာ၊ ဒါမယ့် အခုတော့ အဲ့လောက်စောင့်စရာမလိုတော့ဘူးထင်တယ်။ ကံမကောင်းစွာနဲ့ပဲ ညီလာခံက မနက်ဖြန်စတော့မယ်။ မဟုတ်ရင် ငါ သီးသန့်လေ့ကျင့်နေလောက်ပြီ’ ချူးယွင်ဖန်းက စိတ်ထဲတွင်တွေးလိုက်သည်။ သူသည် သူ၏ စိတ်ဝိဉာဥ် ရုတ်တရက်ပြောင်းလဲသွားခြင်းကို ကောင်းစွာသိရှိထားသည်။ ဤစိတ်ဝိဉာဥ်ဆိုင်ရာ အသွင်ပြောင်းလဲမှုသည် ကိုယ်ခန္ဓာပြောင်းလဲမှုထက်ပင် ပို၍ အရေးကြီး၏။
ချူးယွင်ဖန်းကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးအတွက်မူ သူပိုင်ဆိုင်ထားသည့် ပြင်းထန်သော ခွန်အားမှတပါး သူ၏ ဝိဉာဥ်သည် မည်သည့်အခါမျှ ပင်ပန်းနွမ်းနယ်လိမ့်မည်မဟုတ်ပေ။ အခက်အခဲများကို မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ သူ့ရှေ့တွ် ဧဝရတ်တောင်ကြီးတစ်လုံးပြိုကျသွားလျှင်ပင် သူ၏အမူအရာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သူ့တွင် မိမိကိုယ်မိမိ ယုံကြည်မှုအားပို၍ ပြင်းထန်လာသည်။
ကျွမ်းကျင်သူတစ်ဦး၏ စိတ်ဓာတ်ဖြင့် ချူးယွင်ဖန်း၏ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းသည် ပို၍ လွယ်ကူချောမွေ့လာမည်ဖြစ်သည်။ ထို့အပြင် ဤသည်မှာ ပထမဆုံးခြေလှမ်းမျှသာရှိသေး၏။
‘ငါ ဒီနေ့တော်တော်ရလိုက်တာပဲ’ ချူးယွင်ဖန်းက ဝမ်းသာအားရဖြစ်လျက်ရှိ၏။
ချူးယွင်ဖန်းသည် သူ၏ အိမ်သို့ အမြန်ပြန်သွားခဲ့သည်။ ဤအချိန်တွင် သူ၏ အဖွဲ့ဝင်များသည် ရှု့ပိုင်ဝမ်ပို့လိုက်သော ထောင်နှင့်ချီသည့် ကျောက်တုံးများကို ချူးယွင်ဖန်း၏အခန်းသို့ ပို့ဆောင်ပေးလျက်ရှိသည်။ ၎င်းတို့ကို သေတ္တာများထဲတွင် ပိတ်ထည့်ထားသောကြောင့် သူ့အဖွဲ့ဝင်များက ထိုသေတ္တာများထဲတွင် မည်သည့်အရာများရှိနေသည်ကို မသိကြပေ။ သို့သော် သိရရန်လည်း စိတ်မဝင်စားကြပေ။
“ခေါင်းဆောင်ချူး မင်းထွက်သွားပြီးတော့ မင်းဘာလို့ မင်းနဲ့လုံးဝမတူတော့သလိုမျိုး ငါခံစားနေရတာလဲ” ကျီရှိချင်းက ခေါင်းကို စောင်းကာ ချူးယွင်ဖန်းကို ကြည့်လျက်ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါလည်း အဲ့လို ခံစားမိတယ်” ခယ့်ယွေ့က ဘေးမှပြောလိုက်သည်။
ရှဖန်နှင့် လွမ်ရင်းယွီတို့သည်လည်း ယင်းကို ခံစားမိသည်။ ၎င်းတို့အားလုံးက ချူးယွင်ဖန်းပြောင်းလဲသွားသည်ကို ခံစားမိကြသော်လည်း မည်သို့ ပြောင်းလဲသွားကြောင်း မခံစားနိင်ပေ။ ယင်းမှာ လူတစ်ယောက်က ကျင့်ကြံရေးအဆင့်ဖြတ်ကျော်သွားသကဲ့သို့သောပုံစံမျိုးမဟုတ်ပေ။ ချူးယွင်ဖန်း၏ ပုံစံသည် ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်လျက်ရှိသည်။
“မင်းရဲ့သြဘာက ပိုပြီး သိသာလာသလို ခံစားရတယ်” ရှဖန်က ရုတ်တရက် ပြောလိုက်သည်။
“သင်တန်းဆရာတွေနဲ့ နာမည်ကြီးလူကြီးတွေလိုမျိုးပဲ။ မင်းကိုယ်ရောင်ကိုယ်ဝါက အရမ်းပြင်းထန်နေပြီ”
“အိုး ဟုတ်တယ်။ အဲ့တာပဲ” ခယ့်ယွေ့နှင့် အခြားသူများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ဟားဟားဟား ငါ တကယ်ကို အပြင်သွားနေတုန်းမှာ တစ်ခုခုရခဲ့တယ်ကွ” ချူးယွင်ဖန်းက မည်သည့်အချက်ကိုမျှ ဖုန်းကွယ်မထားခဲ့ပေ။
