← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) "ချူးယွင်ဖန်း" ဆိုတဲ့နာမည်ကို မှတ်ထား

"ဒင်းကများ အတင့်ရဲလို့"

ကြယ်တာရာကျွန်းနှင့်ဝေးကွာသော ဧရာမ စစ်လွန်းပျံပေါ်တွင်၊ ချူးယွင်ဖန်းက ၎င်းတို့၏ကျောင်းသားများကို ချက်ချင်း သုတ်သင်ခဲ့ခြင်းကို ကျောင်းကောင်စီ၏ နည်းပြဆရာများက ဂြိုလ်တုပုံရိပ်မှ တွေ့လိုက်ရသဖြင့် ၎င်းတို့အားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ထို့နောက် သူတို့သည် ကျန်းယွမ်ပင်ကို စိုက်ကြည့်နေကြသည်။

"သူက ဘာကိုအတင့်ရဲမှာလဲ၊ ဒါတွေအားလုံးက ကိုယ့်အရည်အချင်းပေါ် ကိုယ်မူတည်တာ။ သူတို့က ကျောင်းကောင်စီက ကျောင်းသားတွေမို့လို့ ချူးယွင်ဖန်းက အလျော့ပေးသင့်တယ်လို့ ကျုပ်ကို မပြောနဲ့နော်"

ကျန်းယွမ်ပင်၏ နှုတ်ခမ်းများ တွန့်တက်သွားသည်။

ကျောင်းကောင်စီမှ နည်းပြဆရာများက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။ ၎င်းတို့သည် အလွန်ဒေါသထွက်နေကြ၍ မျက်နှာများ နီရဲနေကြသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ ထိပ်တန်းနေရာအတွက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ခြင်းကို ၎င်းတို့က ကောင်းကောင်းသိထားကြသည်။ သို့သော် ဤအကြိမ်တွင် ထိပ်တန်းအဆင့်တစ်ထောင်အတွက် ဆုကြေးများ ရှိနေသောကြောင့် ၎င်းတို့၏ ကျောင်းသားတွေကို ထိပ်တန်းအဆင့် တစ်ထောင်သို့ စာရင်းဝင်စေချင်ကြသည်။

သို့သော် ယခုအချိန်တွင် ၎င်းတို့၏ ကျောင်းသားအားလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိကြသောကြောင့်၊ ၎င်းတို့သည် ထိပ်တန်းအဆင့် တစ်ထောင်သို့ ယှဉ်ပြိုင်ရန်ပင် ခက်ခဲမည်ဖြစ်သည်။

"ဟမ်၊ ကျန်းယွမ်ပင် သိပ်ပြီး အထင်ကြီးမနေနဲ့။ သူ့ကိုဆွဲချဖို့ နည်းလမ်းမရှိဘူးလို့တော့ မင်း မထင်လိုက်နဲ့။ လုဖေးယွီ ရောက်လာရင် ချူးယွင်ဖန်းက အဆုံးသတ်ပြီပဲ" နည်းပြဆရာတစ်ဦးက ကျယ်လောင်စွာပြောသည်။

" လုဖေးယွီဆိုတော့ရော ဘာဖြစ်လဲ။ မင်းရဲ့ အမှားတွေကနေ သင်ခန်းစာမရသေးဘူးထင်တယ်။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကိုတောင် အနိုင်ယူနိုင်ခဲ့တာ။ လုဖေးယွီက သူ့ကို တားနိုင်မယ်လို့ ထင်နေတာလာ" ကျန်းယွမ်ပင်က တုန်လှုပ်ခြင်းမရှိပေ။

"မင်းက ကြက်တွေ မပေါက်ခင်အကောင်တွက်သလို လုပ်နေတာလား။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့တာက အတိတ်ကသတင်းဟောင်း တစ်ခုပါ။ အခုက ကျောင်းသား အချိန်နဲ့တစ်ပြေးညီ တိုးတက်နေကြပြီး နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေတာ။ ပြီးခဲ့တဲ့ လတွေက သတင်းဟောင်းတွေကို ပြောနေတာက စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်နေတာလား” နည်းပြဆရာတစ်ဦးက ပြောသည်။

“ဒါဆိုရင် သူတို့ကို တိုက်ခိုက်ခိုင်းလိုက်ပေါ့" ကျန်းယွမ်ပင်က ရိုးရှင်းစွာ ပြောလိုက်သည်။

ကျန်းယွမ်းပင်သည် သူ၏ လက်ဖက်ရည်ကို မော့ချလိုက်သည်။ ချူးယွင်ဖန်းသည် သူသင်ကြားဖူးသမျှ ပထမအသုတ် ကျောင်းသားများတွင် အကောင်းဆုံးတပည့်ဖြစ်သည်။ ကျန်းယွမ်ပင်သည် ချူးယွင်ပင်ကို တပည့်အဖြစ် လက်ခံနိုင်ရန် လျှိုကွက်တစ်ခုကို အသုံးပြုခဲ့သည်။ သာမာန်အခြေအနေအရဆိုလျှင် ချူးယွင်ဖန်းကို အခြားနည်းပြဆရာများ၏ လုယူလိမ့်မည်မှာ သေချာသည်။

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းအပေါ် မြင့်မားသော မျှော်မှန်းချက်များရှိနေသည်။ ချူးယွင်ဖန်းက တာအိုညီလာခံ၏ ချန်ပီယံဖြစ်လာရန် ရည်မှန်းထားသည်ဖြစ်ရာ လုဖေးယွီကိုပင် အနိုင်မယူနိုင်ခဲ့လျှင် ထိုရည်မှန်းချက်သည် ဟာသတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ ဂြိုလ်တုပုံရိပ်မှတစ်ဆင့် ချူးယွင်ဖန်း၏ အပြုအမှုကို ကြည့်ရှုရသော ကျန်းယွမ်ပင်က အလွန်ကျေနပ်နေသည်။ ဤတပည့်က မိမိကို မည်သည့်အချိန်ကမှ စိတ်မပျက်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ချူးယွင်ဖန်းက သူ့ကို အကြိမ်ကြိမ်အဖန်ဖန် အံ့အားသင့်စေခဲ့သည်။ ချူးယွင်ဖန်းက ဤအဆင့်သို့ရောက်လာမည်ဟု မိမိကိုယ်တိုင်ပင် မမျှော်လင့်ထားပေ။

