← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀) အချိုးစကေးများကို ဖျက်ဆီးခဲ့သော ချူးယွင်ဖန်း

ရုပ်သံဖြတ်တောက်မှု အဆုံးသတ်သွားသည့်နောက်တွင် ကြယ်တာရာကျွန်း၏ အပြင်ဘက်ရှိ စစ်လွန်းပျံပေါ်ရှိ နည်းပြဆရာများစွာက ကြေကွဲဖွယ်ရာမြင်ကွင်း၏ ဗီဒီယိုကို မြင်တွေ့လိုက်ရကာ၊ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဟွမ်မိသားစု၏ တပည့်များ အားလုံးနီးပါး သုတ်သင်ခံခဲ့ရသည်။ ဟွမ်မိသားစု၏ လက်ရှိမျိုးဆက်၏ အရေးကြီးသော ဟွမ်ယုပင် သတ်ဖြတ်ခံခဲ့ရသည်။

ယခုမတိုင်မီအချိန်က ကြယ်တာရာကျွန်း၏ တိုက်ပွဲတွင် လူပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သော်လည်း အများစုမှာ အင်မတန် အင်အားနည်းသူများဖြစ်ကြသည်။ သေဆုံးသွားသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူမှာ အရေအတွက် အလွန်နည်းပါးသည်။ သို့သော် ယခုအချိန်တွင် ထိုကျွမ်းကျင်သူပေါင်းများစွာက သေဆုံးသွားလေ၏။

အရေးအကြီးဆုံး အချက်မှာ ဟွမ်ယုသည် ဦးဆောင်သူစာရင်းတွင် အဆင့် (၁၀) နေရာတွင်ရှိခဲ့၍၊ ဤသက်တူရွယ်တူ အုပ်စုများထဲတွင် အသန်မာဆုံး လူတစ်ဦးဖြစ်ခဲ့သည်။

လူသားမျိုးနွယ်၏ မဏ္ဍိုင်တစ်ခုဖြစ်၍ အနာဂတ်၏လက်ရွေးစင်တစ်ဦးသည် ထိုကဲ့သို့ သေဆုံးခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်ပေါ်စေရန် ချူးယွင်ဖန်းမှလွဲ၍ အခြားမည်သူမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။ ကျန်ရှိနေသော ဟွမ်မိသားစုများ၏ မျိုးဆက်များနှင့် တော်ဝင်ဓားသမားဂိုဏ်း၏ တပည့်များ ပေးပို့သော အချက်အလက်များက ၎င်းတို့၏ သုံးသပ်ချက်ကို အတည်ပြုခဲ့သည်။ အမှန်တကယ်ပင် ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

ဟွမ်မိသားစု၏ အကြီးအကဲများသည် အလွန် ဒေါသထွက်နေကြသည်။ ဤတစ်သုတ်တိုက်ခိုက်မှုတွင် လူပေါင်းများစွာ သေဆုံးခဲ့ရခြင်းသည်၊ ယခုနှစ်တွင် ဟွမ်မိသားစုကို ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့သည်။

"ကျန်းယွမ်ပင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ မင်း ငါတို့မိသားစုကို ဖြေရှင်းချက်ပေးရမယ်"

ဟွမ်မိသားစု၏ အကြီးအကဲအချို့က ကျန်းယွမ်ပင်ကိုဝိုင်းရံ၍ ဖြေရှင်းချက်ပေးရန် ပြောဆိုနေကြသည်။ အားလုံးက ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို စောင့်ကြည့်နေကြသည်။ အထူးသဖြင့် ကျန်းမိသားစု၏ အကြီးအကဲများသည် ဇာတ်လမ်းကောင်းတစ်ခုကို ရှုစားနေသကဲ့သို့ ကြည့်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို အမြဲတစေ မုန်းတီးခဲ့ကြသူများဖြစ်ရာ၊ ယခုအချိန်တွင် သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်ပင် ရှိနေကြပြီဖြစ်သည်။

"ရှင်းပြရမယ်တဲ့လား။ မင်းတို့က ဘာကိုဆိုလိုတာလဲ" ကျန်းယွမ်ပင်က လှောင်ရယ်၍ ပြောလိုက်သည်။

"ဒါဆို မင်းတို့မျိုးဆက်တွေက ငါ့တပည့်ကို ဝန်းရံသတ်ဖြတ်တာကို ခွင့်ပြုပေမယ့်၊ ငါ့တပည့်က သူ့ကိုယ်သူ ခုခံကာကွယ်ခွင့်တော့ မရှိဘူးလို့ ပြောချင်တာလား။ အဲ့ဒါအပြင် ဒီညီလာခံမှာ အခြားတစ်ယောက်ကို မတော်တဆ သတ်ဖြတ်ခွင့်မရှိဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ"

အားလုံးက အံ့ဩသွားကြသည်။ ဤသို့ စည်းကမ်းမျိုး အမှန်တကယ် ထုတ်ပြန်ထားခြင်းမရှိပေ။ အခြားနည်းဖြင့် ပြောရမည်ဆိုလျှင်၊ ဤအဆင့်တွင်ရှိနေသော တပည့်လက်သားများ သေဆုံးလိမ့်မည်ဟု တစ်ခါမှပင် မတွေးမိခဲ့ကြပေ။ သာမန်လက်ရွေးစင် တပည့်တစ်ဦး သေဆုံးသွားလျှင် ဆုံးရှုံးနစ်နာရသော်လည်း၊ အကြွင်းမဲ့ လက်ရွေးစင် တပည့်တစ်ဦးကို ပြုစုပျိုးထောင်ရန် အရာရာကို သည်းခံနိုင်ရမည်ဖြစ်သည်။ သို့သော် ယခု သေဆုံးသွားသူမှာ မိသားစု၏ အကောင်းဆုံးတပည့်၊ ဟွမ်ယုဖြစ်နေသည်။

"မင်းတို့ တပည့်တွေ အရည်အချင်းမရှိတာနဲ့ တခြားလူတွေကို လာအပြစ်တင်နေတာလား" ဒေါသကြောင့် မျက်နှာနီရဲနေသော ဟွမ်မိသားစု၏ အကြီးအကဲများကို ကျန်းယွမ်ပင်က ဆက်လက်၍ စိုက်ကြည့်နေသည်။

“အဲ့လောက် အရှက်မဲ့စမ်းပါနဲ့။ ဒီလို အရှက်မဲ့တဲ့ လှည့်ကွက်မျိုးနဲ့ ကျုပ်ကို လာစွဖို့ မစဉ်းစားနဲ့။ ဒီညီလာခံက စမ်းသပ်မှုမို့လို့၊ ဒီလိုစမ်းသပ်မှုမျိုးမှာ သေဆုံးတာက ပုံမှန်ပဲ။ မင်းတို့ မျိုးဆက်တွေသေမှာကို ကြောက်နေရင် အစတည်းက ဒီကိုမပို့ခဲ့သင့်ဘူး"

