နတ်ဆိုးသားရဲ ... ။
Vol. 4 Ch. 43
ဆောင်းဦးပေါက်ရာသီ၊ ဖူစုပြက္ခဒိန် သက္ကရာဇ်(၄၅၀) နှစ်။
ကူချန်တစ်ယောက် ကျင့်ကြံနေရာမှ မျက်လုံးများဖွင့်လိုက်ပြီး သူ့ကိုယ်သူ ပြန်လည် စစ်ဆေးလိုက်သည်။
“ ယွမ်ဖူနယ်ပယ် အလယ်အလတ်အဆင့်။ ”
သူသည် အသက်(၇)နှစ်အရွယ်၌ ရှန်ရှင်းနယ်ပယ်ဖြင့် စတင်ကျင့်ကြံမှုခဲ့ပြီးနောက် ယွမ်ဖူနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် (၁၀)ခန့် အချိန်ပေးခဲ့ရသည်။
သည့်နောက် ယွမ်ဖူနယ်ပယ် ကနဦးအဆင့်မှသည် အလယ်အလတ်အဆင့် အထိ ရောက်ရှိရန် လေးနှစ်ကြာသွား၏။
ယွမ်ဖူနယ်ပယ်တွင် အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် ပြီးပြည့်စုံမှုတို့ ရှိသည်။
နယ်ပယ် မြင့်မားလာသည်နှင့်အမျှ တိုးတက်မှုအရှိန်သည် နှေးကွေးလာသည်ထက် ပို၍နှေးကွေးလာပေမည်။
ထို့ကြောင့် ဤနှုန်းထားအပေါ် တွက်ချက်မှုအရ ခရမ်းရောင်နေမင်းနယ်ပယ် ရောက်ရှိရန် အနည်းဆုံး အနှစ် (၂၀)ခန့် ကြာနိုင်မည်ဖြစ်သည်။
ဤကာလသည် သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်စေ၏။ အရမ်းနှေးလွန်းချေပြီ။ ခရမ်းရောင်နေမင်း နယ်ပယ်ကို ဖြစ်ကျော်ရန်မူ မတွက်ဆနိုင်တော့ချေ။
စင်ကြယ်ခြင်းနယ်ပယ်။ မဟာတန်ခိုးရှင်နယ်ပယ်။ နတ်ဝိညာဉ်နန်းတော် သခင်နယ်ပယ်။ စသည်ဖြင့် ... လမ်းခရီးမှာ ဝေးလွန်းနေချေပြီ။
တာအိုချင်းရှ၏ ဂိုဏ်းချုပ်သည် အသက်တစ်ထောင်ပြည့်မှသာလျှင် နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်နိုင်သည်မှာ လွန်အံ့မထင်ချေ။
အနှစ်တစ်ထောင်အတွင်း ထိုသို့သော အောင်မြင်မှုရရှိသည်မှာ ချီးကျူးစရာဖြစ်သည်။ တစ်ဖက်တွင် သူ့သက်တမ်းသည် သာမန်ထက် ဆယ်ဆ ပိုရှည်၏။ အချိန်အများကြီးရှိချေပြီ။
ထိုအတွေးသည် အနည်းငယ်မျှ စိတ်သက်သာရာရစေကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“ လေဟာနယ် ဓားသုတ္တန်။ ”
အတွေးများဖြတ်ကာ ဓားရေးလေ့ကျင့်ရန် အာရုံစိုက်လိုက်တော့သည်။ ဤရက်များအတွင်း ၎င်းသုတ္တန်ရှိ အခြေခံလှုပ်ရှားမှု နှစ်ရပ်ကို ကျွမ်းကျင်လာခဲ့၏။
သို့သော် တတိယလှုပ်ရှားမှုတွင် တံခါးဝ၌ရပ်တန့်နေသည်။ ယင်းလှုပ်ရှားမှုကို လေဟာနယ်ဓားစွမ်းအားဟု ခေါ်၏။
အရှိန်အပေါ်အလေးပေးသည်။ အရှိန်ဟူသည် ရောင်ဝါတစ်မျိုး ဖြစ်လေသည်။ ဓားဆွဲလိုက်သောအခါ ရောင်ဝါတစ်ခု ထွက်လာမည်ဖြစ်သည်။
ယင်းသည် ဓားဆွဲခြင်းမျှသာဖြစ်သော်လည်း ဓားထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်သကဲ့သို့ ခံစားရစေမည်။
ဓားတစ်သောင်းအတွင်း ဓားတစ်လက်သည်သာ အစစ်အမှန်ဖြစ်သည်။ သို့သော် ပြိုင်ဘက်သည် မမြင်နိုင်ချေ။
ယင်းသည် သမားရိုးကျ မဟုတ်သော ချဉ်းကပ်မှုတစ်ခုဖြစ်၏။ အချိန်များစွာပေးကာ အလေးအနက် ဆင်ခြင်ပြီးနောက် အကြမ်းဖျင်း နားလည်လာခဲ့သည်။
