← Chapters

မကောင်းဆိုးရွား ဝိညာဉ်လက်နက်။

Vol. 4 Ch. 48

မကောင်းဆိုးရွား ဝိညာဉ်လက်နက်။

Vol. 4 Ch. 48

အနက်ဝတ်လူသည် သားရဲ အလောင်းကောင်အနားရှိ အဖြူဝတ်အမျိုးသား အပေါ် သတိထားမိသည်မှာ ကြာချေပြီ။

အဆုံးတွင် တစ်ဖက်လူသည် သူ့အသွင်ကို ဖုံးကွယ်မထားချေ။ ထိုစဉ် အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။

တောင်ကုန်းတစ်ခုပေါ်တွင် တာအိုဘုန်းကြီးငယ်တစ်ပါးသည် သူ့ထံပြုံးပြ နေသည်ကို မြင်လိုက်ရ၏။

( ယွမ်ဖူနယ်ပယ် ကျင့်ကြံသူလား၊ ဟမ့် ... အကြီးအကဲတစ်ပါး ပါလာတာလား ဒီဘုန်းကြီး မလွယ်ဘူး သူ့ရောင်ဝါကို ဖုံးကွယ်ထားတယ် ... သူက ယွမ်ဖူနယ်ပယ်လား ဒါမှမဟုတ် ပိုမြင့်တဲ့ နယ်ပယ်မှာလား။ )

အနက်ဝတ်လူက မျက်ခုံးပင့်လျက် တာအိုဘုန်းကြီးငယ်ဘေးတွင် ရပ်နေခဲ့သော တာအိုဘုန်းကြီးထံ အကြည့်ရွေ့သွားကာ ထိတ်လန့်လာတော့သည်။

“ သူ ... ငါ့ကိုသတိထားမိသွားပြီ။ ”

“ ဘယ်သူလဲ ... ။ ”

တာအိုချင်းရှက ကူချန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလာလေသည်။ ကူချန်မှ ပြုံးလျက်၊

“ ကျန်နေတဲ့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ နောက်တစ်ယောက်၊ ဒါပေမယ့် မျက်ဝန်းတွေက နည်းနည်းတော့ ကြောက်နေပုံပဲ။ ”

“ ကြောက်နေတာလား ... ဘယ်သူ့ကိုလဲ။ ”

တာအိုချင်းရှက အံ့သြစွာမေးသည်။ ထိုမေးခွန်းကြောင့် ကူချန်မှ ခေါင်းယမ်းပြပြီး၊

“ မသိဘူး ... ငါက သူ့အပေါ် ခြိမ်းခြောက်တယ်လို့ ခံစားရတာ ဖြစ်နိုင်သလို ဆရာကြောင့်လည်း ဖြစ်နိုင်တယ်။ ”

အဆုံးတွင် တာအိုချင်းရှသည် ထူးဆန်းသောအကြည့်ဖြင့် တစ်ဖက်လူထံ ရုတ်တရက် မော့ကြည့်လိုက်သည်။

အနက်ဝတ်လူခမျာ အကြည့်လွှဲသွားပြီး တာအိုချင်းရှင်ကို ရှောင်သွား၏။ ကူချန်သာလျှင် ထိုအနက်ဝတ်လူသည် မည်သည့်အရာကို ကြောက်နေမှန်း တွေးတောနေခဲ့သည်။

ကျင့်ကြံသူများတွင် ပုံမှန်အားဖြင့် အသက်ကြီးသော မျိုးဆက်ဟောင်းများသည် မျိုးဆက်သစ်များထက် ပို၍မြင့်မားသော ကျင့်ကြံမှုရှိချေပြီ။

ထို့ကြောင့် တာအိုချင်းရှသည် ပြသာနာတစ်ခုသာဖြစ်ကြောင်း တစ်ဖက်လူမှ ယူဆခဲ့ပုံရ၏။ ယင်းသည် ဖြစ်နိုင်မည်။

ထိုစဉ် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများသည် အဖြူဝတ်အမျိုးသားကို ဝိုင်းတိုက်နေပြီဖြစ်၏။

လူတိုင်းသည် အားကုန်ထုတ် တိုက်ခိုက်နေပြီး ဖုံးကွယ်ထားရန် မဝံ့ကြချေ။ မဟုတ်သော် သူတို့ကို လူအများမှ ပစ်မှတ်ထား ကြပေလိမ့်မည်။

စစ်မှန်သောစွမ်းအင်များ လေထုအတွင်း ပျံ့နှံ့နေသည်။ တိုက်ပွဲအတွင်း မပါဝင်နိုင်သော တာ်ဆောက်ခြင်းနယ်ပယ် သခင်များသည် ဘေးကင်းသော အကွာအဝေးသို့ ပြန်ဆုတ်ကုန်တော့၏။