ကျန်းယွမ်ပင်သည် ယဉ်ကျေးသိမ်မွေ့ရန်ပင် စိတ်ကူးမရှိတော့ပေ။ သူသည် ကြီးမားသော မင်းမျိုးမင်းနွယ် မိသားစုမှ ဆင်းသက်လာသူ မဟုတ်သော်လည်း၊ အခြေခံအားဖြင့် သူသည် ပြည်ထောင်စု တက္ကသိုလ်တစ်ခုလုံးတွင် ဤရာထူးအဆင့်သို့ ရောက်ရှိနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ မင်းမျိုးမင်းနွယ် မျိုးဆက်မှ ဆင်းသက်လာသူ မဟုတ်လျှင်ပင် ၎င်းပိုင်ဆိုင်ထားသော သြဇာအာဏာသည် ထိတ်လန့်ဖွယ်ကောင်းအောင် ကြီးမားကျယ်ပြန့်လွန်းသည်။

ပြည်ထောင်စုတွင် ကြီးမားသော မင်းမျိုးမင်းနွယ် မိသားစုများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ ရှိသော်လည်း သာမန်လူများက ဘဝ၏ အထွတ်အထိပ်အချိန်သို့ ရောက်ရှိသည့်အခါ ၎င်းတို့၏ သြဇာလွှမ်းမိုးမှုအောက် နိမ့်ကျမည်မဟုတ်ပေ။ ဥပမာအားဖြင့်၊ အာဏာ အထွတ်အထိပ်တွင် ရောက်ရှိနေသည့် ပြည်ထောင်စု၏ သမ္မတရာထူးလျှင်ပင်၊ သာမန်ပြည်သူများက ရောက်ရှိနိုင်သော အရာတစ်ခုဖြစ်သည်။

"ဟုတ်တယ်။ မင်းတို့ မိသားစုထဲက တစ်ယောက်ယောက် သေဆုံးသွားလို့ လူအဖြစ် သတ်မှတ်ရင်၊ ကျုပ်တို့ မိသားစုထဲက တစ်ယောက်ယောက်သေသွားရင်ရော လူအဖြစ် သတ်မှတ်ကြမှာလား" ချူးမိသားစု၏ အကြီးအကဲများသည်လည်း သည်းမခံနိုင်တော့ပေ။

၎င်းတို့က ချူးယွင်ဖန်းကို မည်မျှ မနှစ်သက်ပါစေ၊ သူသည် ၎င်းတို့၏ မိသားစုဝင်တစ်ဦး ဖြစ်နေဆဲဖြစ်၍၊ ၎င်းတို့ကြားတွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမျိုး ရှိနေသေးသည်။

ထိုအချိန်တွင်၊ ချူးယွင်ဖန်းက ချူးမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေသေးကြောင်း ဟွမ်မိသားစုများက သတိရသွားသည်။ ချူးမိသားစုသည် ဤကိစ္စနှင့်ပတ်သက်၍ မလှုပ်မယှက်ဖြစ်နေခဲ့သည်။ ကျန်းမိသားစုက ချူးယွင်ဖန်းကို ပွင့်လင်းမြင်သာစွာ ပစ်မှတ်ထားနေကြသော်လည်း ချူးမိသားစုက ဂရုမူခြင်းမရှိပေ။

သို့သော် ချူးယွင်ဖန်း၏ ဘက်ရှိ ဤဆူးများကို လျော့ပါးစေခြင်းဖြင့်၊ ၎င်းမိသားစု၏ အကျိုးကျေးဇူးများကို ပြသချင်ကြခြင်းဖြစ်ကြောင်းကို ချူးမိသားစုက ကောင်းကောင်းသိကြသည်။ ၎င်းတို့က ဤကိစ္စကို အလွယ်တကူ လက်လျှော့ပေးမည် မဟုတ်ပေ။ အဆုံးတွင်၊ ဤကဲ့သို့ ပါရမီရှင် အဆင့်မျိုးကို နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကျော်အတွင်းမှာသာ တစ်ကြိမ်ခန့် တွေ့ရှိနိုင်ခြင်းဖြစ်သည်။ သူသည် ၎င်းတို့မိသားစုမှ ဆင်းသက်လာသူဖြစ်သောကြောင့် ဤမျှအလွယ်တကူ စွန့်လွှတ်ရန် အကြောင်းမရှိပေ။

"မင်းတို့ ချူးမိသားစုက သိပ်ပြီး ခြယ်လှယ်နေကြတယ်ပေါ့လေ။ အခု ဟွမ်မိသားစုရဲအဖွဲ့ဝင် တစ်ယောက်သေသွားတာကိုရော ဘာမှမပြောတော့ဘူးလား" ကျန်းမိသားစု၏ အကြီးအကဲများက ထိပ်တိုက်ရင်ဆိုင်မှုတွင် ဝင်ရောက်လာကြသည်။

တခြားအဖွဲ့အစည်းများက ဤမြင်ကွင်းကို ကြည့်နေကြသည်။ ဤမိသားစုကြီးများသည် အတွင်းပဋိပက္ခတစ်ခုကို စတင်တော့မည်ပုံပေါ်သည်။

"ဘာလဲ။ မင်းတို့က တိုက်ခိုက်ချင်လို့လား။ ကျုပ်ကတော့ ဒီမှာ တိုက်ခိုက်ရလည်း ကိစ္စမရှိဘူးနော်"

ကျန်းယွမ်ပင်က မတ်တပ်ထရပ်၍၊ ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်လိုက်သည်။ သူသည် သူ၏လင်းယုန်ကဲ့သို့သော မျက်လုံးများဖြင့် ဟွမ်မိသားစုနှင့် ကျန်းမိသားစုများကို စိုက်ကြည့်နေလိုက်သည်။

ဤအခိုက်အတန့်တွင် မိသားစုနှစ်စုသည် ကျန်းယွမ်ပင်၏ နောက်ခံသမိုင်းကြောင်းကို ပြန်တွေးနေကြသည်။ ဤလူသည် ပြည်ထောင်စုတက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်နေသော်လည်း၊ ယခု ပြည်ထောင်စုတက္ကသိုလ်တွင် အချိန်အနည်းငယ်ကြာမျှ သင်ကြားပို့ချနေခဲ့သည့် ကျူးပုမီနှင့် မတူခဲ့ပေ။ ကျန်းယွမ်ပင်သည် လူသား မွန်းစတားတိုက်ပွဲ၏ ရှေ့တန်းမှ ဂုဏ်ပြုခံခဲ့ရသူသည်။

ကျန်းယွမ်ပင်သည် လူသား မွန်းစတားတိုက်ပွဲတွင် အမည်တွင်ခဲ့သူဖြစ်သည်။ အကယ်၍ ၎င်းတို့သာ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူနှင့်တူညီသော ကျင့်ကြံခြင်းအဆင့်တွင်ရှိနေသည့် ကျူးပုမီပင် ကျန်းယွမ်ပင်ကို အနိုင်ယူရန် လုံလောက်မည် မဟုတ်ပေ။

