← Chapters

ထိပ်တန်း ပရော်ဖက်ရှင်နယ် Vs ထိပ်တန်း အပျော်တမ်းကစားသမား၊ ကျန်းဖန် အံ့အားသင့်သွားခြင်း

Vol. 2 Ch. 21

ထိပ်တန်း ပရော်ဖက်ရှင်နယ် Vs ထိပ်တန်း အပျော်တမ်းကစားသမား၊ ကျန်းဖန် အံ့အားသင့်သွားခြင်း

Vol. 2 Ch. 21

ပထမအကျော့တွင် ကျန်းဖန်က စားဗစ် စတင်ရိုက်ပို့သည်။ ကျန်းဖန် ရိုက်လိုက်သည့် ဘောလုံးသည် အလွန်မြန်ဆန်ပြီး ခန့်မှန်းရခက်သော လည်အားတစ်ခုလည်း ပါဝင်နေသည်။ သူမသည် ဤကဲ့သို့သော စားဗစ်ဘောလုံးမျိုးဖြင့် ကစားသမားများစွာကို အနိုင်ယူခဲ့ဖူးသည်။

ဘောလုံးက မြန်ဆန်ပြီး လည်ပတ်ပုံက ထူးဆန်းသော်လည်း ထိုအရာအားလုံးသည် ရဲရှင်းဟွေ့၏ အမြင်တွင်တော့ ဘာမှမဟုတ်ပေ။

ကျန်းဖန်က သူမ၏ စားဗစ်ရိုက်ချက်ကို အလွန်အမင်း ယုံကြည်မှုရှိနေ၍လား သို့မဟုတ် ရဲရှင်းဟွေ့ကို အထင်သေးလိုက်၍လားတော့ မသိ၊ ရဲရှင်းဟွေ့က ဘောလုံးကို ပြန်ရိုက်လိုက်ချိန်တွင် သူမသည် လုံးဝပင် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းဖန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ကျန်းဖန်တစ်ယောက်တည်းသာမက ရဲရှင်းဟွေ့နှင့် အတူတူ လေ့ကျင့်နေကျ ကစားသမားများပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။

ရဲရှင်းဟွေ့၏ အဆင့်ကို သူတို့ထက်ပို၍ မည်သူမျှ မသိနိုင်ပေ၊ သို့သော်... မည်သူမျှ မမျှော်လင့်ထားသည်မှာ ရဲရှင်းဟွေ့က ကျန်းဖန်၏ စားဗစ်ဘောလုံးကို ဤမျှ လွယ်ကူစွာ ပြန်ရိုက်နိုင်လိမ့်မည်ဟုပင်။ အရေးကြီးဆုံးကတော့ ကျန်းဖန်က လုံးဝပင် မတုံ့ပြန်နိုင်ခဲ့ခြင်းပင်...

ကျန်းဖန်က ရဲရှင်းဟွေ့ကို စိုက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "မင်းမှာလည်း အရည်အချင်းနည်းနည်းတော့ ရှိပုံပဲ"

ထိုသို့ပြောပြီးနောက် ကျန်းဖန်သည် ပင်ပေါင်ဘောလုံးကို ထုတ်ယူလိုက်ပြီး သူ၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွားသည်။

တစ်ဖက်တွင်တော့ ရဲရှင်းဟွေ့သည် အလွန်အမင်း ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ရှိနေသည်။

ပွဲစ၍ စားဗစ်ရိုက်သည်။ ကျန်းဖန်သည် မြန်ဆန်ပြီး ထူးဆန်းသော လည်အားပါသည့် စားဗစ်ဘောလုံးကို ထပ်မံရိုက်လိုက်သည်။ ထိုအခြင်းအရာကိုမြင်သော် ရဲရှင်းဟွေ့သည် သူ၏လက်ကို မြှောက်လိုက်ပြီး ရက်ကက်ကိုလွှဲကာ ဘောလုံးကို ပြန်ရိုက်လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ရဲရှင်းဟွေ့ကို အထင်မသေးတော့သောကြောင့် ကျန်းဖန်သည်လည်း  ရက်ကက်ကိုလွှဲကာ ဘောလုံးကို ပြန်ရိုက်လိုက်သည်။

