← Chapters

ဝက်ဝံကန်းနှင့် ဇီးကွက်

Vol. 2 Ch. 16

ဝက်ဝံကန်းနှင့် ဇီးကွက်

Vol. 2 Ch. 16

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရဲ့ရှင်းဟွေ့က သူ့ဘာသာသူ တွေးမိလိုက်သည်။

*ထင်တဲ့အတိုင်းပဲတစ်ယောက်ယောက်က မင်းကို 'မင်းဘာကြည့်နေတာလဲ' လို့မေးရင် 'ငါဘာသာကြည့်တာ မင်းအပူပါလို့လား' လို့ ဘယ်တော့မှ ပြန်မဖြေနဲ့။ အဲ့လိုဖြေရင် အထိုးခံရဖို့များတယ်*

"ဟမ်... ခွေးမသား ဒီလူက လူသတ်သမားပဲ!"

ဤသို့တွေးမိသောအခါ ရဲ့ရှင်းဟွေ့သည် ရှေ့တိုး၍ သွားကြည့်ချင်စိတ်ပေါက်သွားသော်လည်း ရဲ့ရှင်းချန်က သူ့ကို တားလိုက်သည်။

"သွားစို့...လိုက်ပြီး အာရုံမစိုက်မနေနဲ့"

စကားဆုံးသည်နှင့် ရဲ့ရှင်းချန်သည် ကျင်းတူးအိမ်ယာဘက်သို့ ဦးဆောင်၍ ထွက်လာခဲ့သည်။

ရဲ့ရှင်းဟွေ့သည်လည်း လမ်းကြားလေးကို တစ်ချက်လှည့်ကြည့်ပြီးနောက် လိုက်ပါသွားခဲ့တော့သည်။ ရဲရှ့င်းဟွေ့သည် လက်ရှိအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေပေသည်။ အကြောင်းမှာ သူ၏ တီဗီလေးလိုင်းပြန်တက်လာသောကြောင့်ပင် ဖြစ်သည်။

သူသည် လိုင်းပြန်တက်နေသော သူ၏တီဗီလေးကို တစ်ချက်ကြည့်ပြီး သူ့ရှေ့မှ လျှောက်သွားနေသော သူ့အစ်ကိုကို တစ်ချက်ကြည့်လိုက်ရင်းဖြင့် "ကြည့်ရတာ အစ်ကိုတော့ လူသတ်သမားက ငါ့အတွက်လာတာဆိုတာကို သိသွားပြီထင်တယ်။ တကယ်ပဲ... လုံခြုံရေးကို အလေးထားလိုက်တာက ဒီမသေမျိုးဧကရာဇ်အစ်ကိုရဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်နိုင်ပုံပဲ!" ဟု တွေးနေမိသည်။

ရဲ့ရှင်းဟွေ့နှင့် ရဲ့ရှင်းချန်တို့ ထွက်ခွာသွားသည့် အချိန်မှာပင်...

ပန်းစပါးအုံ၏ ဆံပင်ကို ဆွဲထားသော လူကြီးသည် လမ်းကြားထဲသို့ ဝင်ရောက်လာသည်။

ပန်းစပါးအုံးသည် ပရော်ဖက်ရှင်နယ် လူသတ်သမားတစ်ဦးဖြစ်သလို အစွမ်းထက်သော အမှောင်စွမ်းအင် သိုင်းသမားတစ်ယောက်လည်း ဖြစ်သည့်အတွက် အလွယ်တကူ အရှုံးပေးမည် မဟုတ်ပေ။

သူသည် သူ့ဆံပင်ကို ဆွဲထားသော လူကြီး၏ လက်မောင်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဤတစ်ချက်သည် လူထွားကြီး၏ လက်မောင်းရိုးကို ကျိုးသွားစေရန် လုံလောက်သည်ဟု သူထင်ခဲ့သော်လည်း ဘာမှဖြစ်မသွားခဲ့ပေ။

