အမဲလိုက်ခြင်း ... ။
Vol. 4 Ch. 40
နတ်နဂါးမြို့ရိုး အပြင်ဘက်တွင် မြို့ငယ်များစွာ ပျံ့ကျဲနေသည်။ ၎င်းတို့သည် မြို့ရိုးတစ်လျှောက် ပေါင်းပင်များအလား တဖြည်းဖြည်း ကြီးထွားလာ၏။
ရှန်တီမြို့သည် ထိုမြို့များအနက် အထင်ရှားဆုံးဖြစ်သည်။ အဆောက်အဦးတိုင်း ဝါးတဲများဖြစ်ကာ သစ်သားအဆောက်အဦး ဟူ၍ လက်ချိုးရေတွက်နိုင်၏။
လမ်းမများသည် ကျောက်သား မြေခင်းလမ်းများဖြစ်ကာ မိုးရွာသောအခါတွင် ရွှံ့များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် မည့်သည့် စည်းမျဉ်းမျှ မရှိချေ။
လူနှင့်တိရိစ္ဆာန်များ ရောနှော နေထိုင်တတ်ကြပြီး မိလ္လာရေများ နေရာအနှံ့ စီးဆင်းနေကာ လေထုတွင် အနံ့အသက်ဆိုးများ ထုံမွှန်းနေသည်။
နတ်နဂါးမြိူ့တော်တွင် စစ်တမ်းအရ လူဦးရေနှစ်သန်းကျော်ရှိလေသည်။ သို့သော် ဤကျူးမြို့များ မပါဝင်ချေ။
မြို့တော်၏ စည်းမျဉ်းအရ ဤနေရာ၌ မျိုးဆက်သုံးဆက်တိုင် နေထိုင်ပြီး နှစ်ပေါင်း လေးဆယ်အတွင်း မည်သည့်ရာဇ၀တ်မှုမျှ မကျူးလွန်ဖူးသူများသာ နတ်နဂါးမြို့၏ ဇာတိကို ခံယူနိုင်မည်။
ရှန်တီမြို့တစ်နေရာတွင် ရှစန်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ညာလက်ဖြင့် နှာခေါင်းကိုအုပ်ထားသော်လည်း အပုပ်နံ့ကို ရပ်တန့်နိုင်ခြင်းမရှိချေ။
တစ်ဆက်တည်းမှာပင် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ အခန်းကျဉ်းအတွင်း၌ ခုံတန်းလျားနှစ်ခုကို ကျပန်းချထားပြီး လူများဖြင့် ပြည့်နေသည်။
“ ကောင်းတယ် ... မင်းတို့ ဒီတစ်ခါ ကောင်းကောင်း လုပ်လိုက်နိုင်တယ် နောက်ရက် တွေမှာ ဒီလိုပဲ ... ပြဿနာတွေ ...
... အုံကြွမှုတွေဖြစ်အောင် ဆက်လုပ်ပါ ... သတိရပါ ငါတို့ရည်ရွယ်ချက်က မငြိမ်းချမ်းလေ ... ကောင်းလေပဲ နားလည်လား။ ”
“ နားလည်ပါတယ် ... ။ ”
သွေးလုလင် ခေါင်းဆောင်များ အားလုံး ခေါင်းညိတ်လိုက်ကြသည်။
“ ပြီးတော့ ... ငါတို့အဖွဲ့သားတွေ ဘယ်သူမှအသုံးမပြုမိစေနဲ့ ဒီစိတ်ကြွဆေးမှုန့်နဲ့ သာမန်လူအချို့ကိုသုံးပြီး ခိုင်းပါ။ ”
... ငါတို့ဂိုဏ်းရဲ့ လူအရင်အမြစ်က အရမ်းအားနည်းနေသေးတယ် အဖွဲ့ဝင်တိုင်းဟာ အနာဂတ်မှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ရမယ့် မျိုးစေ့တစ်ခုပါပဲ။ ”
“ နားလည်ပါပြီ။ ”
