ကွာဟချက် … ။
Vol. 4 Ch. 44
“ နတ်ဆိုးသားရဲလား ... ။ ”
ကူချန်မျက်ဝန်းများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ချင်းဖန်၏ဖော်ပြချက်ကို ပြန်လည်သတိရလာကာ၊
“ ဒါဆိုဒဏ်ရာရလာတဲ့ နတ်ဆိုးသားရဲ တစ်ကောင်လား။”
-ဟု ရေရွတ်လိုက်၏။
ချင်းဖန်သည် မီးလုံးကြီးပြုတ်ကျလာကာ ကောင်းကင်၌ အကြိမ်ပေါင်းများစွာ လည်ပတ် သွားခဲ့ကြောင်း ပြောပြထားသည်။
ဆိုလိုသည်မှာ နတ်ဆိုးသားရဲသည် ဒဏ်ရာရရှိထားသဖြင့် ပြုတ်ကျလာစဉ် ရုန်းကန် နေခြင်းဖြစ်နိုင်မည်။
“ ဟုတ်တယ်။ ”
တာအိုချင်းရှက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြပြီး၊
“ ဒါက ဘယ်လို နတ်ဆိုးသားရဲမျိုးလဲဆိုတာ ငါမသိဘူး။ ”
-ဟု ပြန်ပြောလိုက်၏။
“ နတ်ဆိုးသားရဲတွေရဲ့နယ်ပယ်က ငါတို့လူသားတွေနဲ့ အတူတူပဲလား။ ”
“ မတူဘူး ... နတ်ဆိုးသားရဲတွေဟာ သွေးသားအပေါ် အလွန်အလေးထားကြတယ် သူတို့ရဲ့အစွမ်းသတ္တိကို မျိုးဆက်သွေးနဲ့ ဆုံးဖြတ်တယ် နယ်ပယ်ကို ...
... အလေးမပေးဘူး ... နဂါး၊ ဖီးနစ်တွေနဲ့ ယူနီကွန်တွေလို ဒဏ္ဍာရီလာ နတ်သားရဲတွေက ထိပ်တန်းမျိုးဆက်သွေး ပိုင်ဆိုင်တယ် ...
... ငါတို့ဂိုဏ်းမှာ တစ်ချိန်တုန်းက နဂါးသွေးပါ အုပ်စိုးရှင်သားရဲတစ်ကောင်တော့ ရှိခဲ့ဖူးတယ် ... အထွတ်အထိပ်ရောက်လာရင် သူက နတ်ဝိညာဉ်နန်းတော်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်မယ်လို့ ငါကြားဖူးတယ် ...
... အသွင်ပြောင်းအဆင့်၊ ကြီးထွားမှုအဆင့်၊ ရင့်ကျက်မှုအဆင့်နဲ့ ပြီးပြည့်စုံသောအဆင့်အထိ အဆင့်အလိုက် သူ့စွမ်းအားတွေက တဖြည်းဖြည်း တိုးလာလိမ့်မယ် ...
... အဆင့်တစ်ခုစီမှာ မတူညီတဲ့ မျိုးဆက်သွေးကြောင့် အားသာချက်အသီးသီး ပြသလာလိမ့်မယ် နတ်ဆိုးသားရဲတွေဟာ သူတို့ အပြည့်အဝဖွံ့ဖြိုးပြီးရင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေကိုသာ ယှဉ်နိုင်တယ် ...