ဘောလုံးနှစ်လုံး ရိုက်ပြီးနောက်တွင် ရဲရှင်းဟွေ့နှင့် ကျန်းဖန်တို့ အပြန်အလှန် ယှဉ်ပြိုင်ကစားနေကြသည်။ ကျန်းဖန်က ဤအမှတ်ကို အမြန်ဆုံး အနိုင်ရလိုပုံပေါ်သည်။ ထို့ကြောင့် အပြန်အလှန် ရိုက်နေစဉ်တွင် သူမသည် အမြဲတမ်း တိုက်စစ်ဆင်နေပြီး ရက်ကက်ကို လွှဲလိုက်တိုင်း လုံးဝ အရှိန်မလျှော့ပေ။

ရဲရှင်းဟွေ့ဘက်တွင်တော့ သူသည် ခံစစ်ဖြစ်ကာကွယ်နေပြီး သူ၏ တစ်ကိုယ်လုံးသည် တဖြည်းဖြည်း နောက်သို့ဆုတ်သွားကာ နောက်ဆုံးတွင် နောက်ဘက်ရှိ ပရိသတ်ထိုင်ခုံများဆီသို့ပင် ရောက်လုနီးပါး ဖြစ်သွားသည်။

ရဲရှင်းဟွေ့သည် ရက်ကက်ကို ဘယ်လက်ဖြင့် ကိုင်ထားပြီး ဘောလုံးကို ပြန်ရိုက်လိုက်တိုင်း အောက်မှနေ၍ အပေါ်သို့ ပင့်တင်ရိုက်လိုက်သည်။

သူ၏နောက်တွင်ရှိသော ပရိသတ်များက ပင်ပေါင်ဘောလုံးလေးသည် မျက်နှာချင်းဆိုင် စားပွဲခုံပေါ်သို့ မျဉ်းကွေးပုံစံဖြင့် ကျသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"ဒါက ဘာကြီးလဲကွာ။ ရဲရှင်းဟွေ့က တကယ်ပဲ အဲ့ဒီလောက် တော်နေတာလား"

"ငါ မှတ်မိသလောက် သူက အရန်ကစားသမား မဟုတ်လား"

"ဟုတ်တယ်၊ သူက ဒီလောက် ဝှက်ဖဲဖြစ်နေလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး"

ရဲရှင်းဟွေ့ ဘောလုံးရိုက်နေသည်ကို မြင်သော ပရိသတ်များသည် သူ၏ အရည်အချင်းကို စတင် ချီးကျူးနေကြသည်။ ရဲရှင်းဟွေ့၏ နောက်တွင် ရပ်နေသော ရှီမင်ယန်သည်လည်း ထိုမြင်ကွင်းကိုတွေ့ကာ သူ့ဘေးရှိလူများကို ရယ်မောပြီး ပြောလိုက်သည်။ "တွေ့လား၊ အဲ့ဒါ ငါ့ညီလေးကွ။ ပင်ပေါင် ပါရမီရှင် ရဲရှင်းဟွေ့က ငါ့ညီလေး"

သူ့နောက်မှ ရှီမင်ယန်၏ စကားကို ကြားလိုက်သောအခါ ရဲရှင်းဟွေ့သည် ဒယိမ်းဒယိုင်ပင် ဖြစ်သွားမတတ်ဘဲ စိတ်ထဲမှ တွေးလိုက်သည်။ "မနက်ကပဲ ငါ ရှုံးမှာသေချာတယ်လို့ ပြောခဲ့ပြီးတော့ အခုကျတော့ ငါ့ကို ချီးကျူးနေပြန်ပြီ။ မျက်နှာပြောင် တိုက်ချက်ပဲ"

ရဲရှင်းဟွေ့နှင့် ကျန်းဖန်တို့ အပြန်အလှန်ရိုက်ခတ်ခဲ့သော ဘောလုံး အချက် ဒါဇင်ကျော်တွင် ရဲရှင်းဟွေ့၏ ခုခံကာကွယ်မှုသည် အပြစ်ပြောစရာမရှိဟု ဆိုနိုင်သည်။ ရဲရှင်းဟွေ့၏ ခုခံကာကွယ်မှု အလွန်ကောင်းသောကြောင့်ပင် ကျန်းဖန်သည် တဖြည်းဖြည်း စိတ်မရှည် ဖြစ်လာသည်။ 

