အပြတ်အသတ်နိုင်ပွဲ
Vol. 2 Ch. 22
ပြိုင်ပွဲဟာပြီးဆုံးခဲ့ပြီ။
ရဲရှင်းဟွေ့ဟာ ကျန်းဖန်ကို ၃-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့သည်။
ရဲရှင်းဟွေ့က ပိုင်ထျန်းထျန်းကို ကြည့်လိုက်သည်။ သူက ပိုင်ထျန်းထျန်းက မူလပိုင်ရှင်ကို ဘယ်လောက်တောင် သဘောကျလဲဆိုတာ သိချင်နေခဲ့သည်။ ယခု ပိုင်ထျန်းထျန်းရဲ့ ရဲရှင်းဟွေ့အပေါ် နှစ်သက်မှုက ၆၀% ကျော်လွန်သွားပြီး ၇၀% နီးပါး ရောက်နေပြီဖြစ်သည်။ တခြားဘာမှ ပြောဘဲ ဒီနှစ်သက်မှုတန်ဖိုးကို ကြည့်ရုံနဲ့ပဲ ဒီကျောင်းရဲ့ နတ်သမီးလေးဟာ သူ့ကောင်မလေး ဖြစ်လာနိုင်တာ သေချာနေပါပြီ။
"ကြည့်ရတာ... မူလပိုင်ရှင်က ပိုင်ထျန်းထျန်းရဲ့ နှစ်သက်မှုကို ရဖို့ အတော်လေး ကြိုးစားခဲ့ရတာပဲ... ဟူး... တကယ်ကို နှမြောစရာပဲ"
ရဲရှင်းဟွေ့က သက်ပြင်းချသလိုဖြင့် ဒီစကားကို ပြောလိုက်သည်။
ကျန်းဖန်ကတော့ ခုံပေါ်တွင် ခေါင်းငိုက်စိုက်ချပြီး တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
ကျန်းဖန်က ရဲရှင်းဟွေ့ကို လက်ညှိုးထိုးပြီး "နောက်တစ်ခါတော့ ငါမင်းကို မနိုင်နိုင်အောင် လုပ်ပြမယ်" လို့ အော်ပြောချင်နေ၏။ အရမ်းပြောချင်နေပေမဲ့လည်း... သူမမှာ ထိုစကားကို ပြောထွက်ဖို့ ယုံကြည်မှုမရှိပေ။ အကြောင်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က အရမ်းကြီးမားနေလို့၏။
ကျန်းဖန်က ခေါင်းကိုမော့ပြီး ပိုင်ထျန်းထျန်းရှိရာဘက်သို့ ကြည့်လိုက်သည်။ ပိုင်ထျန်းထျန်းက ရဲရှင်းဟွေ့ဆီသို့ လျှောက်သွားနေသည်ကို မြင်သောအခါ နောက်ဆုံးတွင်တော့ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းပြန်ငုံ့ချလိုက်တော့သည်။
ကျန်းဖန် ဒီလိုဖြစ်နေတာကို မြင်တော့ သူ့အသင်းဖော်တွေလည်း ရှေ့ထွက်ပြီး နှစ်သိမ့်ဖို့ မကြိုးစားကြတော့ပေ။ အဓိကအကြောင်းကတော့ ကျန်းဖန် ဒီလောက်ဆိုးဆိုးရွားရွား ရှုံးနိမ့်တာကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပြီး ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ မသိကြလို့ပင်...
တစ်ဖက်တွင်တော့ ရဲရှင်းဟွေ့က ပိုင်ထျန်းထျန်း သူ့ဆီ လျှောက်လာနေတာကို မြင်လိုက်ရချိန်မှာ သူ့နှလုံးသားက ဒရယ်လေးတစ်ကောင်လို ခုန်ပေါက်လိုနေခဲ့၏။
"သူမက ငါ့ကို တန်းဖက်လိုက်မှာလား"
"ဒါမှမဟုတ်... ငါ့ကောင်မလေးအဖြစ် ဝန်ခံလိုက်မှာလား"
"ဒါမှမဟုတ် ငါနဲ့အတူ ညစာစားဖို့ ခေါ်မှာလား"
"ဒါမှမဟုတ်... ဒီတိုင်းပဲ..."
နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေကို တွေးရင်း ရဲရှင်းဟွေ့က ဘယ်လို ပါးပါးနပ်နပ် ငြင်းဆန်ရမလဲဆိုတာ စဉ်းစားနေခဲ့သည်။ ရဲရှင်းဟွေ့ ဟိုတွေးဒီတွေးလုပ်နေတုန်းမှာပဲ ပိုင်ထျန်းထျန်းက သူ့ရှေ့ကို ရောက်လာပြီး "ရဲရှင်းဟွေ့၊ ကျေးဇူးတင်ပါတယ်"
"ဟင်?" ရဲရှင်းဟွေ့က နားမလည်သလို ကြည့်လိုက်ပြီး "ငါ့ကို ကျေးဇူးတင်တယ် ဟုတ်လား.... ဘာအတွက်လဲ"
"ဒီပြိုင်ပွဲကနေတစ်ဆင့် ငါ့ရဲ့နှလုံးသားကို ငါရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့ပြီ" ပိုင်ထျန်းထျန်းရဲ့ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့က အခြေအနေတွေက သူထင်ထားတာနဲ့ တခြားစီ ဖြစ်နေလောက်ပြီဆိုတာကို ရုတ်တရက် သဘောပေါက်သွားသည်။
နောက်ထပ်စကားတွေက ရဲရှင်းဟွေ့ရဲ့ ခန့်မှန်းချက်ကို လုံးဝအတည်ပြုပေးလိုက်ပြီး ရဲရှင်းဟွေ့ကိုလည်း မှင်တက်သွားစေခဲ့သည်။
"နင်ငါ့ကို အရမ်းသဘောကျတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့... ဒီပြိုင်ပွဲကနေတစ်ဆင့် ကျန်းဖန်အပေါ်ထားတဲ့ ငါ့ရဲ့ခံစားချက်တွေကို ငါရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ပြီ" ထိုသို့ပြောပြီးနောက် ပိုင်ထျန်းထျန်းက ကျန်းဖန်ရှိရာသို့ လျှောက်သွားခဲ့သည်။
ပတ်ဝန်းကျင်က ကြည့်နေတဲ့လူတွေလည်း ပိုင်ထျန်းထျန်းရဲ့ စကားကို ကြားလိုက်ရပြီး ပွဲကောင်းကြည့်ရတော့မယ့် မျက်လုံးတွေနဲ့ ဒီမြင်ကွင်းကို ကြည့်နေကြသည်။
ပိုင်ထျန်းထျန်းက ခေါင်းငုံ့ပြီး ကျန်းဖန်ကို "နင်အရှုံးပေးလိုက်ပြီလား" လို့ မေးလိုက်သည်။ ပိုင်ထျန်းထျန်းရဲ့စကားကိုကြားတော့ ကျန်းဖန်က ခေါင်းမော့လာပြီး မျက်ရည်တွေဝေ့နေတဲ့ မျက်လုံးတွေနဲ့ "ထျန်းထျန်း၊ ငါတောင်းပန်ပါတယ်... ငါရှုံးသွားပြီ"
"မဟုတ်ဘူး... ငါမေးတာက နင်လက်လျှော့လိုက်ပြီလားလို့" ပိုင်ထျန်းထျန်းက ထပ်မေးလိုက်သည်။
"ငါ..." ကျန်းဖန်က သူမ ရဲရှင်းဟွေ့ကို မနိုင်ဘူးလို့ ပြောချင်နေပေမဲ့ ပိုင်ထျန်းထျန်းရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်ဝန်းတွေကို မြင်လိုက်ရတော့ စကားလမ်းကြောင်းပြောင်းပြီး "ငါ... ငါအရှုံးမပေးဘူး"
ဒီစကားကိုကြားတော့ မူလက ခံစားချက်မဲ့နေတဲ့ ပိုင်ထျန်းထျန်းရဲ့ မျက်နှာပေါ်မှာ ပတ်ဝန်းကျင်က ကောင်လေးတွေကို ယစ်မူးသွားစေတဲ့ အပြုံးတစ်ခု ရုတ်တရက် ပွင့်လန်းလာခဲ့သည်။
ပိုင်ထျန်းထျန်းက ပြုံးရင်းနဲ့ ကျန်းဖန်ကို ဆွဲထူလိုက်ပြီး သူမကို နှုတ်ခမ်းပေါ် တည့်တည့် နမ်းလိုက်သည်။ ကျန်းဖန်ကို အားပါပါ နမ်းပြီးနောက် ပိုင်ထျန်းထျန်းက လူအုပ်ကြီးကို "ဒီနေ့ လူတိုင်းရဲ့ရှေ့မှာ ငါကြေညာတယ်... ငါက မိန်းကလေးအချင်းချင်းပဲ စိတ်ဝင်စားတယ်လို့ ဝန်ခံလိုက်ပြီ"
ပိုင်ထျန်းထျန်းရဲ့ ရဲရင့်တဲ့စကားတွေကြောင့် ကြည့်နေတဲ့လူတွေဆီက အံ့အားသင့်သံ ချီးကျူးသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့က ရဲရှင်းဟွေ့ကို ကြည့်လိုက်ကြပြီး အားလုံးက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
"ငြင်းဖို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း၊ ဒီကောင်မလေးက မိန်းကလေးအချင်းချင်း စိတ်ဝင်စားတယ်လို့ ဝန်ခံသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"ဒီလောက်လှတဲ့ ကောင်မလေးက မိန်းကလေးအချင်းချင်း စိတ်ဝင်စားတယ်ဆိုတာ တကယ်နှမြောစရာပဲ"
ကျန်းဖန်က ပိုင်ထျန်းထျန်း ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ အစပိုင်းမှာ သူနည်းနည်း ကြောင်အသွားပေမဲ့ သူမြင်နေရတာ အိပ်မက်မဟုတ်ဘူးဆိုတာ သေချာသွားတဲ့အခါမှာတော့ အရမ်းကို စိတ်လှုပ်ရှားသွားသည်။
"ငါ... ငါနင့်ကို အကြာကြီးလိုက်ခဲ့တာ၊ နောက်ဆုံးတော့ နင်သဘောတူခဲ့ပြီ" ကျန်းဖန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
ပတ်ဝန်းကျင်က ကြည့်နေတဲ့လူတွေကတော့ ကျန်းဖန်နဲ့ ပိုင်ထျန်းထျန်းအတွက် သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ ဆုတောင်းစကားတွေကို ပြောနေကြသည်။
ပိုင်ထျန်းထျန်းဟာ ကောင်လေးတစ်ယောက်နဲ့ တွဲသွားရင် ပတ်ဝန်းကျင်က ကောင်လေးတွေက မနာလို၊ အားကျ၊ မုန်းတီးကြမှာဖြစ်ပေမဲ့... ကောင်မလေးနှစ်ယောက်... စဉ်းစားကြည့်ရုံနဲ့တင် နည်းနည်း စိတ်လှုပ်ရှားစရာပင်!