... ဒါပေမယ့် သူတို့ရဲ့မျိုးဆက်သွေးအရ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့က အရမ်း ခက်ခဲပါတယ်။ ”
ထိုစကားကိုကြားသောအခါ ကူချန်တစ်ယောက်အနည်းငယ် တိတ်ဆိတ် သွားလေသည်။
နတ်ဆိုးသားရဲတစ်ကောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ရတနာဖြစ်ပြီး ဆေးပြား သို့မဟုတ် လက်နက်များပြုလုပ်နိုင်သည်။ သို့သော် လက်ရှိအချိန်ထိ နတ်ဆိုးသားရဲ တစ်ကောင်မျှ သူ မတွေ့ဖူးသေးချေ။
“ အရေးအကြီးဆုံးက ... ။ ”
တာအိုချင်းရှက အကြောင်းအရာကို ရုတ်တရက်ပြောင်းပြီး ကူချန်ထံကြည့်ကာ၊
“ ငါတို့ ဒီနတ်ဆိုးသားရဲ ကျလာတာကို သိနေတဲ့အတွက် တခြားကျင့်ကြံသူတွေလည်း ဒါကိုသိနိုင်မယ်။ ”
-ဟု သတိပေးလိုက်၏။
ကူချန်က ချက်ခြင်းသဘောပေါက်သွားပြီး၊
“ ဆရာဆိုလိုတာက ... တခြားကျွမ်းကျင်တွေလဲ စုံစမ်းဖို့သွားနိုင်မယ် ဒီလိုလား ... ။ ”
“ အမှန်ပဲ ... ဒီဖူစုနိုင်ငံမှာ တခြားကျင့်ကြံသူတွေလည်း ရှိရမယ် သူတို့နဲ့ အဆက်အသွယ်လုပ်နိုင်ရင် ငါတို့က ကျင့်ကြံမှု လောကထဲကို ပေါင်းစည်းနိုင်မယ်။ ”
တာအိုချင်းရှက အလွန် စိတ်လှုပ်ရှားစွာ ပြောကြားလာသည်။ ကူချန်မှ ခေါင်းညိတ်လိုက် တော့၏။
ဖူစုတွင် ခရမ်းရောင်နေမင်း နယ်ပယ် ကျွမ်းကျင်သူ ရှိနိုင်သည့်အပြင် စင်ကြယ်ခြင်း နယ်ပယ် ကျွမ်းကျင်သူအချို့ပင် ပုန်းကွယ်နေ နိုင်ကြောင်း ကောက်ချက်ချခဲ့ဖူးသည်။
ရုတ်တရက် ကူချန်က သတိရသွားကာ တာအိုချင်းရှထံ တအံ့တသြ ပြန်ကြည့်လျက်၊
“ ဆရာ၊ မင်းလည်း သွားချင်တယ်လို့ ဆိုလိုတာလား။ ”
-ဟု မေးမြန်းလိုက်တော့၏။
“ အင်း ... ငါလည်း သွားကြည့်ချင်တယ်။ ”
တာအိုချင်းရှက လေးနက်သော အသွင်ဖြင့် ခေါင်းညိတ်ပြလေသည်။
“ ဆရာ၊ ဒါက အရမ်းအန္တရာယ်များတယ်။ ”
ကူချန်မှ သတိပေး၏။ သူသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများနှင့် တိုက်ပွဲ မဖြစ်ဖူးသေးချေ။ ထို့ကြောင့် အခြားသော ကျင့်ကြံသူများနှင့် သူကြားတွင် ခွန်အားမည်မျှ ကွာခြားမည်ကို မတွက်နိုင်ဖြစ်နေ၏။
ထိုအခြေအနေ၌ တာအိုချင်းရှ၏ ဘေးကင်းမှုကို အာမမခံနိုင်ချေ။ တာအိုချင်းရှက သူ့အင်္ကျီလက်ဝှေ့ယမ်းပြပြီး၊
“ ဒီခရီးက မင်းထင်ထားသလို အန္တရာယ်မရှိနိုင်ဘူး ရုန်းရင်းဆန်ခတ်ဖြစ်စဉ်က လူတိုင်းအပေါ် စွဲဆောင်နေတယ် ...
