← Chapters

ကတုံးတုံးမလား

Vol. 2 Ch. 20

ကတုံးတုံးမလား

Vol. 2 Ch. 20

နေ့လယ်ခင်းရဲ့ နောက်ဆုံးအတန်းချိန်။ 

ဤအတန်းချိန်သည် ကိုယ်ပိုင်လေ့လာချိန်ဖြစ်သည်။ ရဲရှင်းဟွေ့သည် မျက်လုံးများကိုမှိတ်ကာ သူ၏ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံနေခဲ့ပြီး ရှီမင်ယန်ကတော့ သူ့ဘေးတွင် ဂိမ်းကစားနေသည်။ ဒီနေ့တစ်နေ့လုံး စာသင်ချိန်တွေချည်းဖြစ်ပြီး နေ့လယ်စာကိုလည်း ကျောင်းကန်တင်းမှာပဲ စားခဲ့ကြသည်။

အစပိုင်းမှာတော့ ကျောင်းတက်ရသည်ကို ကြိုက်နှစ်သက်သော ခံစားချက်ကောင်းကောင်းရှိသည်။ 

ကျောင်းဝင်းထဲကို ပြန်ရောက်လာရသလိုမျိုး လန်းဆန်းတက်ကြွမှုကို ခံစားနေရသည်။ သို့သော်... အတန်းချိန်အနည်းငယ်ကြာပြီးသောအခါ ရဲရှင်းဟွေ့သည် အနည်းငယ် အိပ်ချင်လာသလို ခံစားလိုက်ရသည်။

"ရှင်းဟွေ့၊ ငါ့ကို ဂိမ်းခဏကစားပေးဦး။ ငါအိမ်သာသွားလိုက်ဦးမယ်။ နေ့လယ်က စားလိုက်တဲ့ ငှက်ပျောကြော်ထဲက မုန့်က သက်တမ်းကုန်နေတဲ့ပုံပဲ"

ထိုသို့ပြောပြီးနောက် ရှီမင်ယန်သည် ရဲရှင်းဟွေ့ မျက်လုံးဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ဂိမ်းစက်ကို သူ့လက်ထဲထည့်ပေးလိုက်သည်။

"ငါမင်းကိုပြောသားပဲ အဲ့ဒီ ရယ်ဒီမိတ်

အစားအစာတွေ မစားပါနဲ့လို့..."

တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အာရုံကို ဂိမ်းစက်ပေါ်သို့ ပြောင်းလိုက်သည်။

ရှီမင်ယန်ကစားနေခဲ့သည်မှာ Tetris 99 ဖြစ်ပြီး Tetris ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ ရိုးရာကစားနည်းအတိုင်း လူ ၉၉ ယောက် အတူတူယှဉ်ပြိုင်ရခြင်းဖြစ်သည်။

"Tetris ပဲ...တော်တော်လေး ဦးနှောက်သုံးရတဲ့ဂိမ်းပဲ"

ထိုသို့ပြောနေရင်း ရဲရှင်းဟွေ့၏ လက်ချောင်းများသည် ဂိမ်းစက်၏ခလုတ်များကို လျင်မြန်စွာ ဖိနှိပ်နေခဲ့သည်။ ဘာကြောင့်မှန်းမသိ၊ ဂိမ်းစက်ကိုကိုင်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏စိတ်များ ကြည်လင်သွားသည်ကို ခံစားလိုက်ရပြီး ဂိမ်းကစားသည့်နယ်ပယ်တွင် သူသည် ပြိုင်ဘက်ကင်းဖြစ်နေသလို ခံစားချက်မျိုး ရရှိလိုက်သည်။ ဆယ်မိနစ်ကျော်ကြာပြီးနောက် ရှီမင်ယန်သည် ဗိုက်ကိုဖိကာ ပြန်ရောက်လာသည်။

"ဘယ်လိုလဲ ၊ မင်း ဘယ်အဆင့်ရောက်သွားပြီလဲ"