ဓားဆွဲသည်နှင့် သတ်ခြင်းပေပင်။ ဆိုရိုးစကားများအတိုင်း ကောင်းကင်ဘုံသည် သတ်ဖြတ်လိုသောအခါ ကြယ်များစွာသည် မှေးမှိန်သွားပေလိမ့်မည်။
မြေကြီးသည် လူသတ်လိုသောအခါ နဂါးနှင့်မြွေများ ထွက်ပေါ်လာမည်။ ထိုအချိန်၌ ကောင်းကင်နှင့်မြေကြီး ကမောက်ကမ ဖြစ်လာမည်ဖြစ်သည်။
နှလုံးသားအတွင်း အနည်းငယ် လှုပ်ရှားသွားပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော ဝိညာဉ်ရေးဓား (၁၂)လက်ထံ လှမ်းကြည့် လိုက်လေသည်။
“ ချွင် ... ။ ”
ဓား(၁၂)လက်သည် ဓားအိမ်များအတွင်း၌ ပြင်းစွာတုန်ခါလျက် ထက်ရှသောဓားရောင်ဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လာ၏။
“ ဘရူး ... ။ ”
သို့သော် ဓားအိမ်မှ ထွက်ခွာခွင့် မပေးသောကြောင့် ဒေါသတကြီးဖြင့် နံရံအပေါ် အပေါက်များ ဖြစ်လာစေသည်။
“ ဘရူး ... ။ ”
“ ဘန်း ... ။”
အဆုံးတွင် သစ်သားစများစွာ လွင့်ပျံလာသဖြင့် ရုတ်တရက် လန့်နိုးလာပြီး ငြိမ်သက်စေလိုက်ရသည်။
အခန်းအတွင်း လေထုအလယ်၌ ဓားရောင်ဝါများ ပြည့်နှက်နေပြီး ကံကောင်း ထောက်မစွာဖြင့် ပြိုမကျခြင်းပေပင်။
“ ဟမ့် ... နေဦး ... ငါတတိယဓားပုံစံကို ကျွမ်းကျင်သွားတာလား။ ”
အံ့ဩတကြီးထရပ်ကာ ပတ်ဝန်းကျင်ရှိ ဓားရောင်ဝါများထံ ဝေ့ဝဲကြည့်၏။ တစ်စုံတစ်ခု ခံစားမိလာပြီး လေဟာနယ်ကို လက်ညှိုးဖြင့် အသာအယာ တို့ထိကြည့်လိုက်သည်။
ဓားမဆွဲရသေးသော်လည်း ဓားရောင်ဝါများသည် သတ်ရန်ရည်ရွယ်ချက်ဖြင့် ပျံ့နှံ့ထင်ရှားနေချေပြီ။
ဤသည်မှာ တတိယပုံစံ၏ ပထမအဆင့်ဖြစ်၏။ ဓားအိမ်မှမထုတ်ရသေးချိန် ၌ပင် ဓားရောင်ဝါကို စုစည်းနိုင်ပြီ ဖြစ်သည်။ ထို့နောက်တွင် ပြိုင်ဘက်အပေါ် တဟုန်ထိုးအနိုင်ယူနိုင်၏။
“ ဒေါက် ... ဒေါက် ... ။ ”
ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကူချန်မှ လှည့်ကြည့်ကာ
“ ဝင်လာခဲ့ ... ။ ”
-ဟု ပြောလိုက်၏။
ချင်းဖန်က တံခါးဖွင့်လိုက်သည်နှင့် ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ အခန်းတွင်းရှိ လေထုသည် ဓားများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရ၏။
“ အစ်ကို ... မင်းနတ်ဆိုးတစ်ကောင်တော့ မဟုတ်ဘူး မဟုတ်လား။ ”
ချက်ချင်းပင် ထိတ်လန့်စွာဖြင့် နောက်ပြန်ဆုတ်သွားသည်။ ကျင့်ကြံသူများမှာ မကြာခဏဆိုသလို အစွဲအလမ်းဖြစ်လာပြီး နတ်ဆိုးများရှိလာတတ်၏။
“ ငါသာ ရူးသွားခဲ့ရင် ... အခုလို မင်းကိုဆုတ်ခွာခွင့်ပြုမယ်ထင်နေလား မင်းကို ဓားတစ်လက်နဲ့ နှစ်ပိုင်းခွဲလိုက်ပြီ။ ”
ချင်းဖန်က ထိုစကားကိုကြားသောအခါ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး ပြုံးလိုက် လေသည်။
“ ပြောပါ ... မင်းဘာလို့ ငါ့ကိုလာတွေ့တာလဲ။ ”
“ စီနီယာအစ်ကို ... မင်းက ကျင့်ကြံနေတာမို့ အဲဒါကိုမင်းမသိနိုင်ဘူး။ ”
