ကြမ်းတမ်းသော ဇာတ်လမ်း၊ စစ်မှန်သော အချစ်ခြင်းတရားသည်ဘယ်တော့မှ မဆုံးနိုင်
Vol. 2 Ch. 28
ကျောင်းအဆောင်ဘက်သို့ ပြန်လမ်းတွင် ရဲရှင်းဟွေ့သည် ဝက်ဝံကန်း၏ မျက်လုံးအကြောင်းကို သိခွင့်ရခဲ့သည်။ အကြောင်းမှာ ယခင်က ရဲရှင်းဟွေ့သည် ကျောင်းအဝင်ဝရှိ အမှိုက်ပုံးကို ဝက်ဝံကန်း မတော်တဆ ဝင်တိုက်မိသည်ကို မြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ဝက်ဝံကန်းသည် အရပ်နှစ်မီတာကျော်ရှည်ပြီး အမှိုက်ပုံး၏အမြင့်မှာ သူ၏ဒူးဆစ်အထက်နားတွင်သာ ရှိသည်။ အမှိုက်ပုံးကို ဝင်တိုက်ပြီးနောက် ဝက်ဝံကန်းသည် ၎င်းမှာ အမှိုက်ပုံးလား သို့မဟုတ် ဖိနပ်ကြိုးချည်နေသော ကျောင်းသားတစ်ဦးလား ဆိုသည်ကို မခွဲခြားနိုင်ခဲ့ပေ။ သူသည် အမှိုက်ပုံးကိုပင် ဦးညွှတ်၍ တောင်းပန်ခဲ့သေးသည်။
ဝက်ဝံကန်း၏ ရှင်းပြမှုကြောင့် ရဲရှင်းဟွေ့ သိလိုက်ရသည်မှာ ဝက်ဝံကန်းတွင် မူလက ပုံမှန်မျက်လုံးတစ်စုံ ရှိခဲ့သော်လည်း အကာအကွယ်ပေးရသည့် တာဝန်တစ်ခုတွင် သူစောင့်ရှောက်ရမည့် ပစ်မှတ်ကို ကယ်တင်ရန်အတွက် သူ၏မျက်လုံးများ အဆိပ်မိခဲ့ခြင်း ဖြစ်သည်။
အဆိပ်မိခြင်းမှာ ပြင်းထန်ခြင်းမရှိဘဲ ကုသမှုလည်း အချိန်မီရခဲ့သောကြောင့် ဝက်ဝံကန်း၏ မျက်လုံးများကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် နေ့ခင်းဘက်တွင် သူသည် ဒီဂရီ နှစ်ထောင်၊ သုံးထောင်လောက်ရှိသော မျက်မမြင်တစ်ယောက် ဖြစ်သွားပြီး ညဘက်ရောက်မှသာ သူ၏မျက်လုံးများက ပုံမှန်အတိုင်း ပြန်ဖြစ်ကာ အလွန်ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိသည်။
ဝက်ဝံကန်း၏ အကျဉ်းချုံး ရှင်းပြချက်မှတစ်ဆင့် ရဲရှင်းဟွေ့ သိလိုက်သည်မှာ ဝက်ဝံကန်းနှင့် သူ့နောက်ကွယ်မှ ကျင့်မကောင်းသည့် ကုမ္ပဏီတို့သည် လိမ်လည်လှည့်ဖြားနေကြသည်မှာ မှန်သော်လည်း ဝက်ဝံကန်းသည် အရည်အချင်းပြည့်ဝသော ကိုယ်ရံတော်တစ်ဦးဖြစ်ကြောင်း ဝန်ခံရမည်သာ ဖြစ်သည်။
နေ့လယ်ပိုင်းအတန်းသည် ရဲရှင်းဟွေ့အတွက်တော့ ပျင်းစရာကောင်းနေဆဲဖြစ်သော်လည်း သူ့ဘေးတွင်ထိုင်နေသော ဝက်ဝံမျက်ကန်းမှာမူ... အာရုံစိုက်နားထောင်နေသည်... မဟုတ်ဘူး... သူက အလေးအနက် အိပ်မောကျနေခြင်း ဖြစ်သည်။
ယခု ရဲရှင်းဟွေ့သည် ကျောင်းဆင်းလျှင် ထန်ယွီယန်နှင့် စားပွဲတင်တင်းနစ် အတူကစားရမည်ကို မျှော်လင့်နေသည်။ သူက ထန်ယွီယန်၏ နောက်တွင်ရပ်ပြီး စားပွဲတင်တင်းနစ် မည်သို့ရိုက်ရမည်ကို သင်ပေးရင်း ရံဖန်ရံခါ မဖြစ်သင့်သော ရင်းနှီးထိတွေ့မှုလေးများ ဖြစ်ပေါ်လာနိုင်သည်ကို......တွေးကြည့်ရုံဖြင့်ပင် အနည်းငယ် ရှက်မိသလို ခံစားရသည်။