ရှီမင်ယန်သည် ဂိမ်းစက်၏မျက်နှာပြင်ကို ကြည့်လိုက်သည်။ မကြည့်မိလျှင် ဘာမှဖြစ်မည်မဟုတ်သော်လည်း ကြည့်လိုက်သည့်အခါတွင်တော့ သူအလွန်အံ့အားသင့်သွားသည်။ ထိုအချိန်တွင် ရဲရှင်းဟွေ့သည် ပထမနေရာအတွက် နောက်ထပ်ကစားသမားတစ်ယောက်နှင့် ယှဉ်ပြိုင်နေပြီဖြစ်သည်။

"ဘာကြီးလဲဟ ၊ရှင်းဟွေ့၊ မင်း တော်တော် မိုက်တာပဲ"

ရှီမင်ယန်သည် ဂိမ်းကစားရာတွင်သိပ်မတော်သော်လည်း ဂိမ်းကစားရသည်ကို ကြိုက်နှစ်သက်သည့်သူဖြစ်သည်။ သူ Tetris 99 ကစားတိုင်း ထိပ်ဆုံးသုံးယောက်ထဲ တစ်ခါမှမဝင်ဖူးသော်လည်း ကစားသည်ကိုတော့ ကြိုက်နှစ်သက်ဆဲပင်ဖြစ်သည်။

ရှီမင်ယန်သည် ရဲရှင်းဟွေ့ကလည်း သူ့လိုပင် ဂိမ်းကစားရာတွင် ဘော့ဖြစ်သည်ဟု ထင်ထားသော်လည်း ယခုတော့...

"ဘယ်လိုဖြစ်တာလဲ ဆေးရုံမှာနေခဲ့ရလို့ ဂိမ်းကစားတဲ့ပါရမီ ရလာတာများလား။ "

နောက်ထပ် မိနစ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးကစားသမားသည် ရဲရှင်းဟွေ့၏ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားသည်။ ရဲရှင်းဟွေ့ ပထမနေရာရသွားသည်ကို မြင်သောအခါ ရှီမင်ယန်သည် ချက်ချင်းပင် သူ၏ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်ပြီး သူ့ရဲ့ Moments တွင် စာရေးပြီးတင်လိုက်သည်။

"ဘယ်ကောင်ကျန်သေးလဲ....ဘယ်ကောင်ကျန်သေးလဲ.... ပြိုင်ဘက်ကင်းရတာ တကယ်ကို အထီးကျန်တာပဲ"

ရဲရှင်းဟွေ့ကတော့ ရှီမင်ယန်၏ အရှက်မရှိသော အပြုအမူကိုမြင်ပြီး ဘာစကားမှမပြောနိုင်တော့ပေ။ Moments တွင်တင်ပြီးနောက် ရှီမင်ယန်

သည် ရဲရှင်းဟွေ့ကို မယုံနိုင်စွာကြည့်ရင်း

"ရဲရှင်းဟွေ့....ရဲရှင်းဟွေ... ငါတို့နှစ်ယောက်လုံးက ဘော့တွေလို့ ငါအမြဲထင်ခဲ့တာ။ မင်းက တကယ်တော့..."

စကားအဆုံးတွင် ရှီမင်ယန်သည် မိုးကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထိုအချိန်မှာပင် ကျောင်းဆင်းခေါင်းလောင်းသံ ထမြည်လာသည်။ ခေါင်းလောင်းသံကိုကြားသောအခါ မူလက စိတ်ဓာတ်ကျနေသော ရှီမင်ယန်သည် တဖန်ပြန်လည် စိတ်လှုပ်ရှားလာပြီး ရဲရှင်းဟွေ့ကို အဆောက်အဦးတွင်းရှိ စားပွဲတင်တင်းနစ်ခန်းမဆီသို့ ဆွဲခေါ်သွားတော့သည်။

ရှီမင်ယန်သာမက အတန်းထဲမှ အခြားကျောင်းသားအားလုံးလည်း ရဲရှင်းဟွေ့နှင့် ကျန်းဖန်တို့၏ ပြိုင်ပွဲအကြောင်းကို သိနေကြသည်။ ဘယ်လိုသိသွားတာလဲဟု မေးလျှင်တော့ ရှီမင်ယန်က ကောင်းကောင်းကြော်ငြာပေးခဲ့သောကြောင့်ဖြစ်သည်။

