← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃) နောက်ဆုံး တန်ပြန်တိုက်ခိုက်မှု၊ နက္ခတ်ဂိုဏ်းက ဤအရာအားလုံးကို တွက်ချက်ခဲ့ခြင်း

တစ်လခန့် ကြာမြင့်သော တာအိုညီလာခံ ပြီးဆုံးတော့မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ကြသူအားလုံးသည် ကြယ်တာရာကျွန်း၏ အလယ်ဗဟိုရှိကြီးမားသော တောင်တန်းပေါ်တွင် စုဝေးနေကြသည်။ ယနေ့ဟာ ဤညီလာခံ၏ အမှန်တကယ့် အရေးကြီးဆုံးအချိန်ဖြစ်သည်ကို လူတိုင်းက သိကြသည်။

သော့ငါးချောင်းအနက် နောက်ဆုံးပိုင်ရှင်ကို ယနေ့တွင်ဆုံးဖြတ်၍၊ အရာအားလုံး၏ ရလဒ်ကိုထုတ်ဖော်မည်ဖြစ်သည်။ ပြီးနောက် အရေးကြီးဆုံးသည် နတ်စွမ်းအင်အဆင့် မွန်းစတား၏ အူတိုင်ကို မည်သူက ရရှိနိုင်မည်ကို ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

တောင်တန်းပေါ်၌ ပါဝင်ယှဉ်ပြိုင်ကြသူများ စုရုံးနေကြသော မြင်ကွင်းသည် သက်ဝင်လှုပ်ရှားလွန်းရာ၊ ၎င်းတို့၏ ခံ့ညားထည်ဝါသော အမူအရာများသည် ကောင်းကင်သို့ ထိုးဖောက်တော့မည့်ဟန်ဖြင့် အလွန်မြင့်မားနေသည်။ အမှတ်အနည်းငယ် ထပ်မံရရှိလိုသော ဤကျောင်းသားများသည် တောင်ပေါ်နှင့် တောင်ခြေရင်းရှိ မွန်းစတားများအားလုံးကို သတ်ဖြတ်နေကြသည်

မကြာမီ ဖြစ်ပွားတော့မည့်ကိစ္စသည် ပါဝင်ယှဉ်ပြိုင်သူ အများစုအတွက်၊ များများစားစား သက်ဆိုင်သည့် အရာမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ အူတိုင်သည် ၎င်းတို့၏လက်ထဲသို့ ကျရောက်မည်မဟုတ်ပေ။ သော့တစ်ချောင်းကို ရယူနိုင်ခဲ့လျှင်ပင် ၎င်းတို့၏ ခွန်အားဖြင့် ထိန်းသိမ်းထားနိုင်မည့် အရာမဟုတ်ပေ။

ဤကျောင်းသားများ မဆိုနှင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများလျှင်ပင် ထိုသို့သော အရာကို မက်မောကြပေလိမ့်မည်။ ခွန်အား အလုံအလောက်မရှိဘဲ ဤအူတိုင်ကို ရရှိခြင်းသည်၊ လမ်းပေါ်တွင် ရွှေအုတ်ခဲတစ်ခု ထမ်းပိုးထားသော ကလေးတစ်ဦးကဲ့သို့ပင် ဖြစ်နေလိမ့်မည်။

“နောက်ဆုံးတော့ ဒီနေ့ကို ရောက်ခဲ့ပြီ။ သော့ငါးချောင်းက ဒီနေ့ ပိုင်ရှင် အပြောင်းအလဲ ရှိလောက်တယ်"

“အဲဒါက ပြောဖို့တော့ ခက်သား။ သော့ကိုင်ထားတဲ့လူတွေအကုန်လုံး ရက်စက်တဲ့ လူတွေချည်းပဲ"

“အဲ့လောက်လဲ မဟုတ်ပါဘူး။ တခြားသူတွေကပြောဖို့ခက်ပေမယ့် ချူးယွင်ဖန်းက တစ်ကောင်တည်းဖြစ်နေတဲ့ ဝံပုလွေလိုပဲ။ လက်လေးချောင်းကို လက်နှစ်ချောင်းတည်းနဲ့ တိုက်ဖို့ခက်ခဲမှာ သေချာတယ်။ ဒီလောက်လူတွေ အများကြီးကို သူ ဘယ်လိုတိုက်ထုတ်နိုင်မှာလဲ"

“လက်လေးချောင်းကို လက်နှစ်ချောင်းတည်းနဲ့ တိုက်ဖို့ခက်ခဲတယ်။ လာနောက်မနေနဲ့။ သူသတ်ခဲ့တဲ့လူတွေက ရာနဲ့ချီပြီးရှိတယ်ဆိုတဲ့အကြောင်းကို မင်းမကြားဖူးဘူးလား။ ပြင်ပကမ္ဘာကို ပြန်ရောက်ရင်တော့ အုတ်အုတ်ကျက်ကျက် ဖြစ်သွားမှာ သေချာတယ်။ ကြယ်တာရာကျွန်းပေါ်က ဒီသီးခြားညီလာခံမှာတောင် ငါတို့ အပြင်ထွက်သွားပြီးလို့ အချိန်ခဏလေးအတွင်း ဒီကိစ္စက ငြိမ်ဦးမှာ မဟုတ်ဘူး"

မကြာမီရောက်ရှိလာမည့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲနှင့်ပတ်သက်၍ ကျောင်းသားများ အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များရှိနေကြသည်။ ဤအရာအားလုံးဟာ ၎င်းတို့အတွက် ပြပွဲတစ်ခုသာဖြစ်သည်။

"အင်းပေါ့၊ သာမာန်လူတွေကတော့ ချူးယွင်ဖန်းကို ထိခိုက်အောင် မလုပ်နိုင်ဘူးပေါ့။ ဒါပေမယ့်၊ လုဖေးယွီ၊ မေ့ဟိုက်ယွင်နှင့် အခြားသူတွေလိုမျိုး ထိပ်တန်း ကျွမ်းကျင်သူတွေသာဆိုရင်တော့ သေချာပေါက် လုပ်နိုင်လောက်တယ်။ သူတို့ငါးယောက်ထဲမှာ ချူးယွင်ဖန်းက ဖြေရှင်းရ အလွယ်ဆုံး လူပဲ။ ငါ့အထင်တော့ သူ ဝိုင်းပြီး တိုက်ခိုက်ခံရလောက်တယ်”

“သေချာပေါက် ဝိုင်းပြီး တိုက်ခိုက်ခံရလောက်တယ်။ ချူးယွင်ဖန်းသာ ဒီမှာ ပေါ်လာရဲရင် လုံးဝ ထွက်ပြေးခွင့်ပေးမှာ မဟုတ်ဘူးလို့ ကျန်းပိုင်ဖေးက ပြောထားပြီးသား"

“ဟာ၊ နောက်ထပ် သွေးမြစ်ချောင်း စီးရဦးမယ်။ ဒီနှစ်ညီလာခံက သမိုင်းတစ်လျှောက် ဝမ်းနည်းစရာ အကောင်းဆုံးပဲ”

