← Chapters

ကံကြမ္မာမင်းဆက်ဟူသည်။

Vol. 4 Ch. 41

ကံကြမ္မာမင်းဆက်ဟူသည်။

Vol. 4 Ch. 41

အလွန်ပြင်းထန်သော စွမ်းအင်တစ်ခု ခြေလက်များနှင့် အရိုးများထဲသို့ လျင်မြန်စွာ တိုးဝင်လာသည်။

ထိတ်လန့်ဖွယ်ရာ သွေးပုတီးစေ့များ အရေပြားပေါ်တွင်ပေါ်လာပြီး ခန္ဓာကိုယ်ထဲမှ သွေးများတဟုန်ထိုး ပွက်ပွက်ဆူလာ၏။

ထို့နောက် ရှစန်တစ်ယောက် ကူဖုန်းထံ မော့ကြည့်ပြီး မြေပြင်ကိုပုတ်ကာ မြှားတစ်စင်း ကဲ့သို့ တိုးဝင်လိုက်တော့၏။

“ အရမ်းမြန်တယ် ... ။ ”

ကူဖုန်းခမျာ အံ့သြသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစန်သည် သူ့ရှေ့ ပေါ်လာတော့၏။ ညာခြေဖျားသည်လည်း လေထဲပျံဝဲလျက် ဝင်ရောက်လာသဖြင့် တားဆီးလိုက်ရသည်။

“ ဘုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ကူဖန်ခမျာ နောက်ပြန် ဆုတ်သွားရ၏။ လိုက်ပါလာသော အစောင့်များစွာက စိုးရိမ်ကုန်သည်။

“ ခေါင်းဆောင် ... ။ ”

ကူဖုန်းက လေထုအလယ် တစ်ပတ်လှည့်လျက် တည်ငြိမ်စေလိုက်ကာ ရှစန်ထံ ပြန်ကြည့်သည်။ သူ့လက်များပင် ထုံကျင်သွားခဲ့၏။

ကြောက်စရာ ကောင်းပေသည်။ လက်ရှိ သွေးဝိညာဉ်ဂိုဏ်းတွင် ရေပန်းစားနေခဲ့သော သွေးပေါက်ကွဲဆေး ဖြစ်နိုင်ပေမည်။

သွေးဝိညာဉ်ဂိုဏ်းသည် တင်းကြပ်စွာ ဖွဲ့စည်းထားပြီး ကျွမ်းကျင်သူ မည်မျှရှိသည်ကို လူအနည်းငယ်သာသိနိုင်၏။

သို့သော် ပြီးပြည့်စုံသော အစီအစဉ်၌ပင် အားနည်းချက်သည် အမြဲရှိ၏။ ဥပမာအားဖြင့် သွေးဝိညာဉ်ဂိုဏ်းရှိ ကျော်ကြားသော ဆေးနှစ်မျိုးကို ကူဖုန်းသိသည်။

ပထမတစ်မျိုးမှာ တစ်စုံတစ်ဦး၏ ကျင်ကြံမှုအပေါ် တိုးတက်စေနိုင်သော်လည်း အုတ်မြစ်ကို မတည်မငြိမ်ဖြစ်စေသော ဆေးဖြစ်သည်။

ဒုတိယတစ်မျိုးသည် တစ်စုံတစ်ဦး၏ ခွန်အားကို အချိန်တစ်ခုအထိ တိုးတက်စေခဲ့ပြီး များမကြာခင် တုန့်ပြန်မှုကို ခံစားရသော ဆေးတစ်မျိုးဖြစ်သည်။

ယခု ဒုတိယဆေးအမျိုးအစားကို မျက်မြင်ကြုံရချေပြီ။ ကူဖုန်းတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

တစ်ဖက်တွင် အစောင့်များအားလုံးသည် ရှစန်အပေါ်ဝိုင်းရံကာ ကူဖန်ကိုကာကွယ်ပေးရန် ကြံရွယ်လာကြသည်။ သို့သော် မည်သူမျှ ရှေ့မတိုးဝံ့ချေ။

တစ်ဖက်လူသည် ပေါက်ကွဲလွယ်သော အခြေအနေတွင်ရှိနေသဖြင့် အသေအပျောက် များနိုင်ပေမည်။

ထိုအချိန်တွင် ရှစန်သည်လည်း ပုခုံးများ တဆတ်ဆတ်တုန်နေပြီး သူ့ခန္ဓာကိုယ်ထဲတွင် သွေးသားစွမ်းအင်များ တဟုန်းဟုန်း လောင်မြိုက်လာတော့၏။