“ညီလာခံက မနက်ဖြန်စတော့မှာ။ အားလုံးပဲ အဆင်သင့်ပြင်ပြီး အဆင့်ကောင်းကောင်းရအောင် အကောင်းဆုံးလုပ်ခဲ့ကြပါ” ချူးယွင်ဖန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်” လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။
ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းသည် သူ့အခန်းထဲသို့ ပြန်လာ၍ တောင်မြစ်ပန်းချီကားထဲတွင် ဝိဉာဥ်ကျောက်တုံးသေတ္တာများကို သိမ်းဆည်းထားပြီးနောက် သူ၏ ပြင်ဆင်မှုများအားလုံး အပြီးသတ်သွားသည်။ ကျန်သောအရာမျမှာ မနက်ဖြန်ကျင်းပမည့် တာအိုညီလာခံသာဖြစ်သည်။
ချူးယွင်ဖန်းသည် ညီလာခံတွင် သူမည်မျှ အင်အားကြီးမားသော ရန်သူများကို ရင်ဆိုင်ရလိမ့်မည်ကို သူမသိပေ။ နေရာတိုင်းတွင် ဘေးအန္တရာယ်မျိုးစုံရှိနေသည်။ သို့သော် ယင်းက သူ့ကို မမကြောက်ရွံ့စေနိုင်ခဲ့ပေ။ သူ့သွေးများ ဆူပွက်နေသကဲ့သို့ ခံစားရ၏။
“ငါလာပြီ တာအိုညီလာခံ”
အခန်း(၅၀၆) နာမည်နဲ့လိုက်အောင်နေတဲ့ ချူးယွင်ဖန်း
အာရုဏ်ဦး၏ အလင်းရောင်သည် ညကောင်းကင်ကို ဖြိုခွင်းပစ်လိုက်သည်။ ကြယ်တာရာကျွန်းသည် လူအများ၏ လှုပ်ရှားမှုဖြင့် စတင်စည်ကားလာ၏။ သယ်ယူပို့ဆောင်ရေးလေယာဥ်တစ်စင်းပြီးတစ်စင်းသည် နက္ခတ်ဂိုဏ်းမှ ကျောင်းသားများကို အဆုံးမဲ့ပင်လယ်ရှိ ကြယ်တာရာကျွန်းသို့ စတင်စေလွှတ်ခဲ့သည်။
ကြီးမားသော သယ်ယူပို့ဆောင်ရေးယာဥ်တစ်စီးတွင် ဒါဇင်ပေါင်းများစွာသော ယောက်ျားလေးများနှင့် မိန်းကလေးများအုပ်စု လိုက်ပါလာကြ၏။ ချူးယွင်ဖန်းသည် ထောင့်တစ်နေရာတွင် တင်ပျဥ်ခွေလျက် တရားထိုင်နေသည်။ ထောင့်ရှိ မှန်များမှတစ်ဆင့် သူသည် ပတ်ဝန်းကျင်၏ အခြေအနေကို ကောင်းစွာမြင်နိုင်လျက်ရှိကာ ကောင်းကင်ယံတွင် လျင်မြန်စွာပျံသန်းနေသကဲ့သို့ ထင်ရသည်။
လေယာဥ်ပေါ်ရှိ ကျောင်းသားများကို အမျိုးအစားခွဲခြားထားသည်။ ၎င်းတို့အားလုံးကို တက္ကသိုလ်အသီးသီးအဖြစ် ပိုင်းခြားထားသည်။ တက္ကသိုလ်အသီးသီးမှကျောင်းသားများအပြင် မိသားစုကြီးများ၏ ပြည်ပရောက် မျိုးဆက်များနှင့် အမျိုးမျိုးသော ဂိုဏ်းများမှ တပည့်များပေါင်းစုံရှိနေသည်။ ပါဝင်သူများကို မတူညီသော နယ်ပယ်များဖြင့် ခွဲခြားထားသည်။
ဤလူအုပ်စုတွင် ဂိုဏ်းပေါင်းစုံမှ ကျောင်းသားများနှင့် တပည့်များ ရောနှောပါဝင်နေသည်။ မည်သည့်အဖွဲ့ကမျှ အခြားတစ်ဖွဲ့ထက် မသာလှပေ။ ဤအဖွဲ့ထဲတွင် ပြည်ထောင်စုတက္ကသိုလ်၏ ကိုယ်စားပြုဖြစ်သော ချူးယွင်ဖန်းသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံထားကြရ၏။
“သူက ပြည်ထောင်စုတက္ကသိုလ်က ချူးယွင်ဖန်းလား”
“ငါ သူ့အကြောင်းတွေကြားခဲ့ဖူးတယ်။ သူက ပြည်ထောင်စုတက္ကသိုလ်မှာ လူကြိုက်နည်းတယ်တဲ့”
“ငါလည်း သူ့အကြောင်းကြားဖူးတယ်။ သူက ကျန်းလင်းရှောင်ကိုတောင် စိန်ခေါ်ရဲတဲ့သတ္တိရှိတယ်တဲ့။ ကျန်းလင်းရှောင်ကို ယှဥ်နိုင်တဲ့လူမရှိဘူးလို့ အကြီးတန်းကျောင်းသားတွေ ပြောတာ ကြားခဲ့ဖူးတယ်။ သူ့ကို ယှဥ်နိုင်တဲ့လူ မရှိဘူး”
အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့အားလုံး၏ ဆွေးနွေးမှု ဗဟိုချက်ဖြစ်ကြောင်း ထင်ရှားသည်။ ဤလူများသည် ပြည်ထောင်စုတက္ကသိုလ်နှင့် ပတ်သက်သော ကိစ္စများကို စိတ်ဝင်စားသည်မှာ ထင်ရှားလှ၏။ ချူးယွင်ဖန်းနှင့် ပတ်သက်သော အကြောင်းအရာမျိုးစုံသည် တက္ကသိုလ်ပြင်ပ၌ ပျံ့နှံ့နေ၏။
