နတ်နဂါးမြို့တော်၏ လေထု ... ။
Vol. 4 Ch. 38
မွေးနေ့ပွဲသည် စိတ်ရှုပ်ထွေးစွာဖြင့် ကုန်ဆုံးသွားသည်။ ဤသို့ ကြုံလာရသောအခါ မည်သူမျှ စားချင်စိတ် မရှိကြတော့ချေ။ ရှိလျှင်ပင် ထိန်းထားရပေမည်။
အကြင်သူသည် သူ့ခေါင်းတောင် အဆိပ်ခပ်လုပ်ကြံခံရချိန်တွင် ညစာစားပြီး ဝိုင်သောက်ချင်သည်လော။
တစ်ချိန်တည်းမှာပင် မွေးနေ့ပွဲသို့ တက်ရောက်လာသူအားလုံး အဖြစ်အပျက်များ ဖြန့်ဝေခွင့်မပြုရန် ညွှန်ကြားလိုက်သည်။
စုံစမ်းစစ်ဆေးမှုများကို ကူမိသားစုမှ ကျွမ်းကျင်သူများ ဆက်လက်လုပ်ဆောင်ခဲ့၏။ ကူချန်သည် ထိုကဏ္ဍများတွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် ဘုံကျောင်းပြန်ကာ သတင်းကို စောင့်မျှော်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သတင်းအချို့ရရှိလာသည်။ ထိုလုပ်ကြံသူသည် ကူမိသားစု၌ ငါးနှစ်ကြာနေထိုင်ခဲ့၏။
ဆိုလိုသည်မှာ လွန်ခဲ့သော ငါးနှစ်တည်းကပင် ဤအစီစဉ်ကို ချမှတ်ထား ခဲ့ကြောင်း မြင်သာနေသည်။
ယင်းအဖြစ်အပျက်သည် ကူမိသားစုအတွင်း၌ လှိုင်းထန်သွားကာ သူလျှို ရှင်းလင်းရေးကို အထူးအရေးပေးလျက် လုပ်ဆောင်ခဲ့ရချေပြီ။
ဖူစုပြက္ခဒိန် သက္ကရာဇ်(၄၄၉) ခုနှစ် နွေဦးပေါက်လာသီတွင် လင်းရင်တောင်ပေါ်ရှိ မက်မွန်ပွင့်များသည် အပြည့်အ၀ပွင့်လာပြီ ရနံ့များလှိုင်လှိုင်ဝေနေ၏။
နတ်နဂါးမြို့တော်သည် (၂)နှစ်အတွင်း များစွာ ဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာခဲ့သည်။ နယ်မြေတည်ငြိမ်လာသဖြင့် ဘုရားဖူးများ သည်လည်း ဘုံကျောင်းသို့ ပြန်လည် တက်ရောက်လာကြ၏။
အများစုသည် ကြွယ်ဝချမ်းသာသော မိသားစုများ၏ သားသမီးများ ဖြစ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများမှာ တာအိုဘုန်းကြီး တစ်ပါးကို လွမ်းဆွတ်နေကြ၏။
“ ငါ မရောက်တာကြာပြီ တာအိုဘုန်းကြီးလေး နေရောကောင်းရဲ့လားလို့ တွေးမိပါတယ်။ ”
နှစ်အနည်းငယ် ကြာသည့်တိုင် ထိုတာအိုဘုန်းကြီး၏ ကျက်သရေကို မမေ့နိုင် ကြသေးချေ။
လင်းရင်ဘုံကျောင်း မိုးပြာခြံဝင်းတွင် ကူချန်ကပြုံးပြီး သူ့ရှေ့မှ အမျိုးသမီးတစ်ဦးကို ဦးညွှတ်ကာ၊
“ နှုတ်ဆက်ပါတယ် ... ။ ”
