← Chapters

ဒဏ္ဍာရီလာ နတ်ဆိုးဆေးပြား ... ။

Vol. 4 Ch. 46

ဒဏ္ဍာရီလာ နတ်ဆိုးဆေးပြား ... ။

Vol. 4 Ch. 46

“ မင်း ထိန်းကျောင်းနည်းကိုသိတာလား။ ”

“ မသိဘူး ... ”

“ ဟမ့် ... ။ ”

တာအိုချင်းရှက ကူချန်ကို အံ့ဩစွာ လှည့်ကြည့်လိုက်သည်။ ကူချန်မှ အဝေးကို ကြည့်နေရာမှ၊

“ ငါ ဘယ်လို ထိန်းကျောင်းရမှန်း မသိခဲ့ပေမယ့် အခုတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပြီ။ ”

-ဟု အတည်ပြု ပြောကြားလိုက်၏။

တာအိုချင်းရှတစ်ယောက် တိတ်ဆိတ်သွားလေသည်။ ကမ္ဘာကြီးသည် လူတွေအပေါ် ရက်စက်စွာ ဆက်ဆံချေ၏။

ဝမ်းနည်းစရာပေပင်။ လူတွေကြား ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွဲပြားနေချေ၏။ ထို့နောက် သက်ပြင်းချကာ အကြောင်းအရာကို ပြောင်းလိုက်သည်။

“ ငါတို့ပတ်ဝန်းကျင်မှာ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူတွေ ရှိနေတာမျိုး မင်း ခံစားမိပြီလား။ ”

သူ့မေးခွန်းကြောင့် ကူချန်က ပတ်ဝန်းကျင်ထံ လှည့်ပတ်ကြည့်လိုက်သည်။ တောင်ကုန်းများအနှံ့ လူတစ်ရာကျော်သည် တိုက်ပွဲထံ စောင့်ကြည့်နေ၏။

ကံကြမ္မာမျက်လုံးမှတဆင့် ထိုသူများ၏ ချီနှင့်သွေးတို့ စီးဆင်းမှုကို ခံစားနိုင်လေသည်။ အများစုသည် အခြေခံအားဖြင့် ချီစုစည်းခြင်း နယ်ပယ်ထက် သာလွန်သူများဖြစ်သည်။

ထို့ထက်နိမ့်ကျသော ကျင့်ကြံသူများ မရှိသလောက်ပေပင်။ လူအုပ်အတွင်း ရှန်ရှင်း နယ်ပယ် (၆)ဦးခန့်ကိုလည်း သတိထားမိ၏။ သို့သော် ယင်းမှာ အရေးမကြီးချေ။

အရေးကြီးသည်မှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်ဖြစ်သည်။ ဘယ်ဘက် တောအုပ်ထဲတွင် အနက်ဝတ် အဘိုးအိုတစ်ဦး ရှိနေသည်။

ထင်းရှူးပင်ကဲ့သို့ အရပ်ရှည်ပြီး မျက်လုံးများက စူးရှကာ နောက်ကျောတွင် ဓားတစ်လက်လွယ်ထား၏။ ထိုဓားသည် ဝိညာဉ်ရေးဓား ဖြစ်ပေမည်။

ထို့နောက် လက်ယာဘက် တောင်ကုန်းတစ်ခုပေါ်ရှိ သစ်ပင်ကြီးတစ်ပင် ပေါ်တွင် အဖြူဝတ်အမျိုးသားတစ်ဦး ရပ်နေသည်။

သူ့မျက်နှာသည် အနည်းငယ် ဖြူဖျော့နေခဲ့ပြီး ကျွမ်းကျင်သူတစ်ယောက်၏ ကျက်သရေမျိုး ပေါ်လွင်နေ၏။ လက်ရှိအချိန်၌ ဤနှစ်ယောက်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများဖြစ်လေသည်။

ကွင်းပြင်ရှိ တိုက်ပွဲသည် ပြီးလုနီးချေပြီ။ ရှန်ရှင်းနယ်ပယ် နှစ်ယောက်ကြား မည်သည့် ရလာဒ်မှ ထွက်ပေါ်လာခြင်းမရှိဘဲ ရုတ်ခြည်း အဆုံးသတ်သွားခဲ့သည်။

တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ပြန်ကြည့်ပြီး တောင်ကုန်းများရှိ စောင့်ကြည့်နေသူများထံ ခိုးကြည့်သည်။

မည်သူမျှ ဤအခွင့်အရေးကို လက်လွှတ်မခံလိုသည်မှာ မြင်သာနေချေပြီ။ သူတို့နှစ်​​ယောက် ​ရပ်လိုက်သည်နှင့် တစ်စုံတစ်ဦးက၊

“ ဆရာချန်၊ မင်းဘာလို့ ဆက်မတိုက်တော့တာလဲ ချန်မိသားစုရဲ့ ယွမ်လက်ဖဝါးကို မသုံးရသေးဘူး မဟုတ်လား။ ”

-ဟု မေးမြန်လာ၏။

“ ဟားဟားဟား၊ ဆရာကျောက်ရဲ့ သံလက်သီးဓားလည်း ဓားအိမ်ကနေတောင် မထုတ်ရသေးပါဘူး ... မင်းနှစ်ယောက်က သရုပ်ပြတိုက်နေတယ် ဘာလို့ ငါခံစားနေရတာလဲ။ ”

ချန်မိသားစုခေါင်းဆောင်နှင့် ကျောက်မိသားစုခေါင်းဆောင်တို့၏ မျက်နှာများ မည်းမှောင်သွားလေသည်။

“ လူယုတ်မာတွေ ငါ့လမ်းကနေ ထွက်မသွားရင် မင်းတို့ကို ငါ့ဓားဘယ်လောက် ထက်ရှလဲငါပြမယ်။ ”

နှစ်ယောက်သား မျောက်ပွဲတစ်ပွဲကဲ့သို့ ဝိုင်းကြည့်ခြင်းခံနေရသည်ကို နားလည်လာ၏။ ထိုအချိန် နဂါးဦးခေါင်းတုတ်ကောက်ကြီးနှင့် အဘွားအိုတစ်ယောက် လှမ်းထွက်လာပြီး၊

“ ဆရာချန်၊ ဆရာကျောက်၊ မင်းတို့နှစ်ယောက် အစောကြီးရောက်နေတာ ဘာများရထားပြီလဲ။ ”

-ဟု မေးမြန်းလာ၏။

“ အဘွားကြီးဟွာ၊ ကျေးဇူးပြုပြီး မိုက်မဲတဲ့စကားတွေ မပြောနဲ့ ငါတို့တစ်ချိန်လုံး တိုက်နေတာ ဘယ်လိုလုပ် ရှာဖွေစစ်ဆေးချိန် ရှိမှာလဲ။ ”

ချောင်မိသားစုခေါင်းဆောင်က အဘွားကြီးကို ရန်လိုစွာ ပြန်ကြည့်လိုက်သည်။ ဤသားရဲကြီးကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မည်မျှမှော်ဆန်မည်ကို မသိကြချေ။

အဘွားကြီး စကားကြောင့် လူတိုင်း သံသယများဝင်သော် သူတို့နှစ်ယောက်၏ ခွန်အားဖြင့်ပင် ထိန်းနိုင်မည် မဟုတ်ချေ။

“ ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ၊ အရမ်းကြီးမားတယ် ... သူ့ရဲ့ မီးတောက်က ဒီဒေသကြီးတစ်ခုလုံးကို မီးသင့်စေပြီ။ ”

“ ဒီလိုထူးဆန်းတဲ့ ငှက်မျိုးကို ငါသက်တမ်းမှာ ပထမဆုံးမြင်ဖူးတာပဲ မီးလျှံက ငါ့မိတ်ဆွေကို ကူးစက်လောင်ကျွမ်းပြီး ...