သွေးပေါက်ကွဲဆေးပြား၏ ဘေးထွက်ဆိုးကျိုးများကို ကောင်းကောင်း သိထားသောကြောင့် တုံ့ဆိုင်းမနေဝံ့တော့ဘဲ ချက်ချင်းလှည့်ထွက်ပြေးလေသည်။

“ ခေါင်းဆောင် ... ငါတို့လိုက်ဖမ်းရမလား။ ”

အစောပိုင်းက တာဝန်ရှိအဖိုးအိုက ကူဖုန်းထံမေးမြန်းလာသည်။ ကူဖုန်းမှ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လက်နှစ်ဖက် နောက်ပို့လျက် ရပ်နေခဲ့၏။

“ ငါတို့ ထင်ပေါ်လို့ မရသေးဘူး ... ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကို ဖမ်းမိဆိုတာ ခက်ခဲနေတုန်းပဲ။ ”

... ပြီးတော့ ငါတို့တွေ ဒီအချိန်မှာ သွေးဝိညာဉ်ဂိုဏ်းအပေါ် စော်ကားဖို့ မတတ်နိုင်သေးဘူး ... ။ ”

“ ဒါဆို ဒီကျန်တဲ့လူတွေကိုရော ... ။ ”

“ သတ်ပစ်လိုက် ... ။ ”

ကူဖုန်းမှ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေ၏။

“ ချီစုစည်းခြင်းနယ်ပယ် အနည်းငယ်ကို သတ်ပစ်လိုက်တာ အဆင်ပြေတယ် ဒါပေမယ့် ရှန်ရှင်းအဆင့်ကို သတ်ပစ်ဖို့ကြိုးစားလိုက်ရင် ငါတို့အပေါ် ပိုအာရုံစိုက်လာလိမ့်မယ်။ ”

ထို့‌နောက် ကူဖုန်းက ခေါင်းလှည့်ပြီး ရှန်တီမြို့အပေါ် ဝေ့ဝဲကြည့်လိုက်တော့၏။ ဝါးအိမ်များစွာသည် ဤတိုက်ပွဲကြောင့် အားလုံးပြိုကျနေသည်။

လူအများစုသည် ရှောင်တိမ်းရန် အချိန်မရသဖြင့် အပျက်အစီးများအတွင်း ဒဏ်ရာများဖြင့် လဲလျောင်းနေကြ၏။

“ ဒီနှစ်နှစ်အတွင်း ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအားလုံးကို ချက်ချင်းစစ်ဆေးပြီး ပျက်စီးမှုအတွက် လျော်ကြေးပေးလိုက်ပါ ငါတို့ ကူမိသားစုအတွက် ကြွယ်ဝမှုက အင်အားပဲ ... ဒါကြောင့် မတွန့်တိုပါနဲ့ နားလည်လား။ ”

“ ဘိုးဘေးက ကြင်နာတတ်ပြီး ဖြောင့်မတ်လွန်းပါတယ်။ ”

လဲလျောင်းနေသော မြို့သားအချို့မှ ကျေးဇူးတင်စကား ပြောကြားလာကြသည်။ ကူဖုန်းတစ်ယောက် စကားများမဆိုတော့ဘဲ လှည့်ထွက်သွားတော့၏။

လင်းရင်ဘုံကျောင်း လေနတ်ဘုရားဇရပ်။ ကူချန်သည် နတ်နဂါးမြို့မှ အကြည့်များခွာကာ သက်ပြင်းချလိုက်သည်။

“ သူ လွတ်သွားပြီ။ ”

“ လွတ်သွားပြီလား ... ။ ”

တာအိုချင်းရှက ခြေဖျားထောက်ပြီး မြင်ကွင်းများထံ အကြိမ်ကြိမ် ပြန်ကြည့်ကာ၊

“ ဟမ့် ... မင်းရဲ့မျက်လုံးတွေက ဘယ်လောက်တောင်ကောင်းလိုက်လဲ အဝေးမှာ ပေါက်ကွဲသံလေး ကြားလိုက်ရရုံနဲ့ ဒါကို မြင်နိုင်တာလား။ ”

