အမှားများမှ သင်ယူခြင်း။
Vol. 4 Ch. 47
ကြက်သွေးရောင် မီးတောက်များက ကောင်းကင်ပေါ်ပျံတက်လာသည်။ ပြင်းပျသော အပူချိန်ကို အဝေးမှပင် ခံစားနိုင်၏။
အဘွားဟွာတစ်ယောက် ထိတ်လန့်တကြားဖြင့် ရှောင်တိမ်းရန်ပြင်လိုက် သော်လည်း နောက်ကျသွားသည်။
မီးလျှံများက သူမလက်မောင်းကို ကူးစက်လောင်ကျွမ်းလာ၏။ ပြင်းစွာသော နာကျင်မှုဖြင့် တွန့်လိမ်သွားတော့သည်။
“ ဝှစ် ... ။ ”
ချက်ချင်းပင် အစောပိုင်းက လူအုပ်ကြီး၏စကားများကို ပြန်ကြားလာပြီး သူမလက်မောင်းကို ဖြတ်ချလိုက်၏။
“ ဘုတ် ... ။ ”
မီးလောင်နေသော လက်တစ်ဘက် မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ မီးတောက်များ လောင်ကျွမ်းမှုအောက်တွင် ထိုလက်မောင်းမှာ လျင်မြန်သောအရှိန်ဖြင့် ပြာကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကုန်သည်။ အဘွားဟွာ၏ လေးလံသော အသက်ရှူသံသည်သာ ကြားနေရ၏။
ဖျော့တော့သောမျက်နှာဖြင့် မီးစာကလေးအလောင်းထံ ပြန်ကြည့်ကာ ဖြည်းညှင်းစွာ ဆုတ်ခွာလာသည်။
ကူချန်အကြည့်များ အနည်းငယ် တောက်ပလာသည်။ လက်ချောင်းများဖြင့် တွက်ချက်ကြည့်ပြီးနောက်၊
“ အန္တရာယ် မရှိတော့ဘူး ... အဲဒါသူရဲ့ နောက်ဆုံးကြိုးစားမှုပဲ။ ”
-ဟု ပြောကြားလိုက်သည်။
တာအိုချင်းရှက သက်ပြင်းချလိုက်ပြီး၊
“ နတ်ဆိုးတွေမှာ အလွန်မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတယ်လို့ ဂိုဏ်းချုပ်ဆီ ကနေ ငါကြားဖူးတယ် ...
... အထူးသဖြင့် ယွမ်ဖူနယ်ပယ် သားရဲတွေက လူတစ်ယောက်နီးပါး ဉာဏ်ရည် ထက်မြက်တယ် ဉာဏ်ရည်မမီတဲ့ သားရဲတွေကို နတ်ဆိုးသားရဲလို့ ခေါ်ကြတယ် ...
... ပြီးတော့ ဒီကြက်သွေးရောင် မီးတောက်တွေဟာ နတ်ဆိုးသားရဲတွေရဲ့ စစ်မှန်တဲ့မီးတောက်ပဲ ... ဥတွေကို ကာကွယ်ဖို့နဲ့ သားပေါက်ဖို့ အကူညီပေးတယ်။ ”
ကူချန်က ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ထံ လှည့်ပတ်ကြည့်လိုက်လေသည်။ ထိုအချိန်တွင် လူတိုင်း တိတ်ဆိတ်နေ၏။
ဆရာချန်နှင့် ဆရာကျောက်တို့၏ မျက်နှာများပေါ်တွင် စိတ်သက်သာရာရမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦး အလျင်မလိုခဲ့ချေ။ မဟုတ်သော် အဘွားကြီးဟွာ နေရာ၌ သူတို့ဖြစ်နေပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယခုမည်သို့ ဆက်လုပ်ရမည်ကို သူတို့ နားမလည်တော့ချေ။ အဘွားကြီးဟွာ၏ ဖြစ်ရပ်သည် လူတိုင်းကို ရပ်တန့်သွားစေသည်။
“ ဝှစ် ... ။ ”
လူတိုင်း နတ်ဆိုးသားရဲအလောင်းကို ကြည့်ကာ တွေးတောနေစဉ် အဖြူဝတ်ပုံရိပ် တစ်ရိပ် နတ်ဆိုးသားရဲ အလောင်းဘေးသို့ ဆင်းသက်လာသည်။
ထိုနောက်တွင် သူသည် နတ်ဆိုးသားရဲ ဝမ်းပိုက်အောက်သို့ ငုံ့ကြည့်၏။ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားကုန်သည်။