“ကဲပါ ညီလာခံက ကျင်းပနေတုန်းပဲရှိသေးတယ်။ ခင်ဗျားတို့အချင်းချင်း မကျေနပ်တာရှိရင် ပြည်ထောင်စုကို ပြန်ရောက်တဲ့အချိန်မှ ဒီကိစ္စကို ဖြေရှင်းဖို့လုပ်တာ ပိုကောင်းမယ်လို့ ကျုပ်ထင်တယ်"

အဆုံးတွင် ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်ပွဲကို စောင့်ကြည့်နေခဲ့သော နက္ခတ်ဂိုဏ်း၏ အထက်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

သို့သော် တခြားလူ၏ ပိုင်နက်တွင်ရှိနေခြင်းဖြစ်သောကြောင့် ဤလူများက လက်လျှော့လိုက်ကြသည်။ ဤသည်မှာ ခေတ္တ ဖိနှိမ်ထားသော ပဋိပက္ခတစ်ခုသာဖြစ်ကြောင်း လူတိုင်းက သိသည်။ ဟွမ်မိသားစုသည် ဤတစ်ကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရ၍၊ ထိုကိစ္စကို အလွယ်တကူ လက်လျှော့ပေးမည် မဟုတ်ပေ။ ထို့အပြင်၊ ကျန်းမိသားစုများသည် ချူးယွင်ဖန်းကို ကနဦးက ဖိနှိမ်လိုသော အချက်ကြောင့် ဤကိစ္စရပ်ကို အလွယ်တကူ ဖြေရှင်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ညီလာခံကျင်းပနေချိန်တွင် ၎င်းတို့က မည်သည့်အပြုအမူမှ မပြုလုပ်နိုင်သော်လည်း၊ ကျွန်းက ထွက်ခွာသွားသည်နှင့် ကလဲ့စားချေမှု အမျိုးမျိုး လိုက်ပါလာမည်ဖြစ်သည်။ ကျွန်းသို့ ဝင်ရောက်လာသူတိုင်းက ရုပ်သံဖြတ်တောက်မှုပစ္စည်းကို တပ်ဆင်ထားခြင်းမှာ သဘာဝဖြစ်သည်။ သတ်ဖြတ်ခြင်းကို မတားမြစ်ထားခြင်းမှာ၊ နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာများကို လျော့ချရန်သာဖြစ်သည်။

သို့သော် ချူးယွင်ဖန်းက ဟွမ်ယုကို သတ်ဖြတ်ပြီးနောက်တွင်၊ ထိပ်တန်းကျွမ်းကျင်သူများ ထိန်းသိမ်းထားသည့် ကျိုးကြောင်းဆီလျော်မှု မျဥ်းကို ပျက်ပြားသွားစေမည်ဖြစ်ကြောင်း လူအများက နားလည်ခဲ့ကြသည်။ အချိန်ကျသည့်အခါ၊ နတ်အဆင့် မွန်းစတားများ၏ အလယ်အူတိုင်ကို ရယူရန် ကျွမ်းကျင်သူများ အချင်းချင်း သတ်ဖြတ်ကြမည်ဖြစ်သောကြောင့်၊ အသေအပျောက် ရရှိမည်မှာ အသေအချာပင်ဖြစ်သည်။

လူအများက စိတ်ပူစပြုလာကြသည်။ မိမိတို့သည် မိမိတို့၏ ကျောင်းသားများနှင့် တပည့်များအပေါ် အထင်အမြင် ကြီးထားကြသော်လည်း တစ်ဖက်လူများ၏ ထူးချွန်မှုကိုတော့ မငြင်းဆန်နိုင်ပေ။ ထို့အပြင် အချိုးစကေးကို ဖျက်ဆီးနိုင်သည့် ချူးယွင်ဖန်းကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်တည်မှုမျိုးလည်း ရှိနေသေးသည်။

ရုပ်သံဖြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ချူးယွင်ဖန်း၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မမြင်ခဲ့ကြသော်လည်း ယင်းကို ခန့်မှန်းကြည့်၍ ရနိုင်သေးသည်။ အချိန်တိုအတွင်းအတွင် ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သည့် လူဒါဇင်ပေါင်းများစွာတွင် ဟွမ်ယုသည်လည်း ပါဝင်ခဲ့သည်။ ဤအချက်၏ သက်ရောက်မှုသည် လူအများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းက ဟွမ်ယုကို သတ်ခဲ့သည့်အကြောင်းကို ကြယ်တာရာကျွန်းရှိ ကျောင်းသားများကလည်း သတင်းရရှိခဲ့သည်။ ဟွမ်ယု၏နာမည်သည် ဦးဆောင်သူစာရင်းမှ ပျောက်ကွယ်သွားချိန်တွင် လူတိုင်းက သဘောပေါက်သွားကြသည်။

ဟွမ်ယုသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးရခြင်းဖြစ်သည်ကို လူတိုင်းက ကြားသိသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။

ထိပ်တန်း ကျွမ်းကျင်သူများမှ အသေအကျေ ထိပ်တိုက် တိုက်မဆိုင်ရခြင်းဟူသော စည်းမျဉ်းက ကျိုးပျက်သွားပြီဖြစ်သည်။ ထို့နောက် နောက်ဆုံးသော့ကို ချူးယွင်ဖန်းက ရရှိခဲ့သည်ဟူသော သတင်းများက လိုက်ပါလာခဲ့သည်။ ထိုအချိန်ခဏအတွင်းတွင်၊ ကျွန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သော့ငါးခုလုံး ပိုင်ရှင်ရှိသွားပြီဖြစ်သော်လည်း၊ ဤကဲ့သို့ ထုတ်ပယ်ခံရသည့် အဖြစ်မှန်ကို မည်သူမျှ လက်ခံလိုခြင်း မရှိကြပေ။

နေ့ချင်းညချင်း၊ မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။

အခန်း (၅၂၁) ပေါ်မလာရဲသည်အထိ သတ်ဖြတ်ခြင်း

နတ်စွမ်းအင်အဆင့် မွန်းစတား၏ ပင်မအူတိုင်သည် သံလိုက်ကဲ့သို့ပင် ဆွဲဆောင်နေသည်။ ဤအရာကို မည်သူမှ လျစ်လျူရှုနိုင်မည် မဟုတ်ကြောင်းကို လူတိုင်းက ကောင်းကောင်းသိသည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက နောက်ဆုံးသော့ကို ပိုင်ဆိုင်ခဲ့ပြီဟူသော သတင်းသည် ကျွန်းတစ်ကျွန်းလုံးသို့ ပျံ့နှံ့သွား၍၊ သွေးပင်လယ်နှင့် တောင်ကဲ့သို့ပုံနေသော အလောင်းများသည်လည်း ၎င်းနှင့် ဆက်စပ်နေကြောင်း သိရှိသွားကြသည်။

"ချူးယွင်ဖန်းက သတ်လိုက်တာလား"

