← Chapters

ပန်းစပါးအုံး တိုက်ခိုက် ခြင်း

Vol. 2 Ch. 15

ပန်းစပါးအုံး တိုက်ခိုက် ခြင်း

Vol. 2 Ch. 15

ရဲရှင်းချန်အတွက် အဝတ်အစားတစ်စုံ ဝယ်ပြီးနောက် သူတို့နှစ်ယောက်တွင် ယွမ်နှစ်ရာကျော်သာ ကျန်တော့သည်။

"အစ်ကို... အမေပေးလိုက်တဲ့ကတ်က အစ်ကို့ဆီမှာ ဟုတ်တယ်မလား။ ပိုက်ဆံသွားထုတ်ဖို့ ကတ်ပေးပါဦး"

ရဲရှင်းဟွေ့၏ စကားကိုကြားပြီးနောက် ရဲရှင်းချန်က သူ၏ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။

သူတို့နှစ်ယောက်အတူတူ ATM စက်ဆီသို့ ရောက်လာကြသည်။ ရဲရှင်းဟွေ့က ကတ်ကို ATM စက်ထဲသို့ ထည့်လိုက်ပြီးနောက် သူ့ဘေးတွင်ရှိသော ရဲရှင်းချန်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ရဲရှင်းချန်က လုံးဝမလှုပ်ရှားဘဲ စကားပြောမည့်ပုံလည်း မပေါ်ပေ။ ထိုအခြေအနေကိုမြင်သောအခါ ရဲရှင်းဟွေ့က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

"အစ်ကိုရာ... အစ်ကိုက စကားဝှက်မပြောပြဘဲနဲ့ ကျွန်တော်က ဘယ်လိုပိုက်ဆံထုတ်လို့ရမှာလဲ။"

ထိုစကားကိုကြားသောအခါ ရဲရှင်းချန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက်

"စကားဝှက် ဟုတ်လား ငါလည်း မသိဘူးလေ"

ရဲရှင်းဟွေ့ .....

"ဟာ... အစ်ကိုရာ ..... အစ်ကို ဘာမဆိုမေ့လို့ရတယ်....စကားဝှက်တော့ မမေ့သင့်ဘူးလေ...ကျွန်တော်တို့ဘဝတွေက ဒီကတ်ပေါ်မှာ မူတည်နေတာဗျ"

ထိုသို့ပြောလိုက်သော်လည်း ရဲရှင်းဟွေ့က စိတ်ထဲတွင်

"အစ်ကိုရာ... အစ်ကိုက ကြီးကျယ်တဲ့ မသေမျိုးဧကရာဇ်ကြီးဖြစ်ပြီးတော့ ဂဏန်းလေးသုံးလေးလုံးကိုတောင် မမှတ်မိဘူးလား" ဟု တွေးနေမိသည်။

ရဲရှင်းချန်သည် စကားဝှက်ကို အမှန်တကယ် မေ့သွားခြင်းဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ရဲရှင်းချန်သည် သိုင်းကျမ်းများ၊ လျှို့ဝှက်နည်းစနစ်များကဲ့သို့သော အရာများစွာကို မှတ်သားထားရသည်။

ထိုအချိန်က သူသည် ဘဏ်ကတ်စကားဝှက်ကို လျစ်လျူရှုထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်မှာပင် သူက ငွေကို အရေးကြီးသည်ဟု မထင်ပေ။ ညတိုင်း ကြယ်တာရာများ၏ စွမ်းအင်ကို စုပ်ယူနေသောကြောင့် သူသည် လပေါင်းများစွာ အစာမစားဘဲ နေလျှင်ပင် ငတ်သေမည်မဟုတ်ပေ။

သို့သော် ယခုတွင်မူ ရဲရှင်းချန် အနည်းငယ် အားနာမိသွားသည်။ သူသည် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း သူ့ညီကမူ မဟုတ်ပေ။ ညီဖြစ်သူသည် ပိုက်ဆံမရှိဘဲ အသက်ရှင်နိုင်မည်မဟုတ်ပေ။ ထိုသို့တွေးမိပြီး ရဲရှင်းချန်က ရဲရှင်းဟွေ့ကို

"ငါ စကားဝှက်ကို တကယ်မေ့သွားတာ...အမေ့ဆီ ဖုန်းဆက်ပြီး မေးကြည့်လိုက်"

