ကျောင်းပြောင်းလာတဲ့ကျောင်းသားလား
Vol. 2 Ch. 26
ရပ်ကွက်ဂိတ်တံခါးဝသို့ ရောက်သောအခါ ရဲရှင်းဟွေ့က လှည့်ပြီး ဝက်ဝံကန်း ကို မေးလိုက်သည်။ "ဟေ့...ခင်ဗျား ကျွန်တော်အိမ်မှာနေရင် ကျွန်တော်ကို အိမ်လခ ပေးမှာလား။"
ဒီစကားကိုကြားတော့ ဝက်ဝံကန်းက ခေါင်းခါပြီး "မလိုဘူး...ကိုယ်ရေးကိုယ်တာကာကွယ်မှုပေးဖို့အတွက် အိမ်လခပေးစရာမလိုဘူး။ ဒါကို စာချုပ်ထဲမှာ ရေးထားပြီးသား"
ရဲရှင်းဟွေ့ "....."
"ဟေ့! ခင်ဗျား စာချုပ်... စာချုပ်ပဲ ပြောနေတာ... ခံစားချက်တွေ ဘာတွေရော ထည့်မပြောတတ်ဘူးလား။"
"ငါတို့က အမြဲတမ်း စာချုပ်ကို အရင်ညှိနှိုင်းတယ်။ အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးကို အတည်ပြုတယ်.... ပြီးတော့ တာဝန်ပြီးသွားရင် အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးကို အဆုံးသတ်တယ်....နောက်ဆုံးမှ ခံစားချက်အကြောင်း ပြောကြတာ"
"ဘာလို့လဲဆိုတော့ ငါတို့က ကျွမ်းကျင်တဲ့ ကိုယ်ရံတော်တွေမို့လို့ပဲ။"
ရဲရှင်းဟွေ့ " ....."
ရဲရှင်းဟွေ့မှာ နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။ ခဏအကြာတွင် ရဲရှင်းဟွေ့က ထပ်မေးပြန်သည်။
"ဒါဆိုရင် ခင်ဗျာ ကို ကျွန်တော် မမြင်ဖူးသလို ဟန်ဆောင်လိုက်မယ်။ ခင်ဗျာက ခင်ဗျား အလုပ်အတိုင်း ကျွန်တော်ကို တိတ်တဆိတ်ပဲ ဆက်ပြီး ကာကွယ်ပေးပေါ့။ ကျွန်တော်လည်း စားစရိတ်တို့ ဘာတို့ စိတ်မပူရတော့ဘူးပေါ့။"
"မဖြစ်ဘူး၊ အခု ငါဒီကိုရောက်လာပြီဆိုတော့ တိတ်တဆိတ်ကာကွယ်မှုကနေ အနီးကပ်ကာကွယ်မှုအဖြစ် ပြောင်းလဲရတော့မယ်။"
"တကယ်လို့ မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင်လည်း ငါတို့ ကုမ္ပဏီက ချေးငွေဝန်ဆောင်မှုလည်း ပေးတယ်။"
ဝက်ဝံကန်း၏ နောက်ဆက်တွဲစကားကို ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့မှာ သွေးအန်တော့မလိုပင်ဖြစ်သွားရသည်။
ချေးငွေ... ငါ ဘာမှ မချေးဘူးကွ။ ဒီကိုယ်ရံတော်ဝန်ဆောင်မှုကကို လည်ပင်းညှစ်နေတာ...အဲ့ဒီအပေါ်ကနေ ချေးငွေပါ ထပ်ယူရရင် ငါသေမှာပဲ။
ဝက်ဝံကန်း အလုပ်လုပ်သည့် ကိုယ်ရံတော်ကုမ္ပဏီကို ဘာလို့ "နှလုံးနက်ကိုယ်ရံတော်ကုမ္ပဏီ" လို့ ခေါ်လဲဆိုတာကို အခုတော့ ရဲရှင်းဟွေ့ နားလည်သွားပြီဖြစ်သည်။ တကယ်ကို မတရားလွန်းသည်။
စားစရိတ်၊ နေစရိတ်တွေအထိ ကာကွယ်ပေးခံရတဲ့ ငါ့ဘက်က ကျခံရမယ်တဲ့။
ဒီကိုယ်ရံတော်ကုမ္ပဏီရဲ့ သူဌေးက တကယ့်ကို စိတ်ယုတ်မာရှိတဲ့သူပဲ ဖြစ်ရမည်။