'ဒါဆို မေ့ဟိုက်ယွင်၊ တုန်ဖန်းဟောက်နဲ့ တခြားလူတွေ ရောက်လာတော့ရော ဘာဖြစ်လဲ။ ငါသင်ပေးထားတဲ့ တပည့်တွေက သူတို့ထက် နိမ့်ကျတဲ့လူတွေ မဟုတ်ဘူး’’ ကျန်းယွမ်ပင်က တွေးနေသည်။

"ချူးယွင်ဖန်း" ဆိုတဲ့ နာမည်ကို ငါတို့ မှတ်ထားရမယ်"

ထိုအခိုက်အတန့်တွင်၊ အခြေအနေကို အာရုံစိုက်နေကြသော အခြားဂိုဏ်းများနှင့် တက္ကသိုလ်များမှ နည်းပြဆရာများသည်လည်း ဤအမည်ကို တိတ်တဆိတ် မှတ်သားထားကြသည်။ ချူးယွင်ဖန်း၏ သရုပ်ဆောင်မှုအရ၊ သူသည် အင်အားကြီး၍ ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံရသည်။ နောင်တွင်၊ ၎င်းတို့၏ ကျောင်းသားများက သူနှင့် တွေ့ကြုံကြသောအခါ၊ တတ်နိုင်သမျှ ဝေးဝေးမှ ပုန်းရှောင်ခြင်းက ပိုကောင်းပေလိမ့်မည်။ မဟုတ်လျှင်၊ အကျိုးဆက်ကို မှန်းဆလို့ရမည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင်၊ ထိုသစ်တောခုတ်ထွင်ရှင်းလင်းမှု အပြုအမူသည်၊ အခြားဂိုဏ်းများနှင့် တက္ကသိုလ်များမှ တပည့်၊ ကျောင်းသားများ တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပူပန်မှုများဖြင့် ကြည့်စေသည်။ ကျောင်းကောင်စီဝင်များ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်ကို တွေ့လိုက်ရ၍ ၎င်းတို့ ချက်ချင်း ထိတ်လန့်သွားသည်။

ဤလုပ်ရပ်သည် ကြမ်းတမ်းလွန်းလှသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသား အယောက်နှစ်ဆယ်ကျော်ကို နှစ်မိနစ်အတွင်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

"ဒါ...သူ လူရော ဟုတ်ရဲ့လား။ လူ့အရေခွံခြုံထားတဲ့ မွန်းစတားတစ်ကောင်တော့ မဟုတ်ပါဘူးနော်"

နိုင်ငံရပ်ခြားဂိုဏ်းမှ တပည့်တစ်ဦးက ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။

ပြောဆိုခဲ့သော လူငယ်သည် ဂိုဏ်းငယ်တစ်ခုမှဖြစ်သည်။ သူသည် သူ၏ဂိုဏ်းတွင် ထူးချွန်သူတစ်ဦးဖြစ်သော်လည်း စွမ်းအင်သန့်စင်မှုအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးသည်။ ဤကျောင်းသားများနှင့် ယှဉ်လျှင် သူသည် မည်သူ့ကိုမှ တွန်းလှန်ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။ သူ၏ အနိုင်ရနိုင်ခြေ အခွင့်အရေးမှာ သုံညသာ ရှိမည်သည့်အပြင်၊ သူသည် လှုပ်ရှားမှု သုံးခုဖြင့်သာ ရှုံးနိမ့်သွားမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် တိုတောင်းသော နှစ်မိနစ်အတွင်းတွင် ထိုကျောင်းသားများကို အနိုင်ယူခဲ့သည်။ ဤဖြစ်စဉ်ကြောင့် လူတိုင်း၏နှလုံးသားထဲတွင် ချူးယွင်ဖန်းကို မွန်းစတားတစ်ကောင်ကဲ့သို့ မြင်စေခဲ့သည်။

သူတို့သည် ရတနာသေတ္တာကို လုယူချင်ခဲ့ကြသော်လည်း ဤကျောင်းကောင်စီဝင်များနှင် သရေကျစေရန် ၎င်းတို့၏ လူအရေအတွက်ကိုသာ အသုံးပြု၍ တိုက်ခိုက်ခဲ့ရသည်။ ထိုသို့သော ကျောင်းကောင်စီဝင်များကို ချူးယွင်ဖန်းက ချက်ချင်း အနိုင်ယူခဲ့သည်။ ဤနေရာမှာ ၎င်းတို့သာဆိုပါက ထူးခြားလှလိမ့်မည်မဟုတ်ပေ။

ရုတ်တရက်ဆိုသလိုပင်၊ ၎င်းတို့သည် အရှေ့သို့မပြေးနိုင်သလို အနောက်သို့ ဆုတ်ခွာလို့မရတော့သလို ခံစားလိုက်ရ၍၊ အနောက်ဆုတ်ရန် ဆန္ဒမရှိသော်လည်း အရှေ့သို့ တိုးရန်လည်း မည်သူမျှ သတ္တိမရှိကြပေ။

“ဒီရတနာသေတ္တာကို ငါပိုင်တယ်။ ကန့်ကွက်မယ့်သူရှိလား"

ချူးယွင်ဖန်းက ကျူးချွဲ့ကို ရုပ်သိမ်းပြီးနောက်၊ လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်၍မေးလိုက်သည်။ လူတိုင်း၏ မျက်နှာများတွင် မလိုလားသော အမူအရာများ ရှိကြသော်လည်း၊ ဤအချိန်မှာ ၎င်းတို့က အနည်းငယ်မျှ မငြင်းဆန်ရဲကြပေ။ ၎င်းတို့အားလုံး အတူတူစုပေါင်း၍ တိုက်ခိုက်ကြမည်ဆိုလျှင်ပင်၊ အနိုင်ရရန် အခွင့်အလမ်း များများစားစားရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်းက ရတနာသေတ္တာကို ဖွင့်ခါနီးအချိန်တွင် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုသည် အဝေးမှ လျှပ်စီးကြောင်းတစ်ခုနှယ် ရုတ်တရက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ဤအရောင်အဝါသည် ယခင်ကျောင်းကောင်စီဝင်များထက် ပိုမိုပြင်းထန်သည်။ ခဏအကြာတွင် ထိုလူသည် ကွင်းပြင်သို့ ချီတက်လာ၏။ ပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ကျောင်းကောင်စီဝင်များကို တွေ့လိုက်သောအခါ ထိုလူငယ်က ဒေါသများ အလွန်ဆူပွက်လာကာ ဟစ်အော်လိုက်သည်။