ဒီလူကဘယ်သူလဲ... သူဟာ အမှောင်စွမ်းအင် သိုင်းသမား တစ်ယောက်ဖြစ်ချေသည်။ သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုသည် သာမန်လူများအပေါ်တွင် အရိုးကျိုး၊ အကြောပြတ်သွားစေနိုင်သော်လည်း ဤသန်မာသော လူကြီးမှာမူ လုံးဝထိခိုက်ခြင်းမရှိခဲ့။

"မင်းဘယ်သူလဲ"

ပန်းစပါးအုံးသည် ဤကနေ့တွင် သူ ပြိုင်ဘက်ကောင်းနှင့် တွေ့နေပြီဖြစ်ကြောင်း သိလိုက်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး။ မင်းသိထားရမှာက ဒီနေ့မင်းသေပြီဆိုတာပဲ"

လူကြီးသည် ပန်းစပါးအုံး၏ ဆံပင်ကို ဆွဲကိုင်၍ နံရံနှင့် ဆောင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါမင်းကို ပြောထားမယ်၊ ငါက မြွေကွင်းစွပ်ကကွ....မြွေကွင်းစွပ်ရဲ့ သူဌေးက ငါ့ယောက်ဖ... မင်းငါ့ကို ထိရင် မြွေကွင်းစွပ် တစ်ဖွဲ့လုံးနဲ့ ရန်သူဖြစ်သွားမယ်!"

ပန်းစပါးအုံး၏ ခြိမ်းခြောက်စကားကို ကြားလိုက်ရသော်လည်း အနက်ရောင်ဝတ် လူထွားကြီးသည် လုံးဝ လှုပ်ရှားသွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲသာ။

ထိုအဖြစ်ကိုမြင်သော် ပန်းစပါးအုံးက အနက်ရောင်ဝတ် လူထွားကြီးသည် မြွေကွင်းစွပ်၏ နာမည်ကြောင့် ကြောက်လန့်သွားသည်ဟု ထင်မှတ်ကာ မတ်တပ်ရပ်ပြီး သူ့ကိုယ်ပေါ်က ဖုန်များကို ခါချနေခဲ့သည်။

ထိုအချိန် အနက်ရောင်ဝတ် လူကြီး၏ အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာလေသည်။

အနက်ရောင်ဝတ် လူထွားကြီးက သူ၏ဖုန်းကို ထုတ်လိုက်သောအခါ ပန်းစပါးအုံးသည် ထိုသူ့ဖုန်းမှာ ခေတ်ဟောင်းဖုန်းအမျိုးအစားဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ဖုန်းကိုင်လိုက်ပြီးနောက် အနက်ရောင်ဝတ် လူကြီးက တည်ငြိမ်စွာပြောလိုက်သည်။

"ငါ့နေရာကို ရှာပြီး အလောင်းလာရှင်းပေး!"

ခေတ်ဟောင်းဖုန်းဖြစ်သောကြောင့် စပီကာ မဖွင့်ထားခဲ့သော်လည်း အနီးအနားမှ ပန်းစပါးအုံးသည် ဖုန်းထဲမှ အသံကို ရှင်းလင်းစွာကြားနေရသည်။

"ပစ်မှတ်ကို တိုက်ခိုက်တဲ့လူနဲ့ ဒီလောက်မြန်မြန်တွေ့တာလား"

"ဟုတ်တယ်...မစ္စတာရဲ့ ပြောတာမှန်ပါတယ်။ မြွေကွင်းစွပ် က လူတွေလုပ်တာပဲ...သူကိုယ်တိုင် ဝန်ခံပြီးပြီ"

"ကောင်းပြီလေ....ဆယ်မိနစ်အတွင်း အလောင်းလာကောက်ပေးမယ်!"