“ ဆရာ ... မင်းရဲ့အမြင်အာရုံက နည်းနည်းမှုန်ဝါးနေတာ ဖြစ်နိုင်တယ်။ ”

“ ဟေး ... အသက်ကြီးလာလို့ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က မျက်စိမှုန်သွားတယ်ဆိုပြီး ငါတစ်ခါမှ မကြားဖူးပါဘူး။ ”

“ ဆရာ ... မင်းကျင့်ကြံဖို့ ပျင်းနေခဲ့တာနေမယ်။ ”

ကူချန်က တာအိုချင်းရှကိုကြည့်ကာ ပြုံးလျက်ပြော၏။ တာအိုချင်းရှတစ်ယောက် နှုတ်ခမ်းကို တွန့်ကွေးလျက်၊

“ ဆယ်မိုင်ကျော် အကွာအဝေးအတွင်း ဖြစ်ပျက်နေတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ရှန်ရှင်းနယ်ပယ်တစ်ယောက်ကို ...

... ငါတစ်ခါမှ မကြားဖူးဘူး မင်းရှန်ရှင်းနယ်ပယ်ထက် ကျော်လွန်သွားပြီ မဟုတ်လား ... ဟမ့် ။ ”

ကူချန်မှ ပြန်မဖြေချေ။ တာအိုချင်းရှက မျက်ဝန်းများ မှေးစင်းသွား၏။ ဤကောင်လေး ယွမ်ဖူနယ်ပယ်၌ ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် မနာလိုစိတ်ဖြင့် မထိန်းနိုင်ဘဲ၊

“ ချန် ... မင်းရဲ့ အရည်အချင်းက တကယ့်ကို မနာလိုစရာပါပဲ .. ငါတို့ဂိုဏ်းကြီးမှာ ဆိုရင်တောင် ဒါထိပ်တန်းဖြစ်လိမ့်မယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

လက်ရှိကူချန်သည် အသက်နှစ်ဆယ်ပင် မပြည့်သေးချေ။ ကူချန်က သူ့စကားများကြောင့် ပြန်လှည့်ကြည့်ပြီး၊

“ ဆရာ ... မင်းဂိုဏ်းက အရမ်းအင်အားကြီးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ အင်း ... အရမ်းသန်မာတယ် ငါက ပြင်ပဂိုဏ်းမှာ အမြဲနေခဲ့ပေမယ့် ငါတွေ့ဖူးတဲ့ ညီအစ်ကိုမောင်နှမတိုင်းက အစွမ်းထက် လွန်းတယ် ...

... သူတို့အားလုံး နေရာအနှံ့ကနေ လာကြတယ် အများစုကတော့ ... တောင်ပိုင်း ဝိညာဉ်နယ်မြေက မဟုတ်ကြပါဘူး။ ”

ကူချန်မှ အနည်းငယ် အံ့သြသွားသည်။ ဆိုလိုသည်မှာ တောင်ပိုင်းဝိညာဉ်နယ်မြေကြီးကို ကျော်လွန်နေသော တည်ရှိမှုပေပင်။

“ ဆရာ ကျင့်ကြံသူတွေနဲ့ နီးစပ်ဖို့ အခွင့်အရေးရှိလား ဒါမှမဟုတ် ... ကျင့်ကြံခြင်း လောကရဲ့ ဂိုဏ်းတစ်ဂိုဏ်းကိုဝင်ဖို့ နည်းလမ်းသိလား။ ”

“ မသိဘူး .... ။ ”

တာအိုချင်းရှက ခေါင်းခါပြသည်။

“ ဂိုဏ်းရဲ့အတွင်းတပည့်တွေ တောင်ပေါ်ကနေ ဆင်းသွားတုန်း တချို့နေရာ တွေမှာ ဂိုဏ်းကြီးတွေက တပည့်တွေကို စုဆောင်းနေတာတွေ့ခဲ့ကြတယ်လို့ ...

... ငါကြားဖူးတယ် ဒါပေမယ့် အဲဒီထဲမှာ ဖူစုနိုင်ငံအမည် တစ်ခါမှမပါခဲ့ဘူး ... ပြီးတော့ ဂိုဏ်းတစ်ခုချင်းစီရဲ့ တပည့်လက်ခံပုံက ကွဲပြားမယ်ထင်တယ် ...

