← Chapters

ငါလုပ်မယ် ... ။

Vol. 4 Ch. 45

ငါလုပ်မယ် ... ။

Vol. 4 Ch. 45

တာအိုချင်းရှသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး ကူချန်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် သာမန်မြင်းများထက် ပို၍လျင်မြန်စွာပင် ရွေ့လျားနိုင်သည်။

“ ဆရာ ... မင်းဂိုဏ်းမှာ ပထမဆုံး သင်ကြားပေးတဲ့ နည်းစနစ်က ဓားထိန်းခြင်းလို့ ပြောခဲ့တာကို ငါမှတ်မိတယ်။ ”

နှစ်ဦးသား မြေပြင်တွင် လျင်မြန်စွာ ပြေးလွှားနေလျက်မှ ကူချန်ကမေးလိုက်သည်။

“ မှန်တယ် ... ။ ”

“ ဒါဆို မင်းဓားနဲ့ပျံနိုင်လား။ ”

“ မပျံနိုင်ဘူး။ ”

တာအိုချင်းရှက ခေါင်းကိုအမြန်ခါပြပြီး၊

“ ချီစွမ်းအင်သုံးပြီး ဓားတွေနဲ့ တိုက်ခိုက်နိုင်ပေမယ့် ပျံသန်းခြင်းပညာရပ်ကို ကျွမ်းကျင်ဖို့ကတော့ နည်းနည်းလေး အားနည်းနေသေးတယ် ...

... အဓိကအကြောင်းအရင်းက ငါ့မှာ ချီစွမ်းအင် မလုံလောက်ဘူး ရှန်ရှင်းနယ်ပယ်မှာ မူလနန်းတော်မရှိတာမို့ ချီကိုသိမ်းမရဘူး ... ။ ”

ထို့သို့ ပြောပြီး တာအိုချင်းရှက ကူချန်ထံလှည့်ကြည့်ကာ၊

“ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကြောင့် ဓားထိန်းချုပ်ခြင်း ပညာရပ်ကို ငါသင်ပေးလို့ မရဘူး ဒါပေမယ့် ဒီနည်းလမ်းက မခက်ပါဘူး မင်းကိုယ်တိုင် အဖြေရှာကြည့်လို့ရတယ်။ ”

ကူချန်သည် ဤစကားကို ကြားသောအခါတွင် ကူကယ်ရာမဲ့သွား တော့သည်။

လေဟာနယ်ဓားသုတ္တန်သည် အလွန်နက်နဲသိမ်မွေ့သော လျှို့ဝှက်နည်းပညာ တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အခြေခံကျသော ပညာရပ်များ မပါဝင်ချေ။

ဆိုလိုသည်မှာ လေဟာနယ်ဓားသုတ္တကို နားလည်သူသည် အခြေခံဓားထိန်းသိမ်းခြင်းနှင့် ပျံသန်းခြင်းကို နားလည်ထားသူ ဖြစ်ပေမည်။

လမ်းတလျှောက် ခရီးသွားများစွာက နတ်ဆိုးသားရဲ၏ အကြောင်းအရာများစွာကို ပြောကြားလာခဲ့ကြသည်။

မည်သူမဆို မေးခွန်းများကို အလွယ်တကူဖြေပေးလာ၏။ အများစုသည် ရှားပါးရတနာအဖြစ် ထင်မှတ်နေဆဲပေပင်။

သူနှင့်တာအိုချင်းရှတို့ကဲ့သို့ နတ်ဆိုးသားရဲအဖြစ် ယူဆသူ အနည်းငယ်သာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော ချီစုစည်းခြင်း နယ်ပယ်သည် ရှန်ရှင်းနယ်ပယ်ကဲ့သို့ အမြင်အာရုံထက်ရှခြင်း မရှိသေးချေ။

အရှေ့မြောက်ဘက်သို့ မိုင်လေးငါးရာခန့် ခရီးနှင်ပြီးနောက် ရှန်နန်ပြည်နယ်နယ်နိမိတ်ထံ ရောက်ရှိလာချေပြီ။