တောင်တန်း တောအုပ်တစ်ခုတွင် မွန်းစတားတစ်ကောင်ကို လှံဖြင့်ထိုးသတ်ခဲ့ပြီးနောက် မေ့ဟိုက်ယွင်က သူ၏မျက်လုံးများကို စူးစိုက်၍ကြည့်လိုက်သည်။ သူ၏ အနောက်တွင် ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားများစွာ ရှိနေသည်။ မေ့ဟိုက်ယွင်သည် တက္ကသိုလ်က ခိုင်ခိုင်မာမာ ထောက်ခံထားသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်မှာ သိသာထင်ရှားသည်။

“အခု ဒီစည်းကမ်းကို ချိုးဖောက်လိုက်ပြီဆိုတော့ ငါတို့ အချင်းချင်း စသတ်ဖြတ်မှရတော့မယ်”

မေ့ဟိုက်ယွင်က သက်ပြင်းချလိုက်သည်။ သို့သော် သူသည် အချိန်ကြာကြာ ဝမ်းနည်းပူဆွေးမနေဘဲ ပြည်ထောင်စုတက္ကသိုလ်မှ အခြားကျောင်းသားများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ချက်ချင်း စတင်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ မြင့်မားသောရေတံခွန်အောက်ရှိ သုန်ဖန်ဟောက်၏ ခန္ဓာကိုယ်ပေါ်သို့ ရေများ သွန်ကျနေသည်။ တောင်တန်းရှိ ကျောက်တုံးများကိုပင် ချိုးဖျက်နိုင်သည့် ကြောက်မက်ဖွယ် ရေစီးကြောင်းက သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်နေသော်လည်း ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိခဲ့ပေ။ ခန္ဓာကိုယ်ကို အကာအကွယ်ပေးနေသည့် အဆုံးမဲ့ စွမ်းအင်အလွှာတစ်ခုက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ သူလည်း ကိုယ်ရေးကိုယ်တာ စာဝင်ပုံးမှ တဆင့် သတင်းပေါင်းစုံကို တွေ့လိုက်ရသည်။

"ချူးယွင်ဖန်းလား"

သုန်ဖန်ဟောက်က ထိုနာမည်ကို သတိထားမိလိုက်သည်။ ဤလူသည် သူ အလေးအနက်ထားရမည့်လူဖြစ်သည်။ သို့သော် ၎င်းတို့အဖွဲ့ထဲမှ ရင်ဆိုင်ရမည့် နောက်ထပ်လူတစ်ဦးဖြစ်ရာ၊ မိမိအပေါ် များများစားစား ထိခိုက်ခြင်းမရှိပေ။

သုန်ဖန်ဟောက်သည် သူ၏ မျက်လုံးများကို မှိတ်၍ ရေတံခွန်၏ ရိုက်ခတ်မှုကို ဆက်လက်၍ သည်းခံခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျောင်းသားကောင်စီမှ ကျောင်းသားများနှင့် အမှတ်များစွာ စုဆောင်းနေသော လုဖေးယွီသည်လည်း ချူးယွင်ဖန်းက ဟွမ်ယုကို သတ်ဖြတ်ခဲ့သည့် သတင်းကို ရရှိခဲ့သည်။ သူသည် ကျောရိုးထဲသို့ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မကြာသေးမီက သူသည် ချူးယွင်ဖန်း၏ ရိုက်နှက်ခြင်းကို သွေးအန်ထွက်သည်အထိ ခံခဲ့ရသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ပြန်လည် မခုခံနိုင်သော ခံစားချက်သည် သူ၏စိတ်ထဲမှာ လက်ဆက်နေဆဲဖြစ်သည်။

လုဖေးယွီသည် ထိုအချိန်က လွတ်မြောက်ခဲ့ခြင်းကို ကံကောင်းသည်ဟု ခံစားနေရသည်။ ယခင်က သူ၏ ဂုဏ်သတင်းပျက်စီးရခြင်းကိုသာ ပို၍တွေးတောခဲ့သော်လည်း၊ ယခုအချိန်တွင် 'ချီးပဲ၊ အသက်ရှင်နေသေးတာကမှ ကံကောင်းသေးတယ်' ဟုသာ တွေးနေမိသည်။

လုဖေးယွီ၏ စိတ်ထဲသို့ ဤကဲ့သို့ အတွေးမျိုးက ပထမဆုံးအကြိမ် ရောက်ရှိသွားခြင်းဖြစ်သည်။ ချူးယွင်ဖန်းက အနာဂတ်တွင် ဥက္ကဋ္ဌကိုပင် အမှန်တကယ် စိန်ခေါ်နိုင်ခြင်း ဖြစ်လေသလော။

တခြားလူများနှင့် မတူသည်မှာ၊ ၎င်းအဖြစ်အပျက်များကို ကျန်းပိုင်ဖေးသိရှိသွားသောအခါ သူ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ချူးယွင်ဖန်း မင်း စောင့်နေလိုက်။ မကြာခင် မင်းငါ့လက်နဲ့ သေကို သေရမယ်"

ကျန်းပိုင်‌ေဖးက ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူသည်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ၊ မွန်းစတားများကို သတ်ပစ်၍ အမှတ်များစုဆောင်းရန် သူ၏အနောက်ရှိ ကျန်းမိသားစုဝင်များကို ဦးဆောင်ခဲ့သည်။

ချူးယွင်ဖန်းက သတ်ဖြတ်ခဲ့သည်ဟူသော ကိစ္စသည်၊ ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်ခု ပစ်ချရာမှ မျက်နှာပြင်အနှံ့ လှိုင်းလုံးကြီးများ ဖြစ်ပေါ်သွားသကဲ့သို့ သာမာန်ကျောင်းသားများနှင့် တပည့်များ၏ စိတ်ထဲတွင် ခံစားခဲ့ရသည်။

ထောင်ပေါင်းများစွာသော၊ ထိပ်တန်းကျောင်းသားအကြား ကွဲပြားမှုသည် အလွန်များပြားသည်။ ဟွမ်မိသားစုသည် ကြီးမြတ်သော မိသားစု ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည်။ ယခုဆိုလျှင်၊ ဟွမ်မိသားစုများကို ကိုယ်စားပြုသော ဟွမ်ယုသည် ချူးယွင်ဖန်း၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခံခဲ့ရ၍၊ ၎င်းသည် သာမာန်ကျောင်းသားများအတွက် မြေပြန့်လွင်ပြင်ပေါ်သို့ ကျဆင်းလာသော မိုးခြိမ်းသံများနှင့်ပင် ဆင်တူသည်။

