ဒီနေ့နေ့လယ်စာကို သခင်လေးရှီက တာဝန်ယူတယ်
Vol. 2 Ch. 27
စာသင်ခန်းထဲမှာ...
လူတိုင်းက ဝက်ဝံကန်းကို စိုက်ကြည့်နေကြသည်။ အဓိကအကြောင်းရင်းကတော့ ဝက်ဝံကန်းရဲ့ ပုံစံက အရမ်းကို ထင်းနေလို့ဖြစ်သည်။
ရဲရှင်းဟွေ့မှာတော့ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး စိတ်ထဲမှတွေးလိုက်သည်မှာ "ခင်ဗျားက ဆရာတစ်ယောက်အနေနဲ့ ဟန်ဆောင်ရင်တောင် ကျုပ်ဘာမှမပြောဘူး! အသက်သုံးဆယ်ကျော် လူကြီးတစ်ယောက်က အထက်တန်းကျောင်းသားလို လာလုပ်ရဲတယ်ပေါ့လေ"
စင်မြင့်ပေါ်မှ ဝက်ဝံကန်းကတော့ အောက်မှကျောင်းသားများ၏ ထူးဆန်းသောအကြည့်များကို လုံးဝသတိမထားမိသည့်ပုံဖြင့် ရဲရှင်းဟွေ့ဆီသို့ လျှောက်လာခဲ့သည်။
ရဲရှင်းဟွေ့ရှေ့သို့ရောက်သောအခါ ဝက်ဝံကန်းသည် သူ့လည်ပင်းကိုဆန့်ကာ ရဲရှင်းဟွေ့၏မျက်နှာကို သေချာစူးစမ်းကြည့်ရှုလိုက်ပြီးနောက် ရဲရှင်းဟွေ့ဘေးတွင်ထိုင်နေသော ရှီမင်ယန်ကို ပြောလိုက်သည်မှာ
"ကျွန်တော် သူ့ဘေးမှာ ထိုင်လို့ရမလား"
"ရှင်းဟွေ့ မင်းသူ့ကိုသိလား"
ဝက်ဝံကန်းက ရဲရှင်းဟွေ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်ကိုမြင်သောအခါ ရှီမင်ယန်က သူတို့နှစ်ယောက် သိကြလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ရှီမင်ယန်၏အမေးကိုကြားသောအခါ ရဲရှင်းဟွေ့သည် ဒီလူကိုသိကြောင်း လုံးဝဝန်မခံချင်ပေ။ သို့သော် ဝက်ဝံကန်းသည် သူ့ရဲ့ကိုယ်ရံတော်ဖြစ်သောကြောင့် ကျောင်းတွင် မကြာခဏ ထိတွေ့ဆက်ဆံရမည်မှာ သေချာသည်။
ထိုသို့စဉ်းစားမိသောအခါ ရဲရှင်းဟွေ့သည် မျက်လုံးကိုမှိတ်ထားရင်း ခေါင်းညိတ်ကာ "ငါသိတယ်!"
ရဲရှင်းဟွေ့ ခေါင်းညိတ်လိုက်သည်နှင့် ရှီမင်ယန်၏ခေါင်းထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာပြီး ထိန်းမနိုင်သိမ်းမရ ပြောထွက်သွားသည်မှာ "သူက မင်းငှားထားတဲ့ ကိုယ်ရံတော် မဟုတ်လား"
"ဟမ်?" ရှီမင်ယန်၏အမေးကိုကြားသောအခါ ရဲရှင်းဟွေ့လည်း ကြောင်သွားသည်။
ရဲရှင်းဟွေ့သာမက ဝက်ဝံကန်းပင် ကြောင်သွားခဲ့သည်။
ရဲရှင်းဟွေ့၏အမူအရာကိုမြင်သောအခါ ရှီမင်ယန်က နားလည်သလိုဖြင့် ခေါင်းညိတ်ကာ "ငါအကုန်သိပါတယ်။ မင်းပါးစပ်ကသာ မုန်ကျစ်ယွီကို မကြောက်ဘူးပြောနေတာ၊ မင်းလုပ်ရပ်တွေကတော့ အရမ်းရိုးသားနေတာပဲ!"
ရဲရှင်းဟွေ့ "...."