သူမ စိတ်မရှည်လေလေ၊ အမှားလုပ်မိဖို့ အခွင့်အလမ်းများလေလေ ဖြစ်သည်။ ဘောလုံးအနည်းငယ် ထပ်ရိုက်ပြီးနောက်တွင် ကျန်းဖန်၏ ဘောလုံးသည် စားပွဲခုံကို မထိဘဲ လွဲချော်သွားသောကြောင့် အမှတ်ရှုံးသွားသည်။

ကျန်းဖန် ထပ်မံ စားဗစ်ရိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကျန်းဖန်သည် ရဲရှင်းဟွေ့နှင့် အပြန်အလှန် ယှဉ်ပြိုင်ကစားရန် ရည်ရွယ်ချက်မရှိတော့ပေ။

ပထမအချက်မှာ နှစ်ယောက်သား ကျားမ မတူညီကြပေ၊ မိန်းကလေးနှင့် ယောကျ်ားလေးကြားတွင် အမြဲတမ်း ခြားနားချက် အနည်းငယ်တော့ ရှိစမြဲပင်။

ဒုတိယအချက်မှာ ရဲရှင်းဟွေ့သည် ခုခံကာကွယ်မှုတွင် အလွန်ကောင်းလွန်းသောကြောင့် ဆက်ပြီး အပြန်အလှန်ရိုက်နေပါက သူမအတွက် အသာစီးမရနိုင်ပေ။

ဤတစ်ကြိမ်တွင် ကျန်းဖန်သည် ကျွမ်းကျင်မှုဖြင့် အနိုင်ယူရန် ကြံရွယ်လိုက်သည်။ ကျန်းဖန်သည် ဘက်ဟန်းရော ဖန်းပါ အလွန်ကျွမ်းကျင်ပြီး ဘောလုံးကျမည့်နေရာကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ပြိုင်ဘက်ကင်းသည်။

 ထို့အပြင် ရဲရှင်းဟွေ့က ဘယ်လက်ဖြင့် ရက်ကက်ကိုင်ပြီး ကျန်းဖန်ကိုယ်တိုင်က ညာလက်ဖြင့် ရက်ကက်ကိုင်သောကြောင့် နှစ်ယောက်သားသည် လားရာတူ ဘောလုံးရိုက်နေကြသည်ဟု ဆိုနိုင်သည်။ ကျန်းဖန်က ရဲရှင်းဟွေ့၏ ညာဘက်ခြမ်းကို တိုက်စစ်ဆင်ရန် ကြိုးစားနေသမျှကာလပတ်လုံး ရဲရှင်းဟွေ့သည် မကြာမီ အားနည်းချက်တစ်ခု ပေါ်လာလိမ့်မည်ဟု သူမ ယုံကြည်သည်။

စားဗစ် ထပ်မံရိုက်သည်။ ဤတစ်ကြိမ်တွင် နှစ်ဖက်စလုံးသည် ဘောလုံးကို အလွန်ချောမွေ့စွာ ရိုက်နေကြပြီး ပင့်တင်ရိုက်သည့် ပုံစံမျိုး မပါဝင်ပေ။ သို့သော် ဘောလုံး၏ အရှိန်သည် တဖြည်းဖြည်း ပို၍ပို၍ မြန်ဆန်လာကာ ကစားသမားများ၏ တုံ့ပြန်နိုင်စွမ်းကို ကြီးမားစွာ စမ်းသပ်နေသကဲ့သို့ ဖြစ်နေသည်။

"အခွင့်အရေးပဲ"

ကျန်းဖန်သည် အလွန်ကောင်းမွန်သော ဘောလုံးကျမည့်နေရာတစ်ခုကို ရုတ်တရက် မြင်လိုက်သည်။ ဘောလုံးသည် စားပွဲခုံကို ထိပြီးနောက် ကျန်းဖန်သည် သူမ၏ ညာလက်ဖြင့် ရက်ကက်ကို လွှဲလိုက်ရာ လည်နေသော ဘောလုံးသည် ရဲရှင်းဟွေ့ဘက်ခြမ်း၏ ညာဘက်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်။