အိမ်ပြန်ရောက်သောအခါ ရဲရှင်းဟွေ့ ဆုံးဖြတ်ချက်ချလိုက်သည်။ ဝက်ဝံကန်းက သူ့ကို အနီးကပ်ကာကွယ်ချင်တယ်ဆိုရင်လည်း လုပ်စေပင်။ သူ့ကို ဂရုမစိုက်ဘဲရင် သူက ဘာလုပ်နိုင်မှာမည်နည်း။ ဒါ့အပြင် သူ့ကို ကျွေးမွေးချင်ရင်တောင် သူ့မှာ ပိုက်ဆံမရှိ။
"နေဖို့ အခန်းတစ်ခန်းသာ ကြည့်ရှာလိုက်တော့" ရဲရှင်းဟွေ့က သူ၏အခန်းနှင့် ရဲရှင်းချန်၏အခန်းကို လက်ညှိုးထိုးပြရင်း "ဒီအခန်းနှစ်ခန်းက ငါနဲ့ ငါ့အစ်ကိုအတွက်" ဟု ဆက်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အခန်းထဲသို့ ပြန်ဝင်သွားသည်။ အချိန်ကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီခွဲနေပြီဖြစ်သည်။
ရဲရှင်းဟွေ့ အိပ်တော့မည်ဟု ကြံရွယ်လိုက်စဉ်မှာပင် WeChat က ရုတ်တရက် မြည်လာသည်။ ဖုန်းကို ယူကြည့်လိုက်တော့ ဒီနေ့နေ့လယ်က သူငယ်ချင်းအဖြစ် ထည့်လိုက်သော ထန်ယွီယန် ဖြစ်နေသည်။
ထန်ယုယန် : ကျောင်းသား ရဲရှင်းဟွေ့၊ ရှိလားဟင်
ရဲရှင်းဟွေ့ : ရှိတယ်၊ ဒီလောက်ညဉ့်နက်နေပြီ၊ ဘာလို့ မအိပ်သေးတာလဲ
ထန်ယွီယန် : အင်း... မနက်ဖြန်ညနေ အားလားဟင်
ရဲရှင်းဟွေ့ : ဘာကိစ္စရှိလို့လဲ၊ ပြောလေ
ထန်ယွီယန် : ငါ့ကို စားပွဲတင်တင်းနစ် ကစားနည်း သင်ပေးလို့ရမလား
ထန်ယွီယန်က သူ့ကို စားပွဲတင်တင်းနစ် သင်ပေးခိုင်းတာကို မြင်တော့ ရဲရှင်းဟွေ့ စိတ်ကူးယဉ်လာတော့သည်။
* ဖြစ်နိုင်တာက ဒီနေ့နေ့လယ်က ငါကစားနေတဲ့ပုံစံကိုမြင်ပြီး ထန်ယွီယန်က ငါ့ကို ကြွေသွားတာပဲ။ ဒါပေမဲ့ ရှက်လို့ တိုက်ရိုက်မပြောရဲဘဲ စားပွဲတင်တင်းနစ် အကြံတောင်းတာကို အကြောင်းပြပြီး ငါ့ကို ချဉ်းကပ်တာပဲဖြစ်ရမယ်။*
ခဏလောက် စိတ်ကူးယဉ်အပြီးတွင် ရဲရှင်းဟွေ့က ဖုန်းကိုပြန်ကိုင်ကာ စာတစ်ကြောင်း ရိုက်လိုက်သည်။
"ဒါဆို မနက်ဖြန်ညနေ တွေ့ကြတာပေါ့။"
......
တစ်ချိန်တည်းမှာပင် ထန်ယွီယန်၏ အိမ်တွင် ထန်ယွီယန်သည် ကုတင်ပေါ်တွင်လှဲကာ ဖုန်းကိုင်နေရင်း ရဲရှင်းဟွေ့၏ အကြောင်းပြန်စာကို မြင်သောအခါ ခုန်ထလိုက်ပြီး "မနက်ဖြန်ညနေ တွေ့မယ်နော်" ဟု ပြန်စာရိုက်လိုက်သည်။
ရဲရှင်းဟွေ့ မသိခဲ့သည့်အရာမှာ ထန်ယွီယန်သည် တကယ်ကိုစားပွဲတင်တင်းနစ် ကစားနည်းသင်ယူရန်အတွက် သူ့ထံလာခြင်းသာဖြစ်သည် ဆိုသည့်အချက်ပင်။
နောက်တစ်နေ့နံနက် ရဲရှင်းဟွေ့သည် အရင်အတိုင်းပင် နံနက်ခင်းအပြေးလေ့ကျင့်ရန် ထွက်လာခဲ့သည်။ မူလကတော့ ရဲရှင်းဟွေ့သည် ဝက်ဝံကန်းသူနှင့်အတူ လိုက်ပြေးရန် ခေါ်ဖို့စီစဉ်ထားသော်လည်း ခဏလောက်ရှာကြည့်သည့်တိုင် သူ့ကို ရှာမတွေ့ခဲ့ပေ။
"ဒါလား.... ကိုယ်ပိုင်ကိုယ်ရံတော်ဆိုတာ"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့ တံခါးအပြင်သို့ ထွက်သွားလိုက်သည်။