စားပွဲတင်တင်းနစ်ခန်းမထဲတွင်။

ကျန်းဖန်နှင့် သူမ၏ ပရိသတ်များသည် ရောက်နှင့်နေကြပြီဖြစ်သည်။ ထိုမျှသာမက ပြိုင်ပွဲအကြောင်းသိသော လူတိုင်းနီးပါး ရောက်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်ထျန်းထျန်းနှင့် ကျန်းဖန်တို့နှစ်ယောက်လုံးသည် ကျောင်းတွင် အလွန်နာမည်ကြီးကြသည်။

ကျန်းဖန်၏ ရုပ်ရည်က သိပ်မလှသော်လည်း သူမတွင် ကြည့်ကောင်းသော ခန္ဓာကိုယ်၊ သပ်ရပ်သောဆံပင်တိုနှင့် သူရဲကောင်းဆန်သော အမူအရာများရှိရာ အမျိုးသမီးပရိသတ်အများအပြားကို ဆွဲဆောင်ထားနိုင်သည်ဟု ဆိုနိုင်သည်။ ပိုင်ထျန်းထျန်းမှာတော့ ကူယန်အလယ်တန်းကျောင်း၏ အလှဘုရင်မများထဲမှ တစ်ယောက်ဖြစ်သည်။

ဝမ်ကျားယန် ကိုယ့်ကိုယ်ကိုသတ်မှတ်ထားသော ဘွဲ့ကတော့ ထည့်တွက်စရာပင်မလိုပေ။ ပိုင်ထျန်းထျန်းသည် ကျောင်းရှိ မရေမတွက်နိုင်သော ကျောင်းသားများက စုပေါင်းမဲပေးရွေးချယ်ထားသည့် ကျောင်း၏အလှဘုရင်မ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။

"အဲ့ဒီကောင်လေး လာရဲပါ့မလား မသိဘူး"

အားကစားဝတ်စုံဝတ်ဆင်ထားသော ကျန်းဖန်သည် စားပွဲတင်တင်းနစ်ခန်းမထဲသို့ တဖွဲဖွဲဝင်ရောက်လာကြသော လူများကိုကြည့်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။ ကျန်းဖန်၏ စကားကိုကြားသောအခါ အမျိုးသားကစားသမားတစ်ယောက်က လှောင်ရယ်ရင်း

"ဟမ့် သူ့ပြိုင်ဘက်က ဖန်အစ်မကြီးဖြစ်နေတာကိုး၊ ထွက်ပြေးသွားရင်လည်း နားလည်ပေးလို့ရပါတယ်လေ"

ထိုသူစကားဆုံးသည်နှင့် နောက်တစ်

ယောက်က ပြုံးရင်းပြောလိုက်သည်။

"ဖန်အစ်မကြီး အဲ့ဒီကောင် ရောက်လာရင် သူ့ကို ကတုံးတုံးခိုင်းမှာလား”

(ကတုံးတုံးတယ်ဆိုတာက ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်ကို တစ်မှတ်မှမရစေဘဲ ၁၁-၀ ရလဒ်နဲ့ အနိုင်ပိုင်းလိုက်တာကို ဆိုလိုတယ်။ စားပွဲတင်တင်းနစ်မှာတော့ ယေဘုယျအားဖြင့် ဒီလိုလုပ်လေ့မရှိဘူး။ ကတုံးတုံးတာက ပြိုင်ဘက်ကို လေးစားမှုမရှိတဲ့ အပြုအမူတစ်ခုပင်ဖြစ်သည်)

ထိုသူ၏စကားကိုကြားသောအခါ ကျန်းဖန်သည် အဝေးမှသူတို့ကိုကြည့်နေသော ပိုင်ထျန်းထျန်းကို လှမ်းကြည့်လိုက်ပြီးနောက် ပြုံးကာ

"ကတုံးတုံးတာတော့ မလုပ်တော့ပါဘူး"