“နက္ခတ်ဂိုဏ်းက မနှစ်ကညီလာခံမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့မတူဘူး။ တော်ဝင်ဓားသမားဂိုဏ်းက ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာ တော်ဝင်ဓားသမားဂိုဏ်းက ချန်ပီယံဖြစ်လာလိမ့်မယ်”
“မင်းပြောတဲ့အတိုင်းဆို တခြားအဖွဲ့တွေက ပါရမီရှင်တွေ မမွေးထုတ်ပေးတဲ့အတိုင်းပဲ။
လူတိုင်းသည် မတူညီသော ဂိုဏ်းများ၊ အဖွဲ့အစည်းများ၊ မိသားစုကြီးများမှ ဆင်းသက်လာသော်လည်း ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုကြပေ။ ထို့အပြင် ၎င်းတို့သည် အကောင်းတကာ့အကောင်းဆုံး လက်ရွေးစင်များဖြစ်ကြကာ သာမန်လူများနှင့် မတူဘဲ အခြားလူများအောက်တွင် လက်အောက်ခံလိုစိတ်မရှိကြပေ။
ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် မတ်တပ်ထရပ်၍ ချူးယွင်ဖန်းဆီသို့ လျှောက်သွားသည်။ သူသည် အလယ်အလတ်တည်ဆောက်ပုံခန္ဓာကိုယ်မျိုးရှိသည့် လူငယ်တစ်ဦးဖြစ်၍ အလွန်စွမ်းအားကြီးကာ ထူးခြားပုံပေါ်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများထွက်ပေါ်နေ၏။
“ချူးယွင်ဖန်း ပြည်ထောင်စုတက္ကသိုလ်က ဘဘ်လောက်သြဇာကြီးတယ်ဆိုတာ ငါကြားဖူးတယ်။ ဒါပေမယ့် ယုံရခက်တယ်။ ငါက ပင်လယ်ကြီးစိုးသူများဂိုဏ်းက ဟန်ပေါင်ပဲ။ မင်းကို စိန်ခေါ်ဖို့ လာခဲ့တာ။ မင်းလက်ခံလား” လူငယ်သည် လက်ခုပ်တီးလျက်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် စူးရှသော အရှိန်အဝါများ ဖြာထွက်လျက်ရှိကာ အလွန်ပြင်းထန်လှသည်။
လူအားလုံးက ဟန်ပေါင်ကို စိုက်ကြည့်နေကြသည်။ ပြည်ထောင်စုတက္ကသိုလ်၏ နာမည်ဂုဏ်သတင်းကို ကြားသိခဲ့ရသည်မှာ အချိန်ကြာခဲ့ပြီဖြစ်သော်လည်း ကျောင်းသားများနှင့်တစ်ကြိမ်တစ်ခါမျှ ထိပ်တိုက်မရင်ဆိုင်ခဲ့ကြဖူးသောကြောင့် ၎င်းတို့၏ စွမ်းပကားကို မယုံကြည်ခဲ့ကြပေ။ ပြည်ထောင်စုတက္ကသိုလ်နှင့်ပတ်သက်သည့် ဒဏ္ဍာရီမျိုးစုံကို ကြားသိခဲ့ရသော်လည်း အမှန်တရားအဖြစ် တစ်ခါမျှ မယုံကြည်ခဲ့ကြပေ။
၎င်းတို့ကိုယ်တိုင်၏ မျက်စိဖြင့် မမြင်ရသရွေ့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ ဤမျှထိ စွမ်းအားကြီးကြလိမ့်မည်ဟု မယုံကြပေ။ ထို့အပြင် ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူအများအပြားရှိကာ ထိုသူများသည်လည်း ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများထက် မနိမ့်ကျပေ။ မင်းတို့သည် ငယ်စဥ်တည်းက ဂိုဏ်းများနှင့် မိသားစုများမှ ပျိုးထောင်ခဲ့သည် အကောင်းတကာ့အကောင်းဆုံးသူများဖြစ်ကြသည်။
အခန်းထောင့်တွင် တင်ပျဥ်ခွေထိုင်နေသော ချူးယွင်ဖန်းကို လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့က မည်သို့ တုံ့ပြန်လိမ့်မည်ကို သူသိချင်နေကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ ဂိုဏ်းခွဲများ၏ ဂုဏ်သိက္ခာသည် အခြားအရာအားလုံးထက် သာလွန်၏။