သာမာန်အခြေအနေများတွင် ရှန်ရှင်းနယ်ပယ်မှ ကျွမ်းကျင်သူများကို မြင်ရန် ခဲယဉ်းပေသည်။

ယခုမူ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူ အများအပြားအတူတကွ တိုက်ပွဲဝင်နေသည်မှာ ကြောက်စရာကောင်းချေပြီ။

ထိုမျှသော ကျွမ်းကျင်သူများရှေ့တွင် သားရဲဥများကို လုယူရန် မဖြစ်နိုင်တော့ကြောင်း မည်သူမဆို သိထားကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျွမ်းကျင်သူများကြား တိုက်ပွဲသည် သူတို့အတွက် အကျိုးရှိစေ၏။

“ ဟား ဟား ဟား ... ။ ”

အဖြူဝတ် အမျိုးသားက လှောင်ပြောင်ရယ်မောလျက်၊

“ လူပြက်တစ်အုပ်က ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိရှိတယ်လား ... ။ ”

-ဟု ရေရွတ်လိုက်သည်။

စကားဆုံးသည်နှင့် ထူထဲသော စွမ်းအင်အကာအကွယ်အလွှာ ဖြစ်ပေါ်လာ၏။ တိုက်ခိုက်မှုများသည် ထိုအလွှာအပေါ် ကျရောက်ပေါက်ကွဲကုန်သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများခမျာ မယုံကြည်နိုင်သော အကြည့်များဖြင့် မျက်လုံး ပြူးကုန်တော့၏။

သူတို့အားလုံး ပူးပေါင်းခဲ့သော်မှ တစ်ဖက်လူ၏ ခံစစ်အလွှာကို မဖောက်နိုင်ချေ။ ပြီးပြည့်စုံသော ရှုံးနိမ့်မှုပေပင်။

ဤလူသည် ရှန်ရှင်းနယ်ပယ်ထက် သာလွန်နေမည်လော။ ထိုအတွေးသည် လူတိုင်း နှလုံးသားထဲ ဝင်ရောက်လာတော့၏။

“ မင်းက ... အားလုံးထဲမှာ စကားအများဆုံး ပြောခဲ့တာပဲ။ ”

အဖြူဝတ် အမျိုးသားက လေထုအလယ်ပျံဝဲလျက် အလံငယ်တစ်လက် ထုတ်ယူကာ ပြောကြားလိုက်သည်။

“ ဟမ့် ... ။ ”

အဆိပ်ပြင်းသော မြွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရသကဲ့သို့ ထိုရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူသည် ရုတ်တရက် အေးခဲသွားကာ ချက်ချင်းလှည့်ပြေး၏။

“ ဟား ဟား ဟား ... ။ ”

အဖြူဝတ်အမျိုးသားက ရယ်မောလျက် လက်ထဲမှ အလံငယ်ဖြင့် ပစ်ပေါက်လိုက်သည်။ အလံငယ်သည် သွေးနီရောင်တောက်ပပြီး လျှပ်စီးကဲ့သို့ ပျံသန်းသွား၏။

“ ဝှစ် ... ။ ”

ထို့နောက်တွင် အလံငယ်သည် ကူးခတ်နေသော သွေးငါးတစ်ကောင်အလား ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူထံ ရောက်ရှိသွားတော့သည်။

“ အား ... ။ ”

လေထုအတွင်း ပြင်းပျသော သွေးရနံ့များ ထုံမွှန်းလျက် လွင်ပြင်တစ်ခုလုံး သွေးလွှမ်းလာ ချေပြီ။

“ မကောင်းဆိုးရွား ဝိညာဉ် လက်နက် ... ။ ”

အနီရောင် တောက်ပလွန်းနေသည့် အလံငယ်ထံစိုက်ကြည့်ကာ ကူချန်မှ ရေရွတ် လိုက်လေသည်။

ကြည့်နေဆဲမှာပင် ထွက်ပြေးနေသော ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူခမျာ ရပ်တန့်သွား တော့၏။

“ မလုပ်နဲ့ ... မလုပ်နဲ့ ... ။ ”

ထိတ်လန့်သော အကြည့်များဖြင့် ဦးခေါင်းကိုဆုပ်ကိုင်ကာ အရူးတစ်ယောက်လို မြေပြင်ပေါ်မှောက်ကာ ငိုကြွေးသည်။

“ သွား​ ... အခုထွက်သွား ... ။ ”

“ အား ... ငါ့ကို ချမ်းသာပေးပါ ... ကျေးဇူးပြုပြီး ငါ့ကိုသနားပါ။ ”

ထိုသူ၏ အော်သံကိုကြားရသူတိုင်း ကျောရိုးအနှံ့ ကြောက်စရာကောင်းလွန်းသည့် အအေးဓါတ်များ ခံစားလိုက်ရလေသည်။