သွေးဝိညာဉ်ဂိုဏ်းကြီးတွင် သွေးလုလင်ခေါင်းဆောင်သည် ရှန်ရှင်းနယ်ပယ် ဖြစ်ကာ သူ့လက်အောက်တွင် ချီစုစည်းခြင်း နယ်ပယ် သွေးလုလင်ပေါင်းများစွာ ရှိသည်။
ထိုသွေးလုလင်များနောက်တွင် တည်ဆောက်ခြင်းနယ်ပယ် သို့တည်းမဟုတ် သာမန်လူများဖြစ်သည်။ ရှစန်က ခေါင်းရမ်းပြီး အကြောင်းအရာ ရုတ်တရက်ပြောင်းလိုက်၏။
“ အကြီးအကဲက ငါတို့ရဲ့လုပ်ရပ်တွေကို သိပ်ကျေနပ်သေးတာ မဟုတ်ဘူး။ ”
ထိုစကားကို ကြားသောအခါတွင် သွေးလုလင်ငယ်များ အားလုံး လေးနက်သွား တော့သည်။
“ ဒါပေမယ့် ... အကြီးအကဲက ငါတို့အခက်အခဲကို နားလည်ပေးပါတယ်။ ”
ထို့နောက် သိုလှောင်အိတ်ကို ရုတ်တရက်ထုတ်ယူကာ စားပွဲပေါ်တင်လိုက်၏။
“ အဆင့်မြင့် သန့်ရှင်းသောသွေးဆေးပြား ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးသွားခဲ့ရင် တစ်ယောက်ချင်းစီကို အနည်းဆုံး ဆေးပြား ငါးဆယ်ငါပေးမယ်။ ”
ရှစန်က လူတိုင်းအပေါ် အဓိပ္ပါယ်ရှိရှိ ဝေ့ကြည့်ပြီး ထိုသူများ၏ စိတ်အားထက်သန်မှု နှင့် လောဘကို ရှာဖွေနေခဲ့သည်။
“ အခု မင်းတို့ကို ဆယ်ပြားဆီ ငါကြိုပေးထားနိုင်တယ် ... ကျန်တာကတော့ မင်းတို့ရဲ့ အရည်အချင်းပေါ်မူတည်တယ်။ ”
“ စိတ်မပူပါနဲ့ ခေါင်းဆောင် သန့်ရှင်းသောဂိုဏ်းကြီးအတွက် ငါတို့တွေ အစွမ်းကုန် ကြိုးစားပါ့မယ်။ ”
“ ဟုတ်ပါတယ် ... ။ ”
သွေးလုလင်များ အားလုံးသည် စိတ်အားတက်ကြွစွာ အော်ဟစ်လာကြသည်။ ရှစန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စကားဆက်ပြောတော့မည့် အချိန်တွင် လူတစ်ယောက်ဝင်ရောက်လာကာ၊
“ ခေါင်းဆောင် .. မြို့စောင့်တပ်တွေ ရှန်တီမြို့ကို ရုတ်တရက် ဝင်လာကြပါတယ်။ ”
-ဟု သတင်းပို့လေသည်။
အခန်းတွင်းလေထုသည် ရုတ်တရက် တင်းကြပ်သွား၏။ တစ်စုံတစ်ယောက်သည် မျက်မှောင်ကြုတ်လျက်၊
“ အရင်တုန်းကဆိုရင် စုံစမ်းဖို့အတွက် တစ်ယောက်တစ်လေပဲ လာခဲ့တာ မဟုတ်လား။ ”
-ဟု ရေရွတ်လိုက်သည်။
မီးလှန့်မှုဖြစ်ပွားပြီးနောက် တစ်စုံတစ်ယောက်သည် မေးခွန်းထုတ်ရန် ရောက်ရှိလာခဲ့ဖူးသည်။ သို့သော် သဲလွန်စ ရသွားခြင်း မရှိကြချေ။
“ ဒီတခေါက် လူများတယ် ... သူတို့က အိမ်တိုင်းကို စစ်ဆေးလိုပုံရပြီး ဦးတည်ချက်က အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကိုပဲ။ ”
ဤတစ်ကြိမ်၌ သွေးလုလင်များ အားလုံး ကြောက်လန့်ကုန်၏။ ရှစန်မှ မျက်မှောင်ကြုတ် စဉ်းစားပြီးနောက် ချက်ချင်းထရပ်ကာ၊