“ချူးယွင်ဖန်း၊ မင်းကများ ကျောင်းကောင်စီအဖွဲ့ဝင်တွေကို တိုက်ခိုက်ရဲတယ်၊ မင်း သေချင်နေပြီလား"

ဤလူသည် အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တောက်ပနေပုံရ၍၊ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုလူသည် ကြမ်းတမ်း၍ ရဲရင့်ပုံပေါ်ကာ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော ချီစွမ်းအင်များသည် အင်အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲတော့မည့်ပုံပေါ်သည်။

မျက်မှောက်ရောက်ရှိနေသော လူတိုင်းသည်၊ ဤလူငယ်၏ ခွန်းအားကို ချက်ချင်း ခံစားမိလိုက်သည်။

“နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပေါ်လာပြီပဲ။ ပြည်ထောင်စုတက္ကသိုလ်မှာ ကျွမ်းကျင်သူတွေ ဘာလို့ဒီလောက်အများကြီးရှိနေရတာလဲ။ ကုန်ကို မကုန်နိုင်ဘူး။ သူတို့က အရေအတွက်တင်မကဘဲ အရည်အသွေးရှိတဲ့ လူတွေကိုလည်း ပိုင်းဆိုင်ထားတော့ ပြည်ထောင်စုတက္ကသိုလ်က နှစ်စဉ်နှစ်တိုင်း ချန်ပီယံဖြစ်နေတာ မအံ့သြတော့ပါဘူး။ ငါတို့နဲ့ ပြည်ထောင်စုတက္ကသိုလ်ကြားမှာ ကွာဟချက်က တော်တော်ကြီးတာပဲ"

"ဟုတ်ပါ့။ ကံကောင်းထောက်မလို့ သူတို့အချင်းအချင်း ပဋိပက္ခတစ်ခုရှိနေလို့သာပေါ့။ မဟုတ်ရင် ငါတို့မှာ ရပ်တည်ဖို့တောင် အခွင့်အလမ်း ရှိမှာမဟုတ်ဘူး”

“အကုန်လုံးက အသက်တူ အရွယ်တူတွေပဲဆိုပေမယ့် ငါတို့က မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုတောင် မရောက်သေးခင်မှာ သူတို့ကစွမ်းအင်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ ဘယ်လောက်မှ မလိုကြတော့ဘူး" ကျောင်းသာများက တအံ့တသြ အော်ဟစ်လိုက်ကြသည်။ ချူးယွင်ဖန်း သို့မဟုတ် ယခုရောက်ရှိလာသူဖြစ်ပါစေ၊ ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့ထက် များစွာသန်မာကြသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး နှိုင်းယှဥ်ကြည့်ရခြင်းသည် အင်မတန် ဒေါသထွက်စရာကောင်းသည်။

၎င်းတို့နှင့် အသက်တူ အရွယ်တူများကြားတွင် ၎င်းတို့ကို ထိပ်တန်းအဆင့် ဉာဏ်ကြီးရှင်များဟု ခေါ်ဝေါ်ကြသော်လည်း၊ ထိုနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ခွန်အားသည် ကွာခြားလွန်းလှသည်။

"လုဖေးယွီ" ချူးယွင်ဖန်းက ပြောလိုက်သည်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒါပေမယ့် ကံမကောင်းတာက မင်းနောက်ကျသွားပြီ"

"ငါက နောက်မကျဘူး။ ငါမင်းကိုအနိုင်ယူနိုင်သရွေ့ ဘယ်အရာမှ နောက်ကျနေမှာမဟုတ်ဘူး”လုဖေးယွီက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။ ချူးယွင်ဖန်းကို အနိုင်ယူနိုင်သရွေ့ အရာအားလုံးက နောက်ကျမည်မဟုတ်ပေ။

အခြားသော ကျောင်းကောင်စီအဖွဲ့ဝင်များကို လုဖေးယွီက ဂရုစိုက်ခြင်းမရှိပေ။ ချူးယွင်ဖန်းသည် သူ၏သတိပေးချက်ကို လျစ်လျူရှုခဲ့သည်ဟု ခံစားခဲ့ရသည်။ မိမိက သတိပေးပြီးသည့်နောက်တွင်၊ ချူးယွင်ဖန်းက ဆက်လက်တိုက်ခိုက်ရန် သတ္တိရှိနေခြင်းသည် လုဖေးယွီကို အင်မတန် ဒေါသထွက်စေသည်။

"မင်းက ငါ့ကိုအနိုင်ယူချင်လို့လား။ ဒါဆိုရင် သွားစမ်းလိုက်ပေါ့” ချူးယွင်ဖန်းက အမှုမဲ့အမှတ်မဲ့ ပြောဆိုလိုက်သည်။

လုဖေးယွီသည် မည်သည့်အချိန်ကမှန်း မသိ၊ သူ၏ဓားကို မြှောက်၍ တိုက်ခိုက်လိုက်သည်။ ဓားရှည်သည် မြင့်တက်လာပြီးနောက် အရှိန်အဟုန်ပြင်းစွာ ခုတ်ပိုင်းချလိုက်၏။

အခန်း (၅၁၂) တစ်ချက်တည်းဖြင့် သွေးအန်ထွက်စေခြင်း

လုဖေးယွီ၏ ပါးလွှာသော ဓားရှည်သည် သာမာန်ဓားများ၏ သုံးပုံတစ်ပုံခန့်ပင် မရှိပေ။

ထိုဓားရှည်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မထုတ်လွှတ်နိုင်သော်လည်း အသုံးပြုသူ၏ အမြန်နှုန်းကို တိုးတတ်စေနိုင်သည်။ ၎င်းသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လွင့်ထွက်လာရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ မျက်နှာအရှေ့သို့ ရောက်ရှိလာသည်။

ချူးယွင်ဖန်းက လေထု၏ဖြိုခွဲသံကဲ့သို့သော မကြည်လင်သည့်အသံကို ကြားလိုက်ရခြင်းသည် ဤဓားရှည် မည်မျှမြန်ဆန်သည်ကို ရှင်းလင်းစွာ သိနိုင်သည်။

"သွားသေလိုက်"

