ဒါ ... မင်းအပြစ်ပဲ။
Vol. 4 Ch. 49
လေထုအလယ်တွင် တာအိုဘုန်းကြီးတစ်ပါးနှင့် အနက်ရောင်ဝတ် အမျိုးသားတစ်ဦးရပ်နေသည်။
“ ဟမ့် ... ငါဘယ်တော့ ယွမ်ဖူနယ်ပယ် ရောက်နိုင်မလဲ။ ”
တာအိုဘုန်းကြီးငယ်သည် တောက်ပ သန့်ရှင်းသောဝတ်ရုံဖြင့် ကျော၌ဓားတစ်လက် လွယ်ထားလေသည်။ ထိုမြင်ကွင်းသည် တာအိုချင်းရှကို မနာလိုဖြစ်စေ၏။
အဖြူဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေးနက်သော အမူအရာဖြင့် ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ထံ ပြန်မော့ကြည့်သည်။
“ ဖူစုနိုင်ငံမှာ ပုန်းနေတဲ့နဂါးတွေနဲ့ ဝပ်တွားနေတဲ့ကျားတွေ အများကြီးပါလား ဒီလို ယွမ်ဖူနယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို လွယ်လွယ်တွေ့ဖို့ မမျှော်လင့်ထားဘူး ...
... မင်းတို့နှစ်ယောက်လည်း ကျင့်ကြံသူတွေပဲ ဒီမှာငှက်ဥလေးလုံးရှိတယ် ငါတို့ဘာလို့ ခွဲဝေမယူရတာလဲ ။ ”
ဤတစ်ကြိမ်၌ အဖြူဝတ်လူ၏ သဘောထားမှာ ယဉ်ကျေးနေသည်။ သူသည် ရှန်ရှင်းနယ်ပယ်များနှင့် တိုက်ခိုက်သောအချိန်၌ ပြသခဲ့သော မောက်မာမှုမျိုး မရှိတော့ချေ။
အနက်ရောင် အဝတ်အစားနှင့် ဓားကိုင်ထားသော အမျိုးသားက ကူချန်ဘက်သို့ လှည့်ကြည့်ပြီး၊
“ တာအိုမိတ်ဆွေ သူ့စကားကို လွယ်လွယ်လေး မယုံလိုက်နဲ့ ဒီလူရဲ့စကားက ယုံကြည်နိုင်စရာ မရှိဘူး။”
-ဟု သတိပေးလိုက်သည်။
“ ဟားဟားဟား ... အဖြူနဲ့ အမည် ဘယ်သူက ဘယ်အချိန်မှာ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာမို့လဲ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ လူ့နှလုံးသားမှာသာရှိတယ် ...
... သူ့ရဲ့ ဖြူစင်တဲ့ အသွင်ကြောင့် လှည့်စားမခံပါနဲ့ ... ငါတို့ကိုသတ်ပြီး ဒီလူက ငှက်ဥတွေကို တစ်ယောက်တည်း မယူဘူးလို့ ပြောနိုင်မလား။ ”
အဖြူဝတ်အမျိုးသား ကျယ်လောင်စွာ ရယ်မောလျက် လှောင်ပြောင် လိုက်လေသည်။ ကူချန်မှ ခေါင်းညိတ်ပြပြီး၊
“ မှန်ပါတယ် ... တစ်ခါတလေမှာ လူတွေပြောတဲ့စကားကို နားမထောင်သင့်ဘူး သူတို့ရဲ့စိတ်နှလုံးနဲ့ အမူအကျင့်အပေါ် အခြေခံပြီး ဆုံးဖြတ်ရမယ် ... ။ ”
အနက်ဝတ် အမျိုးသားသည် ကူချန်စကားကြားသောအခါ အနည်းငယ် မျက်နှာပြောင်းသွားသည်။ ကူချန်ကို ယုံလွယ်လွန်းသူအဖြစ် ယူဆပြီး၊
“ တာအိုမိတ်ဆွေ မင်းအလှည့်စား မခံပါနဲ့။ ”
-ဟု ထပ်မံ သတိပေးသည်။
ဤနေရာတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ သုံးဦးသာ ရှိသည်။ တစ်ဖက်သို့ တစ်ယောက်မှ ပူးပေါင်းသော် သေချာပေါက် သေပေမည်။
အဖြူဝတ်အမျိုးသားက ရုတ်တရက် မျက်ဝန်းများမှေးစင်းသွား၏။ ထိုအချိန်တွင် ကူချန်မှ တုန့်ပြန်ခြင်း မပြုသေးဘဲ မြေပြင်ပေါ် ငုံ့ကြည့်လိုက်၏။