“ မဟုတ်ဘူး ... ချက်ချင်းပြန်ဆုတ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
ထိုစဉ် အပြင်ဘက်မှ လူတစ်စုသည် ဤအရပ်သို့ ဦးတည်လာနေသည်ကို ကြားလိုက် ရချေပြီ။
( အရမ်း မြန်တယ် ... ။ )
“ ထွက်သွားကြ ... ။ ”
ရှစန်မှ အလျင်လိုလာ၏။ အခန်းထဲရှိ လူတိုင်းချက်ချင်းထရပ်ကာ ထွက်ခွာလိုက်ကြ တော့သည်။
ရှစန်တစ်ယောက် ဝါးတဲအိမ်ထဲမှ လှမ်းထွက်လိုက်သည်နှင့် မြို့စောင့်တပ်များကို မြင်လိုက်ရသည်။
အစောင့်များက သူတို့ပတ်ဝန်းကျင်ရှိ ဒုက္ခသည်များကို စိတ်မရှည်စွာ မေးမြန်းနေ၏။ သူတို့နောက်တွင် ပိုးဖဲအင်္ကျီဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးက မျက်မှောင်ကြုတ်လျက် စောင့်ကြည့်နေသည်။
ထိုစဉ် အဖိုးအိုးက တစ်စုံတစ်ခုကို သတိပြုမိပြီး ရှစန်ထံ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိချိန်၌ လေဟာနယ် တစ်ခုလုံး ရပ်တန့်သွား၏။
“ ဒီမှာ ..... ။ ”
“ ဝှစ် ... ။ ”
အဘိုးအိုမှ အမိန့်ပေးတော့မည့်အချိန်တွင် လှံတစ်စင်း သူ့ထံပျံသန်းလာသည်။ ထို့ကြောင့် ချက်ချင်း ရှောင်ထွက်လိုက်ရ၏။
“ ရွှပ် ... ။ ”
သို့သော် လှံသည် မြန်လွန်း၍ ညာလက်မောင်းကို ထိမှန်ခဲ့သေးသည်။ လှံနှင့် ပါရှိလာသော စစ်မှန်သောစွမ်းအင်များ ချက်ချင်းဝင်ရောက်လာ၏။
သွေးများဖြာလျက် ထိုမြင်ကွင်းသည် မြင်ရသူတိုင်းကိုထိတ်လန့်ပြီး ဖြူဖျော့သွားကာ ဆုတ်ခွာကုန်စေသည်။
ရှစန်က လှည့်ပြီး မဆိုင်းမတွ ထွက်ပြေးတော့၏။ အဖိုးအိုမှ လိုက်မဖမ်းချေ။
“ ဒီမှာ ပုန်းနေတာလား ... ။ ”
ရုတ်တရက် လေဟာနယ်အတွင်း နှာခေါင်းရှုံ့သံ ထွက်ပေါ်လာကာ ဝါးရင်းတုတ် တစ်ချောင်း ပျံသန်းသွားတော့၏။
“ ဝှစ် ... ။ ”
နောက်ပါးထံမှ လေတိုးသံများ ကြားလိုက်ရသဖြင့် ရှစန်တစ်ယောက် ချက်ချင်း လက်ဝှေ့ရမ်း လိုက်ရသည်။ သဏ္ဍာန်မဲ့ စွမ်းအားတစ်ခု ပြေးထွက်သွားတော့၏။
“ ဘောင်း ... ။ ”
ဝါးရင်းတုတ် ပေါက်ကွဲသွားပြီး ရှစန်သည် ကူဖုန်းထံ အေးစက်သောအကြည့်ဖြင့် ပြန်လှည့် ကြည့်ကာ ရယ်မောလျက်၊
“ ဟားဟားဟား ... ငါမှန်တယ် ကူမိသားစုခေါင်းဆောင်က ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပဲ။ ”
“ သွေးဝိညာဉ်ဂိုဏ်း ... ။ ”
ကူဖုန်းသည်လည်း တည်ငြိမ်သော အသွင်ဖြင့် ရှစန်ထံကြည့်ကာ ရေရွတ်လိုက်၏။ ယင်းကြောင့် ရှစန်အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး၊