လုဖေးယွီက အော်ဟစ်လိုက်ကာ သူ၏မျက်နှာတွင် ဂုဏ်ယူနေသော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ တိုက်ခိုက်မှု အရှိန်နှုန်းသည် အလွန်လျင်မြန်လွန်းရာ၊ လူများစွာက ဤဓားချက်ကို တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရှုံးနိမ့်သွားကြသည်။ သိုင်းပညာလောကတွင် အရှိန်နှုန်းသည် အမြဲတစေ အဓိကအုတ်မြစ်ဖြစ်၍၊ ၎င်းသည် ရှေးကတည်းက ငြင်းဆန်လို့မရခဲ့သော အမှန်တရားတစ်ခုဖြစ်သည်။

လုဖေးယွီက လှုပ်ရှားလိုက်သည်နှင့် သာမာန် ကျောင်းကောင်စီဝင်များထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားကို ပြသခဲ့သည်။

မရီးဒျန်သန့်စင်ခြင်း၏ ဆဋ္ဌမအဆင့်။

ဤခွန်အားအဆင့်သည် ချူးယွင်ဖန်းယခင်က အနိုင်ယူခဲ့သော ကျန်းပိုင်ဖေးထက်ပင် ပို၍အင်အားကြီးနေသည်။ အစောပိုင်းက ချူးယွင်ဖန်း အနိုင်ယူခဲ့သော ကျောင်းကောင်စီဝင်အများစုသည် မရီးဒျန်သန့်စင်ခြင်း၏ တတိယအဆင့်တွင်သာ ရှိပေလိမ့်မည်။ ဤခွန်အားကွာခြားချက်သည် အလွန်ကြီးမားလွန်းသည်။

လုဖေးယွီသည် ဒုတိယနှစ်ကျောင်းသားများထဲတွင်ပင် အကောင်းဆုံးကျောင်းသားဟု သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ဆောင်ခြင်းမှာ ထုံးစံသာဖြစ်သည်။ သို့သော် ပြင်းထန်သည့် အခိုက်အတန့်တွင်၊ ချူးယွင်ဖန်းက ကျူးချွဲ့ကို မြှောက်၍ ရောက်ရှိလာသော တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ဧရာမဓားကြီးသည် ချူးယွင်ဖန်း၏ ထိုးစစ်နှင့် ခံစစ်စွမ်းရည် နှစ်ခုစလုံးကို ပြုလုပ်စေနိုင်သည်။

ဧရာမဓားကြီးနှင့်ဓားရှည်တို့ ပြင်းထန်စွာ တိုက်မိရာမှ မီးပန်းများ လွင့်ပျံထွက်လာ၍ ချီစွမ်းအင်များ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ လေထူသည် ဆူပွက်နေသော ရေသကဲ့သို့ တစ်ခဏမျှ ပူပြင်းလာကာ ချီစွမ်းအင်များ လှိုင်းထန်၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ကြောက်မက်ဖွယ် ပေါက်ကွဲမှုနှင့်အတူ ပြင်းထန်သော စွမ်းအင်များ ပျံ့နှံ့သွားသည်။ အဝေးမှကြည့်နေကြသော ဂိုဏ်းပေါင်းစုံမှ ကျောင်းသားများနှင့် တပည့်များသည် ၎င်းတို့၏ နားများကို ဖုံးအုပ်လိုက်ကြသည်။ ၎င်းတို့၏ နားစည်များ ပေါက်ကွဲတော့မည်ဟုပင် ခံစားလိုက်ရသည်။

ချီစွမ်းအင်များတစ်ရှိန်ထိုးတိုးတက်လာခြင်းက ၎င်းတို့ကို အနားသို့ မကပ်နိုင်စေသည့်အပြင်၊ အနောက်သို့ တွန်းပို့စေသည်။ ချီစွမ်းအင်က ဖန်တီးထားသော လေပြင်းများက ၎င်းတို့၏ ပါးပြင်ကို ကြမ်းတမ်းစွာ ရိုက်ခတ်နေသည်။ ချူးယွင်ဖန်းနှင့် လုဖေးယွီတို့ကို စတင်တိုက်ခိုက်ချိန်မှာပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ အထူးသဖြင့် လုဖေးယွီဖြစ်သည်။ သူသည် သူ၏ခွန်အားကို မထိန်းချုပ်ဘဲ ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ရည်ရွယ်ထား၏။

"မင်းကိုငါ သတ်ပစ်မယ်"

တိုက်ခိုက်မှု မအောင်မြင်ခဲ့သော လုဖေးယွီက မရပ်တန့်ခဲ့ပေ။ သူသည် နောက်အခိုက်အတန့်တွင် တည်နေရာမှ ပျောက်ကွယ်သွားရာ ပြန်လည်ပေါ်ပေါက်လာချိန်တွင် ချူးယွင်ဖန်း၏ ဘယ်ဘက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ခုတ်ပိုင်းမှုတစ်ခု ထပ်မံပြုလုပ်ခဲ့ရာ၊ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်၍ တောက်ပသော ချီစွမ်းအင်များ ထုတ်လွှတ်နေသည်။

ဓားရှည်ကို လက်ထဲတွင် ကိုင်ဆောင်ထားသော လုဖေးယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သတ်ဖြတ်ချင်စိတ်များ ဖြာထွက်နေသည်။ သူ၏လက်ထဲရှိ၊ သိုင်းစွမ်းရည်ကို ဖော်ပြရန် "မြန်ဆန်ခြင်း" ဟူသော စကားလုံးကို အသုံးပြုနိုင်၍၊ ဤရိုးရှင်းသောစကားလုံးသည် ကြီးမြတ်သော စွမ်းအင်များစွာပါရှိသည်။

"အောင်နိုင်သူကို ဆုံးဖြတ်လို့ရတော့မယ်"

လူများစွာက လုဖေးယွီ၏အရှိန်နှုန်းကို မလိုက်နိုင်ခဲ့ကြပေ။ ယခုမှပင် သူ၏ တိုက်ခိုက်မှုများသည် လျင်မြန်ရုံမျှ လျင်မြန်ခဲ့ခြင်း မဟုတ်ကြောင်း လူအများကသိလိုက်ရသည်။ သူ၏တိုက်ခိုက်မှု အရှိန်နှုန်းသည် လျင်မြန်ရုံမျှသာဆိုလျှင်၊ ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်မဟုတ်ပေ။ အရေးကြီးဆုံး အချက်မှာ လုဖေးယွီ၏ ရွေ့လျားမှု အမြန်နှုန်းသည် အလွန်မြန်သောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ ဘယ်ဘက်သို့ ချက်ချင်းရောက်လာခြင်းဖြစ်သည်။