ရဲရှင်းဟွေ့သည် ရှီမင်ယန်၏ စိတ်ကူးစိတ်သန်းများက ဤမျှလောက်အထိ ရိုင်းစိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက မျက်မမြင်ဝက်ဝံနှင့် မုန်ကျစ်ယွီကိုပင် ဆက်စပ်တွေးတောသွားခဲ့သည်။
ရှီမင်ယန်၏စကားကိုကြားပြီးနောက် ဝက်ဝံကန်းသည် သူ၏မှတ်စုစာအုပ်ထဲမှ ရှီမင်ယန်၏နာမည်ကို တိတ်တဆိတ်ဖျက်ပစ်လိုက်သည်။
"ကျောင်းသား ကျန်းပေပင်း မင်းထိုင်ခုံရွေးပြီးပြီလား"
ထိုအချိန်တွင် အတန်းပိုင်ဆရာမ ချိုက်ခါ့ရှင်းက ရဲရှင်းဟွေ့တို့ကို မေးလိုက်သည်။
"ပြီးပြီ...ပြီးပြီ!" ပြောလိုက်သူမှာ ပစ္စည်းသိမ်းနေသော ရှီမင်ယန်ဖြစ်သည်။
ရှီမင်ယန်သည် သူ့ပစ္စည်းများကိုသိမ်းပြီးနောက် အခြားကျောင်းသားတစ်ယောက်ဘေးသို့ သွားထိုင်လိုက်ပြီး ဝက်ဝံကန်းကတော့ စမ်းတဝါးဝါးဖြင့် ရဲရှင်းဟွေ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုင်ခုံများ အဆင်ပြေသွားသည်ကိုမြင်သောအခါ အတန်းပိုင်ဆရာမသည် စာသင်ကြားမှုကို စတင်လိုက်သည်။
"ဟေ့...ခင်ဗျားကျောင်းမှာ ဘာလို့ရှိသေးတာလဲ" ဝက်ဝံကန်း ဝင်ထိုင်ပြီးနောက် ရဲရှင်းဟွေ့က တိုးတိုးလေးမေးလိုက်သည်။ ထိုအချိန်တွင် ဝက်ဝံကန်းသည် စာကိုအာရုံစိုက်နားထောင်နေသော အထက်တန်းကျောင်းသားတစ်ယောက်ကဲ့သို့ ခါးကိုမတ်မတ်ထားပြီး ထိုင်နေသည်။ ပို၍တိတိကျကျပြောရလျှင် အစစ်အမှန်ကျောင်းသားများပင် သူလောက် အလေးအနက်မထားကြပေ။
"ဟေ့...စကားပြောဦးလေ!" ရဲရှင်းဟွေ့ ထပ်မေးလိုက်သည်။
ဝက်ဝံကန်း သည် လူကိုစိတ်ရှုပ်အောင်လုပ်ရာတွင် အလွန်တော်သောကြောင့်လားမသိ၊ ရဲရှင်းဟွေ့ပြောလိုက်သောစကားက အနည်းငယ်ကျယ်လောင်သွားပြီး ဆရာမက ကြားသွားကာ မြေဖြူခဲတစ်တောင့်က သူ့ခေါင်းပေါ်သို့ တိတိကျကျ ကျရောက်လာသည်။
"ကျောင်းသား ရဲရှင်းဟွေ့၊ စာသင်ရတာပျင်းနေရင် အိပ်နေလိုက်ပါ။ ဘေးက စာကြိုးစားနေတဲ့ကျောင်းသားကို မနှောင့်ယှက်ပါနဲ့!" ဆရာမက စကားပြောနေရင်း ဝက်ဝံကန်းကို ပြုံးပြလိုက်သေးသည်။
ရဲရှင်းဟွေ့ "..."