-ဟု ပြောကြားလိုက်သည်။
အမျိုးသမီးက ပြုံးပြီး ပြန်လည် ဦးညွှတ်လိုက်ကာ၊
“ တာအိုဘုန်းကြီးလေးရဲ့ ရုပ်သွင်က တုနှိုင်းမယှဉ်နိုင်တဲ့ ကျက်သရေရှိတယ်ဆိုတာ မကြာခဏ ကြားဖူးခဲ့ပါတယ် ... အခုတော့ ဒီကောလဟာလတွေက အမှန်ဆိုတာ ဒီနေ့ပဲသိခွင့်ရတော့တယ်။ ”
“ မင်းက အရမ်းကြင်နာတတ်တာပဲ မိန်းကလေး။ ”
ကူချန်မှ ဝှေ့ယမ်းကာ ပြုံးပြလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့အကြည့်ကိုရုတ်လျက် တာအိုချင်းရှထံ ပြန်ကြည့်လိုက်မိပြန်၏။
ဤအမျိုးသမီသည် တာအိုချင်းရှကဲ့သို့ လူတစ်ယောက်အပေါ် သဘောကျသွားသည်ကို တွေးမရနိုင်သေးချေ။
သူမသည် စားသောက်ဆိုင်ပိုင်ဆိုင်ကာ လူချမ်းသာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ဆရာတော်မှာ ရုပ်ဆိုးပြီး ငွေတစ်စမျှပင် မကပ်နိုင်သော ငမွဲဖြစ်ချေ၏။
“ ခစ် ခစ် ခစ် ... ။ ”
တာအိုချင်းရှသည် သာမာန်အားဖြင့် တည်ငြိမ်နေသူဖြစ်သော်လည်း ယခုအချိန်တွင် ကလေးကို မျက်နှာအမျိုးမျိုးဖြင့် ချော့မြူနေခဲ့သည်။
“ ဝါး ... ဝါး ... ။ ”
ကလေးတစ်ယောက်က ရယ်ကာ၊ ကျန်တစ်ယောက်မှ ငိုသည်။ ယင်းကြောင့် အမျိုးသမီးက ကလေးကို အငိုတိတ်စေရန် ချက်ချင်းလှမ်းတက်လာသည်။
ဤသည်မှာ ပါးဖောင်းဖောင်းနှင့် ချစ်စရာကောင်းသော မိန်းကလေးပေပင်။ ကူချန်မှ လက်ပြလျက်၊
“ ငါ လုပ်ကြည့်ပါရစေ။ ”
-ဟု ပြောလိုက်သည်။
ထို့နောက် တာအိုချင်းရှ လက်အတွင်း ငိုနေသော ကောင်မလေးကို လွှဲယူလိုက်သည်။ ကောင်မလေးက ကူချန်ကို မော့ကြည့်ပြီး ချက်ချင်း အငိုတိတ်သွားလေသည်။
သူမက မျက်တောင်မခတ်ဘဲ မျက်ရည်ဝဲနေသည့် မျက်ဝန်းများနှင့် ကူချန်ကို စိုက်ကြည့်တော့၏။
ကူချန်က ကလေးမလေး မျက်ရည်ကို သုတ်ပေးလိုက်ပြီးနောက် အမျိုးသမီးထံ ပြန်၍ လှည့်ကြည့်ကာ၊
“ သူက ယွဲ့အာမဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
အမျိုးသမီးကပြုံးပြီး ခေါင်းညိတ်ကာ
“ ဟုတ်ပါတယ် ... သူက တာအိုဘုန်းကြီးလေးကို အရမ်းသဘောကျ နေပုံရတယ်။ ”
-ဟု ပြန်ဖြေသည်။
တာအိုချင်းရှ၏ မျိုးရိုးအမည်သည် ချန်ဖြစ်သည်။ ထို့ကြောင့် ချန်ဟောက်နှင့် ချန်ယွဲ့ဟု အမည်ပေးထား၏။