သို့သော် ၎င်းတို့သည် တုံးအသူများမဟုတ်ပေ၊ ယင်းအစား၊ ၎င်းတို့အားလုံးက ထက်မြက်သူများဖြစ်ကြသည်။ ယခု သော့ငါးချောင်းလုံးတွင် ပိုင်ရှင်များရှိနေပြီဖြစ်သောကြောင့်၊ နောက်တစ်ဆင့်သည် ပို၍ပင် သွေးသံရဲရဲ တိုက်ပွဲမျိုး ဖြစ်ပွားမည်ကို ၎င်းတို့ သိရှိကြသည်။ လာမည့်ရက်ပိုင်း အနည်းငယ်တွင် ကြယ်တာရာကျွန်းတစ်လျှောက်မှာ တိုက်ပွဲပေါင်းမျိုးစုံ ဖြစ်ပွားနေတော့သည်။ မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ စီတု ကျီယင်း၊ ဟန်ပင်းနှင့် ချူးယွင်ဖန်းတို့ ကျောင်းသားငါးဦးသည် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့၏ ပြိုင်ဘက်များက ၎င်းတို့ပိုင်ဆိုင်ထားသော သော့များကို လုယူချင်နေကြသည်။

ပထမဆုံးလေးဦးတို့တွင် နောက်လိုက်များစွာရှိသောကြောင့် ၎င်းတို့၏တိုက်ပွဲများသည် ငြိမ်းအေးသော အပြုအမူဖြင့် ပြီးဆုံးသွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းကို တိုက်ခိုက်ရာတွင် ရက်စက် ကြမ်းကြုတ်မှုများစွာဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။

ခြုံခိုတိုက်ခိုက်မှုမျိုးစုံသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ ကြယ်တာရာကျွန်း၏ ထောင့်ပေါင်းစုံက လူပေါင်းများစွာသည် ချူးယွင်ဖန်းဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်လာကြသည်။ ခြုံခိုတိုက်ခိုက်မှုများသည် လူများစွာကို ထိတ်လန့်စေသော်လည်း၊ အဆုံးတွင် ၎င်းတို့အားလုံးသည် မီးလျှံဆီသို့ ပြေးဝင်နေကြသော ပိုးဖလံများဖြစ်နေကြောင်းသာ သက်သေပြခဲ့သည်။

ဦးဆောင်သူစာရင်းထိပ်တွင် အဆင့်သတ်မှတ်ခံထားရသော ကျွမ်းကျင်သူများစွာသည် ချူးယွင်ဖန်း၏သော့ကို လုယူချင်ကြသည်။ တစ်ဦးတည်း သွားလာနေသော ချူးယွင်ဖန်းသည် အနိုင်ကျင့်ရန် လွယ်ကူလွန်းနေပုံရတယ်။ လူဒါဇင်ချီ၍ ဝိုင်းရံထားလေ့ရှိသော မေ့ဟိုက်ယွင်နှင့် တခြားလူများထက်စာလျှင်၊ သူသည် ဖြေရှင်းရ လွယ်ကူလိမ့်မည်ဟု လူအများက ထင်မှတ်နေကြသည်။

သို့သော်၊ ဤအရာသည် မှားယွင်းကြောင်း သက်သေပြခဲ့သည်။ ချူးယွင်ဖန်းက သတ်ဖြတ်ခဲ့သည်ဟူသော သတင်းသည် ကျယ်ပြန့်စွာပျံ့နှံ့နေသော်လည်း၊ ၎င်းသည် ချူးယွင်ဖန်းက ဟွမ်ယု တစ်ဦးတည်းကိုသာ သတ်ဖြတ်ခဲ့သည်ဟူသော သတင်းသာဖြစ်သည်။ ဟွမ်မိသားစု၏ မျိုးဆက်တစ်စုလုံးကို သတ်ဖြတ်ခဲ့သည့်အချက်ကို အများအားဖြင့် သတိမပြုမိခဲ့ကြပေ။

မည်သို့ဆိုသော်၊ ၎င်းတို့သည် ဟွမ်ယုနှင့် နှိုင်းယှဥ်ရန်ပင် မပြောပါ့လောက်သောကြောင့်၊ လူများစွာက ထိုအကြောင်းအရာကို စိတ်ဝင်စားခြင်းမရှိကြပေ။ ယခုမူ၊ ၎င်းတို့၏ယခင်က လျစ်လျူရှုမှုအတွက် ထိုက်သင့်သော အဖိုးအခကို ပေးဆောင်နေရပြီဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိကို ချုံခိုတိုက်ခိုက်သူများကို ရင်ဆိုင်ရာတွင် စိတ်ကူးယဉ်၍ မရနိုင်သော နည်းလမ်းတွေကို ပြသခဲ့သည်။ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ဝံ့သူများ အားလုံးကို ချူးယွင်ဖန်းက ကွပ်မျက်ခဲ့သည်။ တစ်စုံတစ်ခု ဆိုးရွားစွာ မှားယွင်းနေကြောင်းကို သတိပြုမိသော လူအနည်းငယ်ခန့်ကသာ နောက်လှည့်၍ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့်သာ ချူးယွင်ဖန်းက ၎င်းတို့ကို မသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျှင်ပင်၊ လူပေါင်း ၃၀၀ ကျော်သည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ တာအိုညီလာခံသို့ စုစုပေါင်း လူ ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြရာ၊ ယခုဆိုလျှင် ချူးယွင်ဖန်း၏လက်ချက်ဖြင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။ သုတ်သင်ခံရသူများထဲတွင် ဦးဆောင်သူစာရင်း၏ ထိပ်တန်းအဆင့်တွင် ရှိနေသူများလည်း ပါဝင်နေသည်။

ချူးယွင်ဖန်းသည် အချိန်အနည်းငယ်ကြာမျှ နာမည်ကျော်သည့် ရက်စက်သော ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့သည်။ ချူးယွင်ဖန်းနှင့် စတင်ပျံ့နှံ့လာသော သူ၏ ပြင်းထန်သော သတ်ဖြတ်မှု သတင်းကို လူအများက သတိပြုမိလာကြသည်။ အစပိုင်းတွင် လူများစွာက လျှင်လျှင်မြန်မြန် ရောက်လာကြသောကြောင့်၊ ၎င်းသတင်းကို အချိန်မီ မကြားသိခဲ့ပေ။ ကြားသိသူများက ချူးယွင်ဖန်းဆီသို့ မချဉ်းကပ်ဝံ့ကြပေ။ ထိုသို့ပြုလုပ်ဝံ့လျှင် သေကြောင်းကြံစည်ခြင်းသာဖြစ်သည်မှာ သေချာ၏။

ချူးယွင်ဖန်းသည် နောက်ခံအခြေခံမရှိခြင်းက သူ၏အကြီးမားဆုံး အားနည်းချက်ဖြစ်သည်ကို သိရှိထားသောကြောင့် အမြဲတစေ ရက်စက်စွာ ပြုမူခဲ့ခြင်းဖြစ်သည်။ မိမိတွင် ဒါဇင်နှင့်ချီသော ပံ့ပိုးမှုများသာရှိလျှင် တခြားလူများက မည်သို့မျှ ဤသို့ လိုက်လံတိုက်ခိုက်ရဲ့မည်နည်း။