ချူးယွင်ဖန်းသည် ဟန်ပေါင်၏ အရှိန်အဝါကို သတိပြုမိသော်လည်း ငြီးငွေ့သောအမူအရာဖြင့် သူ့ကို တစ်ချက်သာ ကြည့်လျက်ပြောလိုက်သည်။
“မင်း ငါနဲ့ မယှဥ်နိုင်ဘူး။ ဒီမှာအချိန်ဖြုန်းနေတာကို ရပ်ပြီး ထွက်သွားသင့်တယ်”
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟန်ပေါင်သည် သာမန်လူမဟုတ်ကြောင်း သူပြောနိုင်သည်။ ဟန်ပေါင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူဖြစ်ကြောင်း သိလိုက်သည်။ ပြည်ထောင်စုတက္ကသိုလ်အတွင်း၌ပင် ထိုကဲ့သို့သော ငယ်ရွယ်စဥ်၌ ထိုအဆင့်သို့ရောက်နိုင်သူအရေအတွက်မှာ တစ်ရာလျှင်တစ်ယောက်ပင် မရှိပေ။
ပင်လယ်ကြီးစိုးသူများဂိုဏ်းအတွင်းတွင် ဟန်ပေါင်သည် ထိပ်တန်းတပည့်များထဲမှ တစ်ဦးဖြစ်နိုင်သည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ဦးက သူ့ကို စိန်ခေါ်ရန် ယုံကြည်မှုရှိခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်အတွင်း၌ပင် ဤသို့သောလူမျိုးကို လက်ရွေးစင်အဖြစ် သတ်မှတ်ကြပေလိမ့်မည်ဖြစ်၏။
ချူးယွင်ဖန်းသည် လူအများကို အထင်သေးနေခြင်းဟု သူမထင်ခဲ့ပေ။ ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်မှဖြစ်သောကြောင့် ပင်လယ်ကြီးစိုးသူများဂိုဏ်းကို အထင်သေးနေခြင်းဖြစ်သည်စု သူခံစားမိ၏။
“ချူးယွင်ဖန်း ငါ့ကို အထင်သေးမနေနဲ့” ဟန်ပေါင်က ကြုံးဝါး၍ ချူးယွင်ဖန်းကို လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးသည် လေကိုခွင်း၍ လေယာဥ်ခန်းအတွင်းတွင် လေလှိုင်းများပျံ့နှံ့သွားစေသည်။ သို့သော် ဤလက်သီးသည် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ခဲ့ပေ။ သူသည် လက်ကို ပေါ့ပါးစွာမြှောက်၍ ဟန်ပေါင်၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်လိုက်သည်။ ထို့နောက် ကိုင်ပေါက်လိုက်သောအခါတွင် ဟန်ပေါင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း၌ ပေါ့ပါးစွာဖြစ်ပျက်သွားခြင်းဖြစ်သည်။ လူများစွာသည် အဆုံးသတ်မရောက်ခင်အချိန်ထိ မတုံ့ပြန်ကြသေးပေ။ အခန်းတွင်းရှိ လူအများစုသည် ချူးယွင်ဖန်းကို လေးစားစွာဖြင့် ကြည့်နေကြသည်။ ယခင်က ဟန်ပေါင်၏ ခွန်အားကို ၎င်းတို့အားလုံး မြင်ခဲ့ဖူးသည်။ ဟန်ပေါင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင် တစ်ချက်မျှပင် မခံနိုင်ခဲ့ဘဲ ချက်ချင်းဆုံးရှုံးသွားသည်။
၎င်းတို့ ခွန်အားချင်းကွာခြားချက်ကို ဤနေရာတွင် မြင်တွေ့နိုင်၏။
‘ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေက သူတို့ နာမည်နဲ့လိုက်အောင် တကယ်နေကြတာပဲ’
ထိုအချိန်တွင် အရပ်ရှည်၍ သန်မာသော အသတ်လတ်ပိုင်း အမျိုးသားတစ်ယောက်ထွက်လာရာ၊ ထိုသူသည် မြေပြင်ပေါ်တွင် ရှိနေသည့် ဟန်ပေါင်းကို သူသည် တစ်ချက်မျှပင် ငဲ့စောင်းမကြည့်ခဲ့ပေ။
“အားလုံးပဲ ငါတို့ ကြယ်တာရာကျွန်းကို ရောက်တော့မယ်။ လူတိုင်းကို ကြေငြာဖို့ လိုအပ်တာတွေရှိတယ်။”
လူတိုင်း၏ အကြည့်သည် ထိုစကားပြောလာသူထံသို့ ရောက်သွား၏။ ထိုသူ၏ ၎င်းတို့အဖွဲ့ကို ဦးဆောင်ရန် နက္ခတ်ဂိုဏ်းမှ စီစဥ်ပေးထားသည့် နည်းပြဆရာဖြစ်သည်။ ဂိုဏ်းပေါင်းစုံနှင့် တက္ကသိုလ်များမှ နည်းပြဆရာများသည်မူ ကြယ်တာရာကျွန်းတွင် တည်းခို၍ သတင်းများကို စောင့်ဆိုင်းနေကြရသည်။ ၎င်းတို့သည် တိုက်ရိုက် ဗီဒီယိုမှတစ်ဆင့် အခြေအနေကို စောင့်ကြည့်နေနိုင်သည်။