ရဲရှင်းဟွေ့သည် စာသင်ချိန်တွင် မေးခွန်းမေး၍မရမှန်း သိသောကြောင့် စားပွဲပေါ်မှောက်ကာ လျှို့ဝှက်ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်နေလိုက်သည်။
သူကြိုးစားပမ်းစား လေ့ကျင့်နေစဉ်မှာပင် ဘေးမှ ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ရဲရှင်းဟွေ့ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝက်ဝံကန်းသည် စာကိုအာရုံစိုက်နားထောင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော် ဟောက်သံက သူ့ဆီကပင် ထွက်လာခြင်းပင်။
"ဒါဘယ်လိုဟာဟကြီးလဲ...ခင်ဗျားမှာ ဘယ်လိုထူးဆန်းတဲ့စွမ်းရည်ရှိနေတာလဲ....ဒီလောက်တောင် မတ်မတ်ထိုင်နေရင်းနဲ့ အိပ်ပျော်သွားနိုင်တယ်လား"
ရဲရှင်းဟွေ့မှာ စကားမပြောနိုင်တော့ပေ။ အရေးကြီးဆုံးမှာ ဝက်ဝံကန်းသည် နေကာမျက်မှန်အနက်ကြီးတပ်ထားသောကြောင့် သူ့ဟောက်သံကိုကြားသော မိမိမှလွဲ၍ သူအိပ်ပျော်နေကြောင်း ဘယ်သူမှမသိခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့် ဝက်ဝံကန်းသည် ဤအနေအထားအတိုင်း စာသင်ချိန်လေးချိန်လုံး အိပ်စက်ခဲ့ပြီး မုန့်စားဆင်းချိန် ခေါင်းလောင်းတီးသံကပင် သူ့ကိုမနိုးနိုင်ခဲ့ပေ။
နေ့လယ်စာစားချိန်ရောက်မှ ရဲရှင်းဟွေ့သည် ဒီလူအိပ်နေတုန်း ကျောင်းကန်တင်းသို့ ခိုးသွားစားရန် ကြံရွယ်လိုက်သည်။
ရဲရှင်းဟွေ့ မတ်တပ်ထရပ်လိုက်သည်နှင့် သူ့နောက်မှ ဝက်ဝံကန်း၏ အသံကိုကြားလိုက်ရသည်။
"နေ့လယ်စာစားချိန်ရောက်ပြီလား"
ရဲရှင်းဟွေ့ "....."
ရဲရှင်းဟွေ့သည် နောက်တစ်ကြိမ် ဆွံ့အသွားပြန်ပြီး စိတ်ထဲမှတွေးလိုက်သည်မှာ "အဖေရာ...ဒီလိုထူးဆန်းတဲ့ဟာကြီးကို ဘာလို့ ကျွန်တော့်ဆီပို့လိုက်တာလဲ...ကျွန်တော့်ကိုသွေးတိုးအောင်လုပ်နေတာလား"
ထိုအချိန်တွင် ရှီမင်ယန် ရောက်လာသည်။
"ဟေ့...ကျန်းပေပင်း ဟုတ်တယ်မလား...မင်းငါတို့အတန်းကိုပြောင်းလာတာကို ကြိုဆိုတဲ့အနေနဲ့ ငါနေ့လယ်စာကျွေးမယ်လေ"
ရှီမင်ယန်၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့က စိတ်ထဲမှ "သူကမှ ငါ့ညီအစ်ကိုကောင်းအစစ်ပဲ။ ငါ့ထမင်းကတ်ထဲမှာ ပိုက်ဆံမရှိတော့တာကို သိနေတာပဲ!"
"မင်ယန်....ကြည့်ပါဦး. ငါ့ထမင်းကတ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့ဘူး။ ငါ့ကိုပါကျွေးလို့ရမလား"
ထိုစကားကိုကြားသောအခါ ရှီမင်ယန်သည် ရဲရှင်းဟွေ့၏ပခုံးကိုဖက်လိုက်ပြီး ရက်ရောစွာပြောလိုက်သည်မှာ "ဘာမှမဖြစ်ဘူး၊ ဒီနေ့နေ့လယ်စာကို ငါ သခင်လေးရှီက တာဝန်ယူတယ်!"
.......
နာရီဝက်ကြာပြီးနောက်...
ရှီမင်ယန်သည် သူ့ထမင်းကတ်ထဲမှ လက်ကျန်ငွေမရှိတော့သည်ကိုကြည့်ရင်း ဝက်ဝံကန်းရှေ့မှ ပန်းကန်ခွက်ယောက်ပုံကြီးကို ကြည့်ကာ ကိုယ့်ဒုက္ခကိုယ်ရှာမိပြီဟု ခံစားလိုက်ရသည်။
ရှီမင်ယန်သည် သွားကြားထိုးနေသော ရဲရှင်းဟွေ့ကိုကြည့်ကာ "ရှင်းဟွေ့... သူဒီလောက်အများကြီးစားနိုင်တာကို မင်းဘာလို့ငါ့ကိုမပြောတာလဲ!"