တိုက်အောက်တွင် အနည်းငယ်ပတ်ပြေးပြီးနောက် ရဲရှင်းဟွေ့က မနက်စာဝယ်ကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ မနက်စာစားပြီးနောက် သူသည် ကျောင်းသို့ တန်းသွားလိုက်သည်။
ဒီနေ့ ရဲရှင်းဟွေ့၏ စိတ်ခံစားချက်မှာ တော်တော်လေးကောင်းမွန်နေသည်။ ဘာပဲဖြစ်ဖြစ် ညနေပိုင်းတွင် မိန်းကလေးတစ်ယောက်နှင့် ချိန်းထားသည် မဟုတ်လား။ ရဲရှင်းဟွေ့ ကျောင်းဂိတ်တံခါးဝသို့ လျှောက်သွားနေစဉ်မှာပင် လူငယ်တစ်ယောက်က သူ့ကို တားလိုက်သည်။
"မင်းက ရဲရှင်းဟွေ့ ဟုတ်တယ်မလား။"
ထိုလူငယ်က မကောင်းသောလေသံဖြင့် မေးလိုက်သည်။
"ဟမ်.... ငါ့မှာ မုန်းစရာတွေကို ဆွဲဆောင်တတ်တဲ့ ဓာတ်ခံမျိုးမှ မရှိတာ၊ ဘာလို့ လူတွေက ငါ့ကို လာရှာနေကြတာလဲ။ သူတို့က ငါ့ကို ငါ့အစ်ကိုများ ထင်နေတာလား။ မဟုတ်တယ.... သူက ရဲရှင်းဟွေ့လို့ ပြောနေတာ..."
ရဲရှင်းဟွေ့က အနည်းငယ်ရှုပ်ထွေးစွာ တွေးလိုက်သည်။
သူ့ရှေ့က လူငယ်ကို သူရန်စခဲ့ဖူးသလားဟု ခဏစဉ်းစားပြီးနောက် ရဲရှင်းဟွေ့က ခေါင်းညိတ်ကာ "မဟုတ်ဘူး...ငါက ရဲရှင်းချန်ပဲ" ဟု ပြန်ဖြေလိုက်သည်။
လူငယ် "...."
"ဟေ့ကောင်! ငါ့ကို မလှည့်စားနဲ့။ မင်း ရဲရှင်းဟွေ့ဆိုတာ ငါသိတယ်။"
ထိုလူငယ်က ရဲရှင်းဟွေ့၏ ကော်လံကို ဆွဲကိုင်ကာ ဟိန်းဟောက်လိုက်သည်။
ရဲရှင်းဟွေ့က သူ့ကော်လံကိုဆွဲထားသော လူငယ်၏လက်ကို ပုတ်ထုတ်လိုက်ပြီးနောက် သူ၏အဝတ်အစားကို ပြန်ပြင်ရင်း ပြောလိုက်သည်။
"မင်းက ငါ ရဲရှင်းဟွေ့မှန်း သိနေမှတော့ ဘာလို့ ထပ်မေးနေသေးလဲ။ ပြောချင်တာသာ ပြောစမ်းပါ"
"ငါ မင်းကို သတိပေးဖို့လာတာ။ ထန်ယွီယန်နဲ့ ဝေးဝေးနေ။ နောက်တစ်ခါ သူ့အနားကပ်ဖို့ ကြိုးစားရင် ငါ မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။"ထိုသို့ပြောပြီးနောက် လူငယ်က သူ၏လက်မောင်းကို လိပ်တင်ကာ တက်တူးကို ထုတ်ပြလိုက်သည်။
ရဲရှင်းဟွေ့သည် ထိုမြင်ကွင်းကိုတွေ့သောအခါ ရယ်လိုက်ပြီး လူငယ်၏တက်တူးကို လက်ညှိုးထိုးကာ "မင်းရဲ့တက်တူးက အရောင်မှိန်နေပြီ" ဟု ပြောလိုက်သည်။
ထိုစကားကိုကြားတော့ လူငယ်က အလျင်အမြန် ခေါင်းငုံ့စစ်ဆေးကြည့်ရာ တက်တူးက လုံးဝအရောင်မှိန်မနေကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှ သူ အလှည့်စားခံလိုက်ရမှန်း သိတော့သည်။
သူခေါင်းပြန်မော့လိုက်ချိန်တွင် ရဲရှင်းဟွေ့သည် စာသင်ဆောင်ဘက်သို့ လျှောက်သွားနှင့်ပြီဖြစ်သည်။
"ခွေးမသား..." လူငယ်က စိတ်ထဲမှ ကျိန်ဆဲရင်း စာသင်ဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။