မည်သူမျှ တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။ ထို့ကြောင့်သာ ချူးယွင်ဖန်းက ၎င်းတို့ကို ပြင်းထန်သော သတ်ဖြတ်မှုဖြင့် ဟန့်တားခဲ့ခြင်းဖြစ်သည်။ သူ၏ အကြံအစည်မှန်ကန်ကြောင်းကို အချက်အလက်များက သက်သေပြခဲ့သည့်အပြင်၊ အကျိုးသက်ရောက်မှုသည်လည်း အလွန်ထူးခြားသည်။ ဤလူများကို အမှန်တကယ် ကြောက်လန့်အောင် ပြုလုပ်နိုင်ခဲ့သည်။ မည်မျှ ကောင်းမွန်သည့် ပစ္စည်းဖြစ်ပါစေ၊ အသက်ရှင်သန်နေမှာသာ၊ ၎င်းကိုအကျိုးခံစားခွင့် ရရှိပေလိမ့်မည်။ ထို့အပြင် ဤကိစ္စသည် သာမန်လူများနှင့် သက်ဆိုင်သည့် ကိစ္စမဟုတ်သည့်အလျောက်၊ ၎င်းတို့သည်လည်း တခြားလူ၏ ပစ္စည်းဥစ္စာအတွက်ကြောင့် သေဆုံးချင်စိတ် မရှိကြပေ။

လူများစွာက ထိတ်လန့်နေကြသော်လည်း သော့များကို ပြိုင်ဆိုင်နေကြသော အပြုအမှုက ရပ်တန့်သွားခြင်းမရှိပေ။ ပြိုင်ဆိုင်မှုများသည် ရက်အတော်ကြာမျှ ထပ်မံ၍ ပြင်းထန်နေခဲ့သည်။ တိုက်ပွဲပေါင်းများစွာသည်လည်း တစ်ခုပြီးတစ်ခု ဖြစ်ပွားနေသည်။ သော့ရရှိထားသူ အနည်းငယ်သည် ၎င်းတို့၏သော့များကို ဆက်လက်၍ ကိုင်ဆောင်ထားနိုင်ရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခဲ့ရသည်။

သို့သော် လူပေါင်းများစွာအတွက်၊ နောက်ဆုံးအခွင့်အရေးတစ်ခု ရှိနေသေးသောကြောင့် ၎င်းကို လက်လွှတ်ရမည့် အချိန်မဟုတ်သေးပေ။ ဆယ်ရက်အကြာတွင်၊ ကြယ်တာရာကျွန်း၏ အလယ်ဗဟိုရှိ ရဲတိုက်ကြီး ဖွင့်လှစ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် သော့ကိုင်ထားသူများအားလုံး ပေါ်ပေါက်လာမည်ဖြစ်သည်။ သော့များကို မက်မောသူများသည်၊ သော့ကိုင်ဆောင်ထားသူများကို သတ်ဖြတ်ရန် အခွင့်အရေးတစ်ခု ထက်မံရရှိဦးမည်ဖြစ်သည်။

အဆုံးတွင်၊ အလယ်အူတိုင်ကို မရရှိသေးသရွေ့ ၎င်းတို့တွင် အခွင့်အရေးရှိနေဆဲဖြစ်သည်။

ဤသို့တွေးပြီးသည့်နောက်တွင်၊ လူတိုင်းက ထိုနေ့ကိုသာ အာရုံစိုက်နေကြသည်။

အခန်း (၅၂၂) မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်ဖြတ်ကျော်ခြင်း

ချူးယွင်ဖန်း၏ အပြင်းအထန် သတ်ဖြတ်မှုသည် ကြယ်တာရာကျွန်းအပြင်ဘက်ရှိ စစ်လွန်းပျံပေါ်ရှိ အဖွဲ့ခွဲအသီးသီးမှ နည်းပြဆရာများနှင့် အကြီးအကဲများကိုလည်း အလွန် ဒေါသထွက်စေသည်။ သို့သော် ၎င်းတို့တွင် ချူးယွင်ဖန်းကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ ချူးယွင်ဖန်းကို သြဇာကြီးမားသော ပြည်ထောင်စု တက္ကသိုလ်က ကျောထောက်နောက်ခံပြုထားသည်။ ဤအချက်သည် စောဒကတက်ဖွယ် မရှိပေ။ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးကို သတ်ဖြတ်ခြင်းသည် ကြီးလေးသော အမှုကိစ္စတစ်ခုဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

၎င်းတို့သာ ချူးယွင်ဖန်းကို ကြားဖြတ်၍ သတ်ဖြတ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်ကို တွေးကြည့်၍ ရနိုင်မည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်က ဤကိစ္စနှင့်ပတ်သက်၍ ချူးယွင်ဖန်းကို အပြစ်ပေးရန် မျှော်လင့်နေခြင်းသည် အလွန်အမင်း တောင်းဆိုနေခြင်းသာဖြစ်သည်။

ချူးယွင်ဖန်းသည် အခြားယှဉ်ပြိုင်သူများကို ရက်ရက်စက်စက် သတ်ဖြတ်မှုသည် အခြားဂိုဏ်းခွဲများနှင့် တက္ကသိုလ်များကို ကြယ်တာရာကျွန်းတွင် ယှဉ်ပြိုင်ခွင့်မရအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဂိုဏ်းခွဲတစ်ခုစီမှ လူအနည်းငယ်ခန့်ကိုသာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သော်လည်း၊ ၎င်းတို့ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့ခြင်းဟု ယူဆနိုင်သည်။ ဂိုဏ်းခွဲများသည် ထောင်နှင့်ချီသော ယှဉ်ပြိုင်သူများကို အလွယ်တကူ စေလွှတ်နိုင်သည့် ပြည်ထောင်စုတက္ကသိုလ်နှင့် မတူညီပေ။

နောက်ဆုံးတွင် ချူးယွင်ဖန်း၏အမည်သည် လူသားကမ္ဘာတစ်ခုလုံးတွင် မြည်ဟည်းလာခဲ့သည်။ မျိုးဆက်သစ်လူငယ်များကြားတွင်သာဖြစ်သော်လည်း ၎င်းသည် အလွန်ခက်ခဲသော စွမ်းဆောင်မှုတစ်ခု ဖြစ်နေပြီဟုဆိုနိုင်သည်။ လူရာပေါင်းများစွာ၏ အလောင်းများသည် ချူးယွင်ဖန်း၏ အမြင့်မြတ်ဆုံးသော ဂုဏ်သတင်းကို တည်ဆောက်ခဲ့သည်။ ဤကိစ္စပြီးဆုံးသွားသည့်အချိန်တွင် သူ့ကို သုတ်သင်ချင်သူများ ပိုမိုများပြားလာမည်မှာ အသေအချာပင်ဖြစ်သည်။