... ချီစုစည်းခြင်း၊ ရှန်ရှင်းနဲ့ တည်ဆောက်ခြင်းအဆင့် စစ်သည်တော်တောင် သွားကြလိမ့်မယ်လို့ ငါပြောဝံ့တယ် ... နှိမ့်ချပြီး ယွမ်ဖူနယ်ပယ် ကျွမ်းကျင်သူတွေအပေါ် သတိထားရှောင်ရင်အဆင်ပြေမယ်။ ”
-ဟု ပြောကြားလာ၏။
“ ဆရာ ... မင်းက အဲဒီကျင့်ကြံခြင်းလောကကို သိချင်တာလား ဒါမှမဟုတ် နတ်ဆိုးသားရဲကိုလား။ ”
ကူချန်က တာအိုချင်းရှကို မေးမြန်းလိုက်သည်။ တာအိုချင်းရှတစ်ယောက် အသက်ပြင်းပြင်းရှူလျက်၊
“ ငါ့ဂိုဏ်းနဲ့ပတ်သက်တဲ့ ... အချက်အလက်တချို့ စုဆောင်းနိုင်မလား ဆိုတာ ... ငါကြည့်ချင်တယ်။ ”
-ဟု တုန့်ပြန်လာ၏။
သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ မကျေနပ်ခြင်းနှင့် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
ကူချန်အတွက်မူ ဤသည်မှာ ကျင့်ကြံမှုလောကနှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အခွင့်အရေး ပထမဆုံးအကြိမ် ရရှိခြင်းပေပင်။
“ ကောင်းပြီ ... ငါတို့ဘယ်တော့ ခရီးထွက်မှာလဲ ဆရာ ... ။ ”
“ မြန်လေ ကောင်းလေပဲ ... ငါတို့က အရမ်းကြန့်ကြာနေမယ်ဆိုရင် ... နတ်ဆိုးသားရဲ ခြေရာကို ဆုံးရှုံးသွားနိုင်တယ်။ ”
“ အခုသွားမလား။ ”
“ အေး ... ။ ”
နှစ်ယောက်သား သဘောတူကာ ချက်ချင်း စကားစဖြတ်ပြီး ထွက်ခွာရန် ပြင်ဆင်ကြသည်။ သို့သော်နံရံရှိ ဓား(၁၂)လက်ကို ပြန်ကြည့်ကာ ကူချန်တစ်ယောက် ခေါင်းကိုက်သွား၏။
ဤသူကောင်းသားများသည် ထိန်းသိမ်းရခက်ချေပြီ။ ကျောပြင်၌ လွယ်သော် ဖြူစူးများကဲ့သို့ ဒုက္ခပေးနိုင်၏။ တာအိုချင်းရှက သူ့အခက်အခဲကိုမြင်ပြီး အနည်းငယ် စဉ်းစားလိုက်ကာ အဆုံးတွင် လက်စွပ်တစ်ကွင်း ချွတ်ပေးလာသည်။
လက်စွပ်သည် အနက်ရောင်ဖြစ်ပြီး မဟူရာကျောက်တုံးဖြင့် ပြုလုပ်ထားပုံရသည်။ ဤမတိုင်ခင် လက်ဝတ်ရတနာတစ်ခု အဖြစ်သာ ထင်မြင်ခဲ့သည်။
ယခုမူ တာအိုချင်းရှ ပေးအပ်လာမှုကြောင့် ရုတ်တရက် အကြည့်များ တောက်ပလာကာ၊
“ ဒါသိုလှောင်လက်စွပ်လား။ ”
-ဟု ပြန်မေးမိ၏။
“ အင်း ... ။ ”
တာအိုချင်းရှက နှမျောတသစွာဖြင့်၊
“ ငါမင်းကို ခဏငှားတာ ... ပြန်လာရင် ငါ့ကိုပြန်ပေးပါ။ ”
-ဟု ပြောကြားလာ၏။
ကူချန်က စူးစမ်းလိုစိတ်ဖြင့် လက်စွပ်ကို လှည့်ပတ်ကြည့်လေသည်။ အချိန်အတော်ကြာ ပြီးနောက် အာကာသဆိုင်ရာ ဂုဏ်သတ္တိရှိသော တစ်စုံတစ်ရာဖြင့် ပြုလုပ်ထားတာကို သိရှိလိုက်၏။
“ လေဟာနယ်ကျောက်တုံးကို ... ဘယ်မှာရှာရမှန်းမသိတာ စိတ်မကောင်းစရာပဲ မဟုတ်ရင် သိုလှောင်လက်စွပ်ကို ငါသန့်စင်နိုင်မှာ သေချာတယ်။ ”
သိုလှောင်လက်စွပ်များသည် ကျင့်ကြံမှုလောကတွင် အလွန်အသုံးများသည်။ အခြေခံအကျဆုံးသော ပါဝင်ပစ္စည်းများမှာ လေဟာနယ်ကျောက်တုံးဖြစ်၏။