ရဲရှင်းဟွေ့၏ အမြင်တွင်တော့ ဤသို့ အစမှစတင်သော ဆက်ဆံရေးမျိုးကသာလျှင် စစ်မှန်သော ခံစားချက်များကို ပျိုးထောင်နိုင်မည် ဖြစ်သည်။
ရဲရှင်းဟွေ့သည် ဇာတ်လိုက်ဆိုသည့် အရှိန်အဝါနှင့် မခိုင်လုံသော နည်းလမ်းအချို့ကို အားကိုးကာ မိန်းကလေးများကို ပိုးပန်းပြီးနောက် တန်းပြီး အိပ်ရာပေါ်ရောက်သွားသည့် ဇာတ်လမ်းမျိုးကို လုံးဝ လက်မခံနိုင်ပေ။
အချိန်သည် တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပြီး နေ့လယ်ပိုင်း နောက်ဆုံးအတန်းချိန်အတွက် ခေါင်းလောင်းသံ နောက်ဆုံးတွင် မြည်လာခဲ့သည်။ ယနေ့ ရဲရှင်းဟွေ့သည် သူ၏ ရက်ကတ်တံကို ယူလာရန် မမေ့ခဲ့ပေ။
အတန်းပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ ရက်ကတ်တံကိုကိုင်ကာ စားပွဲတင်တင်းနစ် ကစားရုံဆီသို့ လျှောက်လာခဲ့သည်။ သူ့နောက်တွင်တော့ ရှီမင်ယန်နှင့် ဝက်ဝံမျက်ကန်းတို့ လိုက်ပါလာကြသည်။
"ရှင်းဟွေ့၊ မင်း ကျန်းဖန်ကို လက်စားချေဖို့ သွားမလို့လား"
ရှီမင်ယန်က ရဲရှင်းဟွေ့နောက်သို့ အမီလိုက်ရင်း အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။ ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် ခဏတာ ကြောင်သွားပြီးနောက် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဟမ်.... မနေ့က အနိုင်ရခဲ့တာ ငါမဟုတ်ဘူးလား"
"အာ! မင်းက ပွဲမှာနိုင်ပေမဲ့ ဟိုတစ်ယောက်က မိန်းကလေးကို ရသွားတာလေ...ဒါကြောင့် နောက်ဆုံးတော့ ရှုံးတာက မင်းပဲလေ !" ရှီမင်ယန်က တရားကျသလို ပြောလိုက်သည်။
ရှီမင်ယန်၏ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့သည် သူ့ကို အဖက်မလုပ်ချင်တော့ပေ။
ငါက အခု မိန်းကလေးတစ်ယောက်ကို ရှာချင်ရုံပဲ။ ကမ္ဘာပေါ်မှာ သစ်ပင်စောင်းတွေ အများကြီးရှိတာပဲ၊ ပိုင်ထျန်းထျန်းဆိုတဲ့ သစ်ပင်စောင်းတစ်ပင်တည်းမှာတော့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချလို့ မဖြစ်ဘူးလေ!
နောက်ပြီး ငါနဲ့ အဲ့ဒီ ပိုင်ထျန်းထျန်းနဲ့က ကံမပါဘူး။ ပိုင်ထျန်းထျန်းဟာ အလွန်လူကြိုက်များသောကြောင့် လူတိုင်းက သူတို့ရဲ့ နတ်ဘုရားမလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ပစ်ဝင်သွားရင် သူ အရမ်းဝမ်းနည်းပြီး စိတ်ပျက်အားငယ်သွားလိမ့်မည်ဟု ထင်ကြပေမဲ့... ရဲရှင်းဟွေ့ တကယ်ပြောချင်သည်မှာ သူ၏နှလုံးသားထဲတွင် လှိုင်းဂယက်လေးတစ်ခုမျှပင် မထခဲ့ဘဲ ရေခဲချောင်းတစ်ခုလောက်တောင် စားချင်စိတ်ပေါက်နေသေးသည်ဟူ၍ပင်။
ရှီမင်ယန်ကို လျစ်လျူရှုပြီး ရဲရှင်းဟွေ့သည် အားကစားရုံဆီသို့ ခြေလှမ်းကို ပိုသွက်လိုက်သည်။
......