“ ရွှပ် ... ။ ”
သူ့ခြေဖဝါးမှ ထက်ရှသောဓားစွမ်းအင် ရုတ်တရက် ထွက်ပေါ်လာပြီး မြေကြီးထဲ တိုးဝင် သွားလေသည်။
သာမန်ဟုထင်ရသော မြေကြီးအတွင်း အက်ကြောင်းတစ်ခု ပေါ်လာကာ နီမြန်းသော သွေးများပန်းထွက်လာ၏။
အက်ကြောင်းအတွင်းသို့ သတိထား ကြည့်ပါက မြွေနီတစ်ကောင် ထက်ပိုင်းပြတ်ပြီး တွန့်လိမ်နေသည်ကို မြင်ရပေမည်။ ကူချန်က အဖြူဝတ်အမျိုးသားထံ ကြည့်လိုက်ကာ၊
“ မင်းရဲ့ လုပ်ရပ်နဲ့ ... ဒီလို အပြုအမူအရတော့ လူကောင်းဖြစ်ပုံမရဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
အဖြူဝတ်အမျိုးသားခမျာ တုန့်ပြန်ခြင်း မပြုနိုင်တော့ချေ။ အနက်ဝတ် အမျိုးသားသည် စိုးရိမ်စိတ်များ လွင့်ပါးလျက် သက်ပြင်းချ၏။
တစ်ဆက်တည်းမှာပင် အနည်းငယ် အံ့သြနေခဲ့သည်။ ထိုမြွေကို သူပင် သတိမထား မိချေ။ ဤတာအိုဘုန်းကြီးငယ်မှ မည်သို့ သတိထားမိသနည်း။
နားမလည်နိုင်ဖြစ်လာပြီး ရပ်ကျန်ခဲ့သည့် တာအိုဘုန်းကြီးထံ ပြန်၍ခိုးကြည့်လိုက်မိသည်။ ထိုအရပ်တွင် တာအိုဘုန်းကြီးသည် သူတို့ထံ တည်ငြိမ်စွာကြည့်နေချေပြီ။
“ ဝှစ် ... ။ ”
အဖြူဝတ် အမျိုးသားသည် သူ့လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်သဖြင့် အလံငယ်ဖြင့် ဝှေ့ယမ်းတိုက်ခိုက် လိုက်လေသည်။
သွေးငါးများသည် နေရာတိုင်းသို့ ပြေးလွှားလျက် တစ္ဆေများကဲ့သို့ပင် မြင်သမျှ သတ်ရန်ကြိုးစားတော့၏။
ရပ်ကြည့်နေမိသည့် လူတချို့က ထိုမြင်ကွင်းကြောင့် ထိတ်လန့်တကြားဖြင့် လှည့်ပြေးလေသည်။
“ အား ... ။ ”
တာအိုချင်းရှသည်လည်း သွေးငါးများကိုကြည့်ကာ ထွက်ပြေးရန်ပြင် လိုက်လေသည်။ သို့သော် ညာလက်မောင်းရှိ ကပ်ထားသောစက္ကူသည် အလင်းရောင်များ တောက်ပလာသဖြင့် သွေးငါးများက ရှောင်ကွင်းကုန်တော့၏။
ထိုဖြစ်စဉ်သည် တာအိုချင်းရှအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာစေခဲ့သည်။ တံတွေးကို ခက်ခက်ခဲခဲမျိုချပြီး တုန်ရီနေသော လက်များဖြင့် နဖူးရှိချွေးများကို သုတ်ဖယ်လိုက်ရ၏။
လက်မောင်းပေါ်ရှိ စက္ကူရွက်ကို ကြည့်လိုက်ပြီး ကျေးဇူးတင်သွားချေသည်။ ဤကောင်လေးတွင် သိတတ်မှုရှိ၏။ မဟုတ်သော် အရင်သွားနှင့်ရပေမည်။
အနက်ဝတ်အမျိုးသားက သွေးသားစွမ်းအင်များ လောင်ကျွမ်းလိုက်ရာ ရောင်ဝါပွင့်ထွက်လာပြီး ဝတ်ရုံစများ လေထဲ တလွင့်လွင့်ဖြစ်လာသည်။
“ ဒီသွေးတံဆိပ်ကို သန့်စင်ဖို့အတွက် ကလေးငယ်ဘယ်နှစ်ယောက် မင်းသတ်ပစ်ခဲ့လဲ။ ”