“ ခေါင်းဆောင်ကူ ... မင်က အရမ်းထက်မြက်တာပဲ သူ မသေခင် မင်းကို တစ်ခုခု ဝန်ခံခဲ့တာလား။”
“ ဒါကို မင်းသိဖို့ မလိုပါဘူး။ ”
ကူဖန်က ရှစန်ကို စိုက်ကြည့်လျက် သူ့လက်အတွင်း လေစီးကြောင်းများ တဟုန်ထိုး မြင့်တက်လာသကဲ့သို့ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စစ်မှန်သောစွမ်းအင်လဲ။ ”
ရှစန်တစ်ယောက် ထိတ်လန့်သွားပြီး ကူဖန်ကို သတိထားကြည့်၏။ ရှန်ရှင်းနယ်ပယ် အလယ်အလတ်သည်လော။ သို့မဟုတ် နှောင်းပိုင်းပင်လော။
“ ဟမ့် ... ။ ”
ကူဖုန်းက ညာလက်ငါးချောင်းကို လင်းယုန်လက်သည်းကဲ့သို့ အနည်းငယ်ကွေးပြီး ရှစန်ထံ ကုပ်ဆွဲချလိုက်သည်။
လေဟာနယ်အတွင်း စစ်မှန်သော စွမ်းအင်သည် လက်သည်းအရိပ်ကြီးအဖြစ်သို့ ပေါင်းစပ်ပြေးဝင်သွား၏။ ဝါးတံအိမ်များပင် ထိုလက်သည်းထက် သေးငယ်နေချေပြီ။
ထိုလက်သည်းရိပ်ကြီး အောက်တွင် ရှစန်ဟူသည် ကြက်ကလေးတစ်ကောင်သာ ဖြစ်နေခဲ့၏။
ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်ထဲမှ စစ်မှန်သောစွမ်းအင်များကို ကြေးခေါင်းလောင်းကြီးအဖြစ် ဖန်တီးကာ ကာကွယ်လိုက်ရသည်။
“ ဘန်း ... ။ ”
နှစ်ဖက် တိုက်ခိုက်မှုများ တိုက်မိသွား၏။ ပြင်းထန်သော စွမ်းအင်သည် လှိုင်းအဖြစ် ပျံ့ကျဲ သွားချေပြီ။ ပတ်ဝန်းကျင်ရှိ ဝါးတဲအိမ်များသည် ချက်ချင်းပြိုကျသွား၏။
“ ခရစ် ... ။ ”
ရုတ်တရက် ရှစန်းကို ဖုံးအုပ်ထားသော ကြေးခေါင်းလောင်းသည် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာ၏။
အဆုံးတွင် ပေါက်ကွဲသွားကာ ဆယ်ပေခန့်နောက်ပြန် အနေအထားမျိုးဖြင့် လွင့်စဉ်သွားတော့သည်။
“ သွေးဝိညာဉ်ဂိုဏ်းမှာ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆေးတစ်မျိုး ရှိနေတယ်လို့ ငါကြားဖူးတာ အခုမှန်နေပုံရတယ် ... မင်းရဲ့ အုတ်မြစ်က အရမ်းအားနည်းနေတယ်။ ”
ကူဖုန်းက ရှစန်ကို စိုက်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ ရှစန်တစ်ယောက် အံကြိတ်လျက် ခန္ဓာကိုယ်တည်ငြိမ်အောင် ပြင်ယူလိုက်ပြီး၊
“ ဒါဆို ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းက နောက်ထပ်စွမ်းအင်ဆေးတစ်မျိုး ပိုင်ဆိုင်တာ မင်းကြားဖူးလားလို့ ငါတွေးမိပါတယ်။ ”
-ဟုဆိုကာ စွမ်းအင်ဆေးပြားတစ်ပြားကို ထုတ်ယူမျိုချလိုက်တော့သည်။
***