လူတိုင်းက သူ့ကို ကြည့်နေသည်ကို မြင်လိုက်သောအခါ ထိုလူလတ်ပိုင်းယောက်ျားက ပြောလိုက်၏။
“ပထမဆုံးအနေနဲ့ လူတိုင်းက စည်းမျဥ်းတွေကို ရှင်းရှင်းလင်းလင်းသိထားရမယ်။ မင်းတို့သတ်လိုက်တဲ့ မွန်းစတားတွေရဲ့ အဆင့်အပေါ်လိုက်ပြီး အမှတ်တွေရကြမယ်။ အမှတ်အများဆုံးရတဲ့လူက ဒီညီလာခံရဲ့ ချန်ပီယံဖြစ်လာလိမ့်မယ်။ ညီလာခံအတွက် ဆုလာဘ်က ရက်ရက်ရောရော ရှိနေလိမ့်မယ်။ အဲ့အပြင် ထိပ်တန်းအယောက်နှစ်ထောင်ထိဝင်နိုင်တဲ့လူတိုင်းကိုလည်း ဆုချီးမြင့်မယ်လို့ နက္ခတ်ဂိုဏ်းက ကြေညာထားပါတယ်”
ဤသတင်းကြားသောအခါ လူအားလုံးက ရင်ခုန်နေကြသည်။ ၎င်းတို့အတွက်မူ ချန်ပီယံနေရာသည် ၎င်းတို့နှင့် လားလားမျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် ထိပ်တန်းအယောက်နှစ်ထောင်သို့ ဝင်ရောက်နိုင်ရန် ဖြစ်နိုင်ချေရှိကြသည်။ နောက်ဆုံးတွင်မူ စုစုပေါင်း ပါဝင်သူ အယောက်တစ်သောင်းခန့်သာရှိသည်။
သို့သော် ၎င်းသည် နက္ခတ်ဂိုဏ်းမှ သတိပေးချက်တစ်ခုလည်းဖြစ်သည်။ ၎င်းတို့သည် ပမာဏအမြောက်အမြားကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သေချာ၏။ ယမန်နှစ်က ပြည်ထောင်စုတက္ကသိုလ်ကို အနိုင်ယူနိုင်ခဲ့ပြီးနောက် ယခုနှစ်ညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် မိမိတို့အတွက် နာမည်ကောင်းရလိုကြခြင်းဖြစ်သည်။
ဤညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူကင်းပခြင်းသည် လုပ်သားအင်အားအပြင်းအထန်အသုံးပြုသော ကိစ္စတစ်ခုမဟုတ်ပေ။ ယင်းမှာ အမျိုးမျိုးသော အဖွဲ့ခွဲကြီးများအကြားမှ တိုက်ခိုက်မှုတစ်ခုဖြစ်သည်။
အခန်း(၅၀၇) နက္ခတ်ဂိုဏ်း၏ စူပါအသုံးစရိတ်
ထိုကဲ့သို့သော ညီလာခံများသည် ရန်ပွဲစခြင်းအပြင် ဤနည်းမှာ ၎င်းတို့၏ အင်အားကို ပြသနိုင်မည့် တိုက်ရိုက်နည်းလမ်းတစ်ခုဖြစ်သည်။
“ပုံမှန်ဆုတွေအပြင် နက္ခတ်ဂိုဏ်းက နတ်စွမ်းအင်အဆင့်မွန်းစတားတစ်ကောင်ရဲ့ အတွင်းအူတိုင်ကိုလည်း ပြသပါလိမ့်မယ်”
ထိုလူလတ်ပိုင်း၏ ပါးစပ်မှ စကားလုံးများထွက်လာသည့်အခိုက်အတန့်တွင် လူတိုင်းရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်း အပါအဝင် လူဒါဇင်ပေါင်းများစွာသည် တုန်လှုပ်သွားကြ၏။
နတ်စွမ်းအင်အဆင့်မွန်းစတားဆိုသည်ကား အဘယ်နည်း။ ၎င်းသည် အမှန်ပင် တန်ဖိုးဖြတ်၍မရနိုင်ပေ။
ချူးယွင်ဖန်း ယခင်ကရရှိခဲ့သော မြွေကြီးသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိ၍ နတ်စွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းအနည်းငယ်လိုသေးသော်လည်း ၎င်းအူတိုင်၏ တန်ဖိုးသည် အလွန်အမင်း မြင့်မားလှသည်။ သို့သော် နတ်စွမ်းင်အဆင့် မွန်းစတားတစ်ကောင်၏ အတွင်းအူတိုင်တန်ကြေးနှင့် နှိုင်းယှဥ်ကြည့်ပါက ၎င်းသည် မသိသာလှသည့်အပြင် ပြောရန်ပင် မထိုက်တန်ပေ။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ ပိုင်ဆိုင်ထားရှိသော ချူးယွင်ဖန်းကဲ့သို့ ဆေးပညာပါရမီရှင်တစ်ဦးအတွက် သူသည် ထိုကဲ့သို့ အူတိုင်၏ တန်ဖိုးကို ၎င်း၏ မူလတန်ဖိုးထက် ဆယ်ဆကျော်အထိ ယူဆောင်နိုင်လိမ့်မည်ဖြစ်သ်ည။