ကျန်းဖန်စကားဆုံးသည်နှင့် လူတစ်စုသည် ရဲရှင်းဟွေ့ကို ဝန်းရံကာ စားပွဲတင်တင်းနစ်ခန်းမထဲသို့ ဝင်လာသည်ကို သူမမြင်လိုက်ရသည်။

ရဲရှင်းဟွေ့သည်လည်း စားပွဲတင်တင်းနစ်ရက်ကက်ကိုကိုင်ကာ သူ့ကိုကြည့်နေသော ကျန်းဖန်ကို မြင်လိုက်ရသည်။

"ဟိုတစ်ယောက်က ကျန်းဖန်လား"

ရဲရှင်းဟွေ့က သူ့ဘေးရှိ ရှီမင်ယန်ကိုမေးလိုက်သည်။

"ဟုတ်တယ်၊ အဲ့ဒါသူပဲ သူ့ရဲ့မျက်နှာကိုပဲကြည့်ရင် သူလည်း ကျောင်းရဲ့အလှဘုရင်မစာရင်းထဲ ဝင်နိုင်တယ်။ ထိပ်ဆုံးဆယ်ယောက်ထဲ မဝင်ရင်တောင် ထိပ်ဆုံးငါးဆယ်ထဲတော့ ဝင်မှာသေချာတယ်"

"ယိုးဟိုး ၊ ဒီကောင်လေး တကယ်လာရဲတာပဲ"

"အရှုံးပေးဖို့ လာတာလား"

"အဲ့လိုပဲဖြစ်မှာပေါ့ ၊မင်းမတွေ့ဘူးလား သူ ရက်ကက်တောင် ယူမလာဘူးလေ"

......

ရဲရှင်းဟွေ့ကိုမြင်သောအခါ ရဲရှင်းဟွေ့နှင့်အတူ အရန်အဖြစ်ရှိနေသော အသင်းမှ ကစားသမားအချို့က သူ့ကိုစတင်လှောင်ပြောင်ကြသည်။

ရဲရှင်းဟွေ့သည် ထိုလူများကို တစ်ချက်ကြည့်ကာ မထီမဲ့မြင်ပြုံးလိုက်သည်။

ရဲရှင်းဟွေ့သည် ဤပွဲကို အနိုင်ရရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

သို့သော်... သူ ရက်ကက်ယူလာဖို့ တကယ်မေ့သွားခဲ့သည်။

"ကျန်းဖန်... ငါရက်ကက်မပါလာဘူး။ ငါ့ကိုတစ်ချောင်းလောက် ငှားပေးလို့ရမလား"

ရဲရှင်းဟွေ့၏စကားကိုကြားသောအခါ ကျန်းဖန်က ခေါင်းညိတ်ပြပြီး သူမအိတ်ထဲမှ အပိုရက်ကက်ကို ထုတ်ပေးလိုက်သည်။ ရက်ကက်ကို လှမ်းယူလိုက်ချိန်တွင် သူက ကျန်းဖန်တစ်ယောက်သာကြားနိုင်သောအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

"မင်း သတိထားနေတာ ပိုကောင်းလိမ့်မယ်"

ထိုစကားကိုကြားသောအခါ ကျန်းဖန်၏မျက်လုံးများက အေးစက်သွားသည်။ ထိုအချိန်မှာပင် ပိုင်ထျန်းထျန်း ရောက်လာသည်။ ထိုအခါမှ ရဲရှင်းဟွေ့သည် ပိုင်ထျန်းထျန်းကို သတိထားမိလိုက်သည်။ ရဲရှင်းဟွေ့သည် ပိုင်ထျန်းထျန်းနှင့်ပတ်သက်သော အမှတ်တရအချို့ရှိနေသေးသည်။

ကျောင်းစားပွဲတင်တင်းနစ်အသင်းသို့ ဝင်ပြီးကတည်းက ရဲရှင်းဟွေ့သည် ပိုင်ထျန်းထျန်းကို သဘောကျခဲ့ပြီး လွန်ခဲ့သောအချိန်က ရုတ်တရက်သူမကို ချစ်ရေးဆိုခဲ့သည်။ ထိုဖွင့်ဟဝန်ခံမှုကြောင့်ပင် ယနေ့ပြိုင်ပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပိုင်ထျန်းထျန်းသည် သူ့အနားသို့လာကာ