ရှေ့ဆက်သွားသော် ကျန်းတန့်ပြည်နယ်ဖြစ်သည်။ ဟဲရှပြည်နယ်နှင့် ရှန်နန်ပြည်နယ်ကြား တည်ရှိသည်။

နယ်မြေဧရိယာသည် မိုင် (၁၀၀)ခန့် ကျယ်ပြောပြီး ကောင်းကင်မှ ပြုတ်ကျသော မီးလုံးကြီးသည် ထိုပြည်နယ်အတွင်းဖြစ်၏။

များမကြာခင် မီးပင်လယ်ကြီးကို မြင်လာရသည်။ အဝေးမှပင် လောင်မြိုက်နေ ခဲ့သည့် အပူရှိန်ကို ခံစားနိုင်၏။

“ ဝှစ် ... ။ ”

ကူချန်နှင့် တာအိုချင်းရှက တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နားလိုက်သည်။ တာအိုချင်းရှက ရှေ့မှမြင်ကွင်းထံ တအံ့တသြ မျှော်ကြည့်ပြီး၊

“ ဒါ ... နတ်ဆိုးသားရဲတစ်ကောင်ပဲ ညတွင်းချင်း ဒီဧရိယာတစ်ခုလုံးကို မီးလောင်ပစ် လိုက်ပြီ ကြောက်စရာကောင်းလိုက်တာ။ ”

-ဟု ညည်းတွားလိုက်၏။

နေရာတော်တော်များများတွင် မီးလောင်ထားပြီး ဤနေရာမှနေ၍ မီးပင်လယ် မည်မျှကျယ်ပြောကြောင်း မမြင်နိုင်တော့ချေ။

တောင်တန်းများသည် မီးလှိုင်းများကဲ့သို့ မီးတောက်များ ဖုံးလွှမ်းကာ မီးခိုးငွေ့များစွာဖြင့် ပြည့်နှက်နေချေပြီ။

“ နတ်ဆိုးသားရဲ သေသွားပြီ။ ”

ကူချန်က လက်ချောင်းများဖြင့် ရေတွက်ကာ ပြောကြားလိုက်သည်။

“ သေပြီလား ... ။ ”

တာအိုချင်းရှတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသော်လည်း လျစ်လျူရှုလိုက် တော့သည်။

ဤခရီးစဉ်သည် နတ်ဆိုးသားရဲကို ရှာဖွေရန်မဟုတ်ဘဲ ကျင့်ကြံသူများရှာဖွေရန် ဖြစ်သည်။

များမကြာခင် အသံအချို့ ကြားလာပြီးနောက် ပညာရှင်နှင့် သခင်များ ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် နတ်ဆိုးသားရဲကို စူးစမ်းရန်ဖြစ်၏။

လက်ရှိအချိန်သည် ဆောင်းရာသီဖြစ်ပြီး ပတ်ဝန်းကျင်တောင်တန်းများ၌ နှင်းများစွာ ဖုံးလွှမ်းနေသည်။

သို့သော် မျက်စိရှေ့မှ မြင်ကွင်းသည် တောမီးများကဲ့သို့ ထိုနှင်းတောင်များကို ဝါးမြို သွားတော့၏။

နတ်ဆိုးသားရဲများထံမှ မီးတောက်သည် သာမန်မီးတောက်များနှင့် မတူချေ။ အချို့သော မီးတောက်များသည် သမုဒ္ဒရာများကိုပင် လောင်မြိုက်အငွေ့ပျံသွားနိုင်သည်။

ထို့ကြောင့် လူအများစုသည် ထိတ်လန့်ကုန်ပြီး မီးပင်လယ်ထံ ဝင်ရောက်ရန် လက်လျော့သွားတော့၏။

သို့သော် ရဲဝံ့သူများစွာသည်လည်း ရှိနေသေးသည်။ ၎င်းတို့သည် အနည်းငယ်မျှ စဉ်းစားပြီး‌နောက် ဝင်ရောက်လိုက်ကြ၏။

ကူချန်တစ်ယောက် အလျင်လိုခြင်းမရှိဘဲ ကောင်းကင်တာအို ပေါင်းစည်းခြင်းဖြင့် ၎င်း၏ တည်နေရာကိုတွက်ချက်ကာ ဝင်ရောက်လိုက်သည်။