... သူဘယ်လောက်ပဲ ငြိမ်းသတ်နေပါစေ မအောင်မြင်ဘူး သူ့လက်ကို ဖြတ်ချလိုက်မှသာ အသက်ရှင်နိုင်ခဲ့တယ်။ ”

ထိုလူစကားကို နားထောင်ပြီးနောက် လူတိုင်းက လှည့်ကြည့်လာသည်။ သူ့ဘေးတွင် ဖြူဖပ်ဖြူရော်နှင့် လူတစ်ယောက် ရပ်နေ၏။

ထိုလူ၏ ညာလက်သည် ပြတ်နေကာ ဒဏ်ရာကို ဖုံးအုပ်ထားသော ပတ်တီးပေါ်တွင် သွေးများစွန်းထင်းနေချေပြီ။

ဆောင်းရာသီတွင် မိုင်ပေါင်းများစွာ လောင်ကျွမ်းနိုင်နေခဲ့သော မီးတောက်များကို ပြန်ကြည့်လျက် လူတိုင်းထိတ်လန့်တကြား ခံစားလာရသည်။

“ ဒါက နတ်ဆိုးဖြစ်နိုင်မလား။ ”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် မီးငှက်၏ အလောင်းကြီးထံ စိတ်လှုပ်ရှားစွာ ကြည့်လျက် ပြောကြားလိုက်သည်။

“ နတ်ဆိုးလား ... ။ ”

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဤကမ္ဘာကြီးပေါ်တွင် ကြယ်များခူးဆွတ်ပြီး လမင်းကိုဖမ်းယူနိုင်သော အင်မော်တယ်များရှိ၏။

ကမ္ဘာကြီးအနှံ့ ပျံသန်းသွားလာနေသော နတ်ဆိုးများရှိ၏။ ပင်လယ်ကြီး လေးစင်းအပေါ် ကြီးစိုးနေသည့် နဂါးများရှိသည်။

ကောင်းကင်ဘုံအထက်တွင် ကျော်လွန်မြူးထူးနေသော ဖီးနစ်များရှိသည်။ ယင်းသည် ဒဏ္ဍာရီထဲတွင်ဖြစ်၏။ ယနေ့တွင် ဖူစုနိုင်ငံသို့ ကောင်းကင်မှ နတ်ဆိုးသားရဲ တစ်‌ကောင် ပြုတ်ကျလာသည်။

ဆိုလိုသည်မှာ ဒဏ္ဍာရီများအားလုံးသည် အမှန်ဖြစ်နိုင်ပေမည်။ လူတိုင်းက အနည်းငယ် ချီတုံချတုံ ဖြစ်ကုန်တော့၏။ တာအိုချင်းရှက ခေါင်းခါပြီး၊

“ ကျင့်ကြံခြင်း လောကကို မရောက်ဖူးသူအတွက် ဒါက အရမ်းကြီးကျယ် ခမ်းနားနေတယ်။ ”

-ဟု ညည်းတွားလိုက်သည်။

သာမန်သူများအတွက် တစ်သက်သည် အနှစ်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်သာ ရှိပြီး အနှစ်တစ်ရာကျော်နေထိုင်ခြင်းသည် ရှားပါးသော အသက်ရှည်မှုဖြစ်သည်။

ထို့ကြောင့် လူတစ်ယောက်သည် ဆယ်နှစ်အကြာတွင် အကြောင်းအရာများစွာကို မေ့သွားတတ်ပြီး အနှစ်နှစ်ဆယ်အကြာတွင် သိသူ မရှိတော့ချေ။

အနှစ်လေးဆယ် သို့မဟုတ် ငါးဆယ်ဟူသည် မျိုးဆက်သုံးဆက်ဖြစ်၏။ တစ်ဖက်တွင် ကူချန်မှ တာအိုချင်းရှဂိုဏ်းအကြောင်းကို စဉ်းစားနေခဲ့သည်။

နတ်ဝိညာဉ်နန်းတော်သခင်နယ်ပယ်ကို ဖြတ်ကျော်ရန် နှစ်ပေါင်းတစ်ထောင်ခန့် အချိန် ယူခဲ့ရသည်။ အတိအကျပြောရမည်ဆိုသော် နှစ်ပေါင်းရှစ်ရာတိတိဖြစ်သည်။

ဤသို့သော သက်တမ်းဖြစ်တည်မှုသည် အံ့ဩစရာပေပင်။ ထိုအနှစ်ရှစ်ရာသည် သေမျိုး လောက၌ မင်းဆက်များ အကြိမ်ကြိမ် ပြောင်းလဲရန် လုံလောက်သည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရွာရှိလူတစ်ဦးသည် အင်မော်တယ်တစ်ပါး၏ ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရသည်။ ထိုလူသည် သူထွက်ခွာမသွားမီ ရွာထိပ်၌ အပင်တစ်ပင်ကို စိုက်ထားခဲ့၏။