"ကျောင်းသား ရဲရှင်းဟွေ့၊ အခုချိန်ထိ ကျန်းဖန်ရှုံးတာကို ကျွန်မသိပ်မမြင်ဖူးဘူး... ဒါကြောင့် သူ့ကိုရှုံးသွားရင်လည်း အရှက်ရစရာမဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်သာနိုင်သွားခဲ့ရင်တော့..."

ပိုင်ထျန်းထျန်းသည် သူမ၏စကားကို အဆုံးမသတ်ခဲ့သော်လည်း ရဲရှင်းဟွေ့ကမူဆိုလိုရင်းကို နားလည်သည်။ ပိုင်ထျန်းထျန်းက တကယ်ပင်လှပသော်လည်း... ရဲရှင်းဟွေ့ကတော့ သူမကို စိတ်ဝင်စားပုံမရပေ။

ရဲရှင်းဟွေ့သည် ပြန်လည်မွေးဖွားလာသည်နှင့် ဘုရင်ဖြစ်လာမည်ဟု တွေးထင်ခဲ့သော်လည်း တကယ်တမ်း လှပသောမိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင်တော့ သူတွေဝေသွားသည်။

ရဲရှင်းဟွေ့က အပြန်အလှန်နားလည်မှုနှင့် စာနာမှုမရှိသော ဆက်ဆံရေးသည် စစ်မှန်သောဆက်ဆံရေးမဟုတ်ဟု ယုံကြည်သည်။ ထို့ကြောင့် စားပွဲတင်တင်းနစ်ပွဲကို အနိုင်ရလျှင်ပင် ရဲရှင်းဟွေ့သည် ဤရည်းစားကို လက်ခံရန် အစီအစဉ်မရှိပေ။ အနည်းဆုံးတော့ သူက သူမကို ပိုမိုသိကျွမ်းအောင်လုပ်ချင်သည် သို့မဟုတ် သူမက သူ့ကို ပိုမိုသိကျွမ်းစေချင်သည်။

ရဲရှင်းဟွေ့ ပိုင်ထျန်းထျန်းကို ကြည့်နေစဉ်မှာပင် ကျန်းဖန်က မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ရဲရှင်းဟွေ့။ မင်းငါ့ကိုနိုင်ရင် ထျန်းထျန်းကို မင်းကြိုက်တာနဲ့ပတ်သက်ပြီး ငါဘာမှဝင်မပြောတော့ဘူး ၊မင်းရှုံးရင်တော့... အသင်းကထွက်သွားလိုက်တော့"

ကျန်းဖန်၏စကားကိုကြားသောအခါ သူက ယုံကြည်မှုရှိစွာခေါင်းညိတ်ရင်း

"သဘောတူတယ်"

ဤပွဲသည် ရဲရှင်းဟွေ့အတွက် ပိုင်ထျန်းထျန်းနှင့် သိပ်မသက်ဆိုင်သော်လည်း သူရရှိထားသောစွမ်းရည်က သူ့ကိုအရှုံးမပေးစေသောကြောင့် ဤပွဲကို သူနိုင်အောင်ကစားရမည်ဖြစ်သည်။

သူရရှိထားသော စွမ်းရည်များကြောင့် သူသည် တရုတ်နိုင်ငံမှစားပွဲတင်တင်းနစ်ကစားသမားတစ်ယောက်ဖြစ်နေခဲ့သည်။

.....

"ကျန်းဖန်... အားတင်းထား"

"ကျန်းဖန်... အားတင်းထား"

"ကျန်းဖန်... အားတင်းထား"

"ကျန်းဖန်... အားတင်းထား"

......

ပြိုင်ပွဲသည် ကျန်းဖန်အတွက် အားပေးသံများဖြင့် စတင်ခဲ့တော့သည်။

All Chapters