နက္ခတ်ဂိုဏ်း၏ အလွန်အမင်း ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ လူတိုင်းက ထိတ်လန့်လျက်ရှိကြသည်။ ပုံမှန်အားဖြင့် ပြောရလျှင် နက္ခတ်ဂိုဏ်းက မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ကောင်၏ အူတိုင်ဖြင့် ကမ်းလှမ်းလျှင်ပင် ၎င်းကို အလွန်ရက်ရောသည်ဟုပြော၍ရနိုင်သည်။ နောက်ဆုံးတွင်မူ ပြည်ထောင်စုတက္ကသိုလ်၏ ငွေကြေးအသုံးပြုမှုသည် သာမန်မျှသာဖြစ်သည်။ ယခင်ချန်ပီယံမှာ ကျန်းလင်းရှောင်ဖြစ်နေစေကာမူ သို့မဟုတ်၊ ဖုန်းရှန်ယွမ်ဖြစ်နေစေကာမူ ပထမအဆင့်နေရာအတွက် ရရှိခဲ့သော ဆုလာဘ်များကြောင့် ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အလျင်အမြန်တက်လှမ်းနိုင်ခဲ့ကြသည်။
ဤသည်က ယခုနှစ်ချန်ပီယံဖြစ်လာချင်ရသည့် ချူးယွင်ဖန်း၏ အခြေခံအကြောင်းပြချက်ဖြစ်သည်။ မဟုတ်လျှင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် နက္ခတ်ဂိုဏ်း၏ အစီအစဥ်သည် ချူးယွင်ဖန်း တွေးထားခဲ့သည်ထက် ပို၍ ကြီးမားလှသည်။ သာမန်ပထမအဆင့် ဆုလာဘ်များအပြင် ၎င်းတို့က အူတိုင်ကိုပါပေးကမ်းမည့်အချက်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှ၏။
ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းသွားသည်။ သူ ဤနှစ်၏ ချန်ပီယံဖြစ်လာတော့မည်။ နတ်စွမ်းအင်အဆင့် မွန်းစတား၏ အတွင်းအူတိုင်ကို ရရှိရန် ကြိုးစားတော့မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏ နှလုံးသားထဲသို့ သံသယစိတ်အချို့ ဖြတ်သန်းဝင်ရောက်လာသည်။ ဤသည်ကား အမှန်ပင် သေးငယ်သော ကိစ္စတစ်ခုမဟုတ်ပေ။ အတိတ်တွင် နှစ်စဥ်ညီလာခံတိုင်း၏ ဆုလာဘ်များသည် အလွန်ရက်ရောခဲ့လှသည်ဖြစ်ရာ ထိုအချိန်တိုင်းတွင် ပြည်ထောင်စုတက္ကသိုလ်သည် အဆုံးသတ်၌ အနိုင်ရမည့်သူမှာ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဖြစ်လိမ့်မည်ဖြစ်ကြောင်း သေချာနေခဲ့သည်။ တာအိုညီလာခံတွင် ၎င်းတို့ ပေးကမ်းသော ဆုလာဘ်သည် အလွန်များပြားပုံပေါ်သော်လည်း အဆုံးသတ်တွင် ထိုဆုလာဘ်များကို ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများကိုသာ ပေးအပ်မည်ဖြစ်သည်။ ဤအရာများအားလုံးသည် အပေါ်ယံမျှသာဖြစ်၏။
ယမန်နှစ်သည် ချွင်းချက်ဖြစ်၏။ ထို့အပြင် ပြည်ထောင်စုတက္ကသိုလ်က ယမန်နှစ်တွင် မမျှော်လင့်ထားဘဲ ရှုံးနိမ့်ခဲ့သော်လည်း ၎င်းတို့သည် ဤနှစ်တွင် အနိုင်ရနိုင်ချေရှိသေးသည်။ ဤသည်မှာ အထူးသဖြင့် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများဖြစ်သော မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်နှင့် အခြားသူများဖြစ်သည်။ ၎င်းတို့အားလုံးသည် ဤနှစ်၏ချန်ပီယံများဖြစ်လာနိုင်ချေရှိသည်။
အခြားဂိုဏ်းများနှင့် မိသားစုကြီးများသည်လည်း ဤထူးချွန်သောသူများအကြောင်း ကြားခဲ့ဖူးသည်။ သို့သော် အဆုံးတွင်မူ ၎င်းတို့ထဲမှ တစ်ဦးသည်မှ မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့ကို မယှဥ်နိုင်ခဲ့ပေ။