ထိုစကားကိုကြားသောအခါ ရဲရှင်းဟွေ့မှာ သူ၏လက်ကိုင်ဖုန်းကို ထုတ်ပြီး ဖခင်ဖြစ်သူ၏နံပါတ်ကို ခေါ်ဆိုလိုက်ရတော့သည်။ နံပါတ်ခေါ်ဆိုပြီးနောက် ရဲရှင်းဟွေ့က စပီကာဖွင့်လိုက်သည်။ ရဲရှင်းချန်လည်း ဖုန်းကို ကြည့်နေလိုက်သည်။ သူက ရဲရှင်းဟွေ့ကို ဖုန်းခေါ်ခိုင်းခြင်းမှာ ငွေရေးကြေးရေးကိစ္စကြောင့်သာမက သူ၏မိဘများ၏ တည်နေရာနှင့် ဘေးကင်းလုံခြုံမှုကိုပါ အတည်ပြုလိုသောကြောင့် ဖြစ်သည်။

【တောင်းပန်ပါတယ်! လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ယခုအချိန်တွင် ဆက်သွယ်၍မရနိုင်သေးပါ။ ကျေးဇူးပြု၍ နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုပါ။ တောင်းပန်ပါတယ်! လူကြီးမင်းခေါ်ဆိုသော...】

"ဖုန်းခေါ်လို့မရဘူးလား"

ရဲရှင်းဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် မိခင်ဖြစ်သူ၏နံပါတ်ကို ထပ်မံခေါ်ဆိုလိုက်သည်။

【တောင်းပန်ပါတယ်! လူကြီးမင်ယခေါ်ဆိုသော တယ်လီဖုန်းမှာ ယခုအချိန်တွင် ဆက်သွယ်၍မရနိုင်သေးပါ...】

မိဘနှစ်ပါးစလုံး၏ ဖုန်းကို ခေါ်မရသောအခါ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ မျက်နှာအမူအရာများမှာလေးနက်တည်ကြည်သွား၏။

ရဲရှင်းဟွေ့သည် သူမိဘများ၏ လုံခြုံရေးအတွက် စိုးရိမ်နေမိသည်။ ယခုအချိန်တွင် ရဲရှင်းဟွေ့သည် ပိုက်ဆံမရှိဘဲ မည်သို့အသက်ရှင်ရမည်ကို မစဉ်းစားတော့ပေ။ ထိုအစား သူ၏မိဘများ တစ်ခုခုများဖြစ်နေပြီလား...ဘာကြောင့် ဖုန်းခေါ်လို့မရတာများလဲ ဟူ၍သာတွေးတောနေမိသည်။

ရဲရှင်းချန်သည် သူ၏လက်ကိုင်ဖုန်းကိုထုတ်ကာ ရက်စွဲကို ကြည့်လိုက်သည်။

"ကျွန်းနိုင်ငံက ယာဆူကူနီနတ်ကွန်း မီးလောင်ဖို့ အချိန်နည်းနည်းလိုသေးတာပဲ၊ ဒါဆိုရင်တော့ ငါတို့မိဘတွေဆီမှာ ပြဿနာကြီးတော့ မရှိလောက်ပါဘူး"

"ယာဆူကူနီနတ်ကွန်းကို မကြာခင်မှာ ငါ့အဖေနဲ့ သူ့လူတွေ မီးရှို့မှာဆိုတော့ ဒီကြားထဲမှာ ပြဿနာမရှိနိုင်ဘူး။ ယာဆူကူနီနတ်ကွန်း မီးလောင်တဲ့အချိန်ကျရင် ငါတို့ ကျွန်းနိုင်ငံ(ဂျပန်)ကို ချက်ချင်းသွားပြီး သူတို့ကို ကယ်တင်လို့ရတယ်..."

ထိုသို့တွေးမိသောအခါ မူလက အနည်းငယ်စိုးရိမ်နေခဲ့သော ရဲရှင်းချန်လည်းနောက်ဆုံးတွင် စိတ်သက်သာရာရသွား၏။ အခုအရေးကြီးဆုံးက ကိုယ့်ရဲ့စွမ်းအားကို မြှင့်တင်ဖို့ပင်။ စွမ်းအားရှိနေလျှင် အရာအားလုံးသည် အဆင်ပြေမှာ ကျိန်းသေပင်ဖြစ်သည်။

...