လူအများက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

"ဦးဆောင်သူစာရင်းကို မြန်မြန် ကြည့်ကြ"

တစ်စုံတစ်ယောက်၏ ရုတ်တရက် အော်ဟစ်သံကြောင့်၊ လူတိုင်းက ကြည့်လိုက်ကြသည်။

၎င်းတို့သည် ဟန်ပင်း၏ အမှတ်များ ရုတ်တရက် ထိုးတက်လာသည်ကို တွေ့လိုက်ရသည်။ ဟန်ပင်းသည် မူလက ပဉ္စမနေရာတွင်သာရှိခဲ့သည်။ မကြာမီတွင်၊ ဟန်ပင်းက စီတု ကျီယင်း၊ သုန်ဖန်ဟောက်နှင့် ၎င်းတို့၏ အရှေ့ရှိ အခြားလူများကို ကျော်တက်သွားခဲ့သည်။ ၎င်းတို့၏ ရမှတ်သည် ပထမနေရာတွင် ရှိနေသည့် မေ့ဟိုက်ယွင်၏ ရမှတ်နှင့် နီးကပ်နေပြီဖြစ်သည်။

“ကျွတ်၊ ဟန်ပင်းက သူ့အစွမ်းအစကို နောက်ဆုံးမှ ထုတ်ပြဖို့ လုပ်ထားတာလား"

ပါဝင်ယှဉ်ပြိုင်သူများက သဘောကျနေသည်။ “ဒီကောင်က တော်တော်လေး ဉာဏ်များတဲ့ကောင်ပဲ။ ဟန်ပင်းသာ အစောပိုင်းထဲက သူ့ စွမ်းအားကို ထုတ်ပြခဲ့ရင်၊ မေ့ဟိုက်ယွင်က ဒီလောက် ပေါ့ဆမှာ မဟုတ်သလို၊ ဟန်ပင်းကလည်း မေ့ဟိုက်ယွင်ကို ကျော်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုအချိန်မှာ မေ့ဟိုက်ယွင်က ဒုတိယနေရာမှာ ရှိနေတဲ့ သုန်ဖန်ဟောက်ကို အနည်းဆုံး ရမှတ် ၂၀,၀၀၀ နဲ့ ကျော်ထားတာမို့လို့၊ ဟန်ပင်းက သေချာပေါက် အနိုင်ရတော့မှာ။ ဒီအချိန်မှတော့ အမဲလိုက်ပြီး အမှတ်တွေကို ထပ်တိုးဖို့ လုပ်လို့မရလောက်တော့ဘူး"

“ဒါက နည်းဗျူဟာတစ်ခုဆိုတာ အရှင်းကြီး။ ပြီးခဲ့တဲ့နှစ်ကလိုပဲ နက္ခတ်ဂိုဏ်းကို ထပ်ပြီး ချန်ပီယံဖြစ်ခွင့် ပေးလိုက်တော့မှာလား"

ကျောင်းသားတစ်ယောက်က အော်ဟစ်လိုက်သည်။ အထူးသဖြင့် ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများက ပို၍ပင် စိတ်ပူပန်နေကြသည်။

ချန်ပီယံနေရာသို့ မရရှိခြင်းသည် တခြားအဖွဲ့ခွဲများအတွက် ပုံမှန်ဖြစ်ရပ်သာဖြစ်သည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားများအတွက် ကွဲပြားခြားနားသည်။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများအတွက်၊ ချန်ပီယံနေရာသို့ ရရှိခြင်းသည် ပုံမှန်ဖြစ်ရပ်သာ ဖြစ်သောကြောင့်၊ ချန်ပီယံမဖြစ်ခဲ့လျှင်သာ ထူးဆန်းနေမည်ဖြစ်သည်။

ယမန်နှစ်က ကျောင်းသားသစ််များ၏ သတိလက်လွတ်ဖြစ်မှုသည် နက္ခတ်ဂိုဏ်းကို ချန်ပီယံဖြစ်စေခဲ့သည်။ ယင်းသည် လွန်ခဲ့သည့်နှစ်များတွင် ပြည်ထောင်စုတက္ကသိုလ်အတွက် ကြီးစွာသော ဂုဏ်သိက္ခာကျဆင်းမှုဟု ယူဆနိုင်သည်။ ထိုတစ်သုတ်ရှိ ကျောင်းသားများသည် ခေါင်းမဖော်ဝံ့ကြသေးပေ။ ဤကိစ္စကို ဖော်ထုတ်လာသည့်အချိန်တိုင်း ၎င်းတို့သည် အရှက်တရားကြောင့် ဒေါသတကြီး ဖြစ်ကုန်လေ့ရှိသည်။

ယခုဆိုလျှင် ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရန် ၎င်းတို့၏ အလှည့်သို့ ကျရောက်ခဲ့ပြီလော။

အကယ်၍ ၎င်းတို့သည် ယခုနှစ် တာအိုညီလာခံ၏ ချန်ပီယံမဖြစ်ခဲ့လျှင် နောင်နှစ်ပေါင်းများစွာ ကြာသည့်အထိ လှောင်ပြောင်ခံရပေလိမ့်မည်မှာ သေချာသည်။ ဂိုဏ်းပေါင်းစုံမှ ပါဝင်ယှဉ်ပြိုင်သူများအားလုံးက ၎င်းတို့၏ အသက်ရှုနှုန်းကို ထိန်းချုပ်ထားကြသည်။ ၎င်းတို့သည် ဦးဆောင်သူစာရင်းပေါ်ရှိ ဟန်ပင်း၏ တိုးမြင့်လာသော အမှတ်များကိုသာ စောင့်ကြည့်ကြသည်။

တောင်တန်းပေါ်ရှိ ထူထပ်သော တောအုပ်အတွင်းတွင်ရှိနေသော၊ မေ့ဟိုက်ယွင်၏ မျက်နှာအမူအရာ အလွန်ချို့ယွင်းနေသည်။ ဟန်ပင်းသည် တန်ပြန်တိုက်ခိုက်မှုကို ယခုအချိန်မှသာ စတင်ရန်၊ ကနဦးကတည်းက စီစဉ်ထားခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ဟန်ပင်းသည် တန်ပြန်တိုက်စစ်ကို ပြီးဆုံးခါနီးမှ ပြုလုပ်မည်ဟု မေ့ဟိုက်ယွင်က မည်သို့မျှ မမျှော်လင့်ထားပေ။

မေ့ဟိုက်ယွင်သည် ကောင်းကင်ဘုံမှ ချီးမြှောက်ခံရသော ပါရမီရှင်တစ်ဦးဟု အခိုင်အမာဆိုခဲ့သောကြောင့်၊ မိမိနှင့် သက်တူရွယ်တူများကို နှလုံးသွင်းခဲ့ခြင်းမရှိပေ။ သို့ဖြစ်သော်လည်း၊ သူသည် ယခုအချိန်တွင် သူ၏ သက်တူရွယ်တူများ၏ ရက်စက်သော ကြံစည်မှုအောက်သို့ ရောက်ရှိခဲ့ရသည်။ မည်သူမဆို သူ၏စိတ်ထဲက ဒေါသကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