၎င်းကို မြန်ဆန်ခြင်းဟူသော စကားတစ်ခွန်းဖြင့်သာ ခေါ်ဆိုနိုင်သည်။

ချူးယွင်ဖန်းက အချိန်မီမတုံ့ပြန်နိုင်ဘဲ လုဖေးယွီ၏ဓားချက်ဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရတော့မည့်ပုံပေါ်သည်။

'အနိုင်ရသူကို ဆုံးဖြတ်ပြီးပြီ'

ဤအတွေးက လူတိုင်း၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ စစ်လွန်းပျံထဲမှ ကြည့်နေကြသော ကျောင်းသားများနှင့် နည်းပြဆရာများပင် ဤသို့ တွေးနေကြသည်။ ချူးယွင်ဖန်းက မသေဆုံးခဲ့လျှင်ပင် ဤတိုက်ခိုက်မှု၏ အင်အားကြောင့် သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိ သွားပေလိမ့်မည်။ ဤအခြေအနေသို့ ရောက်နေသော တိုက်ပွဲတွင် သည်းထိတ်ရင်ဖိုဖြစ်စရာ မလိုအပ်တော့ပေ။

ဓားချက်သည် ချူးယွင်ဖန်း ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်လာသော်လည်း မည်သည့်အရာကိုမှ မထိမိခဲ့ပေ။ ထို့နောက် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို ဓားသွားဖြတ်သန်းသွားခြင်းကို လူတိုင်းက မြင်တွေ့လိုက်ရသည်။

'ဒါက ပုံရိပ်ယောင်ပဲ' လုဖေးယွီက လျင်မြန်စွာ သဘောပေါက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူ၏အမြင်အာရုံများ မှုန်ဝါးလာ၍ ကောင်းကင်မှ ဆင်းသက်လာသည့် ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ကျူးချွဲ့သည် သူ၏လည်ပင်းကို ဘယ်အချိန်ကမှန်းမသိ ချိန်ရွယ်၍ အလျားလိုက် ခုတ်ပိုင်းလိုက်သည်။

လုဖေးယွီက ချူးယွင်ဖန်းကိုသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့်၊ ချူးယွင်ဖန်းသည်လည်း အလားတူလုပ်ဆောင်ခဲ့သည်။

ချူးယွင်ဖန်းသည် သေစေလောက်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

လုဖေးယွီ၏ ခန္ဓာကိုယ်သည် မသိစိတ်က အလိုအလျောက် ဆုတ်ခွာသွားသည်။ စက္ကန့်ပိုင်းလောက်က မိမိရပ်နေသောနေရာကို ဓားချက်ဖြင့် ခုတ်ဖြတ်လိုက်ခြင်းကို တွေ့မြင်လိုက်ရသည်။

ဓားချက်ကို ရှောင်ရုံမျှသာ ရှောင်ရှားခဲ့သော လုဖေးယွီ၏ မျက်နှာတွင် ခြစ်ရာတစ်ခု ရရှိသွားသည်။ သူ၏အရေပြား ကွဲထွက်သွား၍ သွေးများလည်း ထွက်လာသည်။ ချူးယွင်ဖန်း၏ ကြီးမားသော စွမ်းအင်ဖြင့် ထိမှန်ခဲ့သော်လည်း လုဖေးယွီက ဒဏ်ရာကို မခံစားရပေ။ သူသည် သေခြင်းတရားမှ လွတ်မြောက်ခဲ့ခြင်းတွင်သာ နစ်မြုပ်နေဆဲဖြစ်သည်။

'သူက ဘာလို့ ဒီလောက်မြန်နေတာလဲ'

လုဖေးယွီသည် ချူးယွင်ဖန်း၏ အရှိန်ကြောင့် ထိတ်လန့်သွားသည်။ ၎င်းသည် မိမိအောက် နိမ့်ကျခြင်းမရှိပေ။

'မဟုတ်ဘူး၊ ချူးယွင်ဖန်းကတောင် သူ့ထက် ပိုမြန်မယ်လို့ ပြောလို့ရတယ်"

ချူးယွင်ဖန်း၏ စွမ်းအားသည် အလွန်ကြီးမားနေပြီဖြစ်သော်လည်း သူ၏အရှိန်သည် အနည်းငယ်မျှ ဆုတ်ယုတ်ခြင်းမရှိရာ၊ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။

"ချူးယွင်ဖန်းက ဘယ်လိုလုပ် ဒီလောက်မြန်ပြီး သန်မာနေရတာလဲ"

စစ်လွန်းပျံပေါ်က နည်းပြဆရာများပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ မည်သို့ပင်ဆိုကာစေ၊ ချူးယွင်ဖန်း၏ လက်ရှိသရုပ်ဖော်မှုသည် လုံးလုံးလျားလျား အံ့ဩဖွယ်ကောင်းလှသည်။

"အဲ့ဒါက ထူးဆန်းလို့လား။ သူက ချူးယွင်ဖန်းပဲဟာကို"

စစ်လွန်းပျံပေါ်ရှိ လူများအနက် ကျန်းယွမ်ပင်သာ အံ့ဩခြင်းမရှိခဲ့ပေ။ သူ၏ကျောင်းသားသည် ကျန်းပိုင်ဖေးကိုပင် အနိုင်ယူခဲ့ပြီးဖြစ်သဖြင့် လုဖေးယွီကို အနိုင်ယူနိုင်ခြင်းဟာ ထူးခြားသည့် အရာမဟုတ်ပေ။ အခြားနည်းပြဆရာများက ချူးယွင်ဖန်း၏ အံ့အားသင့်ဖွယ် တိုက်ပွဲမှတ်တမ်းကို အဆုံးတွင် ပြန်လည်အမှတ်ရခဲ့သည်။

ချူးယွင်ဖန်း၏ ခွန်အားသည် ကျန်းပိုင်ဖေးကို အနိုင်ယူပြီးနောက် ရပ်တန့်နေခဲ့ခြင်း မရှိဘဲ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ လုဖေးယွီက တုံ့ဆိုင်းသွားသည်နှင့် တိုက်ပွဲ၏ အခြေအနေသည် ချူးယွင်ဖန်းဘက်သို့ မျက်နှာသာ ပေးလာတော့သည်။