တာအိုချင်းရှက အမျိုးသမီးထံ လှည့်ကြည့်ကာ၊
“ ယွဲ့အာကို ဒီနေ့ကစပြီး ... စောင့်ကြည့်နေပါ သူ ကြီးပြင်းလာတဲ့အခါ ကြည့်ကောင်းတဲ့ ယောင်္ကျားတွေအနား အကပ်မခံနဲ့။ ”
-ဟု မှာကြားလိုက်သည်။
ကူချန်မှ တာအိုချင်းရှထံ လှမ်းကြည့်၏။ ဤအဖိုးကြီး မည်သူ့ကို ရည်ရွယ်နေခဲ့သနည်း။ ထို့နောက် ရင်ခွင်ထဲရှိ ကောင်မလေးထံ ငုံ့ကြည့်ပြီး မေးစေ့ကို ညစ်လိုက်၏။
“ ခစ် ခစ် ခစ် ... ။ ”
ကောင်မလေးက ချစ်စရာ ကောင်းစွာရယ်လေသည်။ တာအိုချင်းရှက ကူချန်၏ အမူအရာများထံ ကြည့်ပြီး၊
“ မင်း ... ကလေးချစ်လား။ ”
“ သဘာဝပါပဲ ... ။ ”
“ ဒါဆို မင်းတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး မင်းအတွက် ကလေးတွေမွေးဖို့ ဘာလို့မလုပ်ရတာလဲ မင်းအဖေက မင်းကို အကြိမ်ကြိမ် တိုက်တွန်းနေတာ ငါကြားပါတယ်။ ”
“ ကလေးချစ်တာနဲ့ အိမ်ထောင်ပြုတာက မတူညီတဲ့လမ်းနှစ်သွယ်ပဲ ... သူ့ကိုခေါ်သွားမယ် ခဏနေမှ ပြန်လာပို့မယ်။ ”
ကူချန်သည် ယွဲ့အာကို ကျီစယ်လျက်ဖြင့် ခြံပြင်သို့ လှမ်းထွက်သွားလေသည်။
“ ဟေ့ ... ပျက်စီးသွားမယ်။ ”
တာအိုချင်းရှက ထိတ်လန့်တကြား ထရပ်သည်။ သူ့ဘေးနားရှိ အမျိုးသမီးက မျက်စောင်းထိုးပြီး ခါးကိုလိမ်ဆွဲကာ၊
“ ဘာတွေပြောနေတာလဲ ... ကလေးတွေက ကစားစရာမဟုတ်ဘူး ပျက်စီးစရာလား ...။ ”
“ ဟဲဟဲ ... ဒါ ... ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ ... ငါမှာအတွေ့အကြုံမရှိလို့ပါ။ ”
တာအိုချင်းရှက ရှက်ရွံ့စွာ တုန့်ပြန်လိုက်တော့သည်။
***
လင်းရင်ဘုံကျောင်းတွင် ကိုးကွယ်သည့် တာအိုနတ်ဘုရားသည် မြောက်ပိုင်းကောင်းကင် နတ်ဘုရားဖြစ်သည်။ မြွေနှင့်လိပ်ကို နှိမ်နင်းပြီး ဒြပ်ကြီးငါးပါးကို ထိန်းချုပ်ကာ ကြွယ်ဝခြင်းကို ဆောင်ကြည်းပေး၏။
ထိုနတ်ဘုရားကို ကူချန်ပင် တစ်ကြိမ်မှ မကြားဖူးချေ။ ဤကမ္ဘာကြီးတွင် သူ မသိသော အရာများစွာရှိသည်။
နတ်နဂါးမြို့တော် တစ်ဝိုက်ရှိ တာအိုဘုံကျောင်းများတွင် ကိန်းဝပ်နေသည့် တာအိုနတ်ဘုရားပေါင်း ဆယ်ပါးခန့်ရှိသည်။