သို့သော် ကျောင်းသား ထောင်ပေါင်းများစွာက တောင်တန်းရှိ မွန်းစတားများကို ရှင်းလင်းစွာ သုတ်သင်ခဲ့ပြီဖြစ်သည်။ သူသည် ဤတောင်တန်းမှ ထွက်မခွာလျှင်၊ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲနိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ မေ့ဟိုက်ယွင်သည် ယခုအချိန်တွင် တောင်တန်းမှ ထွက်ခွာ၍ အမှတ်များစုဆောင်းလျှင်ပင်၊ မွန်းစတားများက နေရာအနှံ့ ပြန့်ကျဲနေသောကြောင့် သူသည် ဟန်ပင်းနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်ပေ။ အချိန်တိုအတွင်း သူ၏အဆင့်ကို တိုးတက်အောင် ပြုလုပ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဟန်ပင်းသည် ယခုအချိန်ကို စောင့်ဆိုင်းရန်၊ မွန်းစတားအုပ်စုတစ်စုကို မသတ်ဖြတ်ဘဲ စုစည်းထားခြင်းဖြစ်သည်မှာ သိသားထင်ရှားသည်။

ထိုကဲ့သို့ မဖြောင့်မတ်သည့် လျှို့ဝှက်ကြံစည်မှုမျိုးဖြင့် ရင်ဆိုင်ရာတွင်၊ မေ့ဟိုက်ယွင်က မည်မျှ မကျေမနပ်ဖြစ်နေပါစေ သူ မည်သို့မှ တတ်နိုင်မည်မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ၊ သူသာ ယခုအချိန်တွင် ထွက်ခွာသွားလျှင် အူတိုင်ကို ရရှိနိုင်တော့မည် မဟုတ်ပေ။ ဟန်ပင်းသည် မေ့ဟိုက်ယွင်ကို ယခုနှစ်၏ ချန်ပီယံဆုကို ရယူခြင်းနှင့် အူတိုင်အတွက် တိုက်ပွဲဝင်နိုင်မည့် အခွင့်အရေး နှစ်ခုကြားတွင် တစ်ခုခုကို ရွေးချယ်ရန် တွန်းအားပေးနေခြင်းဖြစ်သည်။

“ဘယ်လိုတောင် ကောက်ကျစ်တဲ့ အစီအစဉ်လဲ”

မေ့ဟိုက်ယွင်က ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ တခြားလူများနှင့် မတူသည်မှာ၊ ဤနှစ်၏ ချန်ပီယံဆုကို ပြည်ထောင်စု တက္ကသိုလ်က ဆုံးရှုံးခဲ့လျှင် တခြားလူ အများစုက ကြိမ်းမောင်းခံရရုံမျှသာ ဖြစ်သော်လည်း၊ မိမိသည် အရှက်တကွဲ အကျိုးနည်းဖြစ်သွားပေလိမ့်မည်။ တခြားလူများအပေါ်တွင် ဤမျှမျှော်လင့်ချက်မရှိခဲ့သော်လည်း၊ လူတိုင်းက မိမိအပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့ကြသည်။

မေ့ဟိုက်ယွင်၏ နံဘေးတွင် ရပ်နေသော ပြည်ထောင်စု တက္ကသိုလ် ကျောင်းသားများ၏ အမူအရာများသည်လည်း အလွန်အကျည်းတန်နေသည်။ ၎င်းတို့သည် ချန်ပီယံဆုအတွက် တစ်လမျှ အမှတ်များ ကြိုးစား၍ စုဆောင်းခဲ့ကြသည်။ အရာအားလုံးသည် ယခင်က အဆင်ပြေ ချောမွေ့ခဲ့သည်။ ၎င်းတို့၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည့် သုန်ဖန်ဟောက်နှင့် ၎င်းတို့ကြားက ကွာဟချက်လျှင်ပင် သိသိသာသာ ကျယ်ပြန့်နေသည်။ သို့သော် ယခုအချိန်တွင် ဟန်ပင်းက ၎င်းတို့ကို တန်ပြန်ခဲ့သည်။

နက္ခတ်ဂိုဏ်းသည် ယခုနှစ်တွင် ၎င်းတို့ကို အခွင့်ကောင်းယူရန် ထောင်ချောက်တစ်ခု တူးဖော်ခဲ့ခြင်းဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။ သို့ဖြစ်သော်လည်း၊ ၎င်းတို့သည် သတိပေးခြင်းမရှိဘဲ ၎င်းထောင်ချောက်ထဲသို့ လဲကျသွားခဲ့သည်။ အဆုံးတွင် ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများက မောက်မာလွန်းသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ ယခင်နှစ်က ရှုံးနိမ့်မှုသည် တစ်ခုတည်းသော အဖြစ်အပျက်ဟု ၎င်းတို့က ထင်မှတ်ထားကြ၍၊ အထူးတလည် စဉ်းစားတွေးထင်ခဲ့ခြင်း မရှိကြပေ။

၎င်းအချက်သည် နက္ခတ်ဂိုဏ်း၏ ဤတန်ပြန်တိုက်ခိုက်မှုကို အောင်မြင်ရန် အခွင့်အရေးပေးခဲ့သည်။

ဤဖြစ်စဉ်သည် ၎င်းတို့ကို အလွန်အမင်း အရှက်ရစေသော လုပ်ရပ်ဖြစ်သည်။

အခန်း (၅၂၄) သွေးထွက်သံယိုတိုက်ပွဲ

ဤသည်မှာ ဂုဏ်ကျက်သရေရှိ ရွေးချယ်ခံရသူများအတွက် မျိုသိပ်ရန် အထူးခက်ခဲသော အရာမျိုးဖြစ်သည်။ ပြည်ထောင်စု တက္ကသိုလ်သည် အလွန်ကြီးမားကျယ်ပြန့်သောကြောင့်၊ ၎င်းကို အုပ်စုငယ်များစွာဖြင့် ပိုင်းခြားထားသည်။ သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်၊ ချူးယွင်ဖန်း၊ ချူးယွင်ဖေး၊ လုဖေးယွီနှင့် အခြားအမည်ကျော်ကြားသူများ အားလုံးသည် ပြည်ထောင်စုတက္ကသိုလ်အတွက် ပထမနေရာကို ဆွတ်ခူးရန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နှိုင်းယှဉ်ကြည့်လျှင်၊ နက္ခတ်ဂိုဏ်းသည် ထိုမျှ အင်အားမကြီးမားသည်အပြင်၊ ၎င်းတို့ထဲတွင် ထိပ်တန်းပုဂ္ဂိုလ် အများအပြား မရှိခဲ့ပေ။ သို့သော်၊ ဤသည်မှာ ၎င်းတို့၏ ခွန်အားများအားလုံးကို ဟန်ပင်းဆီတွင် အတိအကျ ပုံအောထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ နက္ခတ်ဂိုဏ်း၏ ပေါင်းစပ်အင်အားသည် ပြည်ထောင်စုတက္ကသိုလ်၏ အသင်းငယ်များထက် များစွာပို၍ အင်အားကြီးမားသည်။ ပြည်ထောင်စုတက္ကသိုလ်သည် အင်အားကြီးမားသောကြောင့် အောင်မြင်မှုရရှိခဲ့သကဲ့သို့၊ အင်အားကြီးသောကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ဤအခိုက်အတန့်တွင် လူပေါင်းများစွာက တုန်လှုပ်ခြောက်ခြားနေကြသည်။