ချူးယွင်ဖန်းသည် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် မြန်ဆန် တိကျ၍၊ ရက်စက်ကြမ်းကြုတ်ခြင်းဟူသော ဂုဏ်ပုဒ်သုံးခုလုံး ပါရှိသည်။

"ကမ္ဘာ့ဓားသခင်၊ ကမ္ဘာမြေဓားများ"

ဤဓားသွား၏ တိုက်ခိုက်မှုသည် ချီစွမ်းအင်များနှင့်အတူ လိမ့်တက်လာသည်။ ထိုတိုက်ခိုက်မှုသည် ကမ္ဘာကြီးတစ်ခုလုံး နှစ်ပိုင်းပြတ်သွားတော့မည့်ပုံဖြင့် နှိုင်းယှဉ်၍မရအောင် ပြင်းထန်လွန်းသည်။

လုဖေးယွီက တုံ့ပြန်အချိန် မရှိသလောက်ပင် ဖြစ်ခဲ့သည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် အလွန် လျင်မြန်လွန်းရာ၊ ခုခံရန် သူ၏ဓားရှည်ကိုသာ မြှောက်တင်နိုင်ခဲ့သည်။

ချွင်

ချူးယွင်ဖန်၏ ခွန်အားများ ပေါက်ကွဲထွက်လာသည်။ လုဖေးယွီသည် မူလက သူ၏ ခြေဖဝါးများကို မြေပြင်ပေါ်တွင် အခိုင်အမာ ထိုးစိုက်၍၊ သစ်ပင်ဟောင်း၏ အမြစ်များကဲ့သို့ ခိုင်ခံ့စွာ ရပ်တည်နေသည်။ သို့သော် ဓားဖြင့်ခုတ်ပိုင်းခံရပြီးနောက် အနောက်သို့ ပြင်းထန်စွာ တွန်းပို့ခံလိုက်ရရာ တိုက်ခိုက်မှုကို လုံးလုံးလျားလျား တားဆီးနိုင်ခြင်းမရှိပေ။

လုဖေးယွီ၏မျက်နှာသည် သိသိသာသာ နီရဲသွား၍ အဆုံးတွင် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ သွေးများ အန်ထွက်လာတော့သည်။

အခန်း (၅၁၃) မင်းကမပြေးဘဲ နေရဲတယ်လား။

လုဖေးယွီ၏ ခံစစ်အပါအဝင် အရာအားလုံးကို ကျူချွဲ၏ ဓားအလင်းက ဖြတ်တောက်ပစ်လိုက်သည်။ လုဖေးယွီသည် ဓား၏အလင်းကြောင့် အနောက်သို့ ဆုတ်ခွာခဲ့ရသည်။

လုဖေးယွီ၏ ခြေထောက်များသည် မြေကြီးထဲသို့ ထိုးစိုက်ထားသောကြောင့် နက်နဲသော ခြေရာများ ကျန်ရစ်ခဲ့သည်။ အဆက်မပြတ် တွန်းပို့ခံရခြင်းသည် သူ၏အရိုးများ ကွဲအက်သွားတော့မလို ခံစားနေရသည်။ သူ၏အရိုးများ အသားများက မဖုံးအုပ်ထားသော အသားမရှိသည့် ဘောင်တစ်ခုကဲ့သို့ဖြစ်နေသည်။

'ဒီကောင်က ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ'

လုဖေးယွီသည် သူနှင့် ချူးယွင်ဖန်းတို့အကြား ခွန်အားကွာခြားချက်ကို ဤဓားချက် တစ်ချက်တည်းဖြင့် ချက်ချင်း ခံစားလိုက်ရသည်။ လုဖေးယွီသည် သူနှင့် ကျန်းပိုင်ဖေးအကြားတွင် ကွာဟချက် မရှိလှဟု ထင်ထားခဲ့သော်သည်။ သူသည် ကျန်းပိုင်ဖေးဆီတွင် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ရှုံးနိမ့်ခဲ့သော်လည်း၊ ထိုအချိန်က ပြီးခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်ခွဲအတွင်းတွင် သူ၏ ခွန်အားသည် ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။ ကျန်းပိုင်ဖေးက လူသိနည်းသော ချူးယွင်ဖန်းဆီတွင် ရှုံးနိမ့်သွားသောအခါ လုဖေးယွီက ကျန်းပိုင်ဖေးကို စတင်၍ အထင်သေးလာမိသည်။

သို့သော်လည်း အမှန်တကယ် ခုခံတိုက်ခိုက်ပြီးနောက် ကျန်းပိုင်ဖေးက ပျော့ညံ့ခြင်းမဟုတ်ဘဲ ချူးယွင်ဖန်းကသာ အလွန် ကြောက်မက်ဖွယ်ကောင်းနေခြင်းဖြစ်ကြောင်း လုဖေးယွီက အဆုံးတွင် နားလည်ခဲ့ရသည်။ ၎င်းတို့သည် ကျောင်းသားသစ်များသာ ဖြစ်နေခြင်းဆိုသည့် အချက်က ပိုမိုဆိုးရွားစေခဲ့သည်။ ကျောင်းသားများ၏ အဆင့်အတန်းကို သတ်မှတ်ခဲ့သော်လည်း လွန်ခဲ့သော တစ်နှစ်ခွဲကျော်က ဖြစ်သည်။ လုဖေးယွီကဲ့သို့သော ထိပ်တန်းအဆင့်တွင် ရွေးချယ်ခံရသော လူများအားလုံးသည် အဆင့်နေရာပြောင်းလဲရန် လက်သီးလက်မောင်းတန်း၍ မျှော်လင့်စောင့်စားနေကြသည်။

လွန်ခဲ့သော တစ်နှစ်ခွဲနှင့် မတူသည်မှာ ဤကျောင်းသားများအားလုံးသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းနည်းပြဆရာများ၏ လမ်းညွှန်မှုကို ရရှိခဲ့သည်။ ၎င်းတို့၏ ခွန်အားများ အရှိန်အဟုန်ဖြင့် ခုန်ပျံကျော်လွှား၍ တိုးမြင့်လာ၍ ယခင်ကကျရှုံးမှု၏ အရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