ထိုစကားကို ကြားသည့်အခါ အနက်ရောင်ဝတ် လူကြီးက ဖုန်းချလိုက်သည်။

ပန်းစပါးအုံး၏ မျက်နှာသည် ဖြူဖျော့သွား၏။

သူသည် ခုနက ဖုန်းပြောဆိုမှုများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပြီး သူ့ရှေ့မှ ဤလူသည် ရဲ့ချန်၏ နောက်ကွယ်အကူအညီဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။

သူသည် စပါးအုံး၏ စကားကို နားမထောင်ခဲ့သည့်အတွက် ယခုမှ နောင်တရနေမိသည်။

သို့သော် နောင်တရရန် အချိန်နှောင်းသွားလေပြီ။ သူသည် လက်ရှိအခက်အခဲကို တစ်ယောက်တည်း ကျော်လွှားရမည်ဖြစ်ပေသည်။

ထိုသို့တွေးကာ ပန်းစပါးအုံးသည် ခါးကြားမှ ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်သည်။

ဓားမြှောင်မှာ သိပ်မရှည်လှသော်လည်း ၎င်းပေါ်တွင် တဖျပ်ဖျပ်လက်နေသော ခရမ်းရောင်အလင်းတန်းဖျော့ဖျော့ကို ကြည့်ခြင်းအားဖြင့် ထိုဓားမြှောင်သည် အဆိပ်လူးထားကြောင်း လူကြီး သိလိုက်သည်။

"ငါ့ကို သတ်ချင်တယ်ပေါ့....ဟုတ်လား ငါ့ကို အရင်မေးစမ်းကြည့်ပါဦး...ငါက သတ်ရလွယ်တဲ့ကောင်များထင်နေတာလား"

"ပန်းစပါးအုံးမလား..... မြွေကွင်းစွပ်အဖွဲ့မှာ ပန်းစပါးအုံးတွေ အများကြီးပဲ.... ငါ နှစ်ယောက်တောင်သတ်ခဲ့ပြီးပြီပဲ.... အခု မင်းပါပေါင်းရင် သုံးယောက်ရှိပြီ"

ပန်းစပါးအုံး ......

"ငါ့ကို အဲ့အမှိုက်တွေနဲ့ မနှိုင်းနဲ့ကွ"

စကားပြောနေရင်းပင် ပန်းစပါးအုံးသည် လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်ဖျတ်လတ်ပြီး လူကြီးဆီသို့ တန်းတိုးသွားခဲ့သည်။

နှစ်ဦးကြား အကွာအဝေးမှာ သုံးမီတာလောက်ပင်မရှိသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပန်းစပါးအုံးသည် လူကြီး၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

"ဗန်း" ဆိုသော အသံနှင့်အတူ ပန်းစပါးအုံးသည် နေရာမှာပင် တောင့်ခဲသွားခဲ့ကာ သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။

"မင်း... မင်းမှာ ဘာလို့ သေနတ်ရှိနေရတာလဲ!?"

ထိုအချိန်တွင် အနက်ရောင်ဝတ် လူကြီး၏ လက်ထဲတွင် အသံတိတ်ကိရိယာတပ်ဆင်ထားသော ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။

ပန်းစပါးအုံးသည် သူ့သေဆုံးခြင်းမှာ မတရားဟု ခံစားလိုက်ရသည်။

သူက တိုက်ခိုက်ရန် ဓားမြှောင်သုံးပြီး တစ်ဖက်လူက သေနတ်ထုတ်သုံးသည်တဲ့။

တရုတ်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားသည်ဆိုတဲ့ သဘောတူညီချက်က ဘယ်ရောက်သွားတာလဲ?