"မေ့ဟိုက်ယွင်၊ ငါတို့ ဘာလုပ်သင့်လဲ"

လူတိုင်း၏အကြည့်များသည် ဆုံးဖြတ်ချက်တစ်ခု ချစေလိုသည့်ဟန်ဖြင့်၊ မေ့ဟိုက်ယွင်ဘက်သို့ ဦးတည်သွားသည်။

“အခု တစ်ရက်ပဲကျန်တော့တယ်။ ငါတို့ အခုသွားပြီး အမှတ်တွေစုရင်၊ ဟန်ပင်းကို အမီလိုက်နိုင်ပါ့မလား"

"ဟန်ပင်းက သေချာပေါက် အကုန် စီစဉ်ထားလောက်တယ်။ ဒီအခွင့်အရေးကို သူလွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး။ အဲ့ဒီ့တော့ ငါတို့ကိုလည်း အမီလိုက်နိုင်ဖို့ အခွင့်အရေး မချန်ထားလောက်ဘူး" မေ့ဟိုက်ယွင်က အံကြိတ်၍ ပြောလိုက်သည်။

ရှုံးနိမ့်မှုကို ဝန်ခံရန် ပြောဆိုခြင်းသည် မိမိအတွက် လွယ်ကူရိုးရှင်းသော ကိစ္စမဟုတ်ပေ။ သို့သော် မေ့ဟိုက်ယွင်သည် ထူးချွန်သူတစ်ဦးဖြစ်သည့်အလျှောက် အပေးအယူပြုလုပ်သည့်လမ်းကြောင်းကို သူကောင်းကောင်း နားလည်သည်။ သူသည် ယခုအချိန်တွင် အကောက်ကြံစည်မှုထဲသို့ လုံးလုံးလျားလျား ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲရန် သူ့တွင် အခွင့်အရေးမရှိပေ။

“ဒါဆိုရင်လည်း အူတိုင်ကို အရယူဖို့ပဲ ငါတို့အကောင်းဆုံး ကြိုးစားကြတာပေါ့။ တက္ကသိုလ်က မေးခွန်းထုတ်တာမှန်သမျှကိုတော့ ငါ့တာဝန်ထားလိုက်”

မေ့ဟိုက်ယွင်က ပြတ်ပြတ်သားသားပြောလိုက်သည်။ သူသည် နှစ်ခုစလုံးကို အာရုံစိုက်နိုင်လျှင် ကျေနပ်စွာ ပြုလုပ်မည်ဖြစ်သော်လည်း ယခုအချိန်တွင် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ဤကိစ္စကို ဆက်လက်ပြုလုပ်နိုင်မည် မဟုတ်ပေ။

နှိုင်းယှဥ်ကြည့်လျှင်၊ အူတိုင်သည် ပို၍ပင် တန်ဖိုးရှိသည်။ သို့သော်လည်း ဤရှုံးနိမ့်မှုသည် တက္ကသိုလ်အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ ဝေဖန်မှုများနှင့် ရင်ဆိုင်ရမည်ကို မေ့ဟိုက်ယွင် ကောင်းကောင်းသိသည်။ သူသည် ပြည်တွင်းပြည်ပ ဂိုဏ်းခွဲများနှင့် မင်းမျိုးမင်းနွယ်များအကြား ယှဉ်ပြိုင်မှုတွင်၊ ပြည်ထောင်စုတက္ကသိုလ်တင်မကဘဲ၊ ပြည်ထောင်စုကိုပင် ကိုယ်စားပြုခဲ့သူဖြစ်သည်။ မိမိအပေါ်ရှိ စီးပိုးနေသော ဖိအားက အလွန်များပြားသည်။

မေ့ဟိုက်ယွင်က ရှုံးနိမ့်ရန် မဖြစ်နိုင်ပေ၊ မိမိက ရှုံးနိမ့်လျှင် နောက်ဆက်တွဲ ကျရောက်လာမည့် ဆိုးကျိုးသည် အဆုံးသတ်မည် မဟုတ်ပေ။

နက္ခတ်ဂိုဏ်းသည် ယခင်က အနိုင်ရရှိမှုနည်းပါးသည့် ဂိုဏ်းတစ်ခုဖြစ်သောကြောင့်၊ နက္ခတ်ဂိုဏ်းမှ ဟန်ပင်းက ရှုံးနိမ့်ရန် မသင့်တော်ပေ။ နောက်ပိုင်းတွင် တက္ကသိုလ်၏အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် မိမိကြုံတွေ့ရမည့် ဖိအားများကို စိတ်ကူးကြည့်၍ပင် သိနိုင်သည်။

မေ့ဟိုက်ယွင်သည် ယမန်နှစ်၏ ရမှတ်အများဆုံးကျောင်းသားများ ရှုံးနိမ့်ပြီးနောက် ကြုံတွေ့ခဲ့ရသည့် အရာများကို ကြားခဲ့ဖူးသည်။ ၎င်းတို့သည် လူထု၏ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော် သူသည် ဆုံးဖြတ်ချက် ချမှတ်ပြီးပြီဖြစ်သောကြောင့် နောက်ပြန်မလှည့်၍ မရတော့ပေ။

"ဟန်ပင်း၊ မင်း ဒီတစ်ကြိမ်တော့ မင်းနိုင်သွားပြီ။ နောက်တစ်ကြိမ်ကျမှ တွေ့ကြတာပေါ့"

ဤစကားများကို ပြောနေသော မေ့ဟိုက်ယွင်၏ မျက်နှာအမူသည် အလွန်အေးစက်နေသည်။

ရမှတ်များ ပြောင်းလဲသွားခြင်းကို မြင်တွေ့ရသော အခြားပါဝင် ယှဉ်ပြိုင်သူများအားလုံးက အံ့ဩသွားကြသည်။ အထူးသဖြင့်၊ ဒုတိယအဆင့်တွင်ရှိနေသည့် သုန်ဖန်ဟောက်သည် ဟန်ပင်းက သူ၏ရမှတ်များကို ကျော်ဖြတ်သွားခြင်းကို မြင်တွေ့လိုက်ရသည်။ ပထမနေရာကိုသာ နက္ခတ်ဂိုဏ်းက လုယူသွားခဲ့လျှင် မိမိရင်ဆိုင်ရမည့် ဖိအားသည် သေးငယ်မည်မဟုတ်ပေ။