... စီနီယာအစ်ကို တစ်ယောက်ပြောတာ ကြားဖူးတယ် ... တစ်နိုင်ငံ ကျင့်ကြံခြင်းသူတွေပဲ ဖြစ်နေတဲ့ နိုင်ငံတစ်ခုရှိတယ်တဲ့။ ”

“ အဲဒီလောက် အစွမ်းထက်လား။ ”

ကူချန်ခမျာ တာအိုချင်းရှကို တအံ့တသြကြည့်မိသည်။ တာအိုချင်းရှက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး၊

“ ဒီလိုနိုင်ငံမျိုးက တကယ်ပဲ ကျင့်ကြံမှုဂိုဏ်းကြီးတစ်ဂိုဏ်းနဲ့ ညီမျှလုနီးပါး အားကောင်းလွန်းပါတယ် အဲဒီနိုင်ငံအမည်ကို ယွင်ချောင်လို့ခေါ်တာ ငါကြားတယ်။ ”

“ ထာဝရနိုင်ငံလား ... ။ ”

“ မှန်တယ် ... တိုင်းပြည်တစ်ခု ကြွယ်ဝလာတဲ့အခါ ဖီရှို့ကံကြမ္မာသားရဲကို ဖွဲ့စည်းလာနိုင်မယ် ...

... အဲဒီလိုနိုင်ငံမျိုးအပေါ် ကောင်းကင်တာအိုကနေ အသိအမှတ်ပြုပြီး အထူးဝိညာဉ်လက်နက်တွေကို နှိမ်နင်းနိုင်ဖို့ အုပ်စိုးရှင်ရောင်ဝါ ပေးအပ်တယ် ...

... ကံကြမ္မာအဝါရောင်စာရင်းမှာ ပါရှိနေတဲ့လူတိုင်း ... အဲဒီအုပ်စိုးရှင်ရောင်ဝါနဲ့ ကံကောင်းခြင်းတွေကို ခံစားနိုင်မယ် ...

... ကံကြမ္မာသားရဲအတွက်တော့ သူ့ရဲ့ အခန်းကဏ္ဍက ပိုလို့တောင် ကြီးကျယ်ပါတယ် ကံကြမ္မာသားရဲတွေက နိုင်ငံတစ်ခုရဲ့ ...

... အုပ်စိုးရှင်တွေ ကျင့်ကြံမှုအပေါ် ကူညီပေးနိုင်ပြီး တိုင်းပြည်ကို အေးချမ်းသာယာ လာစေတယ်။ ”

“ ဒါတွေ တကယ်ရှိတာလား ... ။ ”

ကူချန်တစ်ယောက် တောင့်တသော အကြည့်များဖြင့် မေးမြန်းလိုက်တော့၏။ ဤသို့ အစွန်းအဖျားနိုင်ငံ၌ နေထိုင်ခြင်းသည် အကောင်းဆုံးပင်လော။

“ ဟားဟားဟား ... ။ ”

တာအိုချင်းရှက ရယ်မောလျက်၊

“ ကံကြမ္မာမင်းဆက်တွေဟာ တကယ်အစွမ်းထက်ပါတယ် ဒါပေမယ့် အဲဒီလို ထာဝရနိုင်ငံရဲ့ ကံကြမ္မာမင်းဆက်ဖြစ်ဖို့လည်း အရမ်းခက်ခဲတယ် ...

... တစ်ချိန်က ချီယွင်နိုင်ငံဘိုးဘေးက နတ်ဝိညာဉ်နန်းတော်သခင်ပဲ ... ဒါကြောင့်သာ ချီယွင်ဝိညာဉ်ကို ခေါ်ယူနိုင်တာ ... လက်ရှိ ချီယွင်ဧကရာဇ်လည်း ...

... နတ်ဝိညာဥ်နန်းတော်သခင်လို့ ငါကြားတယ် ဒီလိုနိုင်ငံတွေက ဂိုဏ်းတစ်ဂိုဏ်း အင်အားထက် အားနည်းလှတာ မဟုတ်ဘူး ... သူတို့နိုင်ငံရဲ့ ဧရိယာက ...

... ဘယ်လောက်ကျယ်ပြောနိုင်လဲ မင်းသိလား ဖူစုနိုင်ငံနဲ့ယှဥ်လိုက်ရင် အများကြီး သာတယ် ... လူဦးရေပေါင်း ဘီလီယံရာချီ ရှိနေတယ်။ ”

***

All Chapters