အားကစားရုံထဲတွင် အချို့လူများ လေ့ကျင့်နေကြပြီး ထိုအထဲတွင် ကျန်းဖန်လည်း ပါဝင်သည်။ အားကစားရုံ အဝင်ဝတွင် ဆံပင်တိုနှင့် လူငယ်တစ်ဦးသည် စားပွဲတင်တင်းနစ်ရက်ကတ်တစ်ခုကို ကိုင်ထားသည်။ ထိုလူငယ်မှာ ယနေ့နံနက် ကျောင်းဂိတ်တွင် ရဲရှင်းဟွေ့ ဟုတ်မဟုတ် လာမေးခဲ့သော သူပင်ဖြစ်သည်။
ထိုလူငယ်သည် ရဲရှင်းဟွေ့ကို မြင်သောအခါ ရက်ကတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း ပြောလိုက်သည်။ "ရဲရှင်းဟွေ့၊ ငါ မင်းကို စိန်ခေါ်ချင်တယ်!"
ထိုလူငယ်ကပင် ထပ်မံ၍ ပြဿနာရှာနေသည်ကို မြင်သောအခါ ရဲရှင်းဟွေ့ စကားမပြောနိုင် ဖြစ်သွားသည်။
"ငါက ဘာလို့ မင်းရဲ့စိန်ခေါ်မှုကို လက်ခံရမှာလဲ။" ရဲရှင်းဟွေ့က စိတ်ပျက်လက်ပျက် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့... ငါ ထန်ယွီယန်ကို သဘောကျလို့ပဲ!"
ထိုလူငယ် စကားဆုံးသည်နှင့် ပန်းရောင်ကျောင်းလွယ်အိတ်ကို လွယ်ထားသော ထန်ယွီယန်သည် အခြားတစ်ဖက်မှ လျှောက်လာခဲ့သည်။ ဟုတ်ပါသည်... သူမသည် ထိုလူငယ်၏ ဖွင့်ဟဝန်ခံသလို ထွက်ပေါ်လာသော စကားများကိုလည်း ကြားလိုက်ရသည်။
"ယောင်ဇီကျန့်... နင်..."
ယောင်ဇီကျန့်၏ ဖွင့်ဟဝန်ခံမှုကို ကြားပြီးနောက် ထန်ယွီယန် ဘာပြောရမှန်း မသိဖြစ်သွားသည်။ ယောင်ဇီကျန့်နှင့် ထန်ယွီယန်သည် အလယ်တန်းတွင် အတန်းဖော်များဖြစ်ခဲ့ကြပြီး အထက်တန်းတွင်လည်း အတန်းအတူတူပင် ဖြစ်သည်။
အလယ်တန်းတုန်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ကောင်းသည်ဟု မဆိုနိုင်သော်လည်း အလွန်ဆိုးသည်ဟုလည်း မဆိုနိုင်ပေ။ သာမန်အတန်းဖော်များ၏ ဆက်ဆံရေးဟုသာ ဆိုနိုင်သည်။
သို့သော် အထက်တန်းရောက်ပြီးနောက် ယောင်ဇီကျန့်သည် ထန်ယွီယန်ကို နည်းလမ်းအမျိုးမျိုးဖြင့် အနိုင်ကျင့်လာခဲ့သည်။ ဥပမာအားဖြင့် သူမကို စနောက်တာတွေ၊ နာမည်ပြောင်ခေါ်တာတွေ၊ ရေပြွတ်နဲ့ ထိုးတာတွေ၊ ဤအရာအားလုံးသည် ယောင်ဇီကျန့် လုပ်ခဲ့သော အရာများဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ... သူမကို အမြဲအနိုင်ကျင့်ခဲ့သောသူက သူမကို ချစ်ကြောင်း ဖွင့်ဟဝန်ခံလာခဲ့ရာ ထန်ယွီယန် အနည်းငယ် စိတ်လှုပ်ရှား ဖြစ်သွားသည်။ မတော်တဆ ကြားလိုက်ရခြင်းဖြစ်သော်လည်း... မကြားခဲ့လျှင်ပင် အချိန်မကြာမီ သူမ၏ နားထဲသို့ ရောက်လာမည်သာ ဖြစ်သည်။