“ မင်းမြင်ခဲ့လို့လဲ။ ”
ကူချန်က ရေနွေးကြမ်းတစ်ခွက် လောင်းထည့်ကာ တစ်ငုံသောက်လိုက်ပြီး မေးမြန်းသည်။
တစ်ဖက်တွင် ချင်းဖန်သည် အရမ်းစိတ်လှုပ်ရှားလာပြီး၊
“ အခုပဲ ... ဒီလောက် ... ။ ”
-ဟု ဆိုကာ လက်ဖြင့် လေထဲတွင် စက်ဝိုင်းကြီးတစ်ခုဆွဲပြလိုက်သည်။
“ ကြီးမားတဲ့ မီးလုံးကြီးတစ်လုံး အရှေ့မြောက်ဘက်ကနေ ပေါ်လာပြီး အနောက် မြောက်ဘက်ဆီ ပြုတ်ကျသွားတယ်။ ”
“ မီးလုံးကြီးလား ... ။ ”
ကူချန်က အံ့သြစွာဖြင့် ကောင်းကင်ကို မော့ကြည့်သည်။ ကောင်းကင်အလင်းရောင်မှာ မှိန်ဖျော့နေပြီး အနောက်ဘက်တွင် အနီရောင် တိမ်တိုက်ကြီးများကို မြင်လိုက်ရ၏။
“ ဒါက ဥက္ကာခဲတစ်ခု ဖြစ်နိုင်မလား။ ”
“ မဟုတ်ဘူး ... ။ ”
ချင်းဖန်က ခေါင်းခါလိုက်ပြီး၊
“ ဒီမီးလုံးကြီးက လေထဲမှာ အကြိမ်ပေါင်းများစွာ လည်ပတ်နေတာတောင် ငါတွေ့ခဲ့တယ်။ ”
“ လည်ပတ်သွားတာလား ... ။ ”
ဤတစ်ကြိမ်တွင် ကူချန်တစ်ယောက် အံ့သြသွားသည်။ ထိုစဉ် ခြေသံတစ်စုံကြားရပြီး တာအိုချင်းရှဝင်လာ၏။ အခန်းထဲတွင် ချင်းဖန်ကိုမြင်ချိန်၌ အံ့သြသွားသည်။
“ ကူချန် ... ဒီကလေးက မင်းကိုပြောပြနေတာလား။ ”
“ အင်း ... ။ ”
ကူချန်မှ ခေါင်းညိတ်သည်။ ထို့ကြောင့် တာအိုချင်းရှက လေးနက်လာပြီး ချင်းဖန်ကို မောင်းထုတ်ဟန် လက်ပြလိုက်သည်။
“ သွား ... အပြင်ကို မင်းအစ်ကိုနဲ့ငါ ပြောစရာရှိတယ်။ ”
ချင်းဖန်တစ်ယောက် မကျေမနပ် ဖြစ်လာကာ၊
“ ဆရာ ... ငါကြားလို့ မသင့်မရှိဘူး ငါလည်းသိချင်တယ်။ ”
-ဟု စောဒကတတ်၏။
တာအိုချင်းရှက မျက်လုံးပြူးပြပြီး၊
“ ငါပြောသလို ထွက်သွားစမ်းပါ ... မင်းဘာလို့ကြာလေ မိုက်မဲလေဖြစ်နေရတာလဲ။ ”
“ စိတ်ပျက်စရာပဲ ... ။ ”
ချင်းဖန်က မကျေမနပ် ကြည့်လေသည်။ သို့သော် တာအိုချင်းရှစကားအတိုင်း လှည့်ထွက် သွားခဲ့၏။
နောက်ဆုံးတွင် ဤဘုံကျောင်းသည် တာအိုချင်းရှ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူ့ကိုပင် ကောက်ယူမွေးစားထားခြင်းပေပင်။
အကြောင်းပြချက်မရှိဘဲ ကလန်ကဆန်လုပ်ခြင်းသည် အဆင်ပြေ မနေချေ။ သို့တိုင် တံခါးဝရောက်ချိန်၌ မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်မိသေးသည်။
“ ဒီအကြောင်းကို ငါစပြောခဲ့တာပဲ ... ဒါဆိုဘာလို့ ငါ့ကို ထွက်သွားစေချင်ရတာလဲ ။ ”
“ ဟား ဟား ဟား ... ။ ”
ကူချန်က မရယ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် တာအိုချင်းရှကို ထိုင်ရန်နေရာပေးပြီး ရေနွေးကြမ်းငှဲ့ပေးလိုက်သည်။
တာအိုချင်းရှ အမူအရာသည် အလွန်လေးနက်ကာ စိတ်လှုပ်ရှားနေပုံနှင့်၊
“ ချင်းဖန်က မင်းကိုဒီအဖြစ်အပျက် ပြောပြပြီးပြီမို့ ငါထပ်မပြောတော့ဘူး ဒါပေမယ့် သူမပြောနိုင်တာကို ပြောပြပါရစေ ဒီအရာဟာ နတ်ဆိုးသားရဲတစ်ကောင်လို့ ငါထင်တယ်။ ”
-ဟု ပြောကြားလာတော့သည်။
***