ညီအစ်ကိုနှစ်ယောက်သည် ကိုယ်စီအတွေးများနှင့်အတူ အထုပ်အပိုးများကိုသယ်ဆောင်ကာ ကျင်းတူးအိမ်ယာ ဆီသို့ လျှောက်လှမ်းသွားကြသည်။

ထိုအခိုက်တွင် ရဲရှင်းချန်က လေးနက်သောမျက်နှာထားဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ အကြောင်းမှာ သူတို့နှစ်ယောက်ကို ဦးတည်နေသော လူသတ်ငွေ့တစ်ခုကို နောက်မှ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

နောက်လှည့်လိုက်သည်နှင့် ရဲရှင်းချန်သည် ပန်းပွင့်ရှပ်အင်္ကျီဝတ်ထားသော လူတစ်ယောက် သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ရဲရှင်းဟွေ့သည် သူ့အစ်ကို နောက်သို့လှည့်ကြည့်သည်ကို မြင်သောအခါ သူလည်း လိုက်၍လှည့်ကြည့်လိုက်သည်။

ပန်းပွင့်ရှပ်အင်္ကျီနှင့်လူသည် သူ၏ပစ်မှတ်များက သူ့ကို ပြန်ကြည့်

လိုက်သည်ကိုမြင်သောအခါ ပြုံးလိုက်ပြီး သူ၏လျှာကို ထုတ်ပြလိုက်သည်။

လျှာထုတ်ပြလိုက်သည့်အခါတွင် ရဲရှင်းဟွေ့သည် ထိုသူ၏လျှာပေါ်တွင် အကျွမ်းတဝင်ရှိသော အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာမှာ မြွေကွင်းစွပ် ၏ သင်္ကေတပင်ဖြစ်သည်။

တစ်ခုတည်းသော ခြားနားချက်မှာ ပန်းပွင့်ရှပ်အင်္ကျီနှင့်လူ၏ လျှာပေါ်မှ အမှတ်အသားမှာ အပြာ-ခရမ်းရောင်ဖြစ်ပြီး သူ၏လည်ပင်းပေါ်မှ အမှတ်အသားက အနီရောင်ဖြစ်နေခြင်းပင်ဖြစ်၏။

ရဲရှင်းချန်လည်း ပန်းပွင့်ရှပ်အင်္ကျီနှင့်လူ၏ လျှာပေါ်မှ ထိုသင်္ကေတကို တွေ့လိုက်ရပြီးနောက် သူ၏ညီဖြစ်သူ လည်ပင်းပေါ်ရှိသင်္ကေတကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် သူ့ကို ဦးတည်နေခြင်းမဟုတ်ဘဲ ရဲရှင်းဟွေ့ကို ဦးတည်နေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။

ရှေ့မှ လူသတ်သမားသည် သူ့ညီဆီသို့လာခြင်းဖြစ်ကြောင်း သိလိုက်သောအခါ ရဲရှင်းချန်၏ မျက်လုံးများတွင်လူသတ်ငွေ့များ ယှက်သန်းသွားသည်။

ရဲရှင်းဟွေ့သည် စိတ်ကို စုစည်းကာ ရှေ့မှ လူသတ်သမားကို ထိန်းချုပ်ရန် သူ၏အထူးစွမ်းရည်ကို အသုံးပြုရန်အသင့်ပြင်

နေလိုက်သည်။ထိုစဉ် သူ၏ အရာအားလုံးကိုမြင်နိုင်သောမျက်လုံးကိုလည်း ဖွင့်ထားလိုက်သည်။

ထိုမျက်လုံးတွင် ပြသနေသည်က ပန်းပွင့်ရှပ်အင်္ကျီနှင့်လူ၏ ခေါင်းပေါ်မှ တိုးတက်မှုဘားတန်းသည် ၈၀% ကျော်အထိ မြင့်မားနေသော်လည်း ထိုအရောင်မှာ နှစ်သက်မှုကိုပြသော အပြာရောင်လည်းမဟုတ်၊ မနှစ်မြို့မှုကိုပြသော အစိမ်းရောင်လည်းမဟုတ်ဘဲ သွေးကဲ့သို့ တောက်ပနေသော အနီရောင်ဖြစ်နေသည်။

"ဒီအနီရောင်က... လူသတ်လိုစိတ်ကို ကိုယ်စားပြုတာပဲ ဟုတ်တယ်မလား"

တိုးတက်မှုဘားတန်းက လူသတ်လိုစိတ်တန်ဖိုးကို ပြသနေသော်လည်း ၎င်းသည် ၈၀% အထိ မြင့်မားနေသောကြောင့် ထိုသူ၏ အချက်အလက်အချို့ကိုလည်း မြင်နိုင်နေသည်။

အမည် - ဟွားကျန့်ဟိုင် (ပန်းစပါးအုံး)

အသက် - ၃၂။

အလုပ်အကိုင်: လုပ်ကြံသတ်ဖြတ်သူ၊ ဝိုင်မြည်းစမ်းသူ၊ ကော်ဖီမြည်းစမ်းသူ၊ ဆံပင်ညှပ်ဆရာ...

စွမ်းရည်များ: တိတ်ဆိတ်စွာလုပ်ကြံခြင်း၊ မှောင်စွမ်းအင်  ၊ လှံသိုင်း၊ လုပ်ကြံခြင်းပညာ...