ဤလူသည် အဘွားကြီးဟွာ၏ အဖြစ်ဆိုးအပေါ် လျစ်လျူရှုနေချေပြီ။ သေချင် နေသူအပေါ် တားမရသည်မှာ သဘာဝပေပင်။
“ သူက ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ နှစ်ယောက်ထဲက တစ်ယောက်ပဲ။ ”
ကူချန်က သတိပေးလိုက်သည်။ တာအိုချင်းရှတစ်ယောက် နှလုံးခုန်သံများ မြန်လာတော့၏။
“ သူ တစ်ခုခုတွေ့သွားပြီလို့ထင်လား ... ။ ”
“ ဖြစ်နိုင်ချေ အရမ်းများတယ်။ ”
“ ဘာဆက်လုပ်မလဲ။ ”
တာအိုချင်းရှတစ်ယောက် အနည်းငယ် စိုးရွံ့လာသည်။ ကူချန်က ခေါင်းခါယမ်းလိုက်ပြီး၊
“ စိတ်မပူပါနဲ့ ... ဟိုမှာအခုချိန်ထိ မလှုပ်သေးတဲ့ လူတစ်ယောက် ရှိသေးတယ် ... သူက ဒီလူထက် ပိုသန်မာလိမ့်မယ်။ ”
ထိုအချိန်တွင် အဖြူရောင်ဝတ် အမျိုးသားသည် သားရဲအလောင်း၏ ဝမ်းဗိုက်ကို စေ့စေ့ကြည့်နေရာမှ အနည်းငယ် စိတ်လှုပ်ရှား သွားလေသည်။
ဤသားရဲသည် သူ မသေမီ ဝမ်းပိုက်အောက်၌ မီးတောက်များ ချန်ထား ခဲ့သဖြင့် တစ်စုံတစ်ရာအပေါ် ကာကွယ် ပေးလိုကြောင်း ထင်ရှားနေသည်။
“ ဟမ့် ... ။ ”
အတွေးများဖြင့် သူသည် တောင်ကြီးတစ်လုံးကဲ့သို့သော နတ်ဆိုးသားရဲ အလောင်းကို ဆွဲဖယ်ရန်ပြင်လိုက်၏။
ထိုမြင်ကွင်းက အဘွားကြီးဟွာကို တုန်လှုပ်သွားစေသည်။ သူမ၏ ခွန်အားများကို အကုန်အစင် အသုံးပြုသော်မှ အနည်းငယ်မျှသာ မယူနိုင်သည်။
ဤလူသည် မည်သူနည်း။ မည်သည့် ဒေသမှလာကာ ကျင့်ကြံမှု မည်မျှရှိမည်နည်း။ သားရဲ၏အတောင်ပံသည် ဆယ်ပေနီးပါးရှိကာ ခန္ဓာကိုယ်ကြီးသည်ပင် တောင်ကုန်းငယ် တစ်ခုနီးပါးရှိနေ၏။
“ ဝှီး ... ။ ”
“ ဘုန်း ... ။ ”
သားရဲကြီးခမျာ တစ်ဖက်သို့ လှိမ့်ဆင်းသွားလေသည်။ တစ်ချိန်တည်းမှာပင် အလောင်းအောက်တွင် ဝှက်ထားခဲ့သော အရာအချို့ကို မြင်လိုက်ရ၏။
မီးတောက်များဖြင့် ဖုံးအုပ်ထားသော ဥလေးလုံးရှိနေပြီး ဥခွံ၏ မျက်နှာပြင်ပေါ်တွင် သွေးစများ စွန်းထင်းရှိနေခဲ့သည်။
“ ဒါ ... ။ ”
အဖြူဝတ် အမျိုးသားသည် အလွန်အံ့သြသွားကာ သူ့မျက်လုံးများတွင် လောဘမီးများ တောက်လောင်လာ၏။
“ သားရဲဥတွေ ... ။ ”
လူအုပ်ကြီးသည်လည်း မြင်နိုင်ပြီး ထက်မြက်သူများက ထိုဥများ၏တန်ဖိုးကို ချက်ချင်းနားလည်သွားကုန်သည်။
ဤသားရဲကြီးသည် အလွန်အစွမ်းထက်၏။ ထိုဥများမှပေါက်လာမည့် သားရဲလေးများကိုသာ မွေးမြူထားနိုင်သော် ... ။
ပတ်ဝန်းကျင်လေထုသည် ချက်ချင်း တိတ်ဆိတ်သွားချေပြီ။ အဖြူဝတ် အမျိုးသားက လူအများ၏ လောဘမီးတောက်လောင်နေသည့် အကြည့်များကို သတိပြုမိပြီး၊
“ ဟားဟားဟား ကောင်းပြီ ... သေမှာမကြောက်ရင် မြန်မြန်လာခဲ့ ငါ့အချိန်ကို မဖြုန်းကြနဲ့။ ”
-ဟု စိန်ခေါ်လိုက်သည်။
သူ့စိန်ခေါ်မှုကြောင့် လူတိုင်း အံ့သြသွားသည်။ တစ်ဖက်လူသည် မောက်မာ လွန်းချေ၏။ ရှန်ရှင်းနယ်ပယ် တစ်ယောက်က သည်းမခံနိုင်တော့ဘဲ၊
“ လူတိုင်း ... ဒီမိတ်ဆွေကြီးက အရမ်းမောက်မာလွန်းတဲ့အတွက် ငါတို့ကို သူ ဝေမျှပေးမှာ မဟုတ်ဘူး ...