မျက်စိတမှိတ်အတွင်းမှာပင် လူအိုကြီးများအတွက် ခရီးတစ်ထောက် နားခိုရာ ဖြစ်လာသည်။ တစ်နေ့ အဖိုးကြီးတစ်ယောက်က ထိုသစ်ပင်ကို မော့ကြည့်ကာ၊

“ ဒီ သစ်ပင်ကို ငါ့အဖိုးရဲ့ အဖိုးက စိုက်ပေးခဲ့တာ။ ”

-ဟု ညည်းတွားခဲ့ကြောင်း လူပြောများလာခဲ့သည်။

ယင်းသည် အင်မော်တယ် ပုံပြင်များဖြစ်၏။ ကူချန်တစ်ယောက် ပုံပြင်ကို သတိပြန်ရလာပြီး သက်ပြင်းချလိုက်သည်။

ကျင့်ကြံသူတစ်ယောက် အတွက် ဘဝဟူသည် အချိန်တစ်ခုမျှသာဖြစ်သော်လည်း သာမန်လူတစ်ယောက်အတွက် တစ်သက်ဖြစ်သည်။

ယွမ်ဖူနယ်ပယ်ကို တံခါးပေါက်အဖြစ် သတ်မှတ်သည်။ ယွမ်ဖူနယ်ပယ်သို့ ဝင်ရောက် ပြီးသည်နှင့် သက်တမ်းသုံးရာ ပိုင်ဆိုင်၏။

အဘွားဟွာက လူအများထံ ဝေ့ကြည့်ကာ၊

“ မင်းတို့ စိတ်မဆိုးရင် ငါသွားကြည့်လိုက်မယ်။ ”

-ဟု ပြောကြားလာသည်။

အဆုံးတွင် မည်သူမျှ တားဆီးဝံ့ခြင်း မရှိသောကြောင့် အဘွားဟွာက မီးငှက်ထံသို့ တည့်တည့် လျှောက်လှမ်းသွားသည်။

မီးစာကလေးအနား ချဉ်းကပ်လာသည်နှင့်အမျှ ကြီးမြတ်လွန်းသော ကျက်သရေကို ခံစားနေရသည်။ စိတ်ဝိညာဉ်ပင် ပူလောင်လာသဖြင့် အဘွားဟွာတစ်ယောက် အနည်းငယ် အံ့ဩလာ၏။

သူမသည် ဖူစုနိုင်ငံ၏ ထိပ်တန်းအင်အားစုဖြစ်သော ဆေးဘုရင် တောင်ကြားမှ လာသူဖြစ်သည်။

ဆေးတောင်ကြားရှိ မှတ်တမ်းများတွင် နတ်ဆိုးသားရဲများ၌ ဆေးဝါးအဖြစ်သုံးနိုင်သည့် နတ်ဆိုးဆေးပြားများ ရှိကြောင်း ရေးသားထား၏။

ဤမီးစာကလေးတွင် ထိုသို့မှော်ဆန်သော ဆေးပြားမျိုး ရှိနေနိုင်မည်ဟု တွေးတောလာမိ တော့သည်။ အတွေးများဖြင့် နတ်ဆိုးသားရဲ အလောင်းကို လှန်ရန်ကြိုးစားလိုက်၏။

သူမ၏ ရောင်ဝါအငွေ့အသက်များ ချက်ချင်းမြင့်တက်လာပြီး စစ်မှန်သောစွမ်အင် လောင်ကျွမ်းလာချေပြီ။

“ ဝူး ... ။”

မီးစာကလေးသည် အနည်းငယ်မျှ လှုပ်ရှားသွားပြီး ကောင်းကင်နှင့် မြေကြီးကြား အပူချိန် ရုတ်တရက် မြင့်တက်လာ၏။

“ မကောင်းတော့ဘူး ... ။ ”

အဘွားဟွာတစ်ယောက် မီးစာကလေး ဝမ်းဗိုက်အောက်မှ အနီရောင်မီးတောက်တစ်ခု တိုးထွက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ဆုတ်ခွာလိုက်လေသည်။

***

All Chapters