ကိုယ်ရေးရာဇဝင်: ????

...

ဟွားကျန့်ဟိုင်၏ နောက်ကြောင်းကို သေချာမသိသော်လည်း အပေါ်မှ အချက်အလက်များကို ကြည့်ရုံဖြင့်ပင် ရှေ့မှလူသတ်သမားသည် အလွန်အားကောင်းပြီး ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း အတည်ပြုနိုင်သည်။

ရဲရှင်းဟွေ့သည် ဘေးမှ အစ်ကိုဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ သူသည်ပြန်လည်မွေးဖွားလာသည်မှာ တစ်ရက်သာရှိသေးသော သူ၏အစ်ကိုက ရှေ့မှလူသတ်သမားကို အနိုင်တိုက်နိုင်မည်လားဟု မသေချာဖြစ်နေသည်။

လူသတ်သမား၏ အချက်အလက်များကိုကြည့်လိုက်လျှင် ဤလောကတွင် သိုင်းသမားများ တကယ်ရှိနေသည်မှာ ဖြစ်နိုင်သည်။

ဝတ္ထုတော်တော်များများတွင် မင်ကျင်း၊ အန်ကျင်း၊ ဟွားကျင်း၊ ပေါင်တန် စသည့် သိုင်းအဆင့်များအကြောင်း ပါတတ်သည်။

အန်ကျင်းအဆင့်သည်ပင် ထိပ်တန်းအဆင့်မဟုတ်သော်လည်း သာမန်လူများအတွက် သိုင်းပညာရှင်များဟု ခေါ်ဆိုနိုင်ပေသည်။

ပန်းစပါးအုံးသည် ရဲရှင်းဟွေ့နှင့် သူ့အစ်ကိုက သူ့ကို ကြည့်နေသည်ကိုမြင်သောအခါသူ၏လျှာကို ပြန်သိမ်းလိုက်ပြီး ရဲရှင်းဟွေ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့က ပန်းစပါးအုံးကို စူးစိုက်ကြည့်နေလိုက်သည်။ သူသည် ရှေ့မှ လူသတ်သမားကို ထိန်းချုပ်ရန် သူ၏အထူးစွမ်းရည်ကို အသုံးပြုရန် ကြံစည်ထားသည်။

ရဲရှင်းဟွေ့သည်လည်း သူ၏မျှော်လင့်ချက်အားလုံးကို မသေမျိုးဧကရာဇ်ဖြစ်သော သူ့အစ်ကိုအပေါ်တွင် ပုံအပ်မထားလိုပေ။ အဓိကအကြောင်းရင်းမှာ သူသည် သူ့အစ်ကို၏ စွမ်းအားကို မသေချာသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မသေမျိုးဧကရာဇ်တစ်ပါး ပြန်လည်မွေးဖွားလာပြီးနောက် သူ၏စွမ်းအားနှင့် ဝိညာဉ်ကို ဆုံးရှုံးသွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။

ပန်းစပါးအုံးသည် ရဲရှင်းဟွေ့နှင့် နှစ်မီတာ၊ သုံးမီတာအကွာသို့ ရောက်ရှိလာပြီး ရဲရှင်းဟွေ့သည် သူ၏အထူးစွမ်းရည်ကို အသက်သွင်းတော့မည်အပြုတွင် ထူးဆန်းသောအဖြစ်အပျက်တစ်ခု ဖြစ်ပွါးခဲ့၏။

အရပ်နှစ်မီတာခန့်ရှည်ပြီး အနက်ရောင်ဝတ်စုံ အနက်ရောင်နေကာမျက်မှန်နှင့် ဘလူးတုနားကြပ်တပ်ဆင်ထားသော ထွားကျိုင်းသည့်လူတစ်ယောက်က ပန်းစပါးအုံးကို ဝင်တိုက်လိုက်သည်။

ပန်းစပါးအုံးက ထိုလူသန်ကြီးကို ရက်စက်စွာကြည့်လိုက်စဉ် ထိုလူကြီးလည ပန်းစပါးအုံးကို ခေါင်းစောင်းငဲ့ကြည့်ကာ မေးလိုက်သည်။

"ဘာလောနေတာလဲ"

ပန်းစပါးအုံးက အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"ဘာကြည့်တာလဲ"

"မင်းကို ကြည့်လို့မရဘူးလား"

ထိုလူကြီးက ပန်းစပါးအုံး၏ ဆံပင်ကိုဆွဲကာ အနီးရှိ လမ်းကြားတစ်ခုဆီသို့ ခေါ်သွားတော့သည်။

All Chapters