ဒုတိယနည်းလမ်းမှာ ဝင်္ကပါသခင်သည် အရာဝတ္ထုများပေါ်တွင် အာကာသအစီရင်များ ရေးထွင်းခြင်းဖြစ်သည်။
သူသည် ကောင်းကင်သံသရာ မုန်ညင်းစေ့သုတ္တန်ကို နားလည်ပြီးနောက် အာကာသအစီရင် လေ့ကျင့်ခဲ့ဖူးသည်။ သို့သော် ထိုအဆင့် အစီရင်ရေးထိုးမှုအပေါ် အကြမ်းဖျင်းသာ နားလည်၏။
အခြေခံ အစီရင်ပုံစံများနှင့် နှိုင်းယှဉ်က အာကာသအစီရင်ခင်းကျင်းမှု ပုံစံများသည် များစွာခက်ခဲသည်။
“ ကောင်းပြီ၊ ဒီအကြောင်း နောက်မှပြောရအောင် လက်စွပ်မြန်မြန်ဝတ်ပြီး မင်းကောင်တွေကို ထည့်လာခဲ့။ ”
တာအိုချင်းရှက စိတ်မရှည်စွာဖြင့် ပြောကြားလာ၏။ ကူချန်မှ သိုလှောင်လက်စွပ် အတွင်း ဓားများထည့်လိုက်ပြီး ကျင်းကျစ်ဓားကို ကျောတွင်လွယ်လျက် ဆေးပြားများယူရန် သေတ္တာများစွာကို ဖွင့်လှစ်တော့သည်။
တာအိုချင်းရှက ထိုမြင်ကွင်းကြောင့် ဆေးသေတ္တာများကို ဖွင့်ယူနေသော ကူချန်ထံ ထိတ်လန့်စွာ ပြန်ကြည့်လေသည်။
“ မင်းဘာဆေးတွေ သန့်စင်ထားတာလဲ။ ”
“ မသိဘူး ... စုဆောင်းလို့ရသမျှ ဝိညာဉ်ရေးဆေးဖက်ဝင် အပင်တွေကို အကုန် သန့်စင်ထားတာပဲ။ ”
ကူချန်က လိုအပ်မည်ထင်သော ဆေးဝါးများကို သိုလှောင်လက်စွပ်အတွင်းသို့ ကောက်ထည့်နေရာမှ ပြန်ဖြေသည်။
“ ဟမ့် ... ။ ”
တာအိုချင်းရှတစ်ယောက် မျက်လုံးပြူးသွားကာ၊
“ မင်းသာ ကျင့်ကြံမှုလောကထဲ ဝင်ရောက်ပြီးရင် အရမ်းနာမည်ကြီးသွားမှာ ငါကြောက်မိတယ်။ ”
-ဟု မှတ်ချက်ပေးတော့၏။
ကျင့်ကြံခြင်းလောကတွင် အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်ခြင်း၊ အစီရင်ခင်းကျင်းခြင်းနှင့် လက်ရေးလှရေးခြင်း၊ ဆေးဘက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ သားရဲများကို ထိန်းကျောင်းခြင်း စသည့် ပညာရပ်များစွာရှိသည်။
၎င်းတို့သည် အထောက်အကူ ပညာရပ်များသာ ဖြစ်သော်လည်း မည်သူမဆို တတ်ကျွမ်းနားလည်နိုင်မည် မဟုတ်ချေ။
ဥပမာအားဖြင့် သူသည် ဂိုဏ်းထဲ၌ ဓားပညာကိုလေ့ကျင့်ပြီး၊ အစီရင်ခင်းကျင်းခြင်း နှင့် အဆောင်ရတနာများ ရေးထိုးခြင်းကို သင်ယူရသည်။
သို့သော် ယခုအချိန်အထိ မျဉ်းကြောင်းနှစ်ကြောင်းကိုသာ ဆွဲနိုင်ခဲ့ပြီး မြွေတစ်ကောင်တစ်ကောင်ကဲ့သို့ ရယ်စရာကောင်းလှသည်။
ဆိုလိုသည်မှာ အထောက်အကူ ပညာရပ်ဖြစ်လျှင်ပင် သင်ယူရန် အရည်အချင်း လိုအပ်၏။
တစ်ခါတစ်ရံတွင် လူအချင်းချင်းကြား ကွာဟချက်များသည် ခွေးနှင့်လူကဲ့သို့ မြင့်မား လွန်းချေပြီ။ ဤကူချန်သည် လူသားထက်ပင် သာလွန်ကာ ရိုးရိုးရှင်းရှင်း ဘီလူးဖြစ်သည်။ ထိုသို့ဆိုသော် သူသည် မည်သူနည်း။
***