တရုတ်နိုင်ငံတွင် သေနတ်ရရှိရန် မခက်ခဲသော်လည်း...စပါးအုံး တစ်ခါက ပြောခဲ့ဖူးသည်။

ပညာတတ်ပြီး အဆင့်အတန်းမြင့်သော လူသတ်သမားတစ်ယောက်အနေဖြင့် ဒေသဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရမည်။ ဤသည်မှာ လူသတ်သမားများပင် ခြွင်းချက်မရှိဟု ဆိုခဲ့လေသည်။

ထို့ကြောင့် ပန်းစပါးအုံးသည် တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်သည့်အခါ သေနတ်မသုံးရန် သူ့ကိုယ်သူပင် တားမြစ်ထားခဲ့သည်။

"သေနတ်ရှိတော့ရော ဘာဖြစ်လဲ"

အနက်ရောင်ဝတ် လူကြီးက သေနတ်ကို သိမ်းလိုက်ပြီး ဆက်ပြောသည်။

"ငါ့မှာ သေနတ်လိုင်စင်တောင်ရှိသေးတယ်!"

ပန်းစပါးအုံး.....

အနက်ရောင်ဝတ် လူကြီး စကားဆုံးသည်နှင့် ပန်းစပါးအုံး သေဆုံးသွားခဲ့သည်။ သူသည် ဒေါသထွက်၍ သေသွားတာလား သို့မဟုတ် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေသွားတာလားတော့ မသိပါ။

အနက်ရောင်ဝတ် လူထွားကြီးသည် ထိုအလောင်းကို စတင်စစ်ဆေးနေစဉ်မှာပဲ သူ၏နောက်ကျောမှနေ၍ ဆံပင်မွှေးများပင် ထောင်သွားလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ရုတ်တရက် ခံစားခဲ့လိုက်ရသည်။

၎င်းသတ်ဖြတ်လိုစိတ်ကြီးကို ခံစားမိသည်နှင့် အနက်ရောင်ဝတ် လူကြီးသည် အလိုအလျောက်ပင် သေနတ်ကို ဆွဲထုတ်၍ ချိန်ရွယ်လိုက်လေသည်။

သူဘာမှမပြောဘဲ ခလုတ်ဆွဲတော့မည့် အခိုက်တွင် သူ၏နားထဲရှိ ဘလူးတုသ်နားကြပ်မှ အသံမြည်လာခဲ့သည်။

"မပစ်နဲ့၊ အဲဒါက တာဝန်ပေးထားတဲ့ ကာကွယ်ရမယ့်ပစ်မှတ်ပဲ။"

ထိုအသံကို ကြားသောအခါ အနက်ရောင်ဝတ် လူကြီးသည် သေနတ်ကို ချက်ချင်းပြန်သိမ်းလိုက်လေသည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်၌ စနိုက်ဘာရိုင်ဖယ်ကိုင်ထားသော အမျိုးသားတစ်ဦးသည် အနက်ရောင်ဝတ် လူကြီး သေနတ်ပြန်သိမ်းသွားသည်ကို မြင်သောအခါမှသာ သက်ပြင်းချလိုက်နိုင်သည်။

ဤလူနှစ်ဦးမှာ ရဲ့ရှင်းချန်နှင့် ရဲ့ရှင်းဟွေ့ကို ကာကွယ်ရန်အတွက် ရဲ့ချန်ငှားရမ်းထားခဲ့သော ပရော်ဖက်ရှင်နယ် ကိုယ်ရံတော်များ ဖြစ်ကြချေသည်။

အနက်ရောင်ဝတ် လူကြီး၏ လျှို့ဝှက်အမည်မှာ 'ဝက်ဝံကန်း' ဖြစ်၍ စနိုက်ဘာသမား၏ လျှို့ဝှက်အမည်မှာ 'ဇီးကွက်' ဖြစ်သည်။

......