ထို့ကြောင့် နက္ခတ်ဂိုဏ်းက ၎င်းတို့ဂိုဏ်း၏ တပည့်က သေချာပေါက် ထိုကြီးမြတ်သော ဆုကို ရယူနိုင်လိမ့်မည်ဟု အဘယ်ကြောင့် တွေးလိမ့်မည်နည်း။
ချူးယွင်ဖန်းသည် နက္ခတ်ဂိုဏ်းက ထိုမျှစိတ်နှလုံးကောင်းကာ စေတနာရှိလှသောကြောင့် ဤမျှတန်ဖိုးကြီးသော ပစ္စည်းကို ၎င်းတို့ကို ပေးမည်ဟု မထင်ပေ။ နတ်စွမ်းအင်အဆင့် မွန်းစတားဟူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ ဥပမာအားဖြင့် စိမ်းလန်းမြို့တော်တိုက်ပွဲတွင် ထိုအဆင့် မွန်းစတားသာ ရှိနေခဲ့ပါက ပြည်ထောင်စုတပ်မတော်ကလာသည်အထိ တောင့်ခံထားနိုင်ရန်မဖြစ်နိုင်ပေ။ ထို့အပြင် မြို့တော်တစ်ခုလုံး မွန်းစတားများ၏ သိမ်းပိုက်ခြင်းခံရကာ ပြာမှုန့်အဖြစ်ပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။ မည်သူကမျှ ယင်းကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
ထိုသို့သော မွန်းစတားမျိုးကို သတ်ပစ်ခြင်းသည် အလွန်တန်ကြေးကြီးလှ၏။ ထို့အပြင် ယခုမူ နက္ခတ်ဂိုဏ်းက ယင်းကို ဆုလာဘ်အဖြစ်အသုံးပြုခြင်းသည် တရားမျှတသည်ဟု အမှန်ပင် ထင်နေသလော။
ဤသည်ကို တွေးကြည့်လျှင် ချူးယွင်ဖန်းက မဖြစ်နိုင်ကြောင်းသိသည်။ နောက်ဆုံးတွင် ဖြစ်နိုင်ခြေတစ်ခုသာရှိ၏။ နက္ခတ်ဂိုဏ်းသည် အဆုံးသတ်တွင် အတွင်းအူတိုင်က ၎င်းတို့၏ လူများလက်ထဲသို့ ကျရောက်မည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။
မည်သို့သော ပါရမီရှင်တပည့်မျိုးသည် နောက်ဆုံးအောင်ပွဲကို အာမခံနိုင်သနည်း။ သို့မဟုတ် အခြားနည်းလမ်းအချို့ကို အသုံးပြုလိမ့်မည်လော။
‘သူတို့ ဘယ်လို အကြံအစည်တွေ ချထားထား ဒီအတွင်းအူတိုင်ကို ငါလက်ထဲရောက်အောင် ယူပစ်မယ်’ ချူးယွင်ဖန်းက စိတ်ထဲတွင် တွေးလိုက်သည်။ နက္ခတ်ဂိုဏ်းက မည်သို့သော အစီအမံများချမှတ်ထားသည်မှာ အရေးမကြီးပေ။ စည်းမျဥ်းစည်းကမ်းများကို ချမှတ်၍ လိုက်နာဆောင်ရွက်ရန်သာ လိုအပ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် အကြွင်းမဲ့ခွန်အားကို နာခံကြရလိမ့်မည်ဖြစ်သည်။
“ကျွန်တော်တို့ ဒီအတွင်းအူတိုင်ကို ဘယ်လိုရနိုင်မလဲသိနိုင်မလား” ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
အသက်လတ်ပိုင်း နည်းပြဆရာသည် ရင်ခုန်စိတ်လှုပ်ရှားနေသည့် ကျောင်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပါးစပ်ဟ၍ ပြောလိုက်သည်။
“ကြယ်တာရာကျွန်းတစ်ဝိုက်က နေရာအမျိုးမျိုးမှာ မင်းတို့ ဆင်းကြရလိမ့်မယ်။ ကျွန်းပေါ်မှာ မရေမတွက်နိုင်လောက်အောင် များတဲ့ မွန်းစတားတွေအပြင် အဲ့နေရာရဲ့ အလယ်ဗဟိုမှာ ဧရာမတောင်ကြီးတစ်ခုရှိတယ်။ ရှေးရှေးတုန်းက နက္ခတ်ဂိုဏ်းက တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးတစ်ခုပဲ။ အဲ့ရဲတိုက်ထဲမှာ နတ်စွမ်းအင်အဆင့် မွန်းစတားရှိတယ်။
“အခုကနေ တစ်လကြာရင် အဲ့ရဲတိုက်ကြီးကို ဖွင့်ပေးလိမ့်မယ်။ ရဲတိုက်ထဲကို ဝင်ဖို့ကတော့ ကြယ်တာရာကျွန်းတစ်ခွင်လုံးမှာ ပြန့်ကျဲနေတဲ့ သော့ငါးခုထဲက တစ်ခုကို ရှာရမယ်။ အဲ့သော့တွေထဲက တစ်ခုက ဂိတ်ပေါက်ကို ဖွင့်နိုင်လိမ့်မယ်။ ဒါ့ကြောင့် နောက်လအတွင်းမှာ မင်းတို့ အဲ့သော့ကို ရှာနိုင်အောင် ကြိုးစားကြပါ” အသက်လတ်ပိုင်း လူသည် ပါဝင်သူများကိုကြည့်၍ ပြောလိုက်သည်။