ယောင်ဇီကျန့်သည် ထန်ယွီယန်ကို မြင်သောအခါ သူ၏မျက်နှာသည် နီရဲသွားသည်။ အခြေအနေက ဤသို့ဖြစ်လာမှတော့ ယောင်ဇီကျန့်သည် စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ထန်ယုယန်ထံသို့ လျှောက်သွားကာ ပြောလိုက်သည်။
"အမ်... မင်းကို အနိုင်ကျင့်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။"
"တကယ်တော့... ငါ မင်းကို သဘောကျနေတာ ကြာပြီ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ ငါက စာမကြိုးစားဘဲ ခဏခဏ ရန်ဖြစ်ပြီး ပြဿနာရှာတဲ့ ကျောင်းသားဆိုးတစ်ယောက်ပဲလေ! ဒါကြောင့် ငါ့ခံစားချက်တွေကို ဖွင့်မပြောရဲခဲ့ဘူး။"
"မင်း ကူယန်အထက်တန်းကျောင်း တက်မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ငါ အရူးအမူး စာကြိုးစားခဲ့တယ်။ နောက်ဆုံးတော့... ငါ့ရဲ့ ကြိုးစားမှုကြောင့် ဒီကျောင်းကို တက်ခွင့်ရခဲ့ပြီး အခု မင်းနဲ့ အတန်းအတူတူ ဖြစ်နေပြီ။"
"ဒါပေမဲ့ အထက်တန်းမှာ အတန်းတူတူဖြစ်ပြီးနောက် မင်းက ငါ့ကို လုံးဝ လျစ်လျူရှုထားတယ်။ ငါက မင်းရဲ့အာရုံစိုက်မှုကို ရချင်လို့ မင်းကို စနောက်တာ၊ ဆံပင်ဆွဲတာ၊ ပိုးကောင်တွေနဲ့ ခြောက်တာတွေ လုပ်ခဲ့တာပါ..."
"မနေ့က မင်းက ရဲရှင်းဟွေ့ရဲ့ WeChat အကောင့်ကို တောင်းတာကို ငါတွေ့လိုက်တယ်၊ ပြီးတော့ မင်းက အရမ်း... အရမ်း ရှက်နေတဲ့ပုံပဲ..."
ဤသို့ပြောပြီးနောက် ယောင်ဇီကျန့် ဆက်ပြောရမည်ကို မသိတော့ပေ။
ယောင်ဇီကျန့် သိသည်မှာ ထန်ယွီယန်သည် စားပွဲတင်တင်းနစ်ကို ချစ်မြတ်နိုးပြီး သူမသည် ပိုမိုကောင်းမွန်သော စားပွဲတင်တင်းနစ်စွမ်းရည်များ သင်ယူလိုသောကြောင့် ရဲရှင်းဟွေ့ကို ရှာဖွေခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်... သို့သော် ရဲရှင်းဟွေ့က ထန်ယွီယန်၏ နောက်တွင်ရပ်ပြီး တစ်ဆင့်ချင်း သင်ပေးနေပုံ၊ ရံဖန်ရံခါ မဖြစ်သင့်သော ထိတွေ့မှုများ ရှိလာနိုင်သည်ကို တွေးမိသောအခါ... ယောင်ဇီကျန့် တိတ်ဆိတ်မနေနိုင်တော့ပေ။ ထို့ကြောင့် သူသည် ယနေ့နံနက် ကျောင်းဂိတ်တွင် ရဲရှင်းဟွေ့ကို ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။
ယောင်ဇီကျန့်၏ ရိုးသားသော ဖွင့်ဟဝန်ခံမှုကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူများအားလုံးသည် သူတို့၏ အာရုံကို ထန်ယွီယန်ထံသို့ စိုက်လိုက်ကြသည်။ ထန်ယွီယန်သည် ကျောင်းရဲ့အလှဘုရင်မ စာရင်းတွင် အလှဆုံးမဟုတ်သော်လည်း ဤသို့ လမ်းပေါ်တွင် အချစ်ကိုဖွင့်ဟပြောဆိုသည့် မြင်ကွင်း၊ ဇာတ်လမ်းတွင် အလှည့်အပြောင်းများစွာ ပါဝင်နေသည့် ဤမြင်ကွင်းမျိုးသည် ပွဲကြည့်ပရိသတ်များ ကြည့်ချင်သော မြင်ကွင်းမျိုးပင် ဖြစ်သည်။