၎င်းတို့၏ဂုဏ်သတင်းကို မြှင့်တင်ခြင်းနှင့် တစ်ချိန်က ရှုံးနိမ့်ခဲ့ဖူးသူကို အနိုင်ယူခြင်းသည် ၎င်းတို့၏အဆင့်နေရာများကို အပြောင်းအလဲပြုလုပ်ခြင်းအတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သို့မှသာ ၎င်းတို့၏ ကျရှုံးခဲ့ရသော အရှက်သိက္ခာများကို အဖတ်ဆယ်နိုင်မည်ဖြစ်သည်။ သို့သော် လုဖေးယွီက ထိုသို့မလုပ်ဆောင်မီတွင်၊ ကျော်ကြားမှုအနည်းငယ်မျှသာ ရှိသောသူတစ်ဦးက ကျန်းပိုင်ဖေးကိုအနိုင်ယူခဲ့သည်။

လုဖေးယွီက တိုက်ခိုက်မှုကို တွန်းလှန်ပြီးနောက်တွင် ချူးယွင်ဖန်းက ရပ်တန့်ခြင်းမရှိခဲ့ပေ။ သူသည် လုဖေးယွီ၏ အနောက်သို့ လိုက်လံချီတက်၍၊ သူ၏လက်ထဲကကျူးချွဲ့ဖြင့် တစ်ဖန် ထပ်မံသုတ်သင်လိုက်သည်။

"ကမ္ဘာမြေဓားများ"

ကျူးချွဲ့မှ သုံးပေရှည်သော တိုက်ခိုက်မှုတစ်ခု ချက်ခြင်း ထွက်ပေါ်လာ၍ လုဖေးယွီ၏ ဦးတည်ရာသို့ တိုက်ရိုက် ဦးတည်သွားသည်။ လုဖေးယွီသည် ခန္ဓာကိုယ်မှ သူ၏ဝိညာဉ်ထွက်ခွာသွားတော့မည်ဟု ခံစားလိုက်ရသဖြင့် သူ့တွင် လွတ်မြောက်ရန် လမ်းမရှိကြောင်းသိလိုက်သည်။

"မင်း လွန်လွန်းအား ကြီးမလာနဲ့"

လုဖေးယွီက ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ ဆူပွက်လာရာ၊ အဝေးမှကြည့်လျှင် သူသည် လောင်ကျွမ်းနေသည်ဟုပင် ထင်ရသည်။ သူသည် အားနည်းချက်ကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ ချူးယွင်ဖန်းကို ခေါင်းကနေ ခြေဖျားအထိ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

“နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်း"

လုဖေးယွီသည် အဆုံးတွင် သူ၏နာမည်ကြီး စွမ်းရည်များကို အသုံးပြုခဲ့ရာ၊ လေထုတစ်ခုလုံး ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ လုဖေးယွီသည် အမှန်တကယ် အရည်အချင်းရှိသူဖြစ်သည်။ သူနှင့် အသက်တူ အရွယ်တူအုပ်စုထဲတွင် သူနှင့် ကြံ့ခိုင်မှုပိုင်းအရ ယှဉ်ပြိုင်နိုင်သူကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။ ဒုတိယနှစ်ကျောင်းသားများတွင်ပင် သူနှင့်ယှဉ်ပြိုင်နိုင်မည့်လူ များများစားစားရှိမည် မဟုတ်ပေ။ နှမြောစရာကောင်းလှသည်မှာ၊ ချူးယွင်ဖန်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

“နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းဟုတ်လား ဒီသိုင်းကွက်ကို သင်ယူနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ သူ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ပြီပဲ"

ပြည်ထောင်စုတက္ကသိုလ်မှ နည်းပြဆရာတစ်ဦးက ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်လုံးများ အရောင်တောက်ပလာသည်။

“အခုခေတ် ကျောင်းသားတွေက တကယ့်ကို ပိုပိုပြီး သန်မာလာကြာတာပဲ။ လုဖေးယွီရဲ့ ဆရာကိုယ်တိုင်တောင် အသက်လေးဆယ်ကျော်အရွယ်ရောက်မှ နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းကို ကျွမ်းကျင်တတ်မြောက်ခဲ့တာ။ ဒါပေမယ့် အခုကြည့်ဦး လုဖေးယွီက ပထမနှစ်စမှာပဲ ဒီသိုင်းကွက်ကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီ"

“ဒါပေမယ့် ပိုပြီးကြောက်စရာကောင်းတာက ချူးယွင်ဖန်းပဲ။ သူ့ရဲ့ ကန့်သတ်ချက်က ဘယ်မှာလဲ”

စစ်လွန်းပျံပေါ်တွင် နည်းပြဆရာ အများအပြားက တက်ကြွစွာ ဆွေးနွေးနေကြသည်။ ၎င်းတို့အနက် ဓားကြီးတစ်ချောင်းကို ကျောတွင် သိုင်းလွယ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စကားမပြောခဲ့ပေ။ သူ၏မျက်နှာသည် ရေသေကဲ့သို့ ငြိမ်သက်နေ၍၊ နှုတ်ခမ်းများကို ပါးလွှာသောမျဉ်းကြောင်းအဖြစ် စိပိတ်ထားသည်။

ဤအမျိုးသားသည် လုဖေးယွီ၏နည်းပြဆရာဖြစ်သည်။ အခြားလူများက မိမိကို မည်မျှ ချီးကျူးနေပါစေ လုဖေးယွီက အရေးနိမ့်နေဆဲဖြစ်သည်။

လုဖေးယွီသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူပြုစုပျိုးထောင်ခဲ့သော ကျောင်းသားများထဲမှ အကောင်းဆုံးကျောင်းသားဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများမှထဲမှ ဤနတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက အလွန်အစွမ်းထက်လွန်းသောကြောင့်၊ မိမိလျှင်ပင် အသက်လေးဆယ်ကျော်မှသာ ကျွမ်းကျင်တတ်မြောက်ခဲ့ရသည်။ လုဖေးယွီထံ လက်ဆင့်ကမ်းပြီးနောက်၊ သူ၏တပည့်သည် နှစ်ဝက်မပြည့်မီအချိန်မှာပင် ပြစ်ချက်ကင်းအဆင့်သို့လေ့ကျင့်နိုင်ခဲ့သည်ဖြစ်ရာ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ထိုကဲ့သို့သော အရည်အချင်းမျိုးဖြင့် လုဖေးယွီသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကသာဆိုလျှင် ထိပ်ဆုံးအဆင့် သတ်မှတ်ချက်တွင် ရပ်တည်နိုင်ပေလိမ့်မည်ဖြစ်သော်လည်း၊ ယခုမူ သူသည် အခြားသူများ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