“ ဘယ်သူသိမှာလဲ ... တစ်ဒါဇင်လား ဒါမှမဟုတ် ရာနဲ့ချီလား ... ဒါတွေအားလုံးကို ဘယ်သူက မှတ်မိနေမှာလဲ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး အော်ဟစ် ငိုကြွေးနေသည့်အသံများ ဆူညံနေချေပြီ။ ထိုအသံများသည် လူအများ၏ ဝိညာဉ်အတွင်း စိမ့်ဝင်သွားကာ အပ်တစ်ချောင်းကဲ့သို့ ထိုးစွပြီး နာကျင်ကိုက်ခဲစေ၏။
ကူချန်က သွေးငါးများကို ကြည့်သည်။ ကံကြမ္မာမျက်လုံးအောက်တွင် ကလေးများ၏ နာကျင်စွာငိုနေသည့်မျက်နှာကို မြင်နိုင်၏။
“ ကလန် ... ။ ”
ကျင်းကျိဓားသည် ဓားအိမ်ထဲမှ ထွက်လာသည်။ မျက်စိတမှိတ်အတွင်း ကူချန် ခန္ဓာကိုယ်မှ ထက်ရှသောရောင်ဝါများ ထွက်လာပြီး သွေးငါးများငြိမ်သွား၏။
အဖြူဝတ်အမျိုးသားနှင့် အနက်ဝတ် အမျိုးသားတို့မှာ အံ့သြတုန်လှုပ်သွားကြပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။
တာအိုဘုန်းကြီးသည် ထိုအရပ်၌ပင် ရပ်နေခဲ့ပြီး သူ့ဘေးနားရှိ လေထုအလယ်တွင် ဓားတစ်လက်ပျံဝဲနေသည်။
၎င်းထံမှ ဓားအလင်းသည် လေဟာနယ်အတွင်း ပျောက်ကွယ်သွားကာ သွေးငါးများအားလုံးကို ဖျက်ဆီးတော့သည်။
ယင်းကြောင့် အနက်ဝတ်အမျိုးသားက အဖြူဝတ်အမျိုးသားကိုသတ်ရန် ဓားဆွဲခဲ့၏။ အဖြူဝတ်အမျိုးသားခမျာ မျက်နှာ ပျက်ယွင်း သွားလေသည်။
ယွမ်ဖူနယ်ပယ်နှစ်ဦးမှ ဝိုင်းရံလုပ်ကြံခြင်းခံရသဖြင့် အနည်းငယ် အန္တရာယ်ရှိလာချေပြီ။
“ ဝှစ် ... ။ ”
ဝတ်ရုံအတွင်းမှ အနီရောင်အင်းဆက်များ လွင့်ပျံလာကာ တိမ်တိုက်တစ်ခုအဖြစ် ဖွဲ့တည် လာတော့၏။
“ သွေးကပ်ပါး ... ။ ”
အနက်ဝတ်အမျိုးသားက ထိုအင်းဆက်များကို အသိအမှတ်ပြုနိုင်၏။ ၎င်းတို့သည် နွားတစ်ကောင်၏ သွေးကိုပင် တခဏချင်း စုပ်နိုင်မည်။
သူ့လက်ထဲရှိ အနက်ရောင်သံဓားသည် ရုတ်တရက် ကြက်သွေးရောင် မီးတောက်များ ထွက်ပေါ်လာ၏။
“ ရွှပ် ... ။ ”
၎င်းကို လွှဲချလိုက်သောအခါတွင် အနီရောင်ကပ်ပါးပိုးကောင်များ လောင်ကျွမ်း ပြာကျကုန်သည်။
သို့သော် သူ့ဓားကို ဖြတ်ကာ အနက်ရောင်ဝတ်လုံပေါ်သို့ အနီရောင်ကပ်ပါးပိုး အများအပြား ရောက်ရှိနေခဲ့၏။
“ ဟမ့် ... ။ ”
အနက်ဝတ်အမျိုးသားခမျာ ချက်ချင်းဆုတ်ခွာလျက် သွေးကပ်ပါးများကို ဖြေရှင်းရန် ကြိုးစားတော့သည်။
ထိုအချိန်တွင် အဖြူဝတ်အမျိုးသား သည်လည်း အသက်မရှူနိုင်ချေ။ ထက်ရှမှုများ ခံစားလိုက်ရသဖြင့် အရိုးတစ်ချောင်းကို ထုတ်ကာဟန့်တားလိုက်ရသည်။
အရိုးပေါ်တွင် ရေးထွင်းထားသော လျှို့ဝှက်ဆန်းကြယ်သ်ည့ ရူရ်ပေါင်းများစွာက ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
“ ထန် ... ထန် ... ။ ”
သတ္တုရိုက်မိသံ ထွက်ပေါ်လာပြီး ကြီးမားသော အရိုးဒိုင်းကြီးအပေါ်၌ တစ်လက်မ အရွယ် ပြတ်ရှရာကြီး ကျန်ရစ်ခဲ့၏။