ဝက်ဝံကန်းသည် တိကျရှင်းလင်းစွာ မမြင်ရသော်လည်း လမ်းကြားအဝင်ဝတွင် ရပ်နေသောသူကို စိုက်ကြည့်နေဆဲဖြစ်သည်။

ထိုလမ်းကြားအဝင်ဝမှ လူမှာ အခြားသူမဟုတ် ရဲ့ရှင်းချန်ပင် ဖြစ်သည်။

ရဲ့ရှင်းဟွေ့ကို အိမ်ပြန်ပို့ပြီးနောက် ရဲ့ရှင်းချန်သည် ဤနေရာသို့ ထပ်မံ၍ ပြန်လာခဲ့သည်။

သူသည် 'ဝက်ဝံကန်း'ကို သာမန်လူတစ်ယောက်မဟုတ်မှန်း သိထားသော်လည်း 'ဝက်ဝံကန်း'သည် ‌စောနကလူသတ်သမားကို သတ်ပစ်မည်လား မသတ်ပစ်ဘူးလားဆိုတာကိုတော့ သူ မသေချာခဲ့ပေ။

သူဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာလည်း ထိုလူသတ်သမားကို သတ်ရန်သာဖြစ်သည်။

ဤလူသတ်သမား၏ နဂိုပစ်မှတ်မှာ သူ၏ညီငယ်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရဲ့ရှင်းချန်သည် သူ၏ညီကို အန္တရာယ်ဖြစ်စေမည့် ထိုသူအား ဆက်လက်အသက်ရှင်ခွင့်ပေးမည် မဟုတ်ချေ။

ယခုမူ သူ့ရှေ့မှ လူကြီးက လူသတ်သမားကို သတ်ပစ်လိုက်သည်ကို မြင်လိုက်သောအခါ ရဲ့ရှင်းချန်သည် မျက်လုံးကို မှေးကြုတ်လိုက်ပြီး ထွက်ခွာသွားခဲ့တော့သည်။

ဤသို့ ရဲရှင်းချန် လှည့်ထွက်သွားစဉ်မှာပင် ဝက်ဝံကန်းက စကားလှမ်းစလိုက်သည်။

"ဟေးးးးးငါက မင်းအဖေ မင်းကိုကာကွယ်ဖို့ လွှတ်လိုက်တဲ့လူပဲ.... ရဲမတိုင်နဲ့နော်..."

ဝက်ဝံကန်း ထိုသို့ပြောသည်ကို ကြားလိုက်သောအခါ ခေါင်မိုးပေါ်မှ စနိုက်ဘာသမား 'ဇီးကွက်'သည် စကားပင်မပြောနိုင်တော့ပေ။

"အစ်ကိုကြီး... ကျွန်တော်တို့တွေ လျှို့ဝှက်ပြီး ကာကွယ်ပေးဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ အခုတော့ ခင်ဗျားကိုယ်ခင်ဗျား ဖော်ကောင်လုပ်လိုက်ပြီ!"

ဇီးကွက်၏ အသံသည် ဘလူးတုသ်နားကြပ်မှ ထွက်ပေါ်လာခဲ့သည်။

ရဲ့ရှင်းချန် ထွက်သွားသည်ကို မြင်သောအခါ ဝက်ဝံကန်းက ဘလူးတုသ်နားကြပ်ဆီသို့ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူးကွာ။ အဲ့ကောင်သာ ရဲသွားတိုင်လိုက်ရင် ငါတို့ပိုပြီး ဒုက္ခရောက်ကုန်မှာ... ပြီးတော့ မင်းလည်း လျှို့ဝှက်ပြီး ကာကွယ်ပေးနေတာပဲ မဟုတ်လား?"

ဇီးကွက်: .....

"ဟုတ်ပါပြီဗျာ၊ ခင်ဗျားပြောတာ မှန်ပါတယ်။"

......

ရဲ့ရှင်းဟွေ့ အိမ်ပြန်ရောက်တော့ ဘာလုပ်နေတယ်ထင်လဲ....သေချာပေါက် တီဗီကြည့်နေတာပေါ့။

ဒီတစ်ခါတော့ တီဗီမှာ လိုင်းပြန်ရနေပြီး ပြသနေသော အစီအစဉ်မှာ "One Punch Man" ဟုခေါ်သော anime တစ်ခုဖြစ်သည်။

All Chapters