အချစ်အတွက် မဖြစ်နိုင်သော ပြိုင်ဘက်များကို စိန်ခေါ်ခြင်းသည် ဘောရူတို ဇာတ်လမ်းထက်ပင် စိတ်လှုပ်ရှားမှု မလျော့ပေ။ ပတ်ဝန်းကျင်မှ လူတိုင်းက သူမကို ကြည့်နေသည်ကို မြင်သောအခါ ထန်ယွီယန်သည် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားလိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့သည် သူထံမှ မိန်းကလေးတစ်ယောက် ထပ်မံ၍ ထွက်ပြေးသွားသလို ခံစားလိုက်ရသည်။ ရဲရှင်းဟွေ့ ထိုသို့တွေးမိစဉ်မှာပင် ထန်ယွီယန်သည် ရုတ်တရက် ခေါင်းမော့လာခဲ့သည်။
ထိုအချိန်တွင် ထန်ယွီယန်၏ မျက်လုံးများမှာ ကြောက်ရွံ့မှု အရိပ်အယောင်မရှိဘဲ ခိုင်မာနေခဲ့သည်။
"ယောင်ဇီကျန့်၊ တကယ်တော့... အထက်တန်းရောက်ပြီးနောက် ငါလည်း နင်ကို သဘောကျခဲ့ပါတယ်။"
"အလယ်တန်းတုန်းက မင်း ဆံပင်ရှည်တွေ ညှပ်လိုက်တာ၊ ကျောင်းပြင်က လူမိုက်တွေနဲ့ မပေါင်းတော့တာ၊ ပြီးတော့ စာကြိုးစားလာတာတွေကို ငါတွေ့ခဲ့တယ်။ နောက်ဆုံးတော့ မင်းက ထူးချွန်တဲ့ အထက်တန်းကျောင်းကိုတောင် တက်နိုင်ခဲ့တယ်..."
"ငါ့အထင် နင်က အရမ်းတော်တယ်လို့ ထင်တယ်။"
"ဒါပေမဲ့ ငါက ကြောက်တတ်တဲ့သူမို့လို့ သဘောကျတဲ့သူကို တွေ့ရင်တောင် ဖွင့်မပြောရဲဘူး။ ပြီးတော့ နင်က ငါ့ကို အမြဲအနိုင်ကျင့်နေတော့... ငါ... ငါက နင် ငါ့ကို မုန်းတယ်လို့ ထင်ခဲ့တာ!"
......
ဤစကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် သူ၏နဖူးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"သောက်ချီးးး....ရှင်းဟွေ့ ရှင်းဟွေ့ မင်းတော့ နောက်ထပ် စုံတွဲတစ်ခုကို ဖန်တီးပေးလိုက်ပြန်ပြီ" ရဲရှင်းဟွေ့ဘေးတွင် ရပ်နေသော ရှီမင်ယန်က အချင်းချင်းပွေ့ဖက်နေသော ယောင်ဇီကျန့်နှင့် ထန်ယွီယန်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် မျက်ခုံးပင့်လိုက်ပြီး "ဒီကောင်လေးကို ဒီမနက်တွေ့ကတည်းက သူနဲ့ ထန်ယွီယန်က လိုက်ဖက်တဲ့ စုံတွဲဖြစ်မယ်ဆိုတာ ငါသိပြီးသားပဲလေ! ဟုတ်တယ်မလား... ငါမှန်သွားပြီလေ"
"ဟုတ်ပါ့!"
ရှီမင်ယန်က ခေါင်းညိတ်ရင်း "မင်းရဲ့ အောင့်သက်သက်နဲ့ အတင်းပြုံးနေတဲ့ပုံစံကို ကြည့်ပြီး မင်းပြောတာ အမှန်လို့ ငါခံစားမိပါတယ်!"