“အခု ကြောက်စရာကောင်းတဲ့ ကျောင်းသားတွေ ပိုပိုပြီး များပြားလာပြီ” ဟု အချို့က ဆိုသကဲ့သို့၊ လူသားမျိုးနွယ်တစ်ခုလုံး၏ အင်အားသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီဖြစ်သည်။

အားလုံးက ဆွေးနွေးနေကြစဉ် ချူးယွင်ဖန်း၏ ကမ္ဘာမြေဓားမှ ဓားချီနှင့် လုဖေးယွီ၏ နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းမှ ဓားချီတို့ အချင်းချင်း ရိုက်ခတ်မိသွားသည်။ ကြောက်မက်ဖွယ် အရောင်အဝါများနှင့် လေပြင်းများ ထွက်ပေါ်လာ၍ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတစ်ခု ချက်ခြင်း ပျံ့နှံ့သွားသည်။

ဂိုဏ်းပေါင်းစုံမှ ကျောင်းသားများသည် ၎င်းတို့အရှေ့ရှိ တိုက်ပွဲမြင်ကွင်းကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ကူးထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများ၏ ခွန်အားဖြစ်သည်။

လုဖေးယွီ၏ နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းသည် အလွန်အစွမ်းထက်သော ဓားသိုင်းပညာတစ်ခုဖြစ်သည်။ ၎င်းကို ထုတ်လွှတ်ပြီးလျှင် ခုခံကာကွယ်နိုင်မည့်လူ များများစားစားရှိမည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်း၏ ကမ္ဘာမြေဓားသခင် သိုင်းပညာသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ချူးယွင်ဖန်းနှင့် တူညီသောအဆင့်တွင် ယှဉ်ပြိုင်နိုင်မည့်လူမျိုး ရှာဖွေရန် ခက်ခဲမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူ၏တိုက်ခိုက်မှုကို ဖယ်ရှားခဲ့သော်လည်း လုဖေးယွီက ပျာယာခတ်ခြင်းမရှိခဲ့ပေ။ နောက်ဆုံးတွင် သူသည် အသက်ရှူရန် အခွင့်အရေးရခဲ့ပြီဖြစ်ရာ၊ သူ၏ခန္ဓာကိုယ်ထဲက သတ်ဖြတ်ချင်စိတ်များက လေထုကို လောင်ကျွမ်းသွားတော့မည့်သကဲ့သို့ ပြင်းထန်လာသည်။

"မင်းရဲ့ဖန်တီးရှင်ကို တွေ့ရမယ့်အချိန်ရောက်ပြီ ချူးယွင်ဖန်း"

လုဖေးယွီသည် လက်ထဲမှ ဓားရှည်ဖြင့် တစ်ကြိမ် ထပ်မံ ခုတ်ပိုင်းလိုက်သည်။ ဤတိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုကဲ့သို့ မြန်ဆန်လွန်းလှရာ၊ လေထုထဲတွင် ဓားရိပ်ရှစ်ခု ပေါ်ပေါက်လာသည်။ ၎င်းတို့တစ်ခုချင်းစီသည် ကမ္ဘာကြီးကို ပြိုကွဲသွားတော့မည့်ဟန်ဖြင့် အလွန်ကြောက်မယ်ဖွယ်ကောင်းသည်။

ဤသည်မှာ နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်း၏ အဆုံးစွန် နက်နဲမှုဖြစ်၍၊ လုဖေးယွီ၏ နောက်ဆုံးအားကိုးရာလည်းဖြစ်သည်။ ဓားရိပ် ရှစ်ခုမှ ဖန်တီးလိုက်သော ကြောက်မက်ဖွယ် လှိုင်းလုံးများသည် ဖုန်လုံးကြီးများကို ဖြစ်ပေါ်စေခဲ့ရာ၊ တိုက်ပွဲအတွင်းက အဖြစ်အပျက်များကို မည်သူမှ မမြင်တွေ့နိုင်တော့ပေ။

ချူးယွင်ဖန်းက ငြိမ်သက်စွာဖြင့် လေထဲသို့ သူ၏ဓားကို ရုတ်တရက် ထိုးစိုက်လိုက်သည်။ ဤဓားချက်က လေထုကို ထိုးဖောက်ဝင်ရောက်သွားသောအခါ နတ်ဆိုးဖျက်ဆီးခြင်းရှစ်သွယ်ဓားသိုင်းက ဖန်တီးသော ကြောက်မက်ဖွယ်လှိုင်းလုံးများကို သူ၏ဓားဖြင့် ဖြိုခွဲ၍ အရာအားလုံး လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ ဤတိုက်ခိုက်မှုသည် ၎င်းတို့၏ပစ်မှတ်ကို ကျရောက်ခွင့်မပေးဘဲ ဓားရိပ် ရှစ်ခုဆီသို့ ချက်ချင်း ပစ်ခတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ချီစွမ်းအင်များ တိုက်ခတ်မိ၍ အချင်းချင်း ဝါးမျိုခြင်းမှာ ဖြစ်ပေါ်လာသေယ ပေါက်ကွဲသံဖြစ်သည်။ လူတိုင်းက အဖြစ်အပျက်များကို မြင်ချင်နေကြရာမှ၊ ချူးယွင်ဖန်း၏ အေးစက်စက် အသံကို လှိုင်းလုံးကြီးထဲမှ ကြားလိုက်ရသည်။

"မင်းက မပြေးဘဲ နေရဲတယ်လား"

ချူးယွင်ဖန်းက စကားပြောနေစဉ်တွင်၊ ဖုန်လုံးကြီးထဲမှ ပုံရိပ်တစ်ခု ပြေးထွက်လာသည်။ ၎င်းပုံရိပ်သည် လုဖေးယွီမှလွဲ၍ အခြားလူမဟုတ်ပေ။ သူသည် ထွက်ပြေးနေစဉ်တွင်ပင် ပါးစပ်မှ သွေးများ အန်ထွက်နေသည်။ ဓားရှည်ကိုလက်တွင် ကိုင်ဆောင်ထားသော်လည်း သူ၏လက်ဖဝါးတစ်ခုလုံးသည် သွေးများထွက်၍ စုတ်ပြတ်နေသည်။

လုဖေးယွီသည် ချူးယွင်ဖန်းနှင့် ထိပ်တိုက်တွေ့ဆုံရာတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်မှာ သိသာထင်ရှားသည်။

All Chapters