ထိုမြင်ကွင်းသည် ရပ်ကြည့်နေသူများကို ဖြူဖပ်ဖြူရော်နှင့် မျက်နှာများ ပျက်ယွင်းသွားစေ တော့၏။ အဖြူဝတ်အမျိုးသားထံ ပြန်ကြည့် နေသည့် သူ့တို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများသာ ရှိနေချေပြီ။

“ မကြောက်နဲ့ ... မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ... မလွတ်မြောက်စေရပါဘူး သူ ... မစားရတာကြာပြီ မင်းတို့ရဲ့သွေးတွေနဲ့ ကျေနပ်မယ်လို့ ယုံကြည်တယ်။ ”

အဖြူဝတ်အမျိုးသားသည် သွေးစွန်းသွားသော အလံငယ်ကို လက်လှိုင်းဖြင့် ပြန်ခေါ်ကာ ထပ်မံဝှေ့ယမ်းလိုက်ပြန်၏။

“ ဝှစ် ... ။ ”

လေပြင်းများ အရပ်ရပ်မှလွင့်လာကာ လူတိုင်း၏နှလုံးသားများ တုန်ခါသွားလေသည်။

“ ပြေး ... ။”

“ မြန်မြန် ... ။ ”

အဆုံးတွင် တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်သတိပေးပြီး လှည့်ပြေးတော့၏။

“ အား ... ။ ”

“ ငါ့ကို ကယ်ပါ ... ။ ”

“ ငါ့ကို မသတ်ပါနဲ့ အား ... ။ ”

သို့သော် အလံငယ်သည် သွေးငါးကြင်း တစ်ကောင်ကဲ့သို့ လေထုအလယ် ပျံဝဲလျက် လူတိုင်းကို ဟန့်တားလေသည်။

လူတိုင်းသည် ဦးခေါင်းကိုဆုပ်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးကုန်တော့၏။ တာအိုချင်းရှက သူ့ရှေ့ကြေကွဲဖွယ်မြင်ကွင်းထံ ကြည့်လိုက်ပြီး၊

“ မင်း ... ဖြေရှင်းနိုင်တယ် မဟုတ်လား။ ”

-ဟု လှည့်ကာ မေးလေသည်။

“ ဒါက ... မကောင်းဆိုးဝါး ဝိညာဉ်လက်နက်တစ်ခုပဲ သတ်ဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ နာကျင်မှုနဲ့ ... စိတ်ပျက် အားငယ်မှုတွေကို .... လူ့သွေးနဲ့အတူ ပေါင်းစပ်ထားတာပါ ...

... စိတ်ဝိညာဉ်ကို ကြည်လင်အောင်ထား မဟုတ်ရင် မင်းကိုကိုက်စားလိုတဲ့ ဝိညာဉ်အချို့ ကြောင့် ... နာကျင်ရလိမ့်မယ်။ ”

“ မင်းငါ့ကို ကြောက်အောင် ခြောက်နေတာလား။ ”

တာအိုချင်းရှက အံကြိတ်လျက် ပြောလာသည်။ ကူချန်တစ်ယောက် စကားမဆို တော့ဘဲ ပြုံးလျက် အဖြူဝတ်အမျိုးသားထံ စောင့်ကြည့်နေခဲ့သည်။

တစ်ဖက်လူ၏ တိုက်ပွဲဝင်ပုံစံသည် သူနှင့်အနည်းငယ်မျှ ရင်းနှီးနေ၏။ ရုတ်တရက် တိုးညှင်းသော ရွေ့လျားသံကြောင့် ကူချန်မှ မော့ကြည့်လိုက်သည်။

“ တာအိုမိတ်ဆွေ ... ဒီလူက သွေးဝိညာဉ်ဂိုဏ်းရဲ့ သွေးလုလင်ခေါင်းဆောင်ပဲ မင်းငါနဲ့ပူးပေါင်းပြီး ဖမ်းနိုင်မလား။ ”

အနက်ဝတ်အမျိုးသားသည် ဓားတစ်လက်ကိုင်ကာ လေထုအလယ်သို့ ပျံတက်လာပြီး သူတို့ထံ ကြည့်နေချေပြီ။

ကူချန်သည် မကောင်းဆိုးရွား ဝိညာဉ်လက်နက်ကို မြင်ချိန်ကတည်းကပင် အဖြူဝတ်အမျိုးသားသည် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်၏။

ထို့ကြောင့် အနက်ဝတ်လူ၏ ကမ်းလှမ်းမှုအပေါ် အနည်းငယ်စဉ်းစားကာ ခေါင်းညိတ်ပြလိုက်တော့သည်။

အဆုံးတွင် သန့်ရှင်းတောက်ပသော တာအိုဝတ်ရုံနှင့် ကျောတွင်ဓားရှည်တစ်လက် လွယ်ထားသည့် တာအိုဘုန်းကြီးငယ်တစ်ပါး လေထုအလယ် လှမ်းတက်လာခဲ့ချေပြီ။

***

All Chapters