ဤတစ်ကြိမ်၊ ဟန်ပင်းက ထောင်ချောက်ဆင်ခဲ့သူမှာ မိမိမဟုတ်သော်လည်း၊ မိမိသည်လည်း ကျော့ကွင်းထဲသို့ ဖမ်းမိနေပြီဖြစ်သည်။ သူသည် အရူးလုပ်ခံခဲ့ရသည်ဟု ခံစားလိုက်ရသည်။

သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်သည် တိုက်ရိုက် ယှဉ်ပြိုင်နေကြသူများ ဖြစ်ကြသော်လည်း၊ ပထမနေရာကို ၎င်းတို့က ရှုံးနိမ့်ခဲ့ကြလျှင်၊ မေ့ဟိုက်ယွင်သာမက၊ ပြည်ထောင်စု တက္ကသိုလ်ရှိ ကျောင်းသားများ အားလုံးသည်လည်း လူထု၏ ရှုံ့ချမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“ငါတို့က အရမ်းပေါ့ဆသွားတာ။ အရင်ကဆိုရင် မနှစ်က ကျောင်းသားတွေရဲ့ အပြုအမူကို ငါတို့ခဏခဏ ပြောခဲ့ကြတယ်။ အခုတော့ သူတို့ခြေရာကို လိုက်ပြီးနင်းရမယ်လို့ မထင်ထားခဲ့ဘူး”

သုန်ဖန်ဟောက်က ပြုံးရယ်နေသော်လည်း၊ သူ၏နှုတ်ခမ်းထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲနေသည်။

“ကောင်းပါတယ်၊ နက္ခတ်ဂိုဏ်းနဲ့ ဟန်ပင်း။ မင်းတို့ မေ့ဟိုက်ယွင်ရဲ့ ဒေါသကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့”

သုန်ဖန်ဟောက်က အေးစက်စွာ ပြောလိုက်သည်။ သူသည် ဤတစ်ကြိမ်တွင် အကွက်ချခံခဲ့ရသည်။ သူ၏နားလည်မှုအပေါ် အခြေခံ၍ပြောရမည်ဆိုလျှင် မေ့ဟိုက်ယွင်သည် လွယ်လွယ်နှင့် အရှုံးပေးမည့်လူမျိုး မဟုတ်ပေ။ သူသည် ပြင်းထန်သော လက်စားချေမှုများဖြင့် ကြုံတွေ့ရမည်မှာ အသေအချာပင်ဖြစ်သည်။

မေ့ဟိုက်ယွင်သာမက၊ သုန်ဖန်ဟောက်နှင့် ချန်ပီယံဖြစ်ရန် ယှဉ်ပြိုင်ခဲ့ကြသည့် အခြားဦးဆောင်သူ စာရင်းတွင်ရှိနေသော လူတိုင်းနီးပါးသည် ဦးဆောင်သူစာရင်းပေါ်ရှိ အပြောင်းအလဲများကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။ နက္ခတ်ဂိုဏ်း၏ အကြံအစည်သည် ကောက်ကျစ်လွန်းသည်ဟု ၎င်းတို့၏စိတ်ထဲတွင် အံ့အားသင့်နေကြသည်။

နက္ခတ်ဂိုဏ်းသည် တစ်ချက်ခုတ် နှစ်ချက်ဖြတ်ရန် စီစဉ်ခဲ့ပုံရသည်။ သို့သော်၊ ပြည်ထောင်စုတက္ကသိုလ်၏ အလုံးအရင်း စုပေါင်းဒေါသကို ဟန်ပင်းက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို လူများစွာက သိချင်နေကြသည်။

ယခုနှစ် ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အင်အားစုများထဲရှိ အင်အားအကြီးဆုံးမှာ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သည်။ သော့ငါးချောင်းအနက် သုံးချောင်းသည်၊ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားများ၏ လက်ထဲတွင် ရှိနေသည်။ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့်၊ ချန်ပီယံဆုကို ဆုံးရှုံးခဲ့ရသော်လည်း၊ ပြည်ထောင်စုတက္ကသိုလ်သည် ၎င်း၏ ကြီးကျယ်ခမ်းနားသော အဆင့်အတန်းနှင့် ထိုက်တန်ဆဲဖြစ်ကြောင်း သိမြင်နိုင်သည်။

ဦးဆောင်သူစာရင်းပေါ်ရှိ ထိတ်လန့်တုန်လှုပ်ဖွယ် အပြောင်းအလဲများကို လူတိုင်းအာရုံစိုက်နေကြစဉ်တွင်၊ သော့များအတွက် ပထမတိုက်ပွဲ ရုတ်တရက် ဖြစ်ပွားခဲ့ရာ၊ တိုက်ခိုက်ခံရသူမှာ စီတု ကျီယင်းဖြစ်သည်။

ပြပွဲကို ကြည့်နေသည့် စီတု ကျီယင်းသည် ရုတ်တရက် တိုက်ခိုက်ခံခဲ့ရသည်။ ဦးဆောင်သူစာရင်း၏ထိပ်တွင် အဆင့်သတ်မှတ်ခံထားရသော ကျွမ်းကျင်သူများစွာက လျှပ်တစ်ပြက် စတင်တိုက်ခိုက်ခဲ့ကြသည်။

စီတု ကျီယင်းပိုင်ဆိုင်ထားသည့် သော့ကို လုယူရန် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယခင်တိုက်ပွဲများနှင့် မတူသည်မှာ၊ ဤအချိန်သည် ၎င်းတို့၏နောက်ဆုံးအခွင့်အရေးဖြစ်သည်ကို လူတိုင်းက ကောင်းစွာ သိထားသောကြောင့် အလွန်ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။ ယခုအချိန် ရှုံးနိမ့်လျှင် ၎င်းတို့တွင် အူတိုင်ကို ရရှိနိုင်မည့် အခွင့်အရေးလည်း ဆုံးရှုံးရပေလိမ့်မည်။

ထို့အပြင်၊ ကျောင်းသားများ အကြားတွင် သတင်းသစ်တစ်ခု ပျံ့နှံ့သွားသည်။ မှောင်ခိုဈေးကွက်တွင် နတ်စွမ်းအင်အဆင့် မွန်းစတား၏ အူတိုင်ကို ပြည်ထောင်စုငွေ ဘီလီယံ ၃၀ ဖြင့် ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ထားပြီဖြစ်သည်။ ပြီးနောက်၊ ဤစျေးနှုန်းသည် နောက်ဆုံးသတ်မှတ်ချက် မဟုတ်ပေ။ ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ ဘီလီယံ ၅၀ အထိ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။

အူတိုင်ကိုရရှိသူသည် ၎င်းကိုမရောင်းချခဲ့လျှင်ပင်၊ ၎င်းသည် အလွန်များပြားသော ငွေကြေးပမာဏတစ်ခု ဖြစ်နေဆဲဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများလျှင်ပင်၊ ထိုကဲ့သို့သော ဝင်ငွေမျိုးကို ၎င်းတို့၏တစ်သက်တာတွင် ရနိုင်မည်မဟုတ်ပေ။ သို့သော် လိုအပ်ချက်သည် အတွင်းအူတိုင်ကို ဦးစွာပိုင်ဆိုင်ထားရမည်ဖြစ်သည်။