ရူရ်များစွာ တောက်ပလျက် အရိုင်းဒိုင်းကြီးသည် ထိုပြတ်ရှရာကို ချက်ချင်း ပြန်လည်ပြုပြင်ပေးလေသည်။
“ အရမ်း အစွမ်းထက်တယ်။ ”
“ အရမ်း ကြောက်စရာကောင်းတယ်။ ”
ကူချန်နှင့် အဖြူဝတ်အမျိုးသားတို့ နှစ်ယောက်စလုံး အလားတူ အံ့သြသွားကြ တော့သည်။
အထူးသဖြင့် အဖြူဝတ်အမျိုးသားသည် အနည်းငယ်ထိတ်လန့်နေ၏။ ဤဘုန်းကြီးသည် သွေးငါးများစွာကို အပိုင်းပိုင်းပိုင်းဖြတ်ကာ အရိုင်းဒိုင်းအပေါ် ဒဏ်ရာပေးနိုင်ချေပြီ။
ကူချန်သည်လည်း အရိုးဒိုင်းကြီးကို ကြည့်ကာ ဝိညာဉ်ရေးလက်နက်ဖြစ်နိုင်မည်ဟု တွေးတောနေခဲ့သည်။
သို့သော် ၎င်းအရိုင်းဒိုင်းသည် သန့်စင်ထားသည့် ပုံစံမျိုးမရှိချေ။ အဖြူဝတ် အမျိုးသားက ကူချန်ကိုကြည့်ပြီး၊
“ ငါရှုံးနိမ့်တာကို ဝန်ခံပါတယ် ... ဒီငှက်ဥတွေကို မင်းတို့အတွက် ထားလိုက်မယ် ဘယ်လိုလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မဟုတ်ဘူး မင်းသေရမယ်။ ”
ကူချန်က သူ့ကို စိုက်ကြည့်ကာ တုန့်ပြန်သည်။ အဖြူဝတ် အမျိုးသားမှ၊
“ မင်းငါ့ကိုသတ်ဖို့က မလွယ်ဘူး ... မင်းတကယ်သေတဲ့အထိ တိုက်ခိုက်ချင်နေရင် စမ်းကြည့်လို့ရတယ် ...
... ငါက သွေးဝိညာဉ်ဂိုဏ်းကြီးရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ မင်းငါ့ကိုသတ်ရင် သွေးဝိညာဉ်ဂိုဏ်းက လွှတ်ထားမှာ မဟုတ်ဘူး။ ”
အနက်ဝတ်အမျိုးသားက လေထဲ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊
“ သွေးဝိညာဉ်ဂိုဏ်းဆိုတာ မကောင်းတဲ့ ဂိုဏ်းတစ်ခုမှလွဲပြီး ဘာမှမဟုတ်ပါဘူး ... သူတို့ အားလုံးက ရေမြောင်းထဲမှာ တွားသွားနေရတဲ့ ကြွက်တွေပဲ ... ။ ”
-ဟု အေးစက်စွာ ပြောကြားလိုက်သည်။
“ မင်းတို့ သေချင်နေတာပဲ။ ”
အဖြူဝတ်အမျိုးသားက ဒေါသဖြင့် အံကြိတ်လိုက်ပြီး မုန်းတီးစွာ စိုက်ကြည့်နေစဉ် သူ့အနောက်ရှိ လေဟာနယ်အက်ကွဲလျက် ဓားတစ်လက် ထွက်ပေါ်လာ၏။
“ ဟမ့် ... ။ ”
အဖြူဝတ်အမျိုးသားတစ်ယောက် သတိထားမိကာ ငုံ့ကြည့်လိုက်ချိန်၌ ဓားဖျားမှာ ကျောပြင်ကိုဖောက်ပြီး သူ့နှလုံးသားမှ ပြန်ထွက်လာချေပြီ။
“ မင်း ... ။ ”
တာအိုဝတ်ရုံသည် သန့်ရှင်းသလောက် ဤဘုန်းကြီးသည် ညစ်ပတ်ချေပြီ။ ကူချန်မှ အဖြူဝတ်အမျိုးသားထံ ပြန်ကြည့်ကာ၊
“ သေတဲ့အထိ တိုက်ချင်တာ မင်းအပြစ်ပဲ။ ”
-ဟု ပြောကြားလိုက်၏။
အဖြူဝတ်အမျိုးသား၏ မျက်လုံးများ၌ ဒေါသအရိပ်အမြွက် ထွက်ပေါ်လာသော်လည်း တဖြည်းဖြည်း လဲပြိုကျသွားတော့သည်။
ဤမျှချောမောလှပလွန်းသည့် တာအိုဘုန်းကြီးငယ်သည် ကောက်ကျစ်သော နည်းလမ်းဖြင့် သူ့အသတ်ကို ယူသွားလိမ့် မည်ဟု မထင်ထားခဲ့ချေ။
၁။ ကျင်းကျိဓား- ဆောင်းခိုနေသောအင်းစက်လေး။