ဤမြင်ကွင်းကိုမြင်သော် အခြားအသင်းဖော်များနှင့် ဘေးမှကြည့်နေသူများအားလုံးက ရဲရှင်းဟွေ့ အမှတ်ရှုံးတော့မည်ဟု ထင်လိုက်ကြသည်။

ကျန်းဖန်ကိုယ်တိုင်ပင် ထိုသို့ထင်နေသည်။ ဤဘောလုံး၏ ကျမည့်နေရာသည် အလွန်အကွက်မြင်သည်ဟု ဆိုနိုင်ပြီး ရဲရှင်းဟွေ့အနေဖြင့် ဘေးတိုက်ခုခံကာကွယ်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

ရဲရှင်းဟွေ့ဘက်တွင်တော့ ဘောလုံးကျမည့်နေရာကို ခန့်မှန်းမိပြီးနောက် သူသည်လည်း ပြုံးလိုက်သည်။ ရဲရှင်းဟွေ့၏ ကျွမ်းကျင်မှုများသည် အခြားကမ္ဘာတစ်ခုမှ တရုတ် ပရော်ဖက်ရှင်နယ် ကစားသမားများထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုကစားသမားသည် ပင်ပေါင်အနုပညာရှင်ဟူသော ဘွဲ့ကို ရရှိထားသည်။ သူရိုက်သည့် ဘောလုံးများနှင့် ပြန်လည်လက်ခံသည့် ဘောလုံးများသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

ဘောလုံးသည် စားပွဲခုံပေါ်သို့ ကျသည်နှင့် တပြိုင်နက် ရဲရှင်းဟွေ့သည် ရက်ကက်ကိုင်ထားသော သူ၏ဘယ်ဘက်လက်ကို ကျောဘက်သို့ ထားလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ဘယ်ဘက်သို့ အနည်းငယ် ယိမ်းလိုက်ရာ ပင်ပေါင်ဘောလုံးသည် ရဲရှင်းဟွေ့ ကျောနောက်တွင် ကိုင်ထားသော ရက်ကက်ပေါ်သို့ အတိအကျ ကျရောက်သွားခဲ့သည်။ ဤမြင်ကွင်းကိုမြင်သော် ထိုနေရာတွင် ရှိနေသော လူတိုင်း အံ့အားသင့်သွားကြသည်။

"ဘောလုံးကို ဒီလိုမျိုးလည်း ပြန်ရိုက်လို့ရသေးတာလား"

"မဖြစ်နိုင်တာကြီးကွာ... ငါ ဘာမြင်လိုက်တာလဲ။ ကျောနောက်ကနေ ပြန်ရိုက်တာလား"

"မဖြစ်နိုင်ဘူး....ပရော်ဖက်ရှင်နယ်ပွဲတွေမှာတောင် ဒီလို ဘောလုံးပြန်ရိုက်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"တောက်....တကယ်နှမြောဖို့ကောင်းတယ်။ ငါ ဘာလို့ ဗီဒီယို မရိုက်ထားမိပါလိမ့်"

"ဟားဟား၊ ငါကတော့ ဒီမြင်ကွင်းကို အတိအကျ ဗီဒီယိုရိုက်ထားလိုက်တယ်။ ဒါကို အွန်လိုင်းပေါ်တင်လိုက်ရင် ကြည့်ရှုသူအများကြီး ရမှာသေချာတယ်"

......

အမှတ်ရတော့မည်ဟု ထင်ထားသော ကျန်းဖန်သည် တစ်ဖန် ပေါ့ဆသွားပြီး ရဲရှင်းဟွေ့၏ ကျောနောက်မှ ပြန်ရိုက်လိုက်သော ရိုက်ချက်ကြောင့် နောက်တစ်မှတ် ထပ်ပေးလိုက်ရသည်။

ဤအမှတ်ကို ရရှိပြီးနောက် ရဲရှင်းဟွေ့ မော့ကြည့်လိုက်ရာ ပွဲကြည့်နေသော ကျောင်းနေဖက်များသည် ယေဘုယျအားဖြင့် သူ့အပေါ် နှစ်သက်မှု ပမာဏက ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်အထိ တိုးလာသည်ကို တွေ့လိုက်ရသည်။