ထို့ကြောင့် ယခုအကြိမ် ပြိုင်ဆိုင်မှုသည် လွန်စွာ ပြင်းထန်လှသည်။ အချိန်တိုအတွင်း လူပေါင်း ၁၀၀ ကျော်ခန့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားခဲ့သည်။ ခြုံခိုတိုက်ခိုက်သူများသည် လူပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့သည်၊ အလောင်းများကို ထားခဲ့ပြီးနောက် ဆိုးရွားစွာ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

သို့သော် စီတူ ကျီယင်းကို ပံ့ပိုးပေးသော ချင်းဟွာတက္ကသိုလ်မှ ကျောင်းသားများသည်လည်း အများပြား ဆုံးရှုံးခဲ့သည်။ စီတူ ကျီယင်းလျှင်ပင် ကျွမ်းကျင်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ကြယ်တာရာကျွန်းကို သွေးရောင်မုန်တိုင်းကြီးက ဖုံးလွှမ်းထားသည်။ အပြင်ဘက်တွင် အမှတ်များ စုဆောင်းနေသော စီတူ ကျီယင်း၊ သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်နှင့် ဟန်ပင်းတို့သည် ကျွမ်းကျင်သူ အများအပြား၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကျွမ်းကျင်သူ အများအပြားက အချင်းချင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်၊ ဤသည်မှာ ယခင်က မဖြစ်ပွားခဲ့ဖူးသည့် ကြောက်ဖက်ဖွယ် တိုက်ပွဲတစ်ခုဖြစ်သည်။

တိုက်ခတ်ရန် ပြင်ဆင်နေသော မုန်တိုင်းသည် ယခုအချိန်တွင် အမှန်တကယ် တိုက်ခတ်လာတော့မည်ဖြစ်သည်။

အခန်း (၅၂၅) လူတိုင်း၏အာရုံစူးစိုက်မှု၊ စိမ်ပြေနပြေဖြင့် နောက်ကျမှ ရောက်လာခြင်း

ဤတိုက်ပွဲသည် ယခင်ကနှင့်မတူဘဲ ပို၍ ရက်စက်ကြမ်းကြုတ်လှသည်။ သော့များကို ပိုင်ဆိုင်ရန်အတွက်၊ ကြောက်မက်ဖွယ်ကောင်း၍ ဆန်းသစ်သော တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ ဦးဆောင်သူစာရင်းပေါ်ရှိ ထိပ်တန်းအဆင့် ဖြစ်တည်ရှိမှုများသည် သော့များကိုရရှိရန် အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဤသည်မှာ မည်သည့် စိတ်စွမ်းအင် တိုက်ပွဲများထက်မဆို ပိုမို ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲဖြစ်သည်။ သာမာန်တိုက်ပွဲတစ်ခုသာဖြစ်လျှင် ၎င်းတို့က လက်လျှော့ပေးနိုင်ကြသော်လည်း အကျိုးစီးပွားကိုထိစေသည့် တိုက်ပွဲတွင် မည်သို့မျှ လက်လျှော့ပေးနိုင်မည်နည်း။

ဤအူတိုင်ကိုရရှိသူသည် အနာဂတ်တွင် ၎င်းတို့၏သက်တူရွယ်တူများကို ကျော်လွန်၍ ဆန်းသစ်သော သိုင်းပညာအဆင့်တစ်ခုသို့ ကြိုးစားအားထုတ်နိုင်ကာ၊ ပြည်ထောင်စုတစ်ခုလုံး၏ အထွတ်အထိပ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ဤသို့သော သွေးဆောင်မှုမျိုးသည် မည်သူမျှ ဆန့်ကျင်နိုင်မည့် အရာမဟုတ်ပေ။

ယခုတစ်ကြိမ်၊ ကြယ်တာရာဂိုဏ်း၏ သုံးစွဲကုန်ကျစရိတ်သည် အမှန်တကယ် ရက်ရောခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများသည် နေ့တစ်ဝက်ကျော်ကြာမျှ ဆက်လက်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ စီတူ ကျီယင်းနှင့် ဟန်ပင်းတို့သည် သော့များကို ကိုင်ဆောင်ထားနိုင်ခဲ့သည်။ သို့သော်၊ ဤလုပ်ငန်းစဉ်တွင် ၎င်းတို့ ပေးဆပ်ခဲ့သည့် အဖိုးအခသည်လည်း ကြီးမားလွန်းသည်။

သော့များအတွက် တိုက်ခိုက်ခဲ့သော ဤတိုက်ပွဲများတွင် လူပေါင်းထောင်ကျော်မျှ သေဆုံးခဲ့ပြီးမှသာ အရာအားလုံး ရပ်တန့်သွားသည်။ ၎င်းတို့အားလုံးသည် ကျေနပ်သည့်အချိန်မှ တိုက်ပွဲများကို ရပ်စဲခဲ့ကြသည်။ အသေအပျောက် အရေအတွက်သည် မည်သူမှ ခံနိုင်ရည်မရှိတော့သည့် အနေအထားကို ရောက်ရှိနေပြီဖြစ်သည်။

မည်သူကမှ ၎င်းတို့အတွက် အသက် စွန့်စားလိုစိတ်မရှိခဲ့ပေ။ မှန်ကန်စွာ ပြောရမည်ဆိုလျှင်၊ ၎င်းတို့၏ တက္ကသိုလ်နှင့် ဂိုဏ်းများမှ အထက်တန်းအဆင့် အကြီးအကဲများနှင့် နည်းပြဆရာများ၏ ညွှန်ကြားချက်ကြောင့်သာ ပထမနေရာအတွက် အသက်စွန့်ခဲ့ကြခြင်းဖြစ်သည်။ ဤသို့မဟုတ်လျှင်၊ ဤလူများကို ကူညီရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။ အဆုံးတွင်၊ ၎င်းတို့အားလုံးသည်လည်း ဂုဏ်သိက္ခာရှိသူများဖြစ်ကြသည်။

ကြီးမားသော အဖိုးအခမျိုးကို ပေးဆပ်ခဲ့ပြီးနောက် အောင်မြင်ရန် မျှော်လင့်ချက်မရှိနိုင်ခြင်းကို ၎င်းတို့မြင်တွေ့လိုက်ရသည်။ ဤအချက်သည် ကျယ်လောင်သော ဆဲသံများကို ဖြစ်ပေါ်စေသည်။ သော့ငါးချောင်းအနက် လေးခု၏ နောက်ဆုံးပိုင်ရှင်များကို ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။ သော့ကိုင်ဆောင်ထားသူ လေးဦးသည်၊ ဤသော့များကို ပိုင်ဆိုင်ရန် အမှန်တကယ် အရည်အချင်းပြည့်မီကြောင်းကို ကြေညာမှုပြုရန် အကြွင်းမဲ့ ခွန်အားများကို အသုံးပြုခဲ့သည်။