ကျန်းယွမ်ပင်သည် ဤသို့ဖြစ်လာမည်ကို ကြိုသိသော်လည်း ချုပ်ချယ်ကန့်သတ်ထားခြင်းမရှိပေ။ ထိုအရာများသည် သူ၏အမြင်တွင် ချူးယွင်ဖန်းအတွက် လေ့ကျင့်မှုများသာဖြစ်သည်။ ထိုသို့သောအခြေအနေများကို ခံနိုင်ရည်မရှိပါက၊ မည်သို့မျှ ကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံးဖြစ်တည်မှုမျိုး ဖြစ်လာနိုင်မည်နည်း။

အပြင်လူများက မသိသည်မှာ၊ ချူးယွင်ဖန်းသည် မိမိကိုသတ်ဖြတ်ရန် လာခဲ့သော နောက်ဆုံးအသုတ် ကျောင်းသားများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ တောင်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤအချိန်တွင်၊ တောင်မြစ်ပန်းချီကားအတွင်းရှိ မိုးကြိုးတောင်ပံသားရဲသည် ကိုယ်အလေးချိန် အလွန်ကျဆင်းသွားသည်။ အလွန်အကြူး ဖောင်းပွနေသော ဘောလုံးတစ်လုံး မဟုတ်တော့ပေ။ ၎င်းသည် အလွန်ကြီးသော ဘောလုံးတစ်လုံးဖြစ်သော်လည်း ယခုအချိန်တွင် လမ်းအနည်းငယ် လျှောက်လှမ်းနိုင်နေပြီဖြစ်သည်။ အချိန်အတော်ကြာမျှ၊ ချူးယွင်ဖန်းသည် ၎င်းကို အပြင်သို့ အဆက်မပြတ်စေလွှတ်၍ အမှတ်များ ကူညီစုဆောင်းပေးရန် မွန်းစတားများ လိုက်လံရှာဖွေခိုင်းနေသောကြောင့်ဖြစ်သည်။

၎င်းသည် သားရဲ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးအတွင်းအားစုပ်ယူမှုကိုလည်း အရှိန်မြှင့်တင်စေသည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ရှိ ဧရာမမြွေကြီး၏ အတွင်းအားကိုစုပ်ယူပြီးနောက်၊ မိုးကြိုးတောင်ပံသားရဲ၏ ကျင့်ကြံခြင်းအဆင့်သည် လှည့်စားမှုတစ်မျိုးမျိုးကို အသုံးပြုထားသကဲ့သို့ ပြင်းထန်စွာ တိုးတက်လာသည်။ ယခုအခါ ၎င်းသည် ချူးယွင်ဖန်းကို ကျော်လွန်၍ မရီးဒျန်သန့်စင်ခြင်း နဝမဆင့်သို့ တက်လှမ်းလာခဲ့ပြီဖြစ်သည်။ ၎င်းသည် မကြာမီတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက်၊ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းသွားနိုင်မည်ဖြစ်သည်။

ဤမွန်းစတား၏ အခြေခံပါရမီသည် လူသားများပိုင်ဆိုင်နိုင်သည့် အရာများမဟုတ်သဖြင့် ဤအချက်ကိုမြင်သော ချူးယွင်ဖန်းက အားကျနေမိသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းက နောက်တစ်ဆင့်သို့ ထပ်မံ၍ အဆင့်ဖြတ်ကျော်ကာ မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ အဆင့်ဖြတ်ကျော်ချင်နေပြီဖြစ်သည်။

ဤကာလအတွင်း ရဲတိုက်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်သော စကားသံများက ကျွန်းတစ်ကျွန်းလုံးသို့ ပျံ့နှံ့နေသည်။ ချူးယွင်ဖန်းလျှင်ပင် သတင်းမျိုးစုံကို လက်ခံရရှိခဲ့သည်။ သူသည် ထိုအရာများကို ဂရုစိုက်ခြင်းမရှိသော်လည်း ရှဖန်နှင့် အခြားလူများက သူ့ထံ သတင်းအပိုင်းအစ အနည်းငယ်ကို ပုံမှန်ပေးပို့နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအကြောင်းပြချက်ကြောင့် သူ၏အသင်းဖော်များကို သူနှင့် တွေ့ဆုံရန် ခွင့်မပြုခဲ့ပေ။ သူသည် ပြိုင်ဘက်ပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ရှဖန်နှင့် အခြားလူများက မိမိကို အထောက်အကူဖြစ်မည် မဟုတ်သည့်အပြင်၊ ယင်အစား ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာပေလိမ့်မည်။

ရှဖန်နှင့် အခြားလူများက ကျွန်းတစ်ခုလုံးတွင် ပြန့်ကျဲနေလျှင်၊ သူ့အတွက် သတင်းအချက်အလက်များ စုဆောင်းရန် ကူညီပေးနိုင်မည်ဖြစ်သည်။ ယခု ချူးယွင်ဖန်းသည် မွန်းစတားများကို သတ်ဖြတ်ရန်သာ အာရုံစိုက်၍ အမှတ်များစုဆောင်းရမည်ဖြစ်သည်။ သူသည် ပြိုင်ဆိုင်မှုနှင့်ပတ်သက်၍ အာရုံစိုက်ရန် အချိန်မရှိတော့ပေ။ ကျန်းပိုင်ဖေးကဲ့သို့သော သော့မရရှိခဲ့သူများသည် အင်အားစုများ ပူးပေါင်း၍ သော့များကို လုယူလိုကြောင်း ရှဖန်က မကြာမီတွင် သတင်းရရှိခဲ့သည်။ ထိုငါးဦးတွင် အင်အားအကြီးဆုံးနှင့် တစ်ဦးတည်းဖြစ်နေသော ချူးယွင်ဖန်းက လူတိုင်း၏အာရုံအောက်သို့ ရောက်ရှိသွားမည်မှာ အသေအချာပင်ဖြစ်သည်။

ကျန်းပိုင်ဖေးက ကြံစည်ခဲ့သည်၊ ချူးယွင်ဖန်းက တောင်ပေါ်သို့ တက်လာပြီးသည်နှင့် တောင်အောက်သို့ မည်သို့မျှ ဆင်းခွင့်ပြုမည်မဟုတ်ပေ။ သူသည် ချူးယွင်ဖန်းကို ထိုက်သင့်သော အဖိုးအခကို ပေးစေလိုသည်။ ချူးယွင်ဖန်းက ရာနှင့်ချီသော လူများကို သတ်ဖြတ်ခဲ့သောကြောင့် ထိုက်သင့်သော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။

သော့ကိုင်ဆောင်ထားသူဖြစ်သော၊ ချူးယွင်ဖန်းကို အဓိကပစ်မှတ်ထား ဖမ်းဆီးရန် ကြီးမားသောပိုက်ကွန်တစ်ခုကို ဖြန့်ကြက်လိုက်သည်။ လက်ရှိအခြေအနေအပေါ် မကျေနပ်သော ထိပ်တန်း ကျွမ်းကျင်သူများ အားလုံးက စုရုံးလာကြသည်။ သော့ငါးချောင်းအနက် နောက်ဆုံးပိုင်ရှင်ကို ဆုံးဖြတ်ရန် နောက်ဆုံးတိုက်ပွဲတစ်ခု စတင်တော့မည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ ရဲတိုက်အတွင်းရှိ အူတိုင်ကို ရရှိရန်ဖြစ်သည်။