သဘာဝအတိုင်းပင်၊ မကျေနပ်မှု အဆင့်တိုးလာသူ အချို့လည်းရှိပြီး၊ သူတို့က သူ ဟန်ဆောင်လွန်းသည်ဟု ထင်သောကြောင့် ဖြစ်နိုင်သည်။

နောက်ဆုံးတွင် ရဲရှင်းဟွေ့သည် သူ၏အကြည့်ကို အားပေးသူဝတ်စုံ ဝတ်ဆင်ထားသော ပိုင်ထျန်းထျန်းထံသို့ ရောက်သွားသည်။

ပိုင်ထျန်းထျန်းရဲ့ သူ့အပေါ် နှစ်သက်မှုက အခု ၅၀% ကျော်သွားပါပြီ...

ကျန်းဖန်သည် ရှင်းပြမရနိုင်သော ဤဘောလုံးရိုက်နည်းကြောင့် မှင်သက်နေပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။ ကျန်းဖန်သည် ရက်ကက်ကို စားပွဲခုံပေါ်တင်ကာ သူ၏ ဘယ်ဘက်လက်မှ ချွေးသုတ်ပတ်ဖြင့် နဖူးမှချွေးများကို သုတ်လိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် နှစ်ချက်လောက် ပုတ်လိုက်သည်။

ကျန်းဖန် စိတ်တည်ငြိမ်သွားပြီးနောက် စားဗစ် ထပ်မံရိုက်သည်။ ဤတစ်ကြိမ်တွင် ကျန်းဖန်သည် ပို၍ တည်ကြည်လေးနက်နေသည်။ ကျန်းဖန်သည် ပြိုင်ဘက် ပိုအားကောင်းလေ သူမ ပိုအားကောင်းလာလေ အမျိုးအစားဖြစ်ပြီး သို့မဟုတ်ပါက သူမသည် ယနေ့ကဲ့သို့ အင်အားကြီးမားနေမည် မဟုတ်ပေ။

သို့သော် ကျန်းဖန် မည်မျှပင် အားကောင်းလာပါစေ၊ သူမသည် ယနေ့ ရှုံးနိမ့်ရန် ကံကြမ္မာပါလာခဲ့သည်။ အကြောင်းမှာ... သူမနှင့် ရဲရှင်းဟွေ့ကြားက ကွာဟချက်သည် အလွန်ကြီးမားသောကြောင့် ဖြစ်သည်။

ယှဉ်ပြိုင်ကစားရသော ဂိမ်းများဖြစ်စေ၊ အားကစားပြိုင်ပွဲများဖြစ်စေ၊ အပျော်တမ်းကစားသမားများသည် အောင်မြင်မှုအချို့ရရှိပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားများနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ထင်ကြသည်။ ဤသည်မှာ အပျော်တမ်းကစားသမားများ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။

ရဲရှင်းဟွေ့၏ ကျွမ်းကျင်မှုများသည် ထိပ်တန်း ပရော်ဖက်ရှင်နယ်အဆင့်တွင်ရှိသော်လည်း ကျန်းဖန်မှာတော့ အကောင်းဆုံးအားဖြင့် ထိပ်တန်း အပျော်တမ်းအဆင့်တွင်သာ ရှိနေသည်။

......

ရလဒ်က တစ်မှတ်- (0-1)

ရလဒ်က နှစ်မှတ်- (0 - 2)

ရလဒ်က သုံးမှတ်- (0 - 3)

သို့သော် ပွဲသည် ၃-၀ ရလဒ်ဖြင့် ပြီးဆုံးသွားသောအခါ ကျန်းဖန်သည် ထုံကျင်သွားတော့သည်။ ရဲရှင်းဟွေ့၏ အမျိုးမျိုးသော ပြန်ရိုက်ချက်များ၊ စားဗစ်ရိုက်ချက်များ၊ ခုခံတန်ပြန်တိုက်စစ်များနှင့် အားပြင်းသော တိုက်စစ်များ အားလုံးသည် သူမကို မည်သို့မျှ ခုခံကာကွယ်နိုင်စွမ်းမရှိအောင် ပြုလုပ်ခဲ့ပြီး မူလတန်းကျောင်းသားတစ်ယောက်လို ကျီစယ်ခံနေရသလိုမျိုး ခံစားရစေခဲ့သည်။

All Chapters