သော့ငါးချောင်းအနက်၊ နောက်ဆုံးသော့၏ ပိုင်ရှင်ဖြစ်သော ချူးယွင်ဖန်း တစ်ဦးတည်းကသာ မပေါ်ပေါက်လာသေးပေ။

"သူ ဒီကို မလာရဲလို့တော့ မဟုတ်ပါဘူးနော်"

ချူးယွင်ဖန်းသည် ထွက်ပေါ်လာရန် သတ္တိမရှိခြင်းဟူသော သီအိုရီတစ်ခုသည် ကျောင်းသားများကြားတွင် ပျံ့နှံ့လာသည်။ ဤသို့မှ မဟုတ်လျှင်၊ သူသည် မည်သို့ကြောင့် ထွက်ပေါ်မလာရဲသနည်း။

“ဟုတ်ရင်လည်း ဟုတ်မှာပေါ့။ ကျန်ပိုင်ဖေးက သူ့ကို လုံးဝ လွှတ်မပေးဘူးလို့ ကြေငြာခဲ့တာကို"

“အဲဒါဆိုရင် တကယ့်ကို သောက်ကျိုးနည်းပြီပဲ။ ဒီလိုဆိုရင် ခုနက ဖြစ်သွားတဲ့ သွေးသံတရဲရဲတိုက်ပွဲက ဘာအတွက်လဲ”

လူတိုင်းသည် ဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို ရယ်ဖွယ်ရာကောင်းသည်ဟု ထင်မှတ်နေကြသည်။ ပထမဦးဆုံး သော့ကိုင်ဆိုင်သူ လေးဦးသည် ၎င်းတို့၏သော့များအတွက် အသေအကျေ တိုက်ပွဲဝင်ခဲ့ကြသော်လည်း၊ ပဉ္စမမြောက် သော့ကို ကိုင်ဆောင်ထားသူ ချူးယွင်ဖန်းက မပေါ်ပေါက်လာခဲ့လျှင်၊ ၎င်းတို့၏ယခင် တိုက်ပွဲအားလုံးသည် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

ပဉ္စမမြောက် သော့မရှိလျှင် ရဲတိုက်တံခါးများကို ဖွင့်နိုင်မည် မဟုတ်ပေ။ ဤသို့ဆိုရင် ယခင်က ၎င်းတို့၏ အသေအကျေ တိုက်ခိုက်မှုသည် ဟာသဇာတ်လမ်းတစ်ခုတွင် သရုပ်ဆောင်နေကြခြင်းသာ မဟုတ်လော။

"မဖြစ်ဘူး၊ ငါတို့ သူ့ကိုရှာရမယ်။ ကွယ်ရာမှာ တစ်ယောက်တည်း ပုန်းနေပြီး ငါတို့ကို ဟာသတစ်ခုလိုကြည့်ခွင့် မပြုနိုင်ဘူး”

မကြာမီတွင် ၎င်းတို့အားလုံးက သဘောတူညီမှု ရရှိသွားကြသည်။ ၎င်းတို့သည် ဤသို့ရှေ့ဆက်ရန် မဖြစ်နိုင်ပေ။ မဟုတ်လျှင်၊ အမှန်တကယ် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

"ဒါပေမယ့် ချူးယွင်ဖန်းက ပုန်းတဲ့နေရာမှာ အရမ်းတော်တယ်။ အခုအချိန်ထိတောင် သူ့အရိပ်အယောင်ကို ဘယ်သူမှ ရှာမတွေ့သေးဘူး”

ထိုအချိန်တွင် ချူးယွင်ဖန်းကို တစ်စုံတစ်ယောက်က နောက်ဆုံး မြင်တွေ့ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း လူအများက သတိထားမိသွားကြသည်။ မူလက ပဉ္စမမြောက်သော့၏ ပိုင်ရှင်ဖြစ်သော ချူးယွင်ဖန်းက မည်သည့်နေရာသို့ ရောက်ရှိခဲ့ပါစေ၊ လူတိုင်း၏ အာရုံစူးစိုက်မှုကိုခံခဲ့ရသည်။ သို့သော် ဤကာလအတွင် ချူးယွင်ဖန်းက မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမျှ အမှန်တကယ် မသိခဲ့ကြပေ။

ကြယ်တာရာကျွန်းသည် အလွန်ကြီးမားလွန်းလှရာ၊ သဲလွန်စတစ်ခုပင် ရရှိခဲ့ခြင်းမရှိပေ။ ဤလူပေါင်းတစ်သောင်းခန့်သည် ဤကဲ့သို့ ကျယ်ပြန့်သော ကျွန်းကြီးပေါ်တွင် ထင်းပုံကြီးပေါ်သို့ ရေတစ်ခွက် လောင်းသွန်ခဲ့သည့်နှယ် ဖြစ်နေမည်ဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

လူပေါင်းများစွာသည် မျှော်လင့်ချက်ကင်းမဲ့လာသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။ အကယ်၍ ဤသို့အမှန်တကယ်ဖြစ်ခဲ့လျှင်၊ ယခင်လ၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချည်းအနှီးဖြစ်သွားပေလိမ့်မည်။ ညီလာခံ၏ ပထမနေရာသည် အူတိုင်မျှ ဆွဲဆောင်မှုရှိမည် မဟုတ်ပေ။

"ရအောင်ရှာ။ ငါတို့ သူ့ကိုရအောင်ရှာမှဖြစ်မယ်"

မျက်နှာအမူအရာ အေးစက်နေသော မေ့ဟိုက်ယွင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ သူသည် တိုက်ခိုက်မှုလှိုင်းများကို ကိုင်တွယ်ဖြေရှင်းရန် ရှိသမျှခွန်အားများကို အသုံးပြုခဲ့ရသည်။ သူ၏နောက်လိုက်များ အသေအပျောက် များပြားခဲ့သည့်အပြင်၊ မိမိသည်လည်း ဒဏ်ရာရရှိခဲ့သည်။ ချူးယွင်ဖန်းသာ မထွက်ပေါ်လာခဲ့လျှင် မိမိသည် လူပြက်တစ်ယောက် ဖြစ်သွားမည် မဟုတ်လော။

မေ့ဟိုက်ယွင်သည် ညီလာခံ၏ ချန်ပီယံဆုကို ဆုံးရှုံးပြီးနောက်၊ ၎င်းအူတိုင်ကိုပါ မရရှိခဲ့လျှင်၊ အမှန်တကယ် အရှုံးသမားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ ဟန်ပင်းနှင့် စီတူ ကျီယင်းတို့အားလုံးက တူညီသော အကဲဖြတ်မှုကို ပြုလုပ်ခဲ့ကြသည်။ မည်သို့ဆိုပါစေ၊ ၎င်းတို့၏ အကဲဖြတ်မှုအားလုံးတွင် ချူးယွင်ဖန်းက ပေါ်ပေါက်မလာခဲ့ခြင်းဟူသော ရွေးချယ်မှုမျိုး တစ်ခုမျှမရှိခဲ့ပေ။