တစ်နာရီခန့် ကုန်လွန်ပြီးနောက် တိုက်ပွဲဖြစ်ပွားနေသံများကို ကြားလိုက်ရသဖြင့် ပြေးလွှားနှုန်းကိုလျော့ချကာ သတိကြီးစွာ ချည်းကပ်လိုက်တော့၏။

သို့သော် တောင်ကုန်းများပေါ်တွင် တိုက်ပွဲထံငေးကြည့်နေသော လူများစွာကို မြင်လိုက်ရသည်။

တောင်ကုန်းများကြားလွင်ပြင်၌ ကြီးမားသော အနီရောင်ငှက်ကြီး တစ်ကောင် သေဆုံးနေချေပြီ။

သူ့အတောင်ပံသည် ဆယ်ပေကျော်ကာ အမွေးများသည် တောက်ပြောင်ပြီး ပိုးသားကဲ့သို့ နူးညံ့နေ၏။ သို့သော် အနီးကပ်ကြည့်ပါက ထိုအတောင်ပံများ ကျိုးနေကာ သွေးများ ခြောက်နေသည်ကို မြင်နိုင်ပေမည်။

ယင်းသည် ခြေသည်းကုပ်ချက် ဖြစ်သောကြောင့် အခြားသော ပျံသန်းနိုင်သည့် နတ်ဆိုးသားရဲ၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ကောက်ချက်ချနိုင်သည်။

အနားတွင် တိုက်ခိုက်နေသူနှစ်ဦးသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။ ပြင်းထန်လွန်းသောကြောင့် မည်သူမျှ အနားမကပ်ဝံ့ချေ။

ကူချန်က ထိုလူနှစ်ယောက်ကို စိတ်မဝင်စားဘဲ ပြုတ်ကျလဲလျောင်းနေသော ငှက်ကြီးထံကြည့်နေခဲ့သည်။

“ ဟမ့် ... ။ ”

အဆုံးတွင် သူ့အမူအရာ ပြောင်းသွားသောကြောင့် တာအိုချင်းရှက စိတ်ဝင်စားလာပြီး၊

“ ဘာဖြစ်လို့လဲ ... ။ ”

-ဟု တိုးညှင်းစွာ မေးမြန်းတော့သည်။

ကူချန်မှ ချက်ချင်း ပြန်မဖြေသေးဘဲ လက်ချောင်းများကို ရေတွက်ကြည့်ပြီးနောက် စိတ်မသက်မသာဖြင့်၊

“ အဲဒီနတ်ဆိုးသားရဲကြီးရဲ့ ... ရင်ဘက်အောက်ကနေ အားနည်းနေတဲ့ အသက်ရှုသံတချို့ ကြားနေရတယ်။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ အသက်ရှူသံ ... ။ ”

တာအိုချင်းရှတစ်ယောက် ထိုစကားကိုကြားသောအခါ ထိတ်လန့်တကြား ထခုန်လုနီးပါးဖြစ်လာ၏။ ထိုနတ်ဆိုးသားရဲ အသက် ရှင်နေသေးသည်လောဟူသော အတွေးမျိုး ဦးစွာဝင်လာသည်။

သို့သော် ချက်ချင်း သတိရလာပြီး ရှက်ရွံ့စွာဖြင့် ကူချန်ကို ခိုးကြည့်လိုက်မိ၏။ အသက်ရှူသံသည် အားနည်းသည်လော။

ထိုအကြောင်းအရာသည် သူ့ကို စိတ်လှုပ်ရှားစေ၏။ ယင်းကြောင့် ပတ်ဝန်းကျင် အနှံ့ဝေ့ဝဲကြည့်ကာ၊

“ ဒါဆို နတ်ဆိုးသားရဲရဲ့ ဥဖြစ်နိုင်မလား။ ”

-ဟု လေသံဖြင့် ပြန်လည်မေးမြန်းသည်။

ကူချန်က ပြန်မဖြေသေးဘဲ ပို၍ အာရုံစိုက်ကြည့်ကာ ခေါင်းညိတ်လိုက်တော့၏။

“ ဖြစ်နိုင်မယ် ... ။”