... ပြီးတော့ ဒီသားရဲဥကလည်း အရေအတွက် မလုံလောက်နိုင်တဲ့အတွက် ပြိုင်ဘက် အနည်းငယ်ကို ငါတို့အရင်ဆုံး အတူတူ ဖယ်ရှားပစ်ရအောင်။ ”
သူ့စကားကို ကြားပြီးနောက် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများစွာက သဘောတူလိုက်ကြသည်။
အဘွားကြီးဟွာက စကားမဆိုဘဲ ငြိမ်နေလိုက်သည်။ ဤလူများသည် ရူးမိုက်နေ ချေပြီ။ သူမကို ဒဏ်ရာကြောင့် အခွင့်အရေး မရှိဟု ယူဆနေကြ၏။
တစ်ဖက်တွင် သူမ နှလုံးသားတစ်ခုလုံး မည်မျှ လေးလံနေသည်ကို မည်သူမျှ မသိချေ။ သူမသည် သားရဲကိုရွှေ့ရန် ကြိုးစားဖူးသဖြင့် ၎င်းမည်မျှလေးလံကြောင်း သိထားသည်။
ရှန်ရှင်းနယ်ပယ် ခွန်အားဖြင့်ပင် အနည်းငယ်သာ ပင့်မနိုင်သည်။ တစ်ဖက်လူမှ ၎င်းအပေါ်လွယ်ကူစွာ ဖယ်ရှားနေသောကြောင့် သူမထက် သန်မာမည်ကို မြင်နိုင်မည်။
ဆိုလိုသည်မှာ ထိုတိုက်ပွဲသည် ဤမျှရိုးရှင်းမည် မဟုတ်ချေ။ လက်တစ်ဘက် ဆုံးရှုံးပြီးနောက် ထပ်မဆုံးရှုံး လိုတော့သည်မှာ သဘာဝပေပင်။
အဘွားကြီးဟွာသည် လောဘဖြင့် မျက်စိကန်းနေသော သူ့ရှေ့မှ လူအုပ်ကြီးကို ကျောခိုင်းကာ မဆိုင်းမတွ လှည့်ထွက်လာခဲ့၏။ ဤလုပ်ရပ်အပေါ် လူအနည်းငယ်သာ သတိထားမိလေသည်။
လူတိုင်းနီးပါး သားရဲအလောင်းကိုသာ အာရုံစိုက်နေကြ၏။ သို့သော် ကူချန် မပါချေ။ ကျောက်တုံးပေါ်တွင် ရပ်နေသည့် အနက်ဝတ် လူသည်လည်း ထိုနည်းလည်းကောင်းပေပင်။
အဘွားကြီးဟွာသည် ဤမတိုင်မီ အနည်းငယ် စိတ်အားထက်သန်ခဲ့သော်လည်း အန္တရာယ်ကိုကြုံပြီးနောက် အမှားများထံမှ သင်ယူနိုင်ခဲ့သည်။
သားရဲအသေကောင် တစ်ကောင်သည် လူများစွာအပေါ် ဒုက္ခပေးနိုင်မည်ဟု မည်သူ ထင်မည်နည်း။
ကူချန်နှင့် အနက်ဝတ်လူသည် နှစ်ယောက်သား အတွေးထဲ နစ်မျောသွားစဉ် အမှတ်မထင် မကြည့်ချင်းဆုံသွား၏။
တစ်ယောက်ကို တစ်ယောက် အချိန်အနည်းငယ် စိုက်ကြည့်ကာ အံ့အားသင့် သွားကြသည်။ ကူချန်က ပြုံးပြီး ဦးစွာ ခေါင်းညိတ်ပြလိုက်၏။
အနက်ဝတ်လူသည်လည်း ချက်ချင်း တောင့်တင်းလာကာ အေးစက်သွားခဲ့လေသည်။ အနေရာ၌ ယွမ်ဖူနယ်ပယ် လူငယ်တစ်ယောက် မည်သို့ရှိနေနိုင်မည်နည်း။
***