အကယ်၍များ ဤနည်းဖြင့်၊ အမှန်တကယ် ပြီးဆုံးသွားခဲ့လျှင် ၎င်းတို့က မည်သည့်အတွက်ကြောင့် သက်စွန့်ဆံဖျားမှုများ ပြုလုပ်ခဲ့ရသနည်း။

လူတိုင်းက ချူးယွင်ဖန်းကို အပူတပြင်း ရှာဖွေရန် ကြိုးစားနေကြစဉ်တွင်၊ ကံကောင်းထောက်မစွာဖြင့် သူသည် စိမ်ပြေနပြေ လမ်းလျှောက်၍ တောင်၏ခြေရင်းသို့ ရောက်လာခဲ့သည်။ သူ၏နောက်ကျမှုသည် ပါဝင်ယှဉ်ပြိုင်သူ ထောင်ပေါင်းများစွာကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့ခြင်းကို သတိထားမိပုံ မပေါ်ပေ။

"ချူးယွင်ဖန်းက ဒီမှာကွ"

သတင်းပျံ့နှံ့သွားသည်နှင့် ထောင်နှင့်ချီသော ပါဝင်ယှဉ်ပြိုင်သူများက စိတ်လှုပ်ရှားသွားကြသည်။ ဤသတင်းကို လက်ခံရရှိခဲ့သော မေ့ဟိုက်ယွင်နှင့် အခြားလူများက အဆုံးတွင် စိတ်သက်သာရာရရှိသွားသည်။

"ချူးယွင်ဖန်း၊ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့။ မင်း ဒီနေ့ ဒီတောင်ပေါ်ကနေ လုံးဝ ထွက်မသွားစေရဘူး"

တောင်ပေါ်တောအုပ်တစ်ခုတွင်၊ ကျန်းပိုင်ဖေးက သူ၏ လက်သီးများကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။

ရဲတိုက်နှင့် မနီးမဝေးနေရာမှာတွင် ရှဖန်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ၎င်းတို့သည် ရယ်ရမလား ငိုရမလား မသဲကွဲပေ။ ၎င်းတို့၏ ခေါင်းဆောင်သည် ဤကဲ့သို့သောပွဲမျိုးကို ရောက်ရှိရန် နောက်ကျခဲ့ရာ၊ ၎င်းအပြုအမူသည် မလာဝံ့သောကြောင့်ဟုပင် လူများက ထင်မှတ်လုနီးပါးဖြစ်သွားခဲ့သည်။

"မင်းကို ပြောပါတယ်။ ခေါင်းဆောင်ချူးက ဒီပြဿနာလောက်ကို ကြောက်မယ့်လူမဟုတ်ပါဘူးဆိုတာကို” ခယ့်ယွေ့က ပြောလိုက်သည်။

“ဒါပေမယ့် အခု ခေါင်းဆောင်ရောက်လာပြီဆိုတော့ အခြေအနေက ပိုတောင် ဆိုးသွားဦးမှာ။ အကုန်လုံးရဲ့ဒေါသက ခေါင်းဆောင်ဆီကိုပဲ ပစ်မှတ်ထားမှာ သေချာတယ်” ကျီရှီချင်းက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် အချိန်ရောက်လာတဲ့အခါ ငါတို့လည်း ဒီအတိုင်း မတ်တပ်ရပ်ပြီး ကြည့်နေလို့မဖြစ်ဘူး။ မဟုတ်ရင် ဆရာကျန်းက ငါတို့ကို ဘယ်လိုထင်သွားမလဲ။ ဒီလိုအချိန်မျိုးမှာ ငါတို့ နောက်ဆုတ်လို့မဖြစ်ဘူး” ရှဖန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ထိုအချိန်တွင် တောင်ခြေရင်းတွင်ရပ်နေသော ချူးယွင်ဖန်းက အနည်းငယ်မျှ ထူးဆန်းစွာ ပြုမူနေခဲ့သည်။ သူသည် တောင်ခြေရင်းတွင် ကျောင်းသားတစ်ချို့နှင့် တွေ့ခဲ့ရ၍၊ ဤကျောင်းသားများသည် မိမိ အမုန်းတရားများဖြင့် အံကြိတ်နေကြသည်။

ချူးယွင်ဖန်းသည် ဤလူများအပေါ် မတော်တရော် ပြုလုပ်ခဲ့ခြင်း မရှိကြောင်းကို အတည်ပြုပြီးနောက်၊ သူ၏ စာဝင်ပုံးကို ဖွင့်ကြည့်လိုက်သည်။ ရှဖန်နှင့် အခြားလူများက ပေးပို့ထားသော စာတိုပေါင်းများစွာသည် သူ၏စာဝင်ပုံးတွင် ပြည့်လျှံနေသည်။

၎င်းတို့ကို တစ်ခုပြီးတစ်ခု စစ်ဆေးခဲ့ပြီးနောက်၊ ချူးယွင်ဖန်းက အဖြစ်အပျက်များအားလုံးကို သိလိုက်ရသည်။ အကြောင်းအရာများအားလုံးသည် ရယ်ဖွယ်ရာကောင်းသည်ဟု ခံစားလိုက်ရသည်။ မိမိသည် ဤထောင်ပေါင်းများစွာသော ဒုက္ခပေးသူများကို တစ်ဦးတည်းဖြင့် နှိုးဆော်ခဲ့ရာ၊ လူတိုင်းကို မိမိက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည်လည်း ချူးယွင်ဖန်းက သော့တစ်ချောင်းကို ပိုင်ဆိုင်ထားသင့်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ သော့တစ်ချောင်းကို ကိုင်ဆောင်ထားမှသာလျှင် မိမိတွင် လုပ်ပိုင်ခွင့် အမိန့်အာဏာရှိမည်ဖြစ်သည်။

[သတိထားနော်၊ ခေါင်းဆောင်ချူး တောင်ပေါ်မှာ မရှောင်လွှဲနိုင်တဲ့ ပိုက်ကွန်တစ်ခုကို ခေါင်းဆောင်အတွက် ပြင်ဆင်ထားပြီးပြီ။ ခေါင်းဆောင် ရောက်လာမယ့်အချိန်ကို စောင့်နေကြတာ]

ထိုအချိန်တွင် ချူးယွင်ဖန်းက ကျီရှီချင်းထံမှ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။

'မရှောင်လွှဲနိုင်တဲ့ ပိုက်ကွန်တစ်ခုတဲ့လား။ ဘယ်လို မရှောင်လွှဲနိုင်တဲ့ ပိုက်ကွန်မျိုးက ငါ့ကို စောင့်နေလည်းဆိုတာ ကြည့်ရသေးတာပေါ့'

ချူးယွင်ဖန်း၏ ပါးစပ်ထောင့်များ တွန့်တက်သွားကာ သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

All Chapters