“မင်းတို့အားလုံး အဲ့ကျွန်းပေါ်ရောက်ရင် မင်းတို့ရဲ့စာဝင်ပေါက်တွေကနေပြီးတော့ ဒီသော့တွေရဲ့ တည်နေရာတွေကို ရကြလိမ့်မယ်။ အဲ့နေရာတွေထဲက တချို့က အမှန် တချို့က အမှားတွေပဲ။ အဲ့တာတွေကို ရှာဖို့ကတော့ မင်းတို့အပေါ်ပဲ မူတည်တယ်”
“ဒီညီလာခံက လေးပါတ်ကြာလိမ့်မယ်။ တစ်လအကြာကျရင် ငါတို့ မင်းတို့ကို ပြန်လာခေါ်ပါ့မယ်။ အားလုံးပဲ ကံကောင်းကြပါစေ”
ချူးယွင်ဖန်းက ချက်ချင်းနားလည်သွားသည်။ ထိုအချိန်ရောက်သောအခါတွင် သွေးမုန်တိုင်းများ လှုပ်ခတ်လာလိမ့်မည်ကို သူခံစားမိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများပင်လျှင် ထိုအရာအတွက် ယှဥ်ပြိုင်ရန် လှုပ်ရှားလာကြပေလိမ့်မည်။ ယခုနှစ် ညီလာခံသည် ယခင်နှစ်များထက် ပို၍ ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။
၎င်းတို့သည် နက္ခတ်ဂိုဏ်း၏အကြံအစည်ကို မသိကြသော်လည်း ယင်းကား အရေးမကြီးပေ။ နောက်လသည်သာ ရလဒ်ကို အမှန်တကယ်ဆုံးဖြတ်ရမည့်လဖြစ်သည်။ များမကြာမီတွင် ပို့ဆောင်ရေးယာဥ်သည် အလွန်ကြီးမားကျယ်ပြောလှသော ကျွန်းကြီးထက်တွင် ရပ်သွားသည်။ ကျွန်းကြီးသည် လွန်ကြီးမားလှကာ အဆုံးမဲ့သော တောအုပ်ကြီးတစ်ခုက ဖုံးလွှမ်းထားသည်။
ချူးယွင်ဖန်းနှင့် အခြားသူများသည် ကမ်းစပ်တွင် ဆင်းခဲ့ကြရပြီးနောက် သယ်ယူပို့ဆောင်ရေးယာဥ်သည်လည်း ကြယ်တာရာကျွန်းမှ ထွက်ခွာသွားသည်။ လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ယခုမူ ၎င်းတို့သည် ကျွန်းပေါ်သို့ရောက်လာပြီဖြစ်သဖြင့် အမှန်တကယ်ပင် ပြိုင်ဘက်များဖြစ်လာခဲ့သည်။ အထူးသဖြင့် ၎င်းတို့၏ အကြည့်များသည် ချူးယွင်ဖန်းအပေါ်တွင် သက်ရောက်လျက်ရှိသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏အကြီးမားဆုံးသော ရန်သူဖြစ်ကြောင်း သူတို့သိထားကြသည်။
အချိန်တိုအတွင်း၌ပင် လူတိုင်းသည် ထိုနေရာမှ ထွက်ခွာသွားကြ၏။ ၎င်းတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ တောအုပ်ထဲသို့ ဝင်သွားကြသည်။ ချူးယွင်ဖန်းတစ်ယောက်သည်သာလျှင် ပင်လယ်လှိုင်းများက ကမ်းစပ်သို့ရိုက်ခတ်ရာမှ ထွက်လာသည့်အသံများကို နားထောင်လျက် ကမ်းစပ်တွင် ကျန်နေခဲ့သည်။ အဝေးမှကြည့်လျှင် အဆုံးမဲ့တောအုပ်ကြီး၏ အဆုံးရှိ ကြီးမားလှသော တောင်ကြီးကို သတိထားမိနိုင်သည်။ ၎င်းသည် အလွန်မြင့်မား၍ ကောင်းကင်ယံသို့ တည့်တည့်ထိုးဖောက်နေသော အဖိုးတန်ဓားကြီးတစ်စင်းကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။
အဝေးရှိ တောအုပ်အတွင်းတွင် မွန်းစတားများ၏ အဆုံးမဲ့သော ဟိန်းဟောက်ကြုံးဝါးသံများကို ကြားနိုင်သည်။ ထိုအသံများသည် လှိုင်းလုံးများနှင့် ပဲ့တင်ထပ်ကာ မြည်ဟည်းနေသည်။
ဤသည်မှာ လူသားများ၏ မွမ်းမံခြင်းမပြုရသေးသော မြေဖြစ်သည်။
ချူးယွင်ဖန်းသည် ကြည့်နေရာမှရပ်၍ အကြိမ်အနည်းငယ်ခုန်ကာ တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။