......
ရဲရှင်းဟွေ့ တိတ်ဆိတ်စွာ ရပ်နေတာကိုမြင်တော့ သူ့သူငယ်ချင်း ရှီမင်ယန်က သူ့နောက်ကို ရောက်လာသည်။
"ရှင်းဟွေ့! ဝမ်းမနည်းနဲ့၊ မင်းမှာငါရှိသေးတယ်ဆိုတာ မမေ့နဲ့"
ရဲရှင်းဟွေ့က လှည့်ပြီး ရှီမင်ယန်ကို မျက်စောင်းထိုးလိုက်ကာ စိတ်မပါ့တပါ ပြုံးရင်းနဲ့ "သွားစမ်းပါ! ငါက gay မဟုတ်ဘူး။ မင်းဝန်ခံချင်ရင် တခြားတစ်ယောက်ကို သွားရှာ"
ရဲရှင်းဟွေ့က ကောင်မလေးနှစ်ယောက် ဖက်နေတာကို ကြည့်နေတုန်းမှာပဲ ဘော့ဆံပင်ပုံစံနဲ့ ကောင်မလေးတစ်ယောက်က သူ့လက်ထဲမှာ ဖုန်းတစ်လုံးကိုင်ပြီး ရဲရှင်းဟွေ့ဆီ လျှောက်လာခဲ့သည်။
ကောင်မလေးက ရဲရှင်းဟွေ့ဆီ ရောက်လာတဲ့အခါမှာ ရှက်ရွံ့စွာနဲ့ "အမ်... ရဲရှင်းဟွေ့၊ နင် စားပွဲတင်တင်းနစ်ရိုက်နေတုန်းက အရမ်းခန့်တယ်လို့ ငါထင်တယ်။ ငါနင့်ကို WeChat ဒါမှမဟုတ် Penguin အကောင့် add လို့ရမလားဟင်"
ရှေ့ကကောင်မလေးရဲ့ စကားကိုကြားတော့ ရဲရှင်းဟွေ့က ကျောင်းမှာ မိန်းကလေးတွေကြားထဲ သူတော်တော်လေး ရေပန်းစားတာပဲလို့ မထင်မှတ်ဘဲ တွေးလိုက်မိသည်။ တစ်ယောက်ကို လွှတ်လိုက်ရုံရှိသေး၊ နောက်တစ်ယောက်က သူ့ရဲ့ဆက်သွယ်ရန်အချက်အလက်ကို လာတောင်းနေပြန်ပြီ။
သူရှေ့မှ ကောင်မလေးဟာ ပိုင်ထျန်းထျန်းလောက် မလှပေမဲ့ သူမရဲ့ ရှက်တတ်တဲ့ပုံစံနဲ့ ကလေးမျက်နှာလေးက တော်တော်လေး ချစ်စရာကောင်းသည်။
"ကောင်းပြီလေ" ရဲရှင်းဟွေ့က သဘောတူပြီး သူ့ဖုန်းကိုထုတ်ကာ တစ်ဖက်လူရဲ့ WeChat ကို add လိုက်သည်။
"ငါ့နာမည်က ထန်ယွီယန်ပါ" သူမနာမည်ကို ပြောပြီးနောက် ထန်ယွီယန်က ပြေးထွက်သွားတော့သည်။
သိပ်မဝေးတဲ့နေရာမှာ ဆံပင်တိုနဲ့ ကောင်လေးတစ်ယောက်က ထန်ယွီယန်က ရဲရှင်းဟွေ့ဆီကို WeChat တောင်းဖို့ တက်ကြွစွာ သွားနေတာကို မြင်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ရဲရှင်းဟွေ့ကို ရန်လိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။