၎င်းတို့အားလုံးသည် မည်သူဖြစ်သည် ဘယ်ကြောင့် ကိုးကွယ်ကြသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်ချေ။ မျိုးဆက် တစ်ခုမှ မျိုးဆက်တစ်ခုသို့ အမွေဆက်ခံ ခဲ့သည်ဟုသာ ပြောနိုင်ကြ၏။
ဘုရားဖူးများသည် ဘုံကျောင်းအတွင်း လျှောက်လှမ်းလာနေသော ကူချန်ကို ဖူးမျှော်ခွင့် ရကုန်သည်။ ထို့ကြောင့် စိတ်လှုပ်ရှားမှုများဖြင့် ငေးမောလာကြ၏။
တစ်ဆက်တည်းမှာပင် တာအိုဘုန်းကြီး ရင်ခွင်ထဲရှိ ကလေးမလေးကို သတိထားမိကာ မျက်မှောင်ကြုတ်ကုန်သည်။
“ ဒီကလေးက ဘယ်သူလဲ ... ။ ”
“ တာအိုဘုန်းကြီးလေးရဲ့ ကလေးလား။ ”
ကူချန်မှ ရှုပ်ထွေးနေသောလူအများ၏ အကြည့်ကိုလျစ်လျူရှုလိုက်ပြီး လေနတ်ဘုရား ဇရပ်ထံ ဦးတည်လာခဲ့သည်။
ဤနည်းဖြင့် နောင်တွင် သူ့အပေါ် အာရုံစိုက်မှုများ လျော့နည်းသွားမည်ဟု ယူဆ ရပေမည်။ ပွင့်လင်းရာသီရောက်ချိန်တိုင်း ဤသို့ စည်ကားလာနေသည်ကို ရပ်တန့်စေလိုသည်။
အဆုံးတွင် စူးစမ်းလိုစိတ်ဖြင့် ရောက်ရှိလာခြင်းသည် ကောင်းကျိုးများစွာ ပေးနိုင်မည် မဟုတ်ချေ။
သက်ပြင်းချလျက် ရင်ခွင်ထဲမှ ယွဲ့အာကို ငုံ့ကြည့်လိုက်သည်။ ကောင်မလေးက သူ့အပေါ် တောက်ပသော အကြည့်ဖြင့် ပြန်ကြည့်နေ၏။ ထို့နောက် ကူချန်မှ ပြုံးလျက်၊
“ ယွဲ့အာ ... မင်းငါ့ကို ကူညီခဲ့တဲ့အတွက် လက်ဆောင်တစ်ခု ပေးလိုက်မယ်။ ”
-ဟု ဆိုလိုက်သည်။
တစ်ဆက်တည်းမှာပင် လက်ညှိုးကို လေထဲဆန့်တန်းပြီး အစီရင်တစ်ခုရေးဆွဲလိုက် တော့၏။ စစ်မှန်သောစွမ်းအင်များက ချန်ယွဲ့၏ နဖူးထဲသို့ ဝင်ရောက်ကာ ရူရ်တစ်လုံးအဖြစ် ပေါင်းစပ်သွားလေသည်။
“ ဝှစ် ... ။ ”
ဤသည်မှာ ဖျားနာခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်သည့် ရိုးရှင်းသော သင်္ကေတ တစ်ခုပေပင်။
၎င်းသည် တစ်နှစ်ခန့်တည်မြဲနိုင်ကာ ကလေးငယ်အတွက် အထိခိုက်နိုင်ဆုံးအချိန်ကို ဖြတ်ကျော်ရန် ကူညီပေးနိုင်မည်။
ရုတ်တရက် ကူချန်က နတ်နဂါးမြို့တော်ထံ ကြည့်လိုက်သည်။ ဤနေရာမှနေ၍ ရေခဲမြစ်ကို ဖြတ်ကျော်ကာ မြို့ဧရိယာထက်ဝက်ကျော်အထိ မြင်နိုင်မည်။
နတ်နဂါးမြို့တော်၏ လေထုထဲတွင် မီးခိုးငွေ့များစွာရစ်သိုင်းလျက် နေရာအနှံ့အပြား အုံ့မှိုင်းနေ၏။ ထိုမြင်ကွင်းသည် ကူချန်ကို မျက်ဝန်းများ မှေးစင်းသွားစေသည်။
“ ဒါ ... ။ ”
***