ယခုဆိုလျှင် ပထမနေရာကိုရရှိရန် ရမှတ်အလုံအလောက် စုဆောင်းရခြင်းမှာ အလွန်ခက်ခဲကြောင်း ချူးယွင်ဖန်းကပင် ဝန်ခံရမည်ဖြစ်သည်။ မေ့ဟိုက်ယွင်နှင့် တခြားလူများတွင် နေ့ရောညပါ အမှတ်များ စုဆောင်းရန် ကူညီပေးနေသော ဒါဇင်နှင့်ချီသော အဖွဲ့များရှိနေသည်။ သူသည် သူ၏အသင်းဖော်များကို ခေါ်လျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ ယခုအချိန်တွင် ကနဦးအစီအစဉ်နှင့် ကွာခြားချက်များစွာရှိနေသည်။ သို့သော်၊ ယခုအချိန်တွင် နတ်အဆင့် မွန်းစတား၏ အူတိုင်မှလွဲ၍ အခြား မည်သည့်အရာကမှ အရေးမကြီးပေ။

ချူးယွင်ဖန်းသည် ၎င်းတို့ကို အမှတ်ဖြင့် အနိုင်ယူရန် မဖြစ်နိုင်လျှင် ဤအူတိုင်ကို ပိုင်ဆိုင်မှဖြစ်ပေလိမ့်မည်။ ရဲတိုက်မဖွင့်မီ ဆယ်ရက်ခန့် လိုအပ်နေသောကြောင့်၊ ချူးယွင်ဖန်းတွင် အဆင့်ဖြတ်ကျော်မှု တစ်ခုပြုလုပ်ရန် အချိန်အလုံအလောက် ရှိနေသေးသည်။ သူသည် မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ တတ်လှမ်းပြီးသည့်နောက်တွင် သာမန် မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့် ကျွမ်းကျင်ပညာရှင်များက သူနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ သူ၏ တိုက်ပွဲစွမ်းရည်သည် အဆင့်တစ်ခုသို့ ထပ်မံ၍ တိုးမြင့်လာမည်ဖြစ်သည်။ ထိုအချိန်တွင် မိမိအတွက် ပြင်ဆင်ထားသော မရှောင်လွှဲနိုင်သည့် ပိုက်ကွန်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ ၎င်းတို့တွင် မည်သို့သော ထောင်ချောက်မျိုးရှိနေပါစေ ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

'ကျင့်ကြံခြင်းသည် ဦးဆောင်ရန် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရမည့် ကိစ္စဖြစ်သောကြောင့်၊ ၎င်းတို့ကသာ အရှေ့သို့ မချီတက်လျှင် အနောက်သို့ ဆုတ်ခွာရလိမ့်မည်'

ချူးယွင်ဖန်းက ဤသို့စိတ်ပိုင်းဖြတ်ပြီးနောက် တောင်မြစ်ပန်းချီကားထဲတွင် သီးခြားကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ အားလုံးကို စုဆောင်းပြီးနောက်၊ ချူးယွင်ဖန်းက ဆဋ္ဌမအဆင့်သို့ စတင်ချီတက်ခဲ့သော်လည်း အတားအဆီးက ခိုင်မြဲနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် တတိယမြောက် သွေးဇစ်မြစ်ဆေးလုံးကိုထုတ်၍ မျိုချလိုက်သည်။ ယခု မိမိတွင် ဆေးလုံးနှစ်လုံးသာ ကျန်ရှိတော့သည်။ ဤဆေးလုံးများသည် တစ်လုံးလျှင် အနည်းဆုံး ယွမ်ငွေ ဆယ်သန်းဖြင့်ပင် ရောင်းချနိုင်မည်ဖြစ်ရာ၊ လေလံပွဲများတွင် ပို၍ပင် ရရှိနိုင်မည်ဖြစ်သည်။

၎င်းသည် စျေးကြီးသည်ဟု ဆိုနိုင်သော်လည်း၊ ဤကမ္ဘာတွင် ချမ်းသာကြွယ်ဝသူ အများအပြားရှိနေသည်။ ကိုယ်ပိုင် အဆင့်ဖြတ်ကျော်ရန်ဖြစ်စေ၊ ၎င်းတို့၏ တပည့်များကို အဆင့်ဖြတ်ကျော်စေရန်ဖြစ်စေ၊ ငွေကြေးမည်မျှ ကုန်ကျပါစေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအားလုံးသည် ကျင့်ကြံခြင်းအတွက် လုံလောက်သော အရင်းအမြစ်များကို ပံ့ပိုးပေးကြမည်ဖြစ်သည်။

ဆေးလုံးကို မျိုချပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသည်။ ဆေးလုံး၏ အာနိသင်သည် သန့်စင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ အတားအဆီးကို ချီတက်တိုက်ခိုက်ခဲ့သည်။

မူလက ခိုင်မြဲနေသော မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမဆင့်၏ အတားအဆီးသည် အဆုံးတွင် ဤအဆုံးမဲ့ ချီတက်တိုက်ခိုက်မှု အောက်တွင် ပြိုပျက်သွားတော့သည်။

ဘုံး

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ နောက်ဆုံးတွင် သူသည် မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ တက်လှမ်းခဲ့သည်။ သူသည် ပဉ္စမအဆင့်၏ အထွတ်အထိပ်မှ ဆန်းသစ်သော အဆင့်တစ်ခုသို့ အခြေအနေကို အခွင့်ကောင်းယူ၍ တက်လှမ်းခဲ့ပုံပေါ်သည်။

ချူးယွင်ဖန်း၏ကိုယ်ခန္ဓာရှိ ကျင့်ကြံမှုခွန်အားများ ဆက်လက်တိုးတက်လာခဲ့ရာ၊ ၎င်းသည် ကွာဟချက် အသစ်ကို လျင်မြန်စွာဖြည့်ဆည်းပေးခြင်းဖြင့် မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးခဲ့သည်။

သုံးရက်ခန့် ကြာမြင့်သွားလေသည်။

ကနဦး အဆင့်ဖြတ်ကျော်မှုအပြီးတွင် ချူးယွင်ဖန်းက မည်သည့် စိတ်ခံစားချက် အနည်းငယ်မှ ပြသခဲ့ခြင်းမရှိပေ။ ယင်းအစား သူသည် မျက်လုံးများကို မှိတ်၍ သူ၏ကျင့်ကြံခြင်းကို တောင့်တင်းခိုင်မာရန်သာ ပြုလုပ်ခဲ့သည်။

ဤသို့ဖြင့် ဆယ်ရက်ခန့် ကြာမြင့်သွားခဲ့သည်။

အဆုံးတွင် ထိုနေ့သို့ ရောက်လာခဲ့လေ၏။

All Chapters