"မင်းမှမမေးဘဲ!" ရဲရှင်းဟွေ့က ပခုံးတွန့်ကာ "ပြီးတော့ မင်းလည်း ပိုက်ဆံရှင်းပြီးသွားပြီပဲ၊ ညည်းမနေနဲ့တော့။ မင်းဘယ်ဂိမ်းမှတ်တမ်းတွေလိုချင်လဲပြော...ငါထုတ်ပေးမယ်။ ဒါမှ မင်း WeChat Moments မှာ ကြွားလို့ရမှာ!"
ရဲရှင်းဟွေ့က သူ့ဂိမ်းမှတ်တမ်းတွေကို သိမ်းထားပေးမည်ဟုကြားသောအခါ ရှီမင်ယန်သည် ထမင်းကတ်ပြောင်သွားခြင်းကြောင့် နာကျင်နေသောစိတ်မှ နောက်ဆုံးတွင် ပြန်လည်သက်သာလာသည်။ ရဲရှင်းဟွေ့သည် ဝက်ဝံကန်း မည်မျှစားနိုင်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီဖြစ်သည်။
ထိုသို့မြင်လိုက်ရသောကြောင့်ပင် သူ၏အနာဂတ်ဘဝအတွက် စိုးရိမ်စိတ်ဝင်လာသည်။
"မဟုတ်ဘူး... ငါပိုက်ဆံရှာမှဖြစ်မယ်!" ရဲရှင်းဟွေ့ စိတ်ထဲမှတွေးလိုက်သည်။
တကယ်တော့ ရဲရှင်းဟွေ့အတွက် ပိုက်ဆံရှာရသည်မှာ သိပ်မခက်ခဲပေ။
ပထမ ကျိုးလင်အိမ်ကိုသွားပြီး ပိုက်ဆံတောင်းနိုင်သည်။ ရနိုင်သော်လည်း ရဲရှင်းဟွေ့ ထိုသို့မလုပ်လိုချေ။
ဒုတိယ သူ၏အထူးစွမ်းရည်များကိုသုံးပြီး လောင်းကစားလုပ်နိုင်သည်။တတိယ ထီသွားဝယ်နိုင်သည်။ စတုတ္ထ မုန်ကျစ်ယွီကဲ့သို့သော လူတစ်ယောက်ကိုရှာပြီး အကူအညီတောင်းနိုင်သည်။
စဉ်းစားပြီးနောက် ရဲရှင်းဟွေ့သည် အမြန်ဆုံးနှင့် အယုံကြည်ရဆုံး ပိုက်ဆံရှာနည်းမှာ... ထီဝယ်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူ့ရဲ့ အရာအားလုံးကိုမြင်နိုင်တဲ့အမြင်အာရုံကိုဖွင့်ပြီး ခြစ်ကံစမ်းထီဝယ်လိုက်လျှင် ပေါက်ဖို့မခက်ခဲပေ။
တစ်ခုတည်းသော မသေချာသည့်အချက်မှာ အထူးစွမ်းရည်သုံးပြီးရလာသော ပိုက်ဆံကို သုံးလို့ရနိုင်မလားဆိုသည်ပင်။ တကယ်တော့ ရဲရှင်းဟွေ့က သုံးနိုင်လိမ့်မည်ဟု ခံစားမိသည်။
အထူးစွမ်းရည်ဖြင့်ရသောငွေကို ကောင်းမှုကုသိုလ်အတွက်သာ သုံးရမည်။ မိမိနှင့် ဝက်ဝံကန်း ကဲ့သို့ဗိုက်ဆာလို့သေလုနီးပါးဖြစ်နေသော လူနှစ်ယောက်ကို ကူညီခြင်းသည်လည်း ကောင်းမှုတစ်ခုဖြစ်သင့်သည်။
ပြီးတော့ ဒါက ထီဝယ်တာပဲလေ။ ကိုယ်တိုင်ဝယ်စရာမလိုဘဲ ဝက်ဝံကန်းကို ပိုက်ဆံပေးပြီး သွားဝယ်ခိုင်းလိုက်ရုံပင်။ ပိုက်ဆံရှာနည်းကို စဉ်းစားနေရင်း ရဲရှင်းဟွေ့သည် ရှီမင်ယန်နှင့် ဝက်ဝံကန်းနောက်မှလိုက်ကာ ကျောင်းဆောင်ဘက်သို့ ဦးတည်သွားခဲ့သည်။