“ ချန်၊ ငါတို့ချမ်းသာပြီ။ ”

တာအိုချင်းရှက ဝမ်းသာအားရပြောသည်။ သို့သော် ချက်ချင်း တစ်စုံတစ်ရာကို သတိရပြီး ငြိမ်သက်သွား‌တော့၏။ ကူမိသားစုသည် ဤမတိုင်မီ ဆင်းရဲနေသည်လော။

တစ်ဖက်လူအမြင်၌ သူသည် ခုန်ပေါက်နေသော မျောက်တစ်ကောင်နှင့် တူနေပေမည်။ ထိုအတွေးကြောင့် ငြိမ်သက်အောင် ပြင်ယူပြီး၊

“ နတ်ဆိုးအကောင်ပေါက်တွေက နတ်ဆိုးသားရဲတွေထက် ... ပိုတန်ဖိုးကြီးတယ် အနာဂါတ်မှာ စီးနင်းဖို့ ဒါမှမဟုတ် တိုက်ခိုက်ဖို့ လေ့ကျင့်ပေးနိုင်မယ် ...

... သာမန်ကျင့်ကြံသူတွေက ... ဓားပျံကိုသာစီးနင်းပြီး အထက်တန်းစားတွေက နတ်ဆိုးသားရဲတွေစီးကြတယ် ...

... ဒီနတ်ဆိုးသားရဲကြီးက ယွမ်ဖူနယ်ပယ်မှာရှိတယ် ဆိုလိုချင်တာက ဒီကောင်လေးတွေသာ ကြီးလာရင် အနိမ့်ဆုံး ယွမ်ဖူနယ်ပယ်ကို ရောက်လာကြလိမ့်မယ် ဒါပေမယ့် ... ။ ”

တာအိုချင်းရှ၏ စိတ်လှုပ်ရှားနေသော အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။ အဆုံးတွင် သက်ပြင်းချလိုက်ကာ၊

“ နတ်ဆိုးသားရဲတွေကို ဘယ်လို ထိန်းကျောင်းရမှန်း မသိတာက သနားစရာပဲ။ ”

-ဟု အဆုံးသတ်လိုက်တော့၏။

“ ကံကောင်းရင် ဒါကိုငါရမယ် ... ငါရှုံးရင်တော့ ငါသေမယ် ဆရာ ... မင်းဝင်ပါဖို့ မလိုအပ်ဘူး။ ”

ကူချန်မှ ပြောကြားလိုက်သည်။ ထိုစဉ် အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် အသံ ရုတ်ချည်းထွက်ပေါ်လာတော့၏။

( ဖူစုပြက္ခဒိန် သက္ကရာဇ် (၄၅၀)၊ ဆောင်းရာသီမှာ မီးစာကလေးတစ်ကောင်က မိုးကုပ်စက်ဝိုင်းကနေ ... ဆင်းသက်လာပြီး သေဆုံးသွားတယ် ... ငှက်ဥအနည်းငယ် အသက်ရှင်ကျန်ခဲ့တယ် ...

... မင်းမှာ သားရဲထိန်းကျောင်းခြင်း ပညာရပ်မရှိသောကြောင့် ကိုယ်တိုင်ကြိုးစားပြီး ထိန်းကျောင်းကြည့်ပါ ... တစ်နေ့မှာ ချမ်ခွင်းရှို့ကျင်းဆိုတဲ့ သားရဲထိန်းကျောင်းခြင်း လျှို့ဝှက်ချက်ကို နားလည်နိုင်ပါတယ်။ )

အသံပျောက်သွားပြီး ကူချန်မှ မှင်သပ်နေခဲ့ရာမှ ထိုအချင်းအရာကို တွေးဆ ကြည့်ကာ၊

“ ငါလုပ်မယ် ... ။ ”

-ဟု ရေရွတ်လိုက်တော့၏။

( ချမ်ခွင်းရှို့ကျင်း- စကြာဝဠာသက်တမ်း နည်းစနစ်။)

All Chapters