ရဲရှင်းဟွေ့ အတန်းထဲသို့ ရောက်လာသည်။ အတန်းထဲသို့ ဝင်လိုက်သည်နှင့် တိုးတိုးပြောသံများကို ကြားလိုက်ရသည်။
"ငါတို့အတန်းထဲကို ကျောင်းပြောင်းလာတဲ့ကျောင်းသားတစ်ယောက် ရောက်လာတော့မယ်တဲ့။"
"ဟမ်...ကျောင်းပိတ်ရက်တောင် နီးနေပြီကို၊ ဘာလို့ ကျောင်းပြောင်းလာတဲ့ကျောင်းသားက ရောက်လာရတာလဲ။"
"ငါလည်း မသိဘူး။ ခုနကပဲ ငါတို့အတန်းပိုင်ဆရာမရုံးခန်းထဲမှာ အဲ့ဒီကျောင်းပြောင်းလာတဲ့ကျောင်းသားကို တွေ့ခဲ့တယ်။ အရပ်က နှစ်မီတာကျော်တယ်၊ အနက်ရောင်ဝတ်စုံနဲ့ နေကာမျက်မှန်တပ်ထားတာ.... လူကောင်းတစ်ယောက်ပုံ မပေါက်ဘူး။ ငါတို့အတန်းပိုင်ဆရာမတောင် ကြောက်ပြီး ငိုတော့မလိုဖြစ်နေတာ။"
ကျောင်းသားအချို့၏ ပြောစကားများကို နားထောင်ရင်း ရဲရှင်းဟွေ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ အကြောင်းမှာ သူတို့ပြောနေသော ကျောင်းပြောင်းကျောင်းသား၏ ပုံစံသည် ဝက်ဝံကန်း ပုံစံနှင့် အလွန်တူနေသောကြောင့်ပင်။
"ဘယ်လိုဟာကြီးတုန်း။ ဝက်ဝံကန်း က အသက်ဘယ်လောက်ရှိပြီလဲ။ ၃၀ ကျော်နေပြီမလား။ သူက အထက်တန်းကျောင်းကို ဘယ်လိုရောက်လာတာလဲ။"
"ဘယ်လိုမျက်စိကန်းနေတဲ့သူက သူ့ကိုကျောင်းသွင်းပေးလိုက်တာလဲ။"
ရဲရှင်းဟွေ့သည် စိတ်ထဲမှ အပြင်းအထန် ရေရွတ်နေမိသည်။
မကြာမီပင် အတန်းတက်ခေါင်းလောင်းသံ မြည်လာသည်။
ဒုတိယနှစ် အတန်း (၃) ၏ အတန်းပိုင်ဆရာမဖြစ်သူ သင်္ချာဆရာမ ချိုက်ခါ့ရှင်း သည် အရပ်မြင့်မြင့်လူတစ်ယောက်နှင့်အတူ အတန်းထဲသို့ ဝင်လာသည်။
"တကယ်ပဲ ဒီကောင်ပဲ။ တကယ့်ကို ကိုယ်ပိုင်ကိုယ်ရံတော်ပါပဲလား။ ငါ့အနားမှာ အနီးကပ်နေဖို့ ကျောင်းကိုတောင် လိုက်လာတယ်။"
"ကဲ အားလုံးပဲ၊ ဒါက ကျောင်းသားသစ် ကျန်းပေပင်း တဲ့။ သူ့ကို လက်ခုပ်သံကျယ်ကျယ်လေးနဲ့ ကြိုဆိုပေးလိုက်ကြပါဦး။"
အတန်းပိုင်ဆရာမ ချိုက်ခါ့ရှင်းက ဝက်ဝံကန်း၏ အမည်ကို မိတ်ဆက်ပေးလိုက်သည်။
ကျန်းပေပင်း ဟူသောနာမည်ကို ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့၏ လည်ချောင်းထဲတွင် ခါးသီးမှုတစ်ခု လာဆို့နင်သွားပြီး ဘယ်လိုပြန်ထုတ်ရမှန်းမသိ ဖြစ်သွားသည်။
"မဟုတ်သေးဘူးမလား? နာမည်ပေးတာတွေက ဒီလောက် ဖြစ်ကတတ်ဆန်းနိုင်လို့လား။ မျိုးရိုးနာမည် ကျန်း နဲ့ ကျန်းပေပင်းလို့ပဲ နာမည်ပေးရသလား။"
အတန်းဖော်များကတော့ ကျန်းပေပင်း၏ နာမည်ကို ထူးဆန်းသည်ဟု မထင်ကြပေ။ သူတို့ထူးဆန်းနေသည့် တစ်ခုတည်းသောအရာမှာ... သူက တကယ်ပဲ ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာလား။ အသက်သုံးဆယ်ကျော်လောက် ရှိရမှာ မဟုတ်ဘူးလား။
